【 ဆောင်းပါး 】အဝေးက လင်းယုန် အနီးက လင်းယုန်

【 ဆောင်းပါး 】အဝေးက လင်းယုန် အနီးက လင်းယုန်

ကျွန်မငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ ပါသည်။ ငယ်စဉ်က ဖတ်ရှုခဲ့သည့် စာအုပ်များမှာ အဖေ့ စာအုပ်များဖြစ်၍ အဖေ ဖတ်ရှု့ခဲ့သည့် စာရေးဆရာများထဲတွင် မောင်လင်းယုန်( ရှမ်းပြည်) မပါရှိပါ။ သို့ဖြင့် ကျွန်မသည်လည်း ဆရာမောင်လင်းယုန်( ရှမ်းပြည်) ရေးသည့် စာများကို ငယ်စဉ်က မဖတ်ရှုဖူးခဲ့ပါ။ စာဖတ် ဝါသနာပါသူအဖြစ်မှ စာပိုးထပြီး စာရေးရန် အားထုတ်စ၌ မိမိနှစ်သက်သည့် စာရေးဆရာတစ်ဦးဦး ရေးသည့် စာတစ်ပုဒ်ကို ဖတ်ပြီးတိုင်း “အော် စာဆိုတာ ဒီလိုရေးရတာပါလား” ဟု တွေးပါသည်။  မိမိရင်ကိုထိစေသည့် စာရေးဆရာတို့၏ လက်ရာကို တုပရေးသားပါသည်။ တဖန် ဖတ်မိသော စာတစ်ပုဒ်က စာရေးသည့်အခါ မိမိကို လွှမ်းမိုးထားသည့် စာရေးဆရာများ၏ ဟန် ( ရေးသားပုံ) ကို လွှတ်ချရမည်။ မိမိကိုယ်ပိုင်ဟန်ဖြင့်သာ ရေးရမည်ဟု ဆိုပါသည်။ ထိုအဆိုကို ကျွန်မအလွန်သဘောကျပါသည်။ ထိုမှစ၍ နောက်ပိုင်းရေးသော စာမှန်သမျှ မည်သည့် စာရေးဆရာကိုမျှ မတုပတော့ပါ။

စာပေရေးရာ တွေ့ဆုံမေးမြန်းခန်းများကို ဖတ်ရသည့်အခါ တချို့စာရေးဆရာများကား၊ သူတို့ ပထမဆုံးရေးသောစာ မှစ၍ ဖော်ပြခံရသည်ဟုဆိုပါသည်။ တချို့ကလည်း  လပိုင်း နှစ်ပိုင်း အတွင်း သူတို့ရေးသားသော စာများကို ဖော်ပြခံရသည်ဟု ဖြေဆိုကြပါသည်။ သူတို့ကား ပါရမီရှင်များပါပေ။ ကျွန်မကား ထိုသို့မဟုတ်။ အသက် ၁၄ နှစ် (၈) တန်းကစ စာရေးသော်လည်း၊ တက္ကသိုလ် ပထမနှစ်တွင် ရေးသည့် သရော်စာကို ဒုတိယနှစ်ရောက်မှ ငွေတာရီမဂ္ဂဇင်းတွင် ဖော်ပြခံရပါသည်။ ထို့ကြောင့် အသက် ၂၀ ဝန်းကျင်ရောက်မှ မိမိရေးသည့် စာကို ပုံနှိပ် စာလုံးအဖြစ် ပထမဆုံးမြင်ဖူးရပါသည်။

ကျွန်မရေးသည့် ဝတ္ထုတိုကို ပထမဆုံးဖော်ပြခံရချိန်တွင် ကျွန်မ အသက် ၃၀ ကျော်ခဲ့ပါပြီ။ ထို့ကြောင့် ဝတ္ထုသမား ရသသမား ကျွန်မအနေဖြင့် ဝတ္ထုတိုလေး တစ်ပုဒ်ဖော်ပြခံရရန် နှစ်ပေါင်း  ( ၂၀) နီးပါး အားထုတ်ခဲ့ရပါသည်။ ၁၉၈၅ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ကျွန်မဝတ္ထုတိုလေး တစ်ပုဒ်ပါလာပြီးနောက် ရှုမဝသို့ ယခင်က ပို့ထားသည့် ဝတ္ထုတိုလေးများ လဆက်ပါလာပါသည်။ ဝတ္ထုတို လေး၊ ငါးပုဒ် ပါလာပြီးနောက် အယ်ဒီတာချုပ် မောင်ဆွေတင့်ထံမှ စာတစ်စောင် ရောက်လာပါသည်။

ကျွန်မရေးသည့် “ဆင်ခြေ” ဝတ္ထုကြောင့် စာပေစိစစ်ရေးသို့ အတိုင်ခံရသတဲ့။ ထို့ကြောင့် မဂ္ဂဇင်းအားလုံး ကျွန်မစာများကို ( ၆) လ မဖော်ပြရဟု အမိန့်ထုတ်လိုက်သတဲ့။ ရှုမဝဆရာမောင်ဆွေတင့်ကား အယ်ဒီတာကောင်း ပီသပါသည်။ သူတို့သည် ကျွန်မနှင့် အတူရပ်တည်နေကြောင်း၊ အားမငယ်ရန်နှင့် ရန်ကုန်သို့လာလျင် ရှုမဝတိုက် သို့ လာခဲ့ပါဟု ရေးသားထားပါသည်။ ထိုအချိန်ထိ ကျွန်မတွင် အယ်ဒီတာ၊ စာရေးဆရာအသိအကျွမ်း မရှိပါ။ ရှိရှိ သမျှ မဂ္ဂဇင်းတိုက်များသို့၊ စာတိုက်မှ တစ်ဆင့် ဆက်သွယ်နေခြင်းဖြစ်ပါသည်။ မကြာမီ ကျွန်မထံ စာတစ်စောင် ရောက်လာပြန်ပါသည်။ ရေးသူက စာရေးဆရာ မောင်လင်းယုန်( ရှမ်းပြည်)။

မောင်ဆွေတင့်ကိုရော၊ မောင်လင်းယုန်(ရှမ်းပြည်) ကိုပါ ပြင်ပတွင် ကျွန်မသိကျွမ်းမထားပါ။ မမြင်ဖူးပါ။ ဆရာမောင်ဆွေတင့်ကား ကျွန်မစာများကို ဖော်ပြနေသည့် မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်၍ သူစာရေးသည်မှာ တာဝန်အရလည်းပါဝင်ပါသည်။ သို့သော် တာဝန်အရ ရေးသောစာထက် ပိုမို နွေးထွေးလျက် စာပေညီမငယ်ကို အားပေးစာဟု ကျွန်မသိရှိခံစားရပါသည်။ ဆရာမောင်လင်းယုန်ကား သူ့စာကိုလည်း ကျွန်မ အကျွမ်းတဝင်မရှိ။ လူချင်းလည်း မသိစေကာမူ၊ ကျွန်မလို ကလောင်ပေါက်စရေးသော စာများကို ဖတ်ပြီး ကျွန်မကို စိတ်အားမငယ် စေရန် အားပေးစာကား ကျွန်မအတွက် ထူးဆန်းနေပါသည်။

ဆရာမောင်လင်းယုန်( ရှမ်းပြည်) က၊ စာရေးစတွင် ဤသို့ဖြစ်တတ်ကြောင်း၊ သူစာရေးစတုန်းကလည်း ကျွန်မကဲ့သို့ ဖြစ်ဖူးကြောင်းရေးသားထားပါသည်။ “ ဆင်ခြေ” ဝတ္ထုတိုမှာ ယောကျာ်းတွေ အဝင်ဆိုးသည့် အရက် ကို ဘာကြောင့်ကြိုက်မက်နှစ်သက်စွာ သောက်ကြသလဲ ဟူ သော ဒဿနကို အရင်းခံရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ကျွန်မအဖေ အရက်သောက်သည့် အကြောင်းပါသည်။ အရက်သောက်ပြီး မိန်းမကို ရိုက်တတ်သည့် အရာရှိတစ်ယောက်အကြောင်းလည်း ပါသည်။ ထိုစဉ်က ကျွန်မတာဝန်ထမ်းနေသည့် ကျောင်းမှ ဆရာတစ်ယောက် အရက် သောက်သည်ကို အမည်ရင်းထည့်ရေးမိ၍ အတိုင်ခံရခြင်းဖြစ်ပါသည်။ တိုင်သူကလည်း အရေးခံရသည့် ကာယကံ ရှင်မဟုတ်။ ကျွန်မကို ကြည့်မရသည့် ဆရာမတစ်ယောက်လက်ချက်ဖြစ်ပါသည်။

၁၉၉၂ တွင် ကျွန်မရန်ကုန်သို့ ပြန်ရောက်လာပါသည်။ အလုပ်မှ ပင်စင်ယူလိုက်သည့် အဖေက အင်းစိန် မြို့နယ် တွင် လက်ဖက်ရည်ဆိုင်ဖွင့်ပါသည်။ အဖေ့ လက်ဖက်ရည်ဆိုင်သို့ အင်းစိန်မြို့နယ်တွင် နေထိုင်ကြသည့် စာရေးဆရာများက စနေနေ့တိုင်း လာရောက်ဝိုင်းဖွဲ့ကြပါသည်။ ကျွန်မကား မနေ့တစ်နေ့ကမှ နယ်မှ ပြန်ရောက် လာသူ။ ထိုစနေဝိုင်းတွင်မှ ယခင်က ဖတ်ဖူးထားသည့် စာရေးဆရာများကိုရော မဖတ်ဖူးသည့်စာရေးဆရာများ ကိုပါ လူကိုယ်တိုင် မြင်သိခွင့်ရခဲ့ပါသည်။ ထိုစာရေးဆရာများထဲတွင် ဆရာမောင်လင်းယုန်( ရှမ်းပြည်) ပါဝင်ပါ သည်။

ဆရာက စီးကရက်လက်ကြားညှပ်ဖွာရင်း သူစာရေးစတုန်းက အမှတ်မထင် အင်းလျားဆောင်သူ တစ်ယောက်ကို ထည့်ရေးမိသဖြင့် ပြဿနာတက်ရပုံကို ပြန်ပြောပြသည်။

“ ဒါကြောင့် ကိုယ်က ခင်နှင်းဦး လဲ ကိုယ့်လိုဖြစ်ပြီဆိုပြီး သတိထားဖို့နဲ့ စိတ်ဓာတ်မကျဖို့ စာလှမ်းရေးတာ” တဲ့။

“ ကျေးဇူးတင်ပါတယ် ဆရာရယ်။ အဲဒီဆရာနဲ့ ကျွန်မက အရမ်းခင်တော့ သတိလက်လွတ်နာမည်ပါ သွားတာပါ။ တိုင်တာလဲ သူမဟုတ်ပါဘူး။ သူက စာပေစိစစ်ရေးရှိမှန်းတောင် မသိသူပါ”

ထိုမှစ၍ ကျွန်မသည် ဆရာမောင်လင်းယုန်( ရှမ်းပြည်) ပါဝင်သည့် အစအစ (အင်းစိန်စာရေးဆရာအုပ်စု) အုပ်စုဝင်ဖြစ်လာပါသည်။ အစအစ သည် အတော်နာမည်ကြီးကြောင်း နောင်သော်သိလာရပါသည်။ အစအစတွင် နတ်နေကိုင်း နှစ်ကိုင်းပါဝင်ပါသည်။ ဆရာတင်မိုးနှင့် မောင်လင်းယုန်( ရှမ်းပြည်)။ ဆရာတင်မိုးကို ကျွန်မတို့က ဆရာဂျမ်းဟုခေါ်ကြပြီး မောင်လင်းယုန်( ရှမ်းပြည်) ကို ဆရာရှမ်းဟုခေါ်ကြပါသည်။ သူတို့အမည်ရင်းက ဦးဘဂျမ်း နှင့် ဦးမြင့်ဦးဖြစ်ပါသည်။ သည်တော့ ကျွန်မတို့က ဆရာတင်မိုး၏ အမည်ရင်းနှင့် ဆရာမောင်လင်းယုန် ၏ ကလောင်အမည်ကို ကာရန်ယူလျက် အဖျားဆွတ် ခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။

တကယ်တော့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါဆိုသော စကားမှန်ကန်ကြောင်း လက်တွေ့သိလာရ ပြန်ပါသည်။ အကြောင်းမှာ ဆရာရှမ်း၏ ညီမတစ်ယောက်သည်၊ ကျွန်မအသိဖြစ်နေရုံ သာမက ထမ်းဆောင်နေ သည့် တာဝန်လည်း တူညီသူဖြစ်နေပါသည်။ ထို့နောက် တူးတူးမြင့်သိန်းနှင့်သိလာရပြန်ပါသည်။ သူ အင်တာဗျူး သည်ကို သွားဖြေပေးရင်း တူးတူးလည်း ဆရာရှမ်း၏ ညီမဖြစ်ကြောင်း သိလာရပြန်ပါသည်။ ကျွန်မတို့ အစအစ အုပ်စုတွင် အားလုံးက ကျွန်မတို့ နှစ်သက်စွာ ဖတ်ရှုခဲ့သည့် ချယ်ရီမဂ္ဂဇင်းမှ အယ်ဒီတာတစ်ယောက်သည်လည်း ဆရာရှမ်း၏ ညီဖြစ်နေပြန်ပါသည်။ ထို့ပြင် အစအစ အုပ်စုဝင် ဆရာမမြနှောင်းညိုနှင့် ဆရာရှမ်းတို့ အမျိုးတော် နေပြန်သည်။

ဆရာတင်မိုး ပြည်ပထွက်သွားပြီးနောက် ကျွန်မတို့ဝိုင်းတွင် လူကြီးသူမရယ်လို့ ဆရာရှမ်းသာ ကျန်ပါ တော့သည်။ သို့သော် ဆရာရှမ်းက တစ်ခါမှ လူကြီးအနေဖြင့် အထက်စီးတွင် မနေ မပြောပါ။ သူ့ထက်ငယ်သူ ကျွန်မတို့ အားလုံးကို ကိုယ်က ဟု သူကိုယ်သူ သုံးနှုန်းပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံပါသည်။

စာရေးဆရာချင်းမို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာဟု ဆိုပါကလည်း ခံရမည်သာဖြစ်ပါသည်။ ဆရာရှမ်းရော ဆရာတင်မိုးပါ အပြင်ပန်းနူးညံ့သိမ်မွေ့သော်လည်း သူတို့ ဆန့်ကျင်ရမည်ဟု ခံယူထားသည့် ဝါဒ၊ ယုံကြည်ချက် စသည်တို့အတွက် မည်မျှ နစ်နာထိခိုက်ပါစေ၊ အလျော့ပေး နောက်မဆုတ်ဆိုသည့် အတွင်းဘက်ရှိ မာကျောမှုကို သိရှိလာရပါသည်။ ဆရာရှမ်း အင်းစိန်တောရသို့ အလည်အပတ်ခရီး မထွက်မီ၊ ဆရာရှမ်းကို မေးမြန်းစစ် ဆေး သူက ဆရာ့သားအရွယ် မျှသာဖြစ်သော်လည်း ခက်ထန်မောက်မာလွန်းသူ။ တစ်ဘက်က မည်သို့ပင် ဟိန်းဟောက် မာကျောပါစေ၊ ဆရာရှမ်းကား ကိုယ်နှင့် ခင်ဗျား နှင့် သုံးနှုန်းလျက် လေပျော့လေးနှင့် ပြန်ဖြေသတဲ့။ တစ်ဘက်က သူဟိန်းဟောက်လိုက်လျှင် လိုချင်သည့်အဖြေရမည်ထင်သည်က တစ်ကြောင်း၊ မရသည့် အပြင် လေပြေလေးနှင့် သိမ်မွေ့စွာဖြေနေသည်က တစ်ကြောင်းဖြစ်၍  စိတ်တိုလာပြီး အော်ဟစ် ပစ္စည်းတွေ လွှင့်ပစ်လည်း ဆရာရှမ်း ဘက် မှ နူးညံ့သိမ်မွေ့မှု ပျက်ယွင်းမသွားသည်ကို အနားတွင် စောင့်ကြည့်နေသူများက ဩချကြရသတဲ့။

အနှီ ဆရာရှမ်း ကင်ဆာရောဂါခံစားနေရပြီဟု သိလိုက်ကြချိန်တွင် အစအစ အုပ်စု ပျားတုတ်ခံရသလို ဖြစ်သွားကြပါသည်။ စိတ်ပူပန်စွာ သတင်းလာမေးသူများအား ဆရာရှမ်းက အပြုံးလေးဖြင့် ဆီးကြိုသည်။ “ကိုယ် သက်သာတယ်” ဟု အစဉ် အေးအေးဆေးဆေး တုံ့ပြန်သည်။        

ဆရာသည် အင်္ဂလိပ်စာ အလွန်ကျွမ်းကျင်သူဖြစ်ရာ “ ဂန္ထဝင်ပျိုးခင်း” အမည်ဖြင့် စာရေးဆရာငယ်များ၊ စာရေးရန်ကြိုးပမ်းနေသည့် လူငယ်များအား အင်္ဂလိပ်စာ ဘာသာပြန်နည်း သင်ကြားပေးခဲ့သည်မှာ နှစ်ကာလ မနည်းပေ။ ဆရာ့ ဂန္ထဝင်ပျိုးခင်းမှ ထွက်လာသူများ စာပေနယ်တွင် အမျိုးသားစာပေဆုရသည်ထိ အောင်မြင်နေသူ များရှိသည်။ မီဒီယာလောကတွင် ဆရာကြီးတစ်ဆူ ဖြစ်နေသူများရှိသည်။ ကျူရှင်လောကတွင် အောင်မြင်နေ သူများလည်းရှိသည်။

ဆရာရှမ်း၏ ဂန္ထဝင်ပျိုးခင်းထွက် စာရေးဆရာများနှင့် အစအစအုပ်စု ပူးပေါင်းပြီး၊ ဆရာ့မွေးနေ့ကို နှစ်စဉ် ကျင်းပပေးပြီး ဆရာ့ကို ကန်တော့ကြလေ့ရှိပါသည်။ ဆရာကင်ဆာရောဂါခံစားနေရချိန်တွင် ဆရာ့ ဂန္ထဝင်ပျိုးခင်း သူ ပျိုးခင်းသားများ တစ်စုတစ်စည်းတည်း မရှိကြတော့ပါ။ တချို့လည်း နိုင်ငံရပ်ခြားရောက်နေကြပြီ။ တချို့လည်း စာပေနယ်၊ တခြား အနုပညာနယ် စသဖြင့် ပျံ့ကြဲနေကြပါသည်။ ကင်ဆာရောဂါ၏ ထုံးစံအတိုင်း တဖြည်းဖြည်း ဆရာ့ကျန်းမာရေး ဆုတ်ယုတ်လာပါသည်။ ဆရာ အပြင်ထွက်လျင် ဘေးမှ အတူလိုက်ပါပေးရမည့် လူတစ်ယောက် လိုလာပြီဖြစ်၍ (၈၂) နှစ်မြောက်မွေးနေ့ကို ရှိသမျှလူဖြင့် ကျင်းပပေးကြမည်ဟု ဆုံးဖြတ်ကြပါသည်။

ဆရာကျင်းပခွင့်ရသည့် နောက်ဆုံးမွေးနေ့ပွဲကို ဦးဆောင်သူက ဂန္ထဝင်ပျိုးခင်းထွက် စာရေးဆရာ ကြည် ဇော်ထူး။ ဆရာထူးက သူနေထိုင်သည့် ဖော့ကန်ရပ်ကွက် သုခလမ်းရှိ ဓမ္မရုံကို မွေးနေ့ကျင်းပ ရန်နေရာအဖြစ် ရွေးချယ်ပါသည်။ အစအစ အုပ်စုဝင် စာရေးဆရာများက ကိုယ်နိုင်ရာ အခန်းမှ ပါဝင်ဆောင်ရွက်ပေးကြပါသည်။ သို့ဖြင့် ၂၀၁၅ ဖေဖော်ဝါရီလထဲတွင် ( ၈၂) နှစ်မြောက် ဆရာ့မွေးနေ့ကို အတန်အသင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။ ထိုမွေးနေ့ပွဲတွင် ပန်းချီယဉ်မင်းပိုက်နှင့် နောက်ပန်းချီဆရာတစ်ဦးက ဆရာ့ပုံတူ ပန်းချီကား တစ်ချပ်စီရေးဆွဲလာပြီး ဆရာ့ကို လက်ဆောင်ပေးကြပါသည်။

သည့်နောက် ဆရာ့ဝေဒနာ စိပ်လာပြီဖြစ်ပါသည်။ အစအစ အုပ်စုလည်း လူမစုံတော့ပါ။ ဆရာဂျမ်း( ဆရာတင်မိုး)၊ ဆရာမောင်ခိုင်မာ၊ ဆရာမောင်တင်ဆင့် စသူတို့ ကွယ်လွန်ခဲ့ကြပြီ။ ကျွန်မတို့သည် အလျဉ်းသင့်သလို ဆရာအိမ်သို့သွားပြီး သတင်းမေးရပါသည်။ တစ တစ ဆရာ့ခမြာ ရောက်လာသတင်းမေးသူများကို ဧည့်ခန်း တွင် ထိုင်မတွေ့နိုင်တော့ဘဲ၊ အိပ်ရာထဲမှာသာ ထိုင်လျက် အားယူပြုံးပြသည့် အဆင့်ဖြစ်လာပါပြီ။ သည်အခြေအနေတွင် သတင်းမေးသွားခြင်းကား လူနာကို နှိပ်စက်သည်မည်သဖြင့် လူနာသတင်းမေး မသွားတော့ပါ။

(၂.၂.၂၀၁၆ ) တွင် ဆရာ (၈၃) နှစ်ပြည့်သော်လည်း မွေးနေ့ပွဲမကျင်းပနိုင်တော့ပါ။ ဖေဖော်ဝါရီလထဲမှာပင် ဆရာ့ကို ဝိတိုရိယ ဆေးရုံတင်လိုက်ရပြီး၊ ၂၆ ရက်နေ့တွင် ဆရာကွယ်လွန်ခဲ့ပါသည်။

စအိမ်ထောင်ကျ ကတည်းက တစ်ခါမှ ရန်မဖြစ်ဖူးဘူးဟု ပြောပြတတ်သည့် ကျန်ရစ်သူဆရာ့ဇနီးက သား သမီးများနှင့် အတူ ဆရာ့နှစ်ပတ်လည်နေ့တိုင်း အလှူဒါနပြုပါသည်။ သူ့ခင်ပွန်းနှင့် ထိစပ်ခဲ့သည့် စာရေးဆရာ အားလုံး ကို တစ်ယောက်မကျန်ဖိတ်ကြားပါသည်။

ဆရာရှမ်း ကွယ်လွန်ခြင်း ( ၆) နှစ်ပြည့်ပွဲကို ဆရာ့ဇနီးဒေါ်ခင်သန်း ( အလပြ - ငြိမ်း) နှင့် ဆရာ့သမီး ဒေါ်ခင်နံ့သာဦးတို့က ကျန်းမာရေးစောင့်ရှောက်ခြင်း အလှူအဖြစ် ကျင်းပပါသည်။ စာရေးဆရာများစွာ၏ ကျန်းမာ ရေးများကို စောင့်ရှောက်ပေးခဲ့သော်လည်း၊ ယခု လက်ရှိအချိန်တွင် လည်ချောင်းကင်ဆာ ဝေဒနာခံစားနေရသည့် ဆရာဝန်စာရေးဆရာတစ်ဦးအား ဆရာကွယ်လွန်ခြင်း (၆) နှစ်ပြည့်အတွက် လှူရန် လျားထားငွေများအား ဆေးဖိုး အဖြစ် ပေးလှူပါသည်။ ထိုပွဲသို့ ဆရာ့ထံ လာနေကျ အစအစ အုပ်စုအပြင် ဆရာနှင့် အင်းစိန်တောရတွင် အတူ သီတင်းသုံးခဲ့သည့် စာရေးဆရာမဟုတ်သော မိတ်ဆွေများလည်း တက်ရောက်ကြပါသည်။          

၆ နှစ်ပြည့် ဆရာကွယ်လွန်ခြင်း အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲသို့ လာရောက်ကြသူများက၊ ဆရာရှမ်း နှင့် ထိတွေ့ခဲ့ရပုံများကို တခုတ်တရပြန်ပြောကြပါသည်။ ဆရာ့ကိုယ်ကျင့်တရား၊ ဆရာအနုပညာအား၊ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့် မေတ္တာ စေတနာ၊ ဆရာ၏ နူးညံ့သိမ်မွေ့မှု၊ သူမတူသည့် သည်းခံနိုင်စွမ်း စသည်တို့ကို ပြောကြပါသည်။

ကျွန်မကား ဆရာ့ကလောင်နာမည်ကို ဘာလို့ လင်းယုန်ဟု ယူခဲ့တာလဲ မမေးမိသည်ကို နောင်တရနေပါသည်။ စာပေထဲတွင် လင်းယုန်သည် အထင်ကရငှက်တစ်ကောင်ဖြစ်ပါသည်။ လင်းယုန်ငှက်ကို အလင်းရောင်၏ သင်္ကေတအဖြစ်ဖော်ကျူးကြပါသည်။ ထို့ပြင် လင်းယုန်ငှက်သည် ကောင်းကင်ထက်ရှိ နတ်ဒေဝါ ( Gods) လုံးနှင့် ဆက်သွယ်နိုင်စွမ်းရှိသည်။ လင်းယုန်သည် ကောင်းမှုများဆောင်ရွက်ရန် စေ့ဆော်ပေးသည်။ လင်းယုန်သည် ကျွန်မဟုတ်၊ သခင်ဖြစ်သည်။ လင်းယုန်သည် အောင်နိုင်သူ၊ လျင်မြန်သူ၊ အားမာန်အပြည့်ရှိသူ၊ ဖခင်နေရာယူထားသူ၊ တော်ဝင်အမျိုးအနွယ် စသည့် ဂုဏ်ပုဒ်များအား လင်းယုန်ပိုင်ဆိုင်သည်ဟု အနက်ဖွင့်ထားပါသည်။

လင်းယုန်ကို ရောမတိုင်း၊ ပြင်သစ်၊ ဩစတီးယား၊ ဂျာမန် နှင့် အမေရိကန်တို့က သူတို့နိုင်ငံနှင့်လူမျိုး၏ ပုံရိပ်အဖြစ် ယူသုံးကြသတဲ့။ ဆရာမောင်လင်းယုန် တစ်ယောက် ကျွန်မ နှင့် ဝေးနေစဉ်ကလည်းကောင်း၊ နီးနေစဉ် ကလည်းကောင်း လင်းယုန်တောင်ပံ တဖျတ်ဖျတ်ခတ်သံကြားခဲ့ပါလျက်၊ သည်ကလောင်ကို ယူခဲ့သလဲ မမေးခဲ့ မိပါတကား။

 

ခင်နှင်းဦး

photo credit- Moe Ma Kha