【 ဆောင်းပါး 】အသစ်တွေ ပွင့်လာတဲ့အခါ

【 ဆောင်းပါး 】အသစ်တွေ ပွင့်လာတဲ့အခါ

အသစ်တွေ ပွင့်လာတဲ့ အခါ ဖြစ်လာတဲ့ စိတ်က သိပ်ကြည့်နူးဖို့ ကောင်းသည်။ ကျနော်အိမ်တွင်  ဇီဇဝါ ပန်းတွေ၊ နှင်းဆီပန်းတွေ စိုက်ထားသည်။ နှင်းဆီကတော့ အိမ်အတွင်းဘက် ခပ်ကျကျမှာ ပန်းအိုးဖြင့် စိုက်ထားပြီး ဇီဇဝါကိုတော့ ပုဏ္ဍရိပ်ပန်းများဖြင့် ရောကာ ခြံစည်းရိုးအဖြစ် စိုက်ပျိုးထားခြင်းဖြစ်သည်။ ကျနော်အတွက်တော့ အပင်စိုက်ခြင်းမှာ ဝါသနာပါသည်ထက် အပင်များ၏ ရှင်သန်မှုကို စိတ်ထဲကနေ နှစ်လိုသဖြင့် စိုက်ခြင်းဖြစ်သည်။ အပင်များ၏ရှင်သန်မှုဆိုသည်မှာ ဘယ်လိုနားလည်အောင် ပြောရမည်လည်းမသိ။ ကျနော်နားလည်သလို ပြောရ လျှင် မထင်မှတ်သည့် အဖြစ်များကို အပင်များက ဖန်တီးလေ့ရှိသဖြင့် ကျနော်အတွက် အမြဲအံဩစရာများ အပင် များဆီက ရလေ့ရှိနေသည်။ ထိုသည်ကပဲ ကျနော်စိတ်ထဲ အပင်တွေ ပြုစုပျိုးထောင်ရတာ၊ သီးပွင့်ရတာကို စောင့် ကြည့်တာ အရသာဖြစ်သည်။ စာသင်ပြီး ပြန်လာသည့်အခါ  ကြုံရသည့် စိတ်မွန်းကျပ်မှုများကို သစ်ပင်လေး တွေ ပွင့်ဖို့ အားယူတာ၊ အပွင့်ကနေ အသီးတွေ သီးတာကိုကြည့်ပြီး ပြန်အားယူရသည်အခါတွေလည်း အကြိမ်ကြိမ် ရှိခဲ့သည်။

၁၉၉၀ ဝန်းကျင်က ကျနော် အစိုးရအလုပ်တစ်ခုမှာ ဝင်လုပ်ဖြစ်သည်။ ထိုအလုပ်က သစ်တောနှင့်ဆိုင် သော အလုပ်ဖြစ်သဖြင့် လိုင်းခန်းမှာ နေစရာရသည်။ အိမ်ထောင်လည်း ကျခါစဖြစ်သဖြင့် နေစရာရသည့် ထို အ လုပ်ရသည့်အခါ ထီပေါက်သလို ဝမ်းသာသည်။ ကျနော်ရသည့် လိုင်းခန်းနေရာက သိပ်အကောင်းကြီးမဟုတ်။ သို့သော် နှစ်ခန်းတွဲ များဖြစ်သဖြင့် ဘေးတွင် မြေပိုက လိုင်းခန်းတိုင်းရှိသည်။ ထို့ကြောင့် ထိုမြေပိုနေရာတွင်  ဝန်ထမ်းများက အပင်လေးစိုက်ကြ၊ ကလေးတွေ ကစားဖို့နေရာလေးထားကြ၊တချို့ကတော့စျေးရောင်းသည့် ခုံလေးတွေချကြနှင့် အတော်လေးအသုံးတည့်သည်။

ကျနော်ရသည့် လိုင်းခန်းက အကာမှာ ထရံဖြစ်သည်။ ထရံက ပေါက်နေသဖြင့် အပြင်က နွယ်ပင်မှာ အ တွင်းထဲထိ ဝင်နေသည်။ ရှေ့မှာနေခဲ့သည့်သူက မပြုမပြင်သဖြင့် နေရာကလွဲပြီး ဘာမှ မရှိသလို။ သို့သော် ကျ နော်မှာ မငြင်းအား။ နေရာလေးတစ်ခုရတာနှင့်ပင် ကျေးဇူးတင်နေရသည်မဟုတ်လား။ထိုနေရာလေးတွင် ကျ နော်အမျိုးသမီးက အပင်လေးတွေ မြေအိုးနှင့် စိုက်သည်။ကျနော်က ညနေဘက် အလုပ်ကပြန်လာသည်နှင့် အိမ် ရှေ့ရှိ ရေတိုင်ကီမှာ ရေချိုးသဖြင့် ရေပါလောင်းရသည်။ အပင်လေးက သိပ်မများ။ သို့သော် စပယ်ပင်တွေ၊ နောက် လိုင်းခန်းဘေးရှိ ငွေပန်းပင်တွေ၊ စင်လေးထိုးစိုက်ထားသည့် ဗူးပင်တွေ၊ စသည်အပင်တွေကို ပုံမှန်ရေလောင်း ရ သည်။  ကီလိုမာလကာဆိုသည့် အပင်သေးသေးဖြင့် အသီးသီးသည့် မာလကာလေးတွေ၊ ကြက်ဟင်းခါး သီးပင် လေးတွေကိုလည်း ပြုစုပျိုးထောင်ရသည်။ ရေတိုင်ကီဘေးရှိ ဗာဒံပင်တွင် အပင်နှင့် ကပ်ထားသည့် ဖယောင်းပန်း တွေကိုလည်းရေလောင်းရသည်။ ထိုတုန်းက အလုပ်ကအပြန်ရေလောင်းသည့်အခါ အပင်လေးတွေရဲ့ သီးမှု ပွင့်မှု က စိတ်ဝင်စားဖို့ ကောင်းသလို ကိုယ်စိုက်ထားသည့်စပယ်ပင်ကနေ အပွင့်တွေ ပွင်လာသည့်အခါ အသီးတွေ သီးလာသည့်အခါ ဖြစ်လာသည့် စိတ်ခံစားချက်က ဘယ်အရာနှင့်မှ မတူ။

ထိုနေရာကနေ ပြောင်းရတော့ အပင်လေးတွေ သယ်လို့ရတာ သယ်၊ပေးလို့ရတာပေးပစ်နှင့် ။ နောင် စကားစပ်လို့ ဖြစ်ဖြစ် ကြုံလို့ဖြစ်ဖြစ် ပြောကြသည့်အခါ ထိုအိမ်လေးနှင့် စပယ်ပင်လေးတွေ အကြောင်းက ထိပ် ဆုံးကနေ ပါလာပြီး ခုချိန်ဆို စပယ်ပင် အတော်ပွင့်နေလောက်ပြီ၊ ဖယောင်းပန်းလည်း ပွင့်နေလောက်ပြီဆိုသည့် စကားတွေနှင့် တမ်းတခဲ့ကြသည်။ အပင်တွေ အကြောင်း ဘာကြောင့် တခုတ်တရပြောရသလဲဆိုသည်မှာ ယခု ရက်ပိုင်း အပင်တွေ အကြောင်း မကြခဏစဉ်းစားမိနေ၍ဖြစ်သည်။

ယခုနှစ်ပိုင်း မကြာခဏဆိုသလို ကိုယ်ကိုယ်ကိုသေကြောင်းကြံမှုတွေ မကြာခဏကြားရသည်။ ဖြစ် မြောက် သွားတာလဲရှိသည်။ မဖြစ်မြောက်တာလည်း ရှိသည်။ သေချာသည်က စိတ်ကို သစ်ပင်လို့ မထားတတ် ခဲ့လို့ ဖြစ်ကြတာဟု ကျနော်တွေးတွေးနေမိသည်။ ကျနော် စိုက်ခဲ့သည့်အပင်ထဲတွင် အယုယခံရဆုံးနှင့် မဖြစ် မြောက်ဆုံးက သစ်ခွတွေ ဖြစ်သည်။သစ်ခွတွေက အတော်လေးဂရုစိုက်ရသလို ရေလည်း လိုတာထက် ပိုမပေးရ. နောက် အခက်တွေကိုလည်း ဖဲ့လို့ရတာမဟုတ်။

တစ်ခါတွင် အခက်ကိုမှားချိုးမိသဖြင့် အပင်မှာ ပုပ်လိုက်လာသဖြင့် အုန်းဆံဖက်များဖြင့် သစ်ခွအိုးကို ထပ်အုံထားကာ မီးသွေးခဲတွေ ထပ်ထည့်သည်။ သို့သော် အပင်က တဖြည်းဖြည်းညှိုးလာက အတက်တွေ အ ခက်တွေ ခြောက်လာပြီး အိုးထဲ မီးသွေးခဲ၊အုတ်ခဲနှင့် အုန်းဆံဖတ်တွေသာ ရှိတော့သည်။ ဒီတော့ ထိုအိုးလည်း ဂရုမစိုက်မိတော့။ နှစ်လသုံးလကြာသည်အထိ ထိုသစ်ခွအိုးအကြောင်းကိုမေ့နေသည်။ မေ့လည်းမေ့စရာ အိုးသပ် သပ်သာရှိသည့် ထိုအိုးကို မူလနေရာကလည်းမဖြုတ်။နောက် လက်ဆောင်ရမှ ထပ်စိုက်မည်ဟု စိတ်ကတေးထား တာလည်းပါသည်။ ထိုအချိန်က ဘယ်အရာမဆို လိုချင်သလိုမရ။ ခက်ခဲလှသဖြင့် သစ်ခွတောင် အသိရှိမှ ရနိုင် သည့်ခေတ်ဖြစ်သဖြင့် သစ်ခွစိုက်ချင်သူများ အခက်တွေ့ကြသည့် အချိန်ကာလဖြစ်သည်။ ထိုအချိန်ကာလတွင် သစ်ခက်ပင်တစ်ပင် ရဖို့ကမလွယ်သလို ဖြစ်ဖို့ကလည်းခက်သဖြင့် သစ်ခွတစ်ပင်ကို ဆုံးရှုံးရတာ  စိတ်ထဲ ကလိ ကလိနှင့်။

အထက်မှာဆိုသလို သုံးလေးလကြာပြီးနောက် ဆောင်းတွင်းရောက်လာသည့်အခါ တစ်ရက်ရေချိုးရန် ပြင်ရင်း အဆိုသစ်ခွအိုးကို ရှင်းရန် စိတ်ပေါက်သဖြင့် ဗာဒံပင်မှ ချဖို့ပြင်သည့် သစ်ခွကိုင်းက စိမ်းစိုကာ အတက်စို့ လေးထွက်နေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ ကျနော်မှ အတော်ကို အံအားသင့်ရသလို အမျိုးသမီး ဖြစ်သူကိုလည်း လှမ်းအော်ကာ သစ်ခွလေး ပြန်ရှင်လာတာကို အံအားတကြီးပြောမိသည်အထိပင်ဖြစ်သည်။ ကျ နော် သစ်ခွပင်လေးပြန်ရလို့ ဒီလိုဖြစ်တာဟု စာဖတ်သူတို့ ထင်မည်ဖြစ်သည်။တကယ်က ဒီလိုမဟုတ်။ သေသွား ပြီဟု ထင်ထားသည့် အပင်က သူ့ဘာသာပြန်ရှင်လာသည့် အံဩလွန်းလို့ ဖြစ်သည်။

ထို့နောက် လုပ်ငန်းခွင်တွင် ဖြစ်စေ၊ အခြားသော နယ်ပယ်များတွင်ဖြစ်စေ ပြိုလဲကျတိုင်း သစ်ခွပင် လေး ကို ပြန်ပြန်မြင်ယောင်ကာ စိတ်ကို ပြန်ထူထောင်တတ်သည် အကျင့်ကိုရခဲ့သည်။ပြီးခဲ့သည့်နှစ်ပိုင်းက ဩစတြေး လျတွင် တောမီးလောင်မှုက ကမ္ဘာ့အတွက် အထိတ်တလန့်ဖြစ်ရလောက်အောင် ဆုံးရှုံးမှုကြီးမားခဲ့သည်။ တောမီး ကြောင့် သစ်တောတွေ လောင်လိုက်သည်မှာ တောတိရစ္ဆာန်တွေပြေးလို့တောင် မလွတ်။ ဩစတြေးလျ အထိမ်းအ မှတ် ဖြစ်သည့် သားပိုက်ကောင်တွေလို အပြေးမြန်သည့် သားကောင်တွေတောင် ပြေးမလွတ်လို့ မီးလောင်သေ လိုက်သည်မှာ မြင်လို့တောင်မကောင်း။ ထိုသို့ မီးလောင်ပြီး မီးငွေ့တောင် မပြယ်ခင် ရက်လများအတွင်း မီးလောင် မြေကနေ သစ်စို့သစ်တက်လေးများထွက်လာသည်မှာ ကမ္ဘာမြေအတွက် ထူးဆန်းဖွယ်။

ကျနော်တို့လက်ရှိကာလတွင် အဆင်ပြေသည်လည်းရှိသည်။မပြေသည်လည်းရှိသည်။ သေချာသည်က တော့ ဘယ်သူမှ အဆင်ပြေနေသည်ချည်းတော့ မဟုတ်။ လဲပြိုနေသူတွေ လည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်။ အားလုံးဖြစ်နေတာ။ ရွေ့လို့မရသည့် သစ်ပင်များတောင် အသစ်တွေ ဖြစ်လာတတ်သည့်အခါ သက်ရှိထဲ အသိဉာဏ်အမြင့်ဆုံးကျနော်တို့က လဲပြိုတာတွေနှင့် အချိန်ကုန်နေမလား၊လက်မြှောက် အရှုံးပေးမလားဆိုတာ ခေါင်းအေးအေးထားစဉ်းစားသင့်ပေသည်။ သစ်ပင် သစ်ခက်သစ်နွယ်လောက်တောင် သင်စိတ်ခွန်အားက မရှိဘူးလားလို့ သင်ပြန်မေးသင့်ပေသည်။

သေချာသည်က ပြန်ဖြစ်ထွန်းလာသည့် အသစ်က အရင်ကထက် ပိုလှနေမည်ဖြစ်ပေသည်။

 

မောင်ဦးလွင်