【 ဆောင်းပါး 】အာဂလူသားများ

【 ဆောင်းပါး 】အာဂလူသားများ

“အာဂ” ဆိုသည်မှာ သာမန်မဟုတ်သော ထူးခြားသော အနက်သဘောကိုဆောင်ပါသည်။ ထို့ကြောင့် “အာဂလူသား”ဆိုသည်မှာ သမန်လူသားများမကြံစည် မလုပ်ကိုင်နိုင်သော အသိပညာနှင့် လက်တွေ့လုပ်ဆောင်အောင်မြင်သူများကို ဆိုလိုပါသည်။

ထိုလူသားများသည် မကောင်းသေးလျှင် ကောင်းအောင်ကြိုးစား၍ ကောင်းနေလျှင်လည်း ပို၍ ကောင်းအောင်ကြိုးစားကြသည်။ ထိုမှတစ်ဆင့်အကောင်းဆုံးဖြစ်အောင်ကြိုးစားတတ်သူများဖြစ်သည်။

သူတို့ကိုယ်တိုင်လည်း သစ္စာတရားကိုယုံကြည်စွာ တွေးခေါ်လုပ်ကိုင်သည့်အတွက် သူတို့ ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ဒုက္ခအရောက်မခံတတ်ကြပါ။ မေတ္တာ ကရုဏာ မုဒိတာပွားများ တတ်သူများဖြစ်သဖြင့် သူတို့ကြောင့်သူတို့ပတ်ဝန်းကျင်ရှိအများစုလည်း အကူအညီရရှိပြီး အားထားကိုးကွယ်ထိုက်သော ထူးချွန်လူသားများဖြစ်သည်။

ဂေါတမမြတ်စွာဘုရားသခင်ပွင့်စဉ်ကဖြစ်ပါသည်။ ရာဇဂြိုဟ်ပြည်အနီး ရွာနှစ်ရွာတွင် သူဌေးသားများဖြစ်ကြသော ဥပတိဿနှင့်ကောလိတ သူငယ်ချင်း နှစ်ယောက်ရှိသည်။ သူတို့သူငယ်ချင်း နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အထူးချစ်ခင် ကြသည်။

ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်သောအခါ သူတို့နှစ်ယောက်လုံး ဗေဒင် စသောအတတ်ပညာတတ်ကျွမ်းသည်။ ဆရာမှတစ်ပါး သူတို့၏ပညာကို မည်သူမှမယှဉ်နိုင်အောင်ထူးချွန်သည်။

တစ်နေ့ သူတို့၏နောက်လိုက်အခြွေအရံများနှင့်အတူ ပွဲလမ်းသဘင်ပျော်ရွှင်နေရင်းမှ လူ့သက်တမ်းတိုတိုနှင့်အိုနာသေဘေးဆင်းရဲခြင်းတွေထဲက ပျော်နေကြရှာသော လူတို့၏ အခြေအနေကို သုံးသပ်မိကာ တစ်ခုသော မသေမနာမအိုရာ တရားကိုရှာဖွေဖို့ နှစ်ယောက်သား ဆုံးဖြတ်ကြသည်။

ပါရမီရင့်သန်ပြီးသူများဖြစ်၍ တရားမရရှိသေးသော်လည်း တရားစစ်တရားမှန်ကို သိလိုစိတ်ပြင်းပြင်းပြပြ ဖြစ်ကြ၏။ ထို့ကြောင့် နှစ်ယောက်သားကိုယ်စီပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာများကို အကုန်စွန့်ထားကာ ပုရဗိုဇ် တစ်ဦးဖြစ်သော သိဉ္ဇည်းဆရာကြီးထံသွားကြသည်။ ထိုဆရာကြီးထံတွင် တပည့်ခံ ပြီးရဟန်းဝတ်လိုက်ကြသည်။

ဆရာကြီး၏နည်းနာနိဿယအတိုင်းကျင့်ကြံသောအခါ မကြာမီအချိန်အတွင်းမှာပင် ဆရာကြီး၏ပညာများကို အကုန်အစင် တတ်ကျွမ်းကြတော့သည်။ သို့သော်လည်း သူတို့ အမှန်တကယ် လိုချင်သော တရားအသိ တစ်ခုကို မရသေးသည်ကို သဘောပေါက်မိကြသည်။

အချိန်ကြာလာသော်လည်း တရားထူးတရားမြတ်(ဆင်းရဲကင်းသောတရား)ကို မတွေ့ရသောကြောင့် နှစ်ယောက်သား ဆရာကြီးကိုခွင့်ပန်၍ တရားထူးတရားမြတ်ကို ဆက်လက်ရှာဖွေပြန်သည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့် ရှာနိုင်ရန် တစ်ယောက်တစ်လမ်းခွဲကာ သွားကြ၏။

ဥပတိဿသည်လမ်းတွင် ဗုဒ္ဓဘုရားရှင်၏တပည့် ပဉ္စဝဂ္ဂီငါးဦးတွင် တစ်ဦးအပါအဝင် ရှင်အဿဇိကို မြင်လိုက်ရသည်တွင် ငြိမ်သက်သော ဣန္ဒြေကိုတွေ့ရှိကာ လေးစားသွားပြီး တပည့်ခံ၍ တရား တစ်ပုဒ်နာအပြီး သောတာပန်အရိယာဖြစ်သွားသည်။

သူငယ်ချင်းကောင်းပီသစွာနှင့် ကောလိတဆီသွားပြီး သူရရှိသော တရားကို ဟောပြရာ ကောလိတလည်း တရားကို လက်ခံသိရှိကာ သောတပန်အရိယာ ဖြစ်ပြန်သည်။ သူတို့နှစ်ယောက်သည် သူတို့သိထားသော တရား၏ ပိုင်ရှင်ဖြစ်သည့် ဘုရားရှင်ထံသို့သွား၍ ရဟန်းဝတ်ရန်ဆုံးဖြတ်လိုက် ကြသည်။

ဘုရားရှင်ထံသို့မသွားမီ သူတို့၏ဆရာကြီးဖြစ်သော သိဉ္စည်းဆရာကြီးထံသို့သွားကြသည်။ ဆရာကြီးထံ ရောက်သောအခါ သူတို့က ဆရာကြီးကို သူတို့နှင့်အတူ ဘုရားရှင်ထံလိုက်ရန်ခေါ်၏။

သိဉ္စည်းဆရာတော်ကြီးက မလိုက်လိုကြောင်း ငြင်းသည်။ သိဉ္စည်းဆရာကြီးသည် အမှန်တရားကိုသိဖို့ ထက် သူ၏နေရာမပျောက်သွားဖို့ သူ၏စည်းစိမ်မပျက်စီးသွားဖို့က သူ့အတွက်အရေးကြီးသည်ဟု ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးသည် ဘုရားရှင်ထံ ရောက်သောအခါ ရဟန်းဝတ်ကာ ဘုရားရှင်၏တရားတော်ကို နာကြားရပြီး စိတ်အားထက်သန်စွာကျင့်ကြံအားထုတ်ခဲ့ရာ မကြာမီပင် ရဟန္တာပုဂ္ဂိုလ်များဖြစ်သွားသည်။ ဥပတိဿသည် ဘုရားရှင်မှလွဲလျှင် ပညာအတတ်ဆုံးရှင်သာရိပုတ္တရာဖြစ်လာသည်။ ကောလိတသည်လည်း ဘုရားရှင်မှလွဲလျှင် တန်ခိုးအကြီးဆုံး ရှင်မဟာမောဂ္ဂလန်ဖြစ်လာသည်။

ဖြစ်ရိုးဖြစ်စဉ် သာမန်သူဌေးသားများသာဖြစ်သော သူတို့နှစ်ယောက်သည် အခြားသူဌေးသား များလို ပျော်ပါးနေထိုင်ပြီး သာမန်လူသားများကဲ့သို့ အိမ်ထောင်ပြုကာ မိသားစုဘဝနှင့်စီးပွားရှာ လုပ်ကိုင်နေခြင်းမျိုး မပြုလုပ်ခဲ့ပါ။ အမှန်တရားကိုမရရအောင်ရှာဖွေခဲ့ကြသည်။ ရောက်လေရာမှာ သူများ ထက်ထူးချွန်သော်လည်း မမှန်ကန်သည့်နေရာမှာ ထူးချွန်မှုကို တန်ဖိုးမထားကြဘဲ မှန်ကန်သည့်နေရာ ရောက်အောင် သတ္တိရှိရှိ ဇွဲရှိရှိနှင့် အားကြိုးမာန်တက်ကြိုးစားကာ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ခဲ့ကြသည့် အာဂလူသားများဖြစ်လေသည်။

မိဘအရှိန်အဝါနှင့် ရာထူးအာဏာရှိသော်လည်း အမှန်တရားကိုမြတ်နိုးစွာ မမှန်ကန် တရားမမျှတသော အစဉ်အလာကို ဆန့်ကျင်ကာ မှန်ကန်တရားမျှတသော လမ်းသစ်ထွင်၍ လူအများ၏အကျိုးအတွက် တွေးခေါ် လုပ်ဆောင်တတ်သော အာဂလူသားများလည်းရှိပါသည်။

ငါးရာ့ငါးဆယ် ဒုကနိပါတ် မဟာပိင်္ဂလဇာတ်တွင် မဟာပိင်္ဂလမင်းကြီးသည် ဒေဝဒတ်လောင်း ဖြစ်၍ ထိုမင်း၏သားတော်သည်ဘုရားလောင်းဖြစ်သည်။

မဟာပိင်္ဂလမင်းသည် သူ့နန်းသက်တစ်လျှောက်လုံး တိုင်းသူပြည်သားကောင်းကျိုးအတွက် မလုပ်ခဲ့ဘဲ သူလုပ်သမျှသည်ပြည်သူအတွက် ဆိုးကျိုးချည်းဖြစ်ခဲ့၏။ အခွန်အတုတ်များ တိုး၍ကောက်ခံခြင်း အဂတိလိုက်စားကာ ရာဇဝတ်မင်းဒဏ်ပေးခြင်း နေရာအပြောင်းအရွှေ့လုပ်ခြင်း ငွေကြေးယူ၍ တရားစီရင်ခြင်းတို့ပြုလုပ်သည်။ ကြံရည်ညှစ်သကဲ့သို့ ပြည်သူ၏စီးပွားအနည်းငယ်မျှအပေါ်မှာလည်း အကူအညီမပေးဘဲ ထပ်၍ပင်ယူလိုက်သေးသည်။

သူလုပ်သမျှသည် ပြည်သူနစ်နာဖို့သာ ဖြစ်နေသောကြောင့် ပြည်သူများအတွက် မျက်လုံးကို ဒုက္ခပေးသောမြူတိမ်ကဲ့သို့လည်းကောင်း အာဟာရအတွက် စားသောက်နေသော ထမင်းပန်းကန်ထဲမှ ကျောက်စရစ်ခဲ ကဲ့သို့ လည်းကောင်း ဖနောင့်၌ စူးဝင်သောဆူးကဲ့သို့လည်းကောင်း ခံစားနေခဲ့ကြရသည်။

ကာလရှည်စွာ မတရားအုပ်ချုပ်အနိုင်ကျင့်ခဲ့သော်လည်း သူ့ကံသက်တမ်းကုန်သွားသဖြင့် ဘဝ တစ်ပါးသို့ ပြောင်းလဲသွားလေတော့သည်။ ထိုအခါသူ၏သားတော်ဖြစ်သော ဘုရားလောင်းက ဘုရင် အဖြစ်နန်းတက်ခဲ့ လေ သည်။ ဘုရားလောင်းသည် ဖခင်မဟာပိင်္ဂလမင်းနှင့်စိတ်သဘောချင်းလုံးဝမတူ ပေ။ တိုင်းသူပြည်သားများ အကုသိုလ်ကင်းကာ စားဝတ်နေရေးအဆင်ပြေပြီး ဘေးအန္တရယ်ကင်းရှင်းရေး ကျန်းမာပျော်ရွှင်ရေးကို အထူးအလေးထားလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်တိုင်းသူပြည်သားများက မတရားမင်းသေဆုံး၍တစ်မျိုး တရားသောမင်းအုပ်ချုပ်၍ တစ်ဖုံ အပျော်ကြီးပျော်ကာ ဝမ်းမြောက် ဟစ်ကြွေးကြသည်။ ပျော်ပွဲရွှင်ပွဲများပြုလုပ်၍ အောင်ပွဲခံကြသည်။

ထိုအချိန်တွင် တစ်ယောက်သောတံခါးစောင့်သည် ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။ ဘုရားလောင်း ဘုရင်မင်းမြတ်က ထိုတံခါးစောင့်ကိုမေးသည်။

“ငါ့အဖေသေဆုံးသွားလို့ တစ်ပြည်လုံးမှာရှိတဲ့ လူတိုင်းလိုပျော်ပျော်ပါးပါးနဲ့ ဝမ်းသာကြလွန်းလို့ ပျော်ပွဲ ရွှင်ပွဲတွေလုပ်နေတဲ့အချိန်မှာ အသင်တစ်ယောက်ထဲ ထူးထူးခြားခြားနဲ့ ရှိုက်ကြီးတငင် ငိုကြွေး နေပါလား။  ဧကန္တ အသင်သည်ငါ့အဖေကိုလေးစားလွန်းလို့ ဝမ်းနည်းပြီး ငိုနေတာများလား”

“မဟုတ်ရကြောင်းပါ။ အရှင်၏ခမည်းတော်ကို ကြောက်လွန်းလို့ပါ။ မင်းကြီးရှိတုန်းက ကျွန်တော်မျိုး စောင့်တဲ့ ပြာသာဒ်အပေါ်မတက်ခင် ကျွန်တော်မျိုးခေါင်းကို ရှစ်ချက်ရိုက်သွားပါတယ်။ ပြာသာဒ်က ပြန်ဆင်းလာရင်လည်း ကျွန်တော်မျိုး ခေါင်းကိုရှစ်ချက်ထပ်ရိုက်ပါတယ်။ သူ့ရိုက်ချက်တိုင်းက ပန်းပဲသမားတွေ ပေပေါ်မှာ တူနဲ့ထုရိုက်သလိုအားပြင်းလွန်းလို့ အသည်းခိုက်အောင်နာကျင်ခံစားခဲ့ရပါတယ်။ အခုသူသေဆုံးသွားလို့ သူများတကာလို ပျော်ရွှင်ချင်ပေမယ့် ရဲရဲ မပျော်ဝံ့သေးပါ။ တကယ်လို့ သူငရဲပြည်ရောက်သွားပြီး ဒီမှာလိုငရဲအစောင့်တွေကို  ခဏခဏရိုက်နေရင် ငရဲအစောင့် တွေစိတ်ညစ်ပြီး သူတို့ဆီကနေ ဒီကိုပြန်ပို့ခဲ့ရင် ကျွန်တော်ထပ်အရိုက်ခံရမှာ တွေးမိလို့ ငိုနေရခြင်း ဖြစ်ကြောင်းပါဘုရား”

သည်တော့မှ ဘုရားလောင်းက ဖခင်ဘုရင်ကြီးသည် ယခုဘဝမှသေဆုံးသွားပြီဖြစ်၍ တမလွန်ဘဝသို့  ရောက်သွားပြီဖြစ်ကြောင်းနှင့် ဘယ်လိုနည်းနှင့်မှဒီကိုပြန်မလာနိုင်တော့သည့်အတွက် နောက်တစ်ခါအရိုက်ခံရစရာမရှိတော့ကြောင်း စိတ်ကိုအေးအေးထားဖို့နှစ်သိမ့်ပေးလိုက်ရသည်။

အာဏာရှိသောဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏ဖခင်ဘုရင်ကြီးနှင့်မတူဘဲ  ပြည်သူလူထု အပေါ် အောက်ခြေဝန်ထမ်းမှစ၍ အရေးတယူဆက်ဆံတတ်သော အာဂလူသားအဖြစ် အားလုံးကလည်း အပြန်အလှန် မေတ္တာထား လေးစားကြလေသည်။

                                                    ရိုက်မောင်း