【 ဆောင်းပါး 】အားကိုးရာ တံတားတစ်စင်း

【 ဆောင်းပါး 】အားကိုးရာ တံတားတစ်စင်း

“ သ‌င်္ဘောမှောက်သွားတော့ လူအများကြီး သေကုန်တယ်။ အဖွားသမီးလေးရောပဲ။ အဲ့ဒီအချိန် အဖွား အသက်က ၃၀ ကျော်ပဲရှိဦးမယ်။ မှောက်သွားတဲ့ သင်္ဘောက တိုင်းလုံးကျော် သင်္ဘောလေ”ဟု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နာရီစင်အနီး၊ ရပ်ကွက်တစ်ခုတွင်နေထိုင်သည့် အသက် ၆၅ ဝန်းကျင်ရှိ ဒေါ်သိန်းညွန့်က မျက်ရည်ဝဲဝဲဖြင့် ပြောသည်။

ဒေါ်သိန်းညွန့်တစ်ယောက် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ နီးပါးက အဖြစ်အပျက်ကို ပြန်ပြောင်းပြောဆိုနေခြင်းလည်းဖြစ်သည်။ ထိုကာလက သန်လျင်ဒေသခံများမှာ ရန်ကုန်မြို့ဘက်သို့ ဆက်သွယ်သည့် တံတားမရှိသေး သ ဖြင့်လှေ၊ သင်္ဘောများဖြင့်သာ သွားလာခဲ့ကြရသည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် တိုင်းလုံးကျော် သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအများအပြား သေဆုံးခဲ့ရသည်။ မကြာခဏဆိုသလို လှေတိမ်းမှောက်မှုဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ဒေါ်သိန်းညွန့်ကဆိုသည်။

ထိုကဲ့သို့ သန်လျင်ဒေသခံများအတွက် ဆိုးရွားလှသည့် အဖြစ်အပျက်များကို ချေဖျက်ရန် ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်လာခဲ့သည်။

“ အဲ့ဒီသတင်းကြားတော့ ဟုတ်မှဟုတ်ပါ့မလားပေါ့။ တကယ်ဟုတ်ပါ့မလားဆိုပြီးဖြစ်ခဲ့တာ။ မယုံဘူးပေါ့။ မဖြစ်နိုင်ပါဘူးလေဆိုပြီးနေခဲ့တာ။ ၈၈ အရေးအခင်းမတိုင်ခင်ပဲ သူတို့ အဲ့တံတားကြီးကို စဆောက်ခဲ့ကြတာ။ ပျော်လိုက်တာဆိုတာလေ။ သတင်းတွေ သိသလောက်ကတော့ အဲ့တံတားကို တရုတ်ကပညာရှင်တွေလာဆောက်ပေးတာတဲ့။ ၈၈ ဖြစ်တော့ ဆောက်တာ ရပ်လိုက်သေးတယ်”ဟု သန်လျင်ဒေသခံ ဒေါ်သိန်းညွန့်ကဆို သည်။

ဒေါ်သိန်းညွန့် ပြောဆိုနေသည့်အကြောင်းမှာ နှစ်ပေါင်း ၃၀ နီးပါး သက်တမ်းရှိနေပြီဖြစ်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သော သန်လျင် အမှတ်(၁)တံတားအကြောင်း ဖြစ်လေသည်။

သန်လျင်နှင့် ရန်ကုန်ကို ဆက်သွယ်တည်ဆောက်ထားသည့် ထိုတံတားမှာ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပေါင်းဆုံရာ နေရာမှ အရှေ့မြောက် ၄၂ ကီလိုမီတာခန့် အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်း တည်ဆောက်ထားခြင်းဖြစ်သည်။ တံတား၏အရှည်မှာ ၅၉၇၇ ပေရှည်လျားပြီး တံတားအကျယ် ၆၇ ဒသမ ၂၄ ပေရှိသည်။ ထိုတံတားသည် ယခု လက်ရှိအချိန်ထိ သန်လျင်မြို့နယ်နှင့် ရန်ကုန်သို့ သွားလာရေးအတွက် အားထားအသုံးပြုနေရဆဲ၊ အသုံးဝင် နေဆဲဖြစ်သည်။

တရုတ်- မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သည့် သန်လျင်တံတားကို စတင်တည်ဆောက်ခဲ့သည့်အချိန်မှာ လွန်ခဲ့သည့် ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်သည်။ တရုတ်နိုင်ငံနည်းပညာပညာရှင်အဖွဲ့ ခေါင်းဆောင် လီ ကျုံးစိန်း (Li Zhongsheng)ဦးဆောင်သည့် တရုတ်ကျွမ်းကျင်ပညာရှင် ၁၅၀ ကျော်က မြန်မာဘက်ပညာရှင်များနှင့် ပူးပေါင်းကာ ဆောက်လုပ်ခဲ့ကြသည့် တံတားကြီးလည်းဖြစ်သည်။ ထိုတံတား တည်ဆောက်ပြီးစီးရန် အတွက် အချိန် ၆ နှစ်ထိ ယူခဲ့ရသည်။

သန်လျင်တံတား၏ ထူးခြားချက်မှာ ကားလမ်းသာမက ရထားလမ်းကိုပါ တွဲဖက်တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်သည်။  ထိုတံတား၏ အလယ်တွင် မီးရထားလမ်းကို ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီး ဘေးနှစ်ဖက်တွင် တစ်လမ်းသွားကားလမ်း တစ်လမ်းစီပါသည်။ ထိုတံတားကို  လွယ်လွယ်ကူကူနှင့် တည်ဆောက်နိုင်ခဲ့ခြင်းမဟုတ်။ အခက်အခဲ စိန်ခေါ်မှုများနှင့် ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ တံတားတည်ဆောက် နေစဉ်ကာလအတွင်း ရှစ်လေးလုံး အရေးအခင်းကြောင့် တံတားတည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းခဲ့ရပြီး ၁၉၈၉ ခုနှစ်၊ မေလ ရောက်မှသာ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် တံတားကို စတင်သုံးနိုင်ခဲ့သည်။ သန်လျင်တံတားသည် ထိုအချိန်က ကားနှင့် ရထားလမ်းပေါင်းစပ်ထားသည့် အရှေ့တောင်အာရှ၏ အကြီးဆုံး သော တံတားတစ်စင်းဖြစ်ခဲ့လေသည်။ ထို တရုတ်- မြန်မာချစ်ကြည်ရေးတံတား (သန်လျင်တံတား) တည်ဆောက်ခဲ့သည့် ကုန်ကျငွေစုစုပေါင်းမှာ  ကျပ် ၁ ဒသမ ၆၅ ဘီလီယံ ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

သန်လျင်တံတားကြောင့် သန်လျင်မြို့နယ်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွအတွင်းရှိ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်လာသကဲ့သို့ လက်ရှိတွင် သန်လျင် သည် ယခင်နှင့်မတူ တိုးတက်ပြောင်းလဲနေပြီဖြစ်သည်။ ထိုတံတားကြောင့်  သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု အထူးမြန်ဆန်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အပြင် အိမ်ရာစီမံကိန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် နေရာကောင်း ဖြစ်လာနေသည်။ တရုတ်- မြန်မာချစ်ကြည်ရေး တံတား၏ အစွမ်းမှာ မသေးလှ။ ယခု လက်ရှိအချိန်ထိ လူသားတို့၏ တစ်နေ့တာ တာဝန်များကို ထမ်းပိုးဆောင်ရွက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့်  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် တရုတ်-မြန်မာချစ်ကြည်ရေးတံတား (သန်လျင်တံတား) တည်ဆောက်ရေး လုပ်ငန်းများတွင်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံမှ ပညာရှင်များက ရန်ကုန်၊ သာကေတမြို့နယ်၊ ရှု့ခင်းသာလမ်းရှိ တံတားအထူးအဖွဲ့(၁၁)ရုံးသို့ လာရောက်ခဲ့ပြီး တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် မြန်မာပညာရှင်များနှင့် တံတားတည်ဆောက်ပြီး ၂၅ နှစ်အကြာတွင်  ပြန်လည်တွေ့ဆုံခဲ့ကြသည်။

တရုတ်ပညာရှင်များနှင့် အတူလိုက်ပါလာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က “ သန်လျင်တံတားတည်ဆောက်ရေး စီမံကိန်းဟာ မြန်မာနိုင်ငံတံတား တည် ဆောက်ရေးကဏ္ဍအတွက် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ တံတားတည်ဆောက်မှု အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ တံတားတည်ဆောက်ပြီးစီးချိန်မှာ မြန်မာနိုင်ငံ လမ်းပန်းဆက် သွယ်ရေးအတွက် များစွာ အဆင်ပြေစေခဲ့ပြီး သန်လျင်တံတားက လက်ရှိချိန်ထိ ရန်ကုန်မြို့နဲ့ သန်လျင်မြို့ကို ဆက်သွယ်ပေးထားတဲ့ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်နေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအစိုးရ အနေနဲ့ ရှေ့ဆက်ပြီးလည်း သန်လျင်တံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ အတူတကွ ပူးပေါင်းပါဝင်သွားလိုပါတယ်”ဟု ပြော ကြားခဲ့သည်။

နှစ်ပေါင်း ၃၀ ဝန်းကျင် သက်တမ်းရှိလာခဲ့ပြီဖြစ်သည့် သန်လျင်တံတားကို ထိန်းသိမ်းရန် အမှန်အတကယ် လည်း လိုအပ်လာသည်။ သန်လျင်အမှတ် (၁)တံတား ရေရှည်အသုံးပြုနိုင်ရန်နှင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေ ရှင်းရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ သန်လျင်တံတားနှင့်အပြိုင် နောက်ထပ် တံတား တစ် စင်းကို  စတင်တည်ဆောက်နေပြီဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။

ရန်ကုန်- သန်လျင် အမှတ်(၃) လေးလမ်းသွားတံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိ တွင် တည်ဆောက်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် ကနဦး ရည်မှန်းထားသည်။ ထိုတံတားကိုလည်း ဂျပန် နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာဘက်မှ ထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း၊ စုစုပေါင်း ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းအကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုတံတားသစ် တည်ဆောက်ပြီးစီးပါက တရုတ်- မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သည့် သန်လျင်အမှတ် (၁) တံတား၏ နေ့စဉ်ထမ်းပိုနေရသော ဝန်အားကို အထိုက်အလျောက် လျှော့ချပေးနိုင်တော့မည်ဖြစ်သည်။

“ ဒီတံတားကြောင့် အဖွားတို့ရဲ့ ဘဝတွေ ပြောင်းလဲခဲ့ရတာလေ။ စျေးသည်ဘဝကနေ အခုဆိုရင် စျေးထဲ မှာ ကုန်စုံဆိုင်ကြီးဖွင့်ထားနိုင်ပြီ။ တံတားအသစ်ဆောက်နေပြီဆိုပေမယ့် အခုလည်း ဒီတံတားကိုပဲ အားကိုး နေရ တာ ပါပဲ။ ဒီတံတားက အသက်တွေ အများကြီးကယ်ပေးနေတာလို့ ပြောလို့ရတယ်။ မဟုတ်ရင် သင်္ဘောနဲ့ လှေ တွေ ပဲ အားကိုးနေရမှာ။ လှေတွေ၊ သင်္ဘောတွေနဲ့ သွားလာရတာက သိတဲ့အတိုင်း အသက်အန္တရာယ်များ တယ် လေ”ဟု သန်လျင်ဒေသခံဖြစ်သည့်  အသက် ၆၅ ဝန်းကျင်ရှိ ဒေါ်သိန်းညွန့်က ပြောကြားခဲ့သည်။

ယခုဆိုလျှင် နှစ်ပေါင်း ၃၀ နီးပါးရှိလာသည့် သန်လျင်တံတားကြီးမှာ ရန်ကုန်မြို့တွင် ဒေသခံပြည်သူများ အတွက် အားကိုးသုံးစွဲရာ အခြေအနေမျိုး ဖြစ်နေလျက်ရှိသည်။

ဘုန်းမြတ်(အုန်းတောမြေ)