【 ဆောင်းပါး 】အောင်မြင်ခြင်းအတူတူ

【 ဆောင်းပါး 】အောင်မြင်ခြင်းအတူတူ

လောကမှာ အောင်မြင်ချင်သူတွေများလှပါသည်။ ကြိုးလည်းကြိုးစားကြသည်။ ကြိုးစားသလောက် အောင်မြင်သူတွေရှိသော်လည်း ကြိုးစားပြီးမအောင်မြင်သူတွေလည်းရှိသည်။ ရိုးရိုးသားသားကြိုးစားသူတွေ ရှိသလို မရိုးမသားကြိုးစားသူတွေလည်းရှိသည်။ တခြားသူတွေမထိခိုက်စေဘဲ ဖြောင့်ဖြောင့်တန်းတန်းသွားသူတွေရှိသလို တခြားသူတွေကိုထိခိုက်စေရင်း ကောက်ကောက်ကွေ့ ကွေ့သွားသူတွေလည်းရှိသည်။

စာကိုအသေအချာကျက်မှတ်လေ့ကျင့်ပြီး စာပေးပွဲအောင်မြင်သူရှိသလို စာကိုသေသေချာချာ မကြိုးစားဘဲ ခိုးချပြီးအောင်မြင်သူလည်းရှိသည်။ ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစားလုပ်ကိုင်ပြီး စုစုဆောင်းဆောင်း နှင့်သူဌေး ဖြစ်သူရှိသလို ခိုးဆိုးလုနှိုက်ပြီး ချမ်းသာလာသူလည်းရှိသည်။

တချို့က အနိုင်ယူချင်သော်လည်း ကိုယ်ကျင့်တရားကို စောင့်ထိန်းကာ ကြိုးစားသည်။ တချို့ ကတော့ ကိုယ်ကျင့်တရားပျက်စီးတာကိုဂရုမစိုက်ဘဲ အနိုင်ရလျှင်ပြီးရောဆိုပြီးလုပ်ကြသည်။ အောင်မြင်တာခြင်းတူသော်လည်း ရင်းနှီးမြှုပ်နှံမှုမတူနိုင်ပေ။ မိမိ၏ကိုယ်ကျင့်တရားကို မိမိ၏ခြေဖြင့်ပြန်နင်းကာ အောင်နိုင်သူနှင့် မိမိ၏ကိုယ်ကျင့်တရားကို မိမိ၏ခေါင်းပေါ်ထားကာ အောင်နိုင်သူတို့တွင် မည်သူကပိုမြတ်မည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပါသည်။

ငါးရာ့ငါးဆယ်လာ ဧကကနိပါတ် အာသီသဝဂ်မှ ဘုရားလောင်းမဟာသီလဝမင်းနှင့်ဒေဝဒတ်လောင်း အမတ်ကြီးတို့အကြောင်း ပြောချင်ပါသည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးထီးနန်းအုပ်ချုပ်သည်။ မင်းကြီးနတ်ရွာစံပြီးနောက် သားတော် မဟာသီလဝနန်းတက်ပြီး ဆက်လက်အုပ်ချုပ်သည်။ မဟာသီလဝမင်းသည် တရားနှင့်အညီ အုပ်ချုပ်သည်။ အလှူမဏ္ဍပ်ခြောက်ခုဆောက်လုပ်ကာ နေ့စဉ်အလှူပေးသည်။

တစ်နေ့တွင် အမတ်တစ်ယောက်သည် မင်းကြီးကိုပုန်ကန်ရန်ကြိုးစားသဖြင့် ထိုအမတ်ကိုနယ်နှင်ဒဏ် ပေးလိုက်သည်။ ထိုအမတ်သည် ကောသလမင်းထံဝင်ရောက်ခစားကာ မဟာသီလဝမင်းကို တိုက်ခိုက်၍ တိုင်းပြည်ကိုသိမ်းပိုက်ရန်အကြံပေးသည်။ ကောသလမင်းက မယုံကြည်သောအခါ မဟာသီလဝမင်းသည် ဘာမှပြန်လုပ်နိုင်မည်မဟုတ်ကြောင်းနှင့် သူပြောတာမယုံကြည်လျှင် နယ်စပ်ရှိကျေးရွာငယ်တို့ကိုဝင်တိုက်ကြည့်ပါဟု လျှောက်တင်သည်။

သို့နှင့်နယ်စပ်ရှိကျေးရွာတစ်ခုကို ဝင်တိုက်သောအခါ ဗာရာဏသီစစ်သည်များက ဖမ်းဆီးကာ မဟာသီလဝ မင်းထံခေါ်ဆောင်သွားသည်။ မင်းကြီးက အဘယ်ကြောင့်ယခုလိုတိုက်ခိုက်ရသနည်းဟု မေးသောအခါ တိုက်ခိုက်သူများက စီးပွားရေးမပြေလည်၍ တိုက်ခိုက်ကြောင်းရှင်းပြသည်။ မင်းကြီးက ထိုသူတို့ကို စားနပ်ရိက္ခာပေးပြီးနောက် နောင်ထိုသို့မပြုလုပ်ရန် ပြောဆိုဆုံးမကာ ပြန်လွှတ်လိုက်၏။ ဒုတိယအကြိမ် တတိယအကြိမ်တိုက်ခိုက်ပြန်သောအခါ မင်းကြီးတိုက်ခိုက်သူများကို ဖမ်းဆီးအပြစ်ပေးခြင်းမပြုဘဲ ဥစ္စာပေးကာပြောဆိုဆုံးမပြီး ပြန်လွှတ်လိုက်သည်။

နောက်ဆုံးတွင် မဟာသီလဝမင်း၏ စိတ်သဘောဖြူစင်မှုကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ရန် အကြံပေးသောအမတ်၏စကားအတိုင်း ကောသလမင်းက စစ်အင်အားအလုံးအရင်းနှင့် ဗာရာဏသီ မြို့ကိုချီတက်တိုက်ခိုက်လေတော့သည်။ ဗာရာဏသီရှိ သူရဲကောင်းတို့က နယ်စပ်ကျော်ဖြတ်လာသော ကောသလတပ် ကိုတိုက်ခိုက်မည်ပြုသောအခါ မဟာသီလဝမင်းကခွင့်မပြုချေ။ သူ့ဘက်ကိုယ့်ဘက် စစ်သည်များနှင့် ပြည်သူအချို့လည်း သေကြေပျက်စီးကြမှာ စိုးသောကြောင့် သူ့ကိုဖမ်းပြီးတိုင်းပြည်ကို သိမ်းပိုက်ချင်သိမ်းပိုက်ပါစေဆိုပြီး ပြန်လည်တိုက်ခိုက်ခြင်းမလုပ်ခဲ့ပေ။

ကောသလမင်းက မဟာသီလဝမင်းကို အသာအယာပင်ဖမ်းယူကာ ဗာရာဏသီပြည်ကိုသိမ်းပိုက်နိုင်လေသည်။ မဟာသီလဝမင်းနှင့် အမတ်တစ်ထောင်တို့ကို သုသာန်မြေတွင် တွင်းနက်နက်တူးကာ လည်ပင်းပေါ်ရုံထား၍မြေမြှုပ်ထားလေသည်။ ညအချိန်မှာ မြေခွေးများလာရောက်ကာ ကိုက်ဖြတ် စားသောက်စေရန်ဖြစ်သည်။

ညသန်းခေါင်အချိန်ရောက်သောအခါ မြေခွေများအုပ်စုလိုက်ရောက်လာလေသည်။ အကောင်အကြီးဆုံး မြေခွေးသည် မင်းကြီးဆီသို့ ကျန်မြေခွေးတို့က အမတ်များဆီသို့ ကိုက်ဖြတ်ရန် ချဉ်းကပ်သွားကြသည်။ မင်းကြီးသည် မြေခွေးကြီးအနားကပ်လာသောအခါ လည်ပင်းကိုအစွမ်းကုန်မော့ပေးလိုက်သည်။ မြေခွေးက မင်းကြီး၏ မျက်နှာကိုလာအကိုက်တွင် မြေခွေး၏ခေါင်းကို မေးစေ့ဖြင့်ဖိကာ အားနှင့်ဖိကြိတ်ထားလိုက်သည်။ မြေခွေးလည်း နာကျင်လွန်းသဖြင့်သည်းထန်စွာအော်ဟစ်နေရ၏။

ခေါင်းဆောင်မြေခွေး၏အော်သံကြောင့် ကျန်မြေခွေးများထွက်ပြေးကုန်ကြသည်။ တစ်ခေါင်းလုံးကြေမွ မတတ်နာကျင်လွန်းသော မြေခွေးသည်အော်ရင်းဟစ်ရင်း ရုန်းကန်လှုပ်ရှားနေသောကြောင့် မြေစာများသည် လျှော့ကျကုန်သည်။ သည်တော့မှ မင်းကြီးလည်း မြေခွေး၏ခေါင်းကို အားနှင့်တစ်ချက် ဆတ်ဆတ်လေးဖိပြီးမှ လွှတ်ပေးလိုက်သည်။ သူကတော့ မြေစာများကိုဖယ်ကာ လက်နှစ်ဖက်ဖြင့်တွင်း နှုတ်ခမ်းကိုထောက်ကာ အပေါ် သို့ တက်လိုက်သည်။ ကျန်အမတ်များကိုလည်း မြေစာများဖယ်ကာ ကယ်တင်ပေးသည်။

ထိုအချိန်တွင် သုသာန်မှာလာပစ်သွားသော အလောင်းတစ်လောင်းသည် ဘီလူးနှစ်ကောင်ပိုင်ဆိုင်သော နယ်စပ်မှာဖြစ်နေ၍ ဘီလူးနှစ်ကောင်က တရားဖြောင့်မတ်သောမဟာသီလဝမင်းကို ဆုံးဖြတ်ပေးရန်တောင်းပန်ကြသည်။ မင်းကြီးက တစ်ကိုယ်လုံးညစ်ပေနေသည့်အတွက် ရေမိုးချိုးသန့်သန့်ရှင်းရှင်းရှိမှဖြစ်မည်ဟုပြောသည်။ ဘီလူးများသည် သူတို့၏ တန်ခိုးအာနုဘော်နှင့်မင်းကြီး၏ နန်းတော်မှ ရေချိုးရန်လိုအပ်သည်များ အဝတ်အစား အမွှေးနံ့သာများယူလာကာ ရေမိုးချိုးအဝတ်အစားလဲရန် အဆင်သင့်ဖြစ်စေသည်။

မင်းကြီးလည်းရေမိုးချိုးအဝတ်အစားလဲပြီးနောက် ကောသလမင်းအိပ်စက်နေသည့်သလွန် ခေါင်းရင်းရှိ သန်လျက်ကိုယူလာစေသည်။ မင်းကြီးလည်း သန်လျက်ကိုကိုင်၍ လူသေအလောင်းကို ဦးခေါင်းတည့်တည့်မှ အောက်သို့တိုင်အညီအမျှဖြတ်ကာ ဘီလူးနှစ်ကောင်ကို ဝေခြမ်းပေးလိုက်သည်။ ထို့နောက်ဘီလူးတို့၏အကူအညီနှင့် အမတ်အသီးသီးကိုသူတို့အိမ်သို့ပို့စေပြီး မင်းကြီးကိုလည်း ကောသလမင်းအိပ်စက်ရာအခန်းသို့ပို့စေသည်။

မင်းကြီးသည် ကောသလမင်း၏ခေါင်းရင်းမှာထိုင်၍ ကောသလ၏ဝမ်းဗိုက်ကိုသံလျက်ဖျားနှင့် ပုတ်ကာ နှိုးလိုက်သည်။ အိပ်ရာမှနိုးလာသော ကောသလမင်းသည် မင်းကြီးကို အကျိုးအကြောင်းမေးရာ မင်းကြီးကရှင်းပြသောအခါ လွန်စွာထိတ်လန့်ကြောက်ရွံ့သွားသည်။ ထို့ကြောင့်မင်းကြီးကို ကန်တော့ကာတောင်းပန်သည်။ မင်းကြီး၏သီလစောင့်မှု တိုင်းပြည်ကိုတရားနှင့်အညီအုပ်ချုပ်မှုတို့အပေါ်  ဘီလူးများကတောင်အသိအမှတ်ပြု လေးစားကြပြီး သူကိုယ်တိုင်က ယုတ်မာသောအမတ်၏ စကားကို နားယောင်ကာမဆင်မခြင် ပစ်မှားမိသည်ကိုခွင့်လွှတ်ပေးပါရန်ပြောသည်။ မင်းကြီးကနားလည်ခွင့်လွှတ်ကြောင်းနှင့် ရှေ့ဆက်၍ တရားနှင့်အညီနေထိုင်ရန်မှာသည်။

ကောသလမင်းလည်း ဝန်ခံကတိပေးသည့်အပြင် မနက်မိုးလင်းသောအခါတွင်လည်း မှူးမတ်ပရိသတ်များအလယ်တွင် မင်းကြီးကိုထပ်မံ၍ ကန်တော့ကာတောင်းပန်ပြန်သည်။ ထို့နောက် မဟာသီလဝမင်းကြီးထံ ထီးနန်းပြန်အပ်ပြီး သူ့တိုင်းပြည်သို့ ပြန်သွားလေတော့သည်။

မဟာသီလဝမင်းသည် ရန်သူမိတ်ဆွေမခွဲခြားဘဲ သတ္တဝါအားလုံးကို ဘေးရန်ကင်းစေချင်သည်။ ကိုယ်ကျင့်သီလကိုအပျက်မခံဘဲ သူ့အသက်ကိုပင် စွန့်လွှတ်ရဲသူဖြစ်သည်။ သူသည်သူ့ကိုသတ်ဖြတ်မည့်ရန်သူထက် သူ့ကိုယ်ကျင့်တရားကို ဖျက်ဆီးမည့် မကောင်းသော မတရားသောစိတ်ကို ပိုဂရုစိုက်သည်ကို တွေ့နိုင်သည်။ အနိုင်ရလျှင်ပြီး ရောဆိုပြီး တိုက်ခိုက်ပါက သူ့ဘက်ကိုယ့်ဘက် အသက်ပေါင်း များစွာစတေးရမည့်အဖြစ်ကို မလိုလားခဲ့ပေ။

ထို့ကြောင့်လည်း လောဘ၊ဒေါသကိုသတ်ကာ မေတ္တာရှေးရှုအရှုံးပေးခဲ့သည်။ သို့သော်လည်း သတိမလစ် ဝီရိယမလျော့သည့်အတွက် ရလာသည့်အခွင့်အရေးကို အပိုင်ကိုင်ပြီး သတ္တိရှိရှိကြိုးစားခဲ့သည်။ ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိန်းနိုင်သူဖြစ်၍ ဘီလူးများက အန္တရာယ်မပေးသည့်အပြင် သူတို့လိုအပ်သောအကူအညီကိုလည်း တောင်းပြီး သူတို့တတ်နိုင်သည့်ဘက်မှ ပြန်ကူညီခဲ့လေသည်။

နောက်ဆုံးတွင် တစ်ဖက်ရန်သူ ကောသလမင်းကပင် အမှားဝန်ချကာ နှစ်ယောက်ချင်းတောင်းပန်သည့်အပြင် ပရိသတ်အလယ်တွင်ပါ ကန်တော့၍ တောင်းပန်ခဲ့ရသည်အထိ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့လေသည်။

လက်ရှိဘဝမှာရော သံသရာအဆက်ဆက်မှာပါ အကုသိုလ်မပါဘဲ အပြစ်ကင်းကင်းနှင့် အောင်မြင်သူသည်သာ မွန်မြတ်သောအောင်မြင်သူမဟုတ်ပါလား။

                                                                                  ရိုက်မောင်း