【 ဆောင်းပါး 】“ခေါင်းဆောင်မှုကို နားလည်ခြင်း”

【 ဆောင်းပါး 】“ခေါင်းဆောင်မှုကို နားလည်ခြင်း”

မန်နေဂျာများဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင်မြင်ဖို့၊ လုပ်ငန်းများ ပြီးစီးအောင်မြင်ဖို့အတွက် အဓိကတာဝန်ရှိသူများ ဖြစ်ကြပြီး၊ စီမံခန့်ခွဲမှုတာဝန်တွေသာမက ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ခေါင်းဆောင်မှုတာဝန်တွေကိုပါ ထမ်းဆောင်ကြရသူများဖြစ်ပါတယ်။ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ မိမိရဲ့အသင်းအဖွဲ့(Team)ဟာ အဖွဲ့အစည်း ရဲ့မျှော်မှန်းချက် (Vision)နဲ့ တန်ဖိုးများ (Values) ကို လိုက်နာကြောင်း သေချာစေတာ၊ မိမိရဲ့ ခေါင်းဆောင်မှုနောက်ကို လက်အောက် ဝန်ထမ်းများက ယုံယုံကြည်ကြည် တက်တက်ကြွကြွ လိုက်ပါ ဆောင်ရွက်စေတာ၊ လုပ်ငန်းအဖွဲ့အစည်းအတွက် အခွင့်အလမ်းသစ်တွေ ရှာဖွေ ဖော်ဆောင်တာ အစရှိတဲ့ များမြောင်လှတဲ့ တာဝန်တွေကို ထမ်းဆောင်ကြရပါတယ်။

မန်နေဂျာများအနေနဲ့ အသင်းအဖွဲ့(Team)ရဲ့၊ လုပ်ငန်းအဖွဲ့အစည်း(Organization)ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ ခေါင်းဆောင်မှုတာဝန်တွေကို စတင်ထမ်းဆောင်ရပြီဖြစ်လို့ ခေါင်းဆောင်မှုဆိုတာကို စတင်စဥ်းစားဖို့ မှန်မှန်ကန်ကန် နားလည်အသုံးချဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ခေါင်းဆောင်မှု အခန်းကဏ္ဍ ခေါင်းဆောင်မှုတာဝန်တွေမှာ …

  • ခေါင်းဆောင်မှုကို နားလည်ခြင်း၊
  • ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်ခြင်း၊
  • စိန်ခေါ်မှုများ အကျပ်အတည်းများကြားမှာ ခေါင်းဆောင်ခြင်းနဲ့၊
  • ခေါင်းဆောင်များကို မွေးထုတ်ခြင်းဆိုတဲ့ အဓိကကဏ္ဍလေးရပ် ပါဝင်ပါတယ်။

အခုဆောင်းပါးမှာတော့ “ခေါင်းဆောင်မှုကို နားလည်ခြင်း”ဆိုတဲ့ အပိုင်းကဏ္ဍကို တင်ပြဆွေးနွေးပေးထားပါတယ်။ ကျန်တဲ့အပိုင်းကဏ္ဍများကို လာမယ့်ဆောင်းပါးတွေမှာ အသေးစိပ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုကို နားလည်ခြင်းဆိုတဲ့ အပိုင်းကဏ္ဍကို …

  • စိန်ခေါ်မှုကို သတ်မှတ်ခြင်း၊ (Defining the challenge)
  • အဖွဲ့အစည်းရဲ့မျှော်မှန်းချက်မှတစ်ဆင့် ဦးဆောင်ခြင်း၊ (Leading through vision)
  • အတွင်းမှ ဦးဆောင်ခြင်း (Leading from within)နဲ့၊
  • သင့်အခန်းကဏ္ဍကြီးထွားလာခြင်း (Growing with your role) ဆိုပြီး အပိုင်းလေးပိုင်း ခွဲခြားကာ တင်ပြဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

စိန်ခေါ်မှုကို သတ်မှတ်ခြင်း

“ခေါင်းဆောင်မှုဆိုတာ မွေးရာပါ အရည်အချင်းလား” “ခေါင်းဆောင်မှုဆိုတာ လေ့ကျင့်သင်ကြားယူလို့ ရလား”ဆိုပြီး ပညာရှင်များအကြားမှာ အချိန်အ​တော်ကြာ အ​ချေအတင်​ဆွေး​နွေးစရာ ဖြစ်ခဲ့ပါတယ်။ အ​တော်လည်း ဂယက်ထခဲ့ပါတယ်။ ​နောက်ဆုံးမှာ​တော့  ခေါင်းဆောင်မှုဆိုတာ မွေးရာပါအရည်အချင်း ဆိုတာထက် လေ့လာသင်ယူလို့ရတဲ့၊ လေ့ကျင့်ပျိုး​ထောင်ယူလို့ရတဲ့ အရည်အချင်းများအဖြစ် လက်ခံခဲ့ကြပါတယ်။ ခေါင်းဆောင်မှုအတွက် ဦးဆောင်လိုစိတ် ခေါင်းဆောင်လိုစိတ်ဟာ မရှိမဖြစ်လိုအပ်ပြီး၊ ဦးဆောင်ဖို့ လိုအပ်တဲ့အဓိကအရည်အချင်းများကို သင်ယူဖြည့်ဆည်းလို့ရတဲ့ အရည်အချင်းများအဖြစ် လက်ခံခဲ့ကြပါတယ်။

ခေါင်းဆောင်မှုဆိုသည်မှာ

ခေါင်းဆောင်မှုမှာ အသွင်အပြင်လက္ခဏာ များစွာရှိပြီး၊ ခေါင်းဆောင်မှုမှာ ရိုးရှင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိပါ။ ခေါင်းဆောင်မှုဆိုတာသည် စိန်ခေါ်မှုများကို ကျော်လွှားဖို့၊ စဉ်ဆက်မပြတ် အပြောင်းအလဲကို လက်ခံဖို့၊ ပန်းတိုင်ရောက်ရှိ အောင်မြင်ဖို့၊ အခြားသူများကို လှုံ့ဆော်ပေးဖို့နဲ့၊ ခိုင်မာပြီး ထိရောက်တဲ့ အသင်းအဖွဲ့များကို တည်ဆောက်နိုင်တဲ့ စွမ်းရည်များ အရည်အချင်းများ ဖြစ်ပါတယ်။

သြဇာတိက္ကမ

ခေါင်းဆောင်တို့သည် လုပ်ပိုင်ခွင့်အာဏာကို သုံးလေ့မရှိ၊ သူတို့ရဲ့ သြဇာတိက္ကမကိုသာ သုံးလေ့ရှိပါတယ်။ ခေါင်းဆောင်မှုဆိုတာ ခေါင်းဆောင်ရဲ့သြဇာကို အသုံးပြုပြီး ဆွဲဆောင်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ခေါင်းဆောင်များမှာ သူတို့ရဲ့ကိုယ်ပိုင်ဘဝခံယူချက် ကိုယ်ပိုင်စည်းမျဉ်းများ ရှိကြပြီး၊ ခိုင်မာတဲ့ စံနမူနာပြပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ သူတို့ဟာ အောင်မြင်မှုများရရှိအောင်၊ ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ကြပါတယ်။ အခန့်မသင့်လို့ ကျရှုံးခဲ့သော်မှ ကျရှုံးမှုအတွက်လည်း ရဲရဲဝံ့ဝံ့ တာဝန်ယူတတ်ကြသူများ ဖြစ်ပါတယ်။

ဘဝဥပ​ဒေသတစ်ခု

ဘဝဥပ​ဒေသတစ်ခု (A life principle) ဆိုတာသည် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ စည်းမျဉ်းတစ်ခု၊ ယုံကြည်ချက်တစ်ခု(သို့မဟုတ်) ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဘဝတစ်လျှောက်လုံးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ လမ်းညွှန်ပေးပါတယ်။ တစ်ဦးတစ်​​ယောက်ဟာ တီထွင် ဖန်တီးမှုရှိတဲ့ တွေးခေါ်မှုတွေ၊ လှုံ့ဆော်မှုတွေ၊ လမ်းညွှန်မှုတွေ၊ ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုတွေကို စမ်းသပ်ပြီး အလိုလိုသိမြင်လာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပြီဆိုရင် သူဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လမ်းစပေါ်နေပါပြီ။ ဒါ့အပြင် အမှန်တကယ် ပြီးမြောက်အောင်မြင်တဲ့ ခေါင်းဆောင် တွေဟာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကောင်းကြပြီး၊ ပြဿနာဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှုများလည်း ရှိကြပါတယ်။

စီမံခန့်ခွဲမှု ခေါင်းဆောင်မှု

တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာများဟာ မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ အလုပ်တွေကို မှန်ကန်ဖို့ တည့်မက်​ဖို့အတွက်   လုပ်ဆောင်ရသလို (Managers do things right.) တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့အလုပ်တွေကို လုပ်ဆောင်ရပါတယ်။ (Leaders do right things.) မန်နေဂျာဟာ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ဖို့အတွက် အသင်းအဖွဲ့(Team)အဖွဲ့နှင့် နီးကပ်စွာနေဖို့ လိုအပ်ပါတယ်။  မန်နေဂျာတစ်ဦးဟာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခန်းကဏ္ဍများအကြား လိုအပ်သလို ရွေ့ပြောင်းဆုံးဖြတ်ဖို့ ဥာဏ်ကိုလွှာပြီး အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။ လူလည်း သွက်လက်ပါစေ။ ဥာဏ်လည်း ထက်မြက်ပါ​စေ။

ခေါင်းဆောင်တစ်ဦးဟာ ဆုံးဖြတ်ချက်တွေကို ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီး ရဲရင့်တဲ့ မက်ဆေ့ချ်များပေးကာ ဆက်သွယ်​ဆောင်ရွက်ကြပါတယ်။ မန်နေဂျာတစ်ဦးဟာ မဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရွက်တာ၊ စနစ်များကို လုပ်ဆောင်တာ၊ စွမ်းဆောင်ရည်ကို တိုင်းတာတာ စတာတွေကို လုပ်ဆောင်ပါတယ်။

ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း

အောင်မြင်တဲ့ လုပ်ငန်းအဖွဲ့အစည်းဖြစ်ဖို့၊ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ခေါင်းဆောင်တစ်ဦး အနေနဲ့ လုပ်ဆောင်သင့်တဲ့အချက်များ၊ မလုပ်ဆောင်သင့်တဲ့အချက်များ (​ဆောင်ရန်၊​ရှောင်ရန် အချက်များ) ရှိပါတယ်။

ဆောင်ရန်အချက်များ

  • အဖွဲ့သားတွေကို လှုံ့ဆော်ပေး(Motivate)တဲ့ အရာတွေကို မြန်မြန် လေ့လာရပါမယ်။
  • ကိုယ့်အဖွဲ့ရဲ့ အခြေအနေအပေါ် သူတို့ရဲ့အမြင်ကို မေးမြန်းရပါမယ်။
  • ရေတိုမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျော်လွန်ပြီး စဉ်းစားရပါမယ်။
  • သင့်အဖွဲ့အား မည်ကဲ့သို့ လေ့ကျင့်ပေးရမယ်ဆိုတာကို သိရှိရပါမယ်။
  • ကိုယ်အားကိုးနိုင်တဲ့အဖွဲ့တစ်ခုဖြစ်​ဖို့ စံချိန်စံညွှန်းတွေကို တည်ဆောက်ရပါမယ်။

ရှောင်ရန်အချက်များ

  • မနေ့က ရလဒ်တွေကို ကျေနပ်​နေပြီး မနက်ဖြန်မှာပါ ဒီရလဒ်​တွေရမယ်လို့ ​မျှော်လင့်​ရေတွက်​နေတတ်တာမျိုး မလုပ်ရပါ။
  • ကိုယ့်စိတ်ခံစားချက်​တွေ​နောက်လိုက်ပြီး မ​ခေါ်ချင်၊မ​​ပြောချင်၊ မလုပ်ချင်၊မကိုင်ချင်ဖြစ်​နေတတ်တာမျိုး မလုပ်မိဖို့ လိုပါတယ်။
  • ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ သတိမထားမိတာ။
  • ကိုယ့်ရဲ့ခေါင်းဆောင်မှုနဲ့ အတွေးအခေါ်တွေအပေါ် တုံ့ပြန်ချက် မတောင်းခံဘဲ မနေပါနဲ့။
  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မထိန်းသိမ်းဘဲ မနေပါနဲ့။ အကောင်းမြင်စိတ်ကို မထားဘဲ မနေပါနဲ့။

ဦးဆောင်ပြီး စီမံခန့်ခွဲတယ်

ခေါင်းဆောင်မှုဆိုတာ စီမံခန့်ခွဲမှုနဲ့ သိသိသာသာကွဲပြားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ခေါင်းဆောင် တစ်ဦးဟာ ဆုံးဖြတ်ချက်တွေကိုချပြီး ရဲရင့်တဲ့မက်ဆေ့ချ်တွေကို ဆက်သွယ်ပေးသူဖြစ်ပြီး၊ မန်နေဂျာတစ်ဦးဟာ မဟာဗျူဟာများကို အကောင်အထည်ဖော်ခြင်း၊ စွမ်းဆောင်ရည်ကို တိုင်းတာခြင်းနှင့် စနစ်များကို လုပ်ဆောင်ရသူ ဖြစ်ပါတယ်။ လူအများစုဟာ မန်နေဂျာဆိုတာထက် ခေါင်းဆောင်လို့ အခေါ်ခံချင်တတ်ကြပါတယ်။

Jack Welch ဆိုတာ ဂျနရယ်အီလက်ထရစ် GE ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း တစ်ဦးပါ။ စီမံခန့်ခွဲမှုမှာ ရာစုနှစ်ရဲ့ အကောင်းဆုံးမန်နေဂျာ (Manager of the Century) ဘွဲ့ကို ရရှိခဲ့တဲ့ CEO သမိုင်းမှာ အအောင်မြင်ဆုံး CEO တစ်ဦး ဖြစ်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုပါဂုရုကြီးက ခေါင်းဆောင်မှုကို အလေးပေးသူတစ်ဦးဖြစ်ပြီး၊ သူ့ကို အကောင်းဆုံးမန်နေဂျာဆိုတာထက် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုတာကို ပိုမို လိုလားတဲ့သဘော ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်ဖြစ်ရခြင်းဟာ တကယ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ မန်နေဂျာ ဖြစ်ရခြင်းဟာ လောကီဆန်ပါတယ်။ မန်နေဂျာဖြစ်ရခြင်းဟာ ရာထူးတာဝန်အရ ဖြစ်တာမို့ ​ခေါင်း​ဆောင်ဖြစ်တာနဲ့စာရင် အရမ်းမထူးဆန်းသလို ဖြစ်ပါတယ်။ မှန်ပါတယ်၊ ပုံသေပုံစံ အများစု ကြိုက်သကဲ့သို့ပင် အထက်ဖော်ပြပါအချက်တွေမှာ အမှန်တရား အတိုင်းအတာတစ်ခုထိ ပါရှိပါတယ်။ ဒါ​ပေမယ့် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုမှာ ခေါင်းဆောင်မှုအချို့ လိုအပ်ပါတယ်။ ကြီးမြတ်တဲ့ခေါင်းဆောင်များဟာ စီမံခန့်ခွဲမှုရဲ့အ​ရေးပါမှုကို သိနားလည်ပြီး စီမံခန့်ခွဲမှုကို ပစ်ပယ်လို့ မရဘူးဆိုတာကို ​ကောင်းကောင်းသ​ဘော​ပေါက်ကြပါတယ်။ ကြီးမြတ်တဲ့ခေါင်းဆောင်များဟာ မန်နေဂျာကောင်းများလည်း ဖြစ်ကြ​လေ့ရှိပြီး၊ အနည်းဆုံးအားဖြင့် မန်​နေဂျာ​ကောင်းတစ်​ယောက်ဖြစ်​မြောက်ဖို့ ဘာ​တွေ လိုအပ်တယ်ဆိုတာကို ​ကောင်းကောင်းသိရှိကြသူများ ဖြစ်ပါတယ်။

မန်နေဂျာများအနေနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍသို့ ပြောင်းရွှေ့တဲ့အခါမှာ စီမံခန့်ခွဲမှုကို လုံးဝလက်လွှတ်လို့ မရဘူးဆိုတာကို သတိပြုရပါမယ်။ မန်နေဂျာအနေနဲ့ မိမိကိုခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်ခံလာ​စေဖို့ ယုံကြည်စိတ်ချလာ​စေဖို့အတွက် အတိတ်ကို အသိအမှတ်ပြုဖို့၊ လက်ရှိ ဖြစ်ပျက်နေတာတွေကို မျက်​ခြေမပြတ်ဖို့ တစ်ချိန်တည်းမှာ အနာဂတ်ကိုအာရုံစိုက်ဖို့ လိုအပ်ပါ​ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်တစ်ပတ် လာမယ့်ဆောင်းပါးမှာ အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်မှတစ်ဆင့် ဦးဆောင်ခြင်း၊ (Leading through vision) အကြောင်းကို အသေးစိတ် ဆွေးနွေးပေးသွားပါမယ်။

မှူးခန့်စံ