【 ဆောင်းပါး 】“ခေါင်းဆောင်မှုတွင် သင့်ရဲ့ အခန်းကဏ္ဍ ကြီးထွားလာခြင်း”

【 ဆောင်းပါး 】“ခေါင်းဆောင်မှုတွင် သင့်ရဲ့ အခန်းကဏ္ဍ ကြီးထွားလာခြင်း”

ခေါင်း​ဆောင်သည် အနာဂတ်အမြင်ကို ပုံ​ဖော်မျှ​ဝေသည်။ အခြားသူများ လိုက်ပါ​ဆောင်ရွက်ရန် ဆုံမှတ်ကို ​ပေးသည်။

(Charles Handy, စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာအပြုအမူ အထူးပြု အိုင်ယာလန်စာရေးဆရာ/အတွေးအခေါ် ပညာရှင်)

မန်​နေဂျာဆိုတာ ရာထူးတာဝန်အရ ​ပေးအပ်ထား​တဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး လုပ်ငန်းပြီး​မြောက် ပန်းတိုင်​​ရောက်အောင်​ ဆောင်ရွက်သူဖြစ်ကာ၊ ​ခေါင်း​ဆောင်ဖြစ်သူဟာ သူ့ရဲ့ကျွမ်းကျင်လိမ္မာမှု ​နောက်လိုက်​တွေအ​ပေါ် သြဇာသက်​ရောက်မှု၊ ငယ်သား​တွေရဲ့ ​လေးစားမှုအားကိုးယုံကြည်မှုကို အ​ခြေခံထားပြီး လုပ်ငန်းကိစ္စ​တွေပြီး​မြောက်အောင်မြင်​အောင် ဦး​ဆောင်ဦးရွက်ပြုသူ ဖြစ်ပါတယ်။ မန်​နေဂျာတို့အတွက် စီမံခန့်ခွဲမှုစွမ်းရည်နဲ့ ​ခေါင်း​ဆောင်မှုစွမ်းရည် နှစ်မျိုးစလုံးလိုအပ်ပြီး၊ စီမံခန့်ခွဲမှု အရည်အ​သွေးသာမက ​ခေါင်း​ဆောင်မှုအရည်အ​သွေးပါ တိုးတက်မြင့်မားမှ ယှဥ်ပြိုင်မှုမြင့်မားပြင်းထန်တဲ့ က​နေ့​ခေတ်မှာ ပိုမိုတိုးတက်ဖြစ် ထွန်းကာ ​အောင်မြင်မှုများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ​

ခေါင်း​ဆောင်​ကောင်းတစ်ဦးဟာ အ​ပြောင်းအလဲကို ကောင်းစွာလက်ခံပြီး၊ အ​ပြောင်းအလဲရှိမှ တိုးတက်မှု ရှိမယ်ဆိုတာကို အပြည့်အဝယုံကြည်သူ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်မှန်းချက်​တွေ တိုးတက် မြှင့်တင်ဖို့နဲ့ ပူးပေါင်းအကျိုး​ဆောင်​ပေးတဲ့ ဝန်ထမ်း​တွေ၊ မိတ်ဖက်​တွေကို ကူညီပံ့ပိုး​ပေးရန်မှာ ​ခေါင်း​ဆောင်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူထားကြသူများ ဖြစ်ပါတယ်။ ကိုယ့်အတ္တသက်သက်ကို​သာ ရှေ့တန်းတင်တဲ့၊ ကိုယ့်အကျိုးစီးပွား သက်သက်ကိုသာ ​​ရှေ့ရှုပြီး၊ အများ​အကျိုးကိုပစ်ပယ်တဲ့ ​ပေမမီ​ဒေါက်မမီ ဉာဏ်ရည်နိမ့်ပါးသူ​တွေ​နောက်ကို​တော့ ဘယ်သူမှ လိုလိုလားလား လိုက်ချင်မှာမဟုတ်ပါ။

ခေါင်း​ဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေး​ကောင်းမွန်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ ကြံရည်ဖန်ရည်ရှိခြင်း၊ ရိုးသား​ဖြောင့်မတ်ခြင်း၊ ယုံကြည်ထိုက်တဲ့ ဂုဏ်ရည်ရှိခြင်း၊ အ​မြော်အမြင်နဲ့ပြည့်စုံခြင်းတို့ကို ငယ်သား​တွေက အားကိုးအားထား ပြုကြပါတယ်။ တန်ဖိုးထား ​လေးစားကြပါတယ်။ ​ခေါင်း​ဆောင်​ကောင်းတို့ရဲ့ အရည်အချင်းမှာ သူတကာထက်သာလွန်တဲ့ သူတကာမမြင်သာတဲ့အချက်​တွေကို မြင်နိုင်စွမ်းရှိပြီး၊ သူတစ်ထူးအတွက်ပါ တကယ့် စံပြ ဖြစ်နိုင်စွမ်းရှိကြသူများ ဖြစ်ပါတယ်။ ​​ခေါင်း​ဆောင်​ကောင်းတို့ဟာ စွန့်လွှတ်အနစ်နာခံတတ်သူများဖြစ်ပြီး၊ စွန့်လွှတ်အနစ်နာခံရန်လည်း အသင့်ဖြစ်​နေတတ်ကြပါတယ်။ ခေါင်း​ဆောင်​ကောင်းတို့ဟာ ကြိုတင်ပြင်ဆင်မှု အား​ကောင်းသူများ ဖြစ်ကြပြီး၊ အ​​ခြေအ​နေနဲ့ အချိန်အခါကို ​ကောင်းကောင်းသုံးသပ် ဆုံးဖြတ်​ဆောင်ရွက်နိုင်ကြသူများလည်း ဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု စတင်တည်ထောင်ခြင်း

လုပ်ငန်းအဖွဲ့အစည်းတစ်ခု စတင်တည်ထောင်တယ်ဆိုတာဟာ စွန့်ဦးတီထွင်မှုတစ်ခု စတင်တာ ဖြစ်ပါတယ်။ ဖောက်သည်အသစ်​တွေကို ဝန်ဆောင်မှုအသစ်​တွေ ပေးဆောင်ဖို့၊ ဖောက်သည်​တွေ စိတ်​ကျေနပ်ပျော်ရွှင်​မှုရ​အောင် အာရုံစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းစတင် တည်ထောင်ခါစဖြစ်တာမို့ ဆက်သွယ်ရေးစနစ်ဟာ  အလွတ်သဘောဖြစ်ပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့ ဝန်ထမ်းများနဲ့ အချိန်ယူ ပြင် ဆင်ကြရပါတယ်။ လုပ်ငန်းများ​အောင်မြင်ခြင်း မ​အောင်မြင်ခြင်းဟာ ​ဖောက်သည်​တွေက လုပ်ငန်းအ​ပေါ် နှစ်သက်ခြင်း မနှစ်သက်ခြင်းအ​ပေါ် များစွာမူတည်ပါတယ်။ ဘယ်​ဖောက်သည် ဘယ်စားသုံးသူမဆို သူတို့နှစ်သက်တဲ့ကုမ္ပဏီ သူတို့နှစ်သက်တဲ့ လုပ်ငန်းအဖွဲ့အစည်း​တွေနဲ့သာ ဆက်သွယ်​ဆောင်ရွက်လိုကြမှာ ဖြစ်ပါတယ်။ ဖောက်သည်​တွေရဲ့ တုံ့ပြန်ချက်ဟာ မြန်ဆန်ပြီး အကဲဆတ်တဲ့ ဖောက်သည်အချို့ဟာ ​ကောင်းရင်လည်း​ကောင်းသလို ညံ့ရင်လည်းညံ့သလို စိတ်အား ထက်သန်စွာ တုံ့ပြန်တတ်ကြ​လေ့ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ဖောက်သည်​တွေ စိတ်​ကျေနပ်ပျော်ရွှင်​မှုရ​အောင် အာရုံစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာ ခေါင်းဆောင်ဟာ ဖောက်သည်တွေ ဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်နေဖို့ လိုအပ်ပါတယ်။ ဖောက်သည်တွေ ဝန်ထမ်းတွေထံမှ အကြံဉာဏ်သစ်များ ရရှိ​အောင် တွန်းအားပေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင်ဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ ရှေ့တန်းလှုပ်ရှားမှုများသာမက ဆုံးဖြတ်ချက်များပါ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လျင်မြန်စွာကြီးထွား

အဖွဲ့အစည်းကြီးထွားလာတာနဲ့အမျှ အပ်နှင်းပေးပို့မှုအရည်အသွေး(quality of delivery)ဆိုင် ရာ  ပြဿနာတွေကို စတင်တွေ့ မြင်လာနိုင်ပါတယ်။ အဖွဲ့ရဲ့ ဆက်သွယ်ရေးစနစ်ဟာ ပုံစံတကျဖြစ်လာနိုင်ပြီး ကနဦးစွမ်းအင် (initial energy)နဲ့ အစပြုမှု(initiative)အချို့ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီအဆင့်မှာ ခေါင်းဆောင်ဖြစ်တဲ့ သင့်အနေနဲ့ သင့်အချိန်များကို ပိုမိုသုံးစွဲ ဆောင်ရွက်ရမယ့် အဓိကအပိုင်းသုံးပိုင်း ရှိပါတယ်။ အဲဒါ​တွေက​တော့ … S သုံးလုံးလို့ဆိုရမယ့် စနစ်များ (Systems)၊ ဖွဲ့စည်းပုံများ (Structures)နဲ့ စံချိန်စံညွှန်းများ (Standards)တို့ ဖြစ်ပါတယ်။ S သုံးလုံးဖြစ်တဲ့ စနစ်များ (Systems)၊ ဖွဲ့စည်းပုံများ (Structures) နဲ့ စံချိန်စံညွှန်းများ (Standards)ကို ဒီဇိုင်းရေးဆွဲခြင်းနဲ့ အကောင်အထည်ဖော်ခြင်းအတွက် သင့်အချိန်များကို ပိုမိုသုံးစွဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုးတက်မှု (Growth)ဆိုတာဟာ အဖွဲ့အစည်းအများစုမှာ သူတို့ရဲ့မျှော်မှန်းချက်(Vision)အ​ပေါ်မှာ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု တိုးတက်ကြီးထွားလာတဲ့အခါမှာ အဖွဲ့အစည်းရဲ့ခေါင်းဆောင်များဟာ အဖွဲ့အစည်းတိုးတက် ကြီးထွားလာတာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ စီမံခန့်ခွဲမှုသက်သက်အခန်းကဏ္ဍ(Pure Management Role)ကို လျှော့ချပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍသို့ တိုးမြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင့်အကြံဥာဏ်ကိုယူ၍ သင့်ကိုယ်စား​ဆောင်ရွက်​ပေးနိုင်မယ့် ယုံကြည်အားကိုးရသူများကို တာဝန်ခွဲ​ဝေ​ဆောင်ရွက်​စေနိုင်ဖို့ ကြိုးစားအားထုတ်ရန် လိုအပ်ပါတယ်။ စီမံခန့်ခွဲသူမန်​နေဂျာအဖြစ်မှ ဦး​ဆောင်ဦးရွက်ပြုသူ​ခေါင်း​ဆောင်အဖြစ် ​​ပြောင်းလဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအကူးအပြောင်းတစ်ခုစီမှာ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်ရဲ့အခန်းကဏ္ဍဟာ ပိုမိုကြီးမားလာပြီး မဟာဗျူဟာမြောက်လာမှာ ဖြစ်ပါတယ်။ အပြောင်းအလဲကို ယုံကြည်ပုံ​ဖော်​ဆောင်ရွက်ခြင်းဟာ ထိရောက်သောခေါင်းဆောင်မှုရဲ့ တွေးခေါ်မှုအခြေခံအုတ်မြစ် ဖြစ်ပါတယ်။ တိုးတက်မှုအမြန်ဆုံး အမေရိကန်ကုမ္ပဏီများရဲ့ ၉၀%ကို ကုမ္ပဏီတည်ထောင်သူ (Founders)များက ဦးစီးဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

ဆက်လက်တိုးတက်

အဖွဲ့အစည်းကြီးထွားလာတာနဲ့အမျှ အလုပ်​တွေလည်း များပြားလာမှာ ဖြစ်ပါတယ်။ တစ်​နေ့တာမှာရှိတဲ့ အချိန်နဲ့ လုပ်စရာအလုပ်​တွေ မနိုင်​အောင်များပြားလာပြီ၊ ဆုံးဖြတ်ချက်တွေရဖို့ အချိန်တွေကြာလို့ သင့်အဖွဲ့၀င်တွေက မကျေမနပ်ပွစိပွစိ​ပြောလာတာကို သင်သတိထားမိလာပြီဆိုရင်၊ ဒီထက်ကဲလို့ သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ချက်ချဖို့ အခွင့်အ​ရေး​တွေ​ ​တောင်းဆို​ကောင်း ​တောင်းဆို လာပြီဆိုရင်၊ သင့်အ​နေနဲ့လည်း အရာအားလုံးကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ကြောင်း သဘောပေါက်လာပြီဆိုရင်၊ အဲဒီအချိန်ဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်အဖွဲ့အစည်းကို နောက်တစ်ဆင့် ထပ်မံအကူးအပြောင်းဆောင်ရွက်ဖို့ အချိန်ကျ​ရောက်လာတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ဟာ သင်အားကိုးရတဲ့ မရှိမဖြစ်ဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်တွေခွဲ​ဝေအပ်နှင်း​ဆောင်ရွက်ဖို့ လိုအပ်လာပြီဆိုတာကို အသိအမှတ်ပြု​ဆောင်ရွက်​ပေးရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ဟာ သင့်ရဲ့ မူလကျွမ်းကျင်မှုတွေအလုပ်တွေကို (ဥပမာ စာရင်းကိုင်အလုပ်၊ အရောင်းအလုပ်၊ လုပ်ငန်းလည်ပတ်​ရေးအလုပ်၊ စျေးကွက်ချဲ့ထွင်မှုအလုပ်၊ အင်ဂျင်နီယာအလုပ်) တစ်နည်းအားဖြင့် Technical Skillsအလုပ်တွေကို ​လျှော့ချပြီး၊ ခေါင်းဆောင်မှု (Leadership)နဲ့ ဆက်သွယ်ဆောင်ရွက်မှု(Communication)မှာ သင့်ရဲ့အချိန်နဲ့ အားစိုက်ထုတ်မှုကို ပိုထားသင့်ပါတယ်။ တာဝန်ခွဲဝေအပ်နှင်းဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မန်နေဂျာရော အပ်နှင်းခံ ဝန်ထမ်းများပါ အကျိုးဖြစ်ထွန်းပါတယ်။ အင်ဒရူးကာနက်ဂျီက အခုလို ဆိုခဲ့ဖူးပါတယ်။ “အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ခင်ဗျားလုပ်ရမယ့်အလုပ်ကို လုပ်ကိုင်နိုင်မှု မဟုတ်ဘဲ၊ အဲဒီအလုပ်ကို သင့်​တော်တဲ့သူတစ်ဦးက လုပ်​ဆောင်တာကို  လက်ခံအသိအမှတ်ပြုတတ်ခြင်းပဲ ဖြစ်တယ်။” အလုပ်တာဝန်ကို ထိထိရောက်ရောက် ခွဲဝေအပ်နှင်းဆောင်ရွက်ခြင်းဟာ တကယ်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။ သုတေသနရလဒ်များရဲ့ အဆိုအရ အမှုဆောင်အရာရှိချုပ် CEO တစ်ဦးဟာ အလုပ်တာဝန်များကို ထိထိရောက်ရောက် ခွဲဝေဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်းရဲ့ဝင်ငွေ (Revenue) ၃၃% ပိုမို ရရှိတယ်လို့ သိရပါတယ်။ အလုပ်တာဝန်တွေကို ခွဲဝေအပ်နှင်းဆောင်ရွက်ခြင်းဖြင့် CEOဟာ အချိန်ပိုရပြီး ကုမ္ပဏီတိုးတက်ဖို့ အမြတ်အစွန်းများများရဖို့ အရေးကြီးတဲ့လုပ်ငန်းစဉ်တွေ၊ မဟာဗျူဟာကိစ္စရပ်တွေမှာ အာရုံစိုက် ဆောင်ရွက်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

အခြားသူများအား လုပ်ငန်းအ​ကောင်းဆုံး ​ဆောင်ရွက်နိုင်​စေရန် လုပ်ပိုင်ခွင့် အာဏာ​ပေးလိုက်ပါ။ အလုပ်လုပ်တဲ့သူ​တွေကို မိမိက သူတို့အလုပ်လုပ်တာ ဘယ်​လောက်​ကောင်းတယ်ဆိုပြီး အဆက်မပြတ် ​ပြောပြ​ပေးပါ။ ပြီး​တော့ မိမိက သူတို့ကို ဘယ်​လောက်ထိ အားကိုးယုံကြည်တယ်ဆိုတာကို ​ပြောပြ​ပေးပါ။

(Brian Tracy)

တာဝန်တွေဘယ်လို ခွဲ​ဝေအပ်နှင်း​

လုပ်ငန်းအဖွဲ့အစည်းဟာ ဆက်လက်ကြီးထွားလာသည်နဲ့အမျှ သင်ဟာ အဆင့်မြင့်ခေါင်းဆောင်မှုအဖွဲ့ရဲ့ မဟာဗျူဟာနဲ့ ညှိနှိုင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ငန်းယူနစ်ရှိ သင်အားကိုးရတဲ့ မန်နေဂျာအုပ်စုဟာ အသင်းအဖွဲ့များကို အခြေခံကျကျ ဦးဆောင်နေမှာ ဖြစ်ပါတယ်။ တာဝန်ခွဲဝေအပ်နှင်းဆောင်ရွက်ခြင်း (Delegation)မှာ အစိတ်အပိုင်းလေးခု ရှိပါတယ်။

(၁) တာဝန်များကို ခွဲဝေသတ်မှတ်ခြင်း (Allocation of Duties)၊

(၂) လုပ်ပိုင်ခွင့်အာဏာကိုခွဲဝေခြင်း (Delegation of Authority)၊

(၃) တာဝန်၀တ္တရားများကို အပ်နှင်းခြင်း (Assignment of Responsibility)နဲ့၊

(၄) တာဝန်ယူမှုတာဝန်ခံမှုကို ပျိုးထောင်ခြင်း (Creation of Accountability)တို့ ဖြစ်ပါတယ်။

သက်ဆိုင်ရာခေါင်းဆောင်မန်နေဂျာအနေနဲ့ လုပ်ပိုင်ခွင့်မပေးမီ လုပ်ဆောင်ရမည့်အလုပ်များနှင့် လုပ်ဆောင်ဖွယ်ရာများကို ရှင်းလင်း ပြောကြားထားဖို့ လိုပါတယ်။ ဒီနောက်မှာ​တော့ လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များကို စနစ်တကျ အပ်နှင်းရမှာ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များကို အပ်နှင်းပြီးနောက် တာဝန်ယူမှု၊တာဝန်ခံမှုကို လေ့ကျင့်ပျိုးထောင်ရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်မန်နေဂျာအနေနဲ့ အလုပ်တာဝန်များကို ခွဲဝေအပ်နှင်းတဲ့အခါမှာ အလုပ်တိုင်းကို ခွဲဝေစရာ မလိုပါ။ ဘယ်အလုပ်တွေကိုတော့ ခွဲဝေပေးရမယ်၊ ဘယ်အလုပ်တွေကတော့ ခွဲဝေပေးစရာမလို ဆိုတာကိုတော့ ကောင်းစွာသိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရရင် မဟာဗျူဟာ သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စများ၊ စွမ်းဆောင်ရည်သုံးသပ်ချက် Performance Review၊ ဝန်ထမ်းရေးရာ Personnel matters ကိစ္စများကိုတော့ ကိုယ်တိုင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ သင့်အခန်းကဏ္ဍရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဟာ ဗဟိုနဲ့လုပ်ငန်းယူနစ်များကြားရှိ တင်းမာမှုများကို ဖြေရှင်းပေးရမှာဖြစ်လို့ သင်ဟာ ခိုင်မာတဲ့ဆက်သွယ်ပြောဆိုသူ (a strong communicator)တစ်ဦး ဖြစ်လာဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ တစ်ဦးတစ်​ယောက်ချင်းစီ ဌာနတစ်ခုချင်းစီ အပါအဝင် အစိတ်အပိုင်းအားလုံးဟာ ပူးပေါင်းလုပ် ဆောင်ကြပြီး၊ အလုံးစုံမဟာဗျူဟာအတွက် အပြည့်အဝ သန္နိဋ္ဌာန်ချထားကြောင်း သေချာစေဖို့  ခိုင်မာတဲ့ဆက်ဆံရေးကို စီမံတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းရဲ့ ရေရှည်ရှင်သန်မှုအတွက် အနာဂတ်ခေါင်းဆောင်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မရှိမဖြစ်လိုအပ်ပြီး ဒါဟာ သင့်ရဲ့တာဝန်သစ်များထဲမှ တစ်ခုဖြစ်ကြောင်း ​လေး​လေးနက်နက် သတိပြုရမှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲမှုမှာ အကျယ်ပြန့်ဆုံးနဲ့သြဇာအရှိဆုံး တွေးခေါ်ရှင်များထဲမှ တစ်ဦးဖြစ်ပြီး၊ ဆယ်စုနှစ် ခုနစ်ခုကျော်အတွင်း စီမံခန့်ခွဲမှုစာအုပ် ၃၉ အုပ်ထုတ်ဝေခဲ့တဲ့ ခေတ်မီစီမံခန့်ခွဲမှုပညာရပ်များရဲ့ ဖခင်ကြီးဖြစ်တဲ့ ပီတာဒရပ်ကာ Peter Drucker (၁၉၀၉- ၂၀၀၅)က အခုလို မိန့်ဆိုခဲ့ဖူးပါတယ်။

“​ခေါင်း​ဆောင်မှုသည် ရာထူးအာဏာ မဟုတ်။

ခေါင်း​ဆောင်မှုသည် အထူးအခွင့်အ​ရေးတစ်ရပ်လည်း မဟုတ်။

​ခေါင်း​ဆောင်မှုသည် တာဝန်ရှိခြင်းတစ်ရပ်သာ ဖြစ်သည်။”

 

မှူးခန့်စံ