【 ဆောင်းပါး 】“ဖောက်သည်တန်ဖိုး အဆိုပြုချက်ဆိုတာဘာလဲ”

【 ဆောင်းပါး 】“ဖောက်သည်တန်ဖိုး အဆိုပြုချက်ဆိုတာဘာလဲ”      

ဖောက်သည်တန်ဖိုးဆိုသည်မှာ ကုမ္ပဏီက ဖောက်သည်များအား သူတို့၏ကုမ္ပဏီမှ ကုန်ပစ္စည်းကို ဝယ်ယူခဲ့လျင် ရရှိပါမည်ဟု ကတိပြုထားသောတန်ဖိုးကို ဆိုလိုခြင်းဖြစ်သည်။ ဖောက်သည် တန်ဖိုးအဆိုပြုချက်သည် ကုမ္ပဏီတစ်ခု၏ ဈေးကွက်မဟာဗျူဟာအလုံးစုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဖောက်သည်တန်ဖိုး အဆိုပြုချက်သည် ကုမ္ပဏီက ယင်းတို့၏ ကုန်ပစ္စည်းအား ဖောက်သည်များထံသို့ မိတ်ဆက်ပေးရာတွင် ဖော်ညွှန်းသော - “ကုမ္ပဏီက ဘာကို ကိုယ်စားပြု ရပ်တည်သည်၊” “မည်သို့လည်ပတ် ဆောင်ရွက်သည်၊” “အဘယ်ကြောင့် ဖောက်သည်ကြီးတို့နှင့် စီးပွားရေးဆောင်ရွက်ရန် ထိုက်တန်သည်” စသည်တို့ ပါဝင်သော ကြေညာချက် ထုတ်ဖော်ချက် ဖြစ်သည်။

ဖောက်သည်တန်ဖိုး အဆိုပြုချက်တစ်ခုတွင် စားသုံးသူက အဘယ်ကြောင့် ကုမ္ပဏီတစ်ခု၏ ကုန်ပစ္စည်း တစ်ခုကို ဝယ်ယူသင့်သည် (သို့မဟုတ်) ဝန်ဆောင်မှုတစ်ခုကို ခံယူသင့်သည်ဆိုသော အချက်အနှစ်ချုပ်ကို ဈေးကွက်ဆိုင်ရာဖော်ပြချက်အနေဖြင့် တင်ပြနိုင်သည်။ အကယ်၍ ယင်းအဆိုပြုချက်တွင် စာသားများက စားသုံးသူ ဝယ်ယူသုံးစွဲချင်လာအောင် ဆွဲဆောင်ချက်ပြင်းပြင်း ဖန်တီးရေးသားနိုင်ပါက ယင်းကုန်ပစ္စည်းအတွက် ဖောက်သည်တန်ဖိုးကို ထည့်သွင်းပြီးသားဖြစ်သည်။ အလားတူ ကမ်းလှမ်းချက်များအတွက် ပြဿနာဖြေရှင်းချက် ပေးပြီး သား ဖြစ်နေပေမည်။

ဖောက်သည်တန်ဖိုးအဆိုပြုချက်ဆိုင်ရာ အဓိက သင်ခန်းစာယူရန်များ

•           ကုမ္ပဏီတစ်ခု၏ ဖောက်သည်တန်ဖိုးအဆိုပြုချက်သည် ဦးဆုံးအနေဖြင့် ဤကုန်ပစ္စည်းသည် အဘယ်ကြောင့် ဖောက်သည်အတွက် အသင့်တော် အကိုက်ညီဆုံး ဖြစ်သည်ကို ပြောကြားနေရမည် ဖြစ်သည်။

•           ဖောက်သည်တန်ဖိုး အဆိုပြုချက်တစ်ခုသည် ဖောက်သည်ထံသို့ ကုမ္ပဏီ၏ ဝက်ဆိုက်မှ တဆင့်ဖြစ်စေ၊  ‌အခြား ဈေးကွက်ရေးရာ ကြော်ငြာ ပစ္စည်းများမှဖြစ်စေ တိုက်ရိုက် ဆက်သွယ် ရောက်ရှိရမည် ဖြစ်သည်။

•           ‌ဖောက်သည်တန်ဖိုးအဆိုပြုချက်တစ်ခုအား မိမိတံဆိပ်၏ မူပိုင်ပုံစံ၊ သီးသန့်ဆန်မှုနှင့် ကိုက်ညီနေသ၍ မည်သည့် ပုံစံဖြင့်မဆို ဖော်ဆောင်နိုင်သည်။

•           အလားအလာရှိသောသူများကို ဝယ်ယူသောဖောက်သည်များအဖြစ်သို့ ဆွဲဆောင် ပြောင်းလဲစေနိုင်သော ဖောက်သည်တန်ဖိုးအဆိုပြုချက်ကိုသာ အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။

ဖောက်သည်တန်ဖိုး အဆိုပြုချက်ကို နားလည်ခြင်း

ဖောက်သည်တန်ဖိုး အဆိုပြုချက်သည် ကုမ္ပဏီတစ်ခုမှ ဖောက်သည်တစ်ဦး (သို့မဟုတ်) ဈေးကွက်အစိတ်အပိုင်း (Market Segment) တစ်ခုအား ပေးသော ကတိတစ်ခုအဖြစ် ရပ်တည်ရမည်။ အဆိုပြုချက်သည် ဖောက်သည်က ဘာကြောင့် ဤကုမ္ပဏီ၏ အဆိုပါကုန်ပစ္စည်းတစ်ခု (သို့မဟုတ် ) ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူသင့်ကြောင်း အလွယ်တကူ နားလည်စေနိုင်သော အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ဖောက်သည်တန်ဖိုး အဆိုပြုချက် တစ်ခုသည် - ဤကုန်ပစ္စည်းသည် မည်သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်၊ မည်သည့် ထပ်ဆောင်း အကျိုးခံစားခွင့် ရှိသည်ကို  အတိအကျ ဖော်ပြပေးသည်၊ အဘယ်ကြောင့် ဈေးကွက်တွင်းရှိ အလားတူ ကုန်ပစ္စည်း များထက် ပိုသာသည် စသည် တို့ကို တိကျရှင်းလင်းစွာ ဖော်ပြရမည်။ စံပြဖောက်သည်တန်ဖိုး အဆိုပြုချက်သည် ဖောက်သည်၏ ခိုင်မာသော ဝယ်ယူမှု ဆုံးဖြတ်ချက်ကို မောင်းနှင်နိုင်သော၊ လိုတိုရှင်းပြီး ထိရောက်သော ဆွဲဆောင်မှု အပြည့်ရှိသော အဆိုပြုချက်ဖြစ်သည်။ ကုမ္ပဏီသည် ဤအဆိုပြုချက်အား ကုမ္ပဏီ၏ ပစ္စည်းအားဝယ်ယူ အသုံးပြုလျင် အကျိုးကျေးဇူး အများဆုံးရရှိမည့် မိမိတို့၏ ရည်စူးဖောက်သည်များအပေါ်တွင် အသုံးပြုခြင်းဖြင့် ကုမ္ပဏီ၏ စီးပွားရေးကျုံး (Economic Moat) အား အရှိန်မပျက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ Economic Moat သည် ယှဉ်ပြိုင်ရာတွင် အားသားချက်ဖြစ်သည်။ ဤအသုံးအနှုန်းကို တီထွင်ခဲ့သော ဘာရှိုင်းယား ဟယ်သာ ဝေး၏ စီအီးအို၊ စူပါ-ရင်းနှီးမြှုပ်နှံသူ ဝါရန်ဘားဖက် (Warren Buffett)က ဆိုသည်မှာ Moat ကျယ်လေလေ ပြိုင်ဘက်များအတွက် ကြီးမား၍ ဖြိုလှဲရန် မလွယ်ကူသော (လဲလျင်လည်း ချက်ခြင်းပြန် ထနိုင်သော) ကုမ္ပဏီ အဖြစ် ရပ်တည်နိုင်လေလေ ဖြစ်သည်။

အားကောင်းသော ဖောက်သည်တန်ဖိုးအဆိုပြုချက်က ဖော်ညွှန်းရမည်မှာ မိမိကုမ္ပဏီက အမှတ်တံဆိပ် တစ်ခုသည် အခြားမည်သည့်ပြိုင်ဘက်တွင်မှ မရှိနိုင်သော အကျိုးခံစားခွင့် ကမ်းလှမ်းချက်များနှင့် အခြားပြိုင်ဖက် များက မည်သည့်နည်းနှင့်မျှ ဖြည့်ဆည်းမပေးနိုင်သော လိုအပ်ချက်တို့ကို မိမိတို့က မည်သို့ ဖြည့်ဆည်းပေးနိုင် ကြောင်း ပုံဖော်ပေးရမည်။

ဖောက်သည်တန်ဖိုး အဆိုပြုချက်တွင် လိုအပ်ချက်များ

ကုမ္ပဏီတစ်ခု၏ ဖောက်သည်တန်ဖိုးအဆိုပြုချက်တွင် အဘယ်ကြောင့် ဤပစ္စည်းသည် သီးသန့်ဖောက်သည်အုပ်စု တစ်စုအတွက် အသင့်တော် အကိုက်ညီဆုံးဖြစ်ကြောင်းဦးစွာပထမ ဖော်ပြရန်လိုအပ်သည်။ သို့ဖြစ်သောကြောင့် ယင်းကို ကုမ္ပဏီ၏ ဝက်ဆိုက်နှင့် ဖောက်သည်နှင့် အလွယ်တကူ ထိတွေ့နိုင်သော အခြားနေရာများတွင် အစဉ်တစိုက် ထင်ထင်ရှားရှား ဖော်ပြရန်လိုသည်။ ထို့ပြင် ယင်းကို အလိုအလျောက်ခံစားသိမြင်စေရန်လိုသည်။ သို့မှသာ ဖောက်သည်သည် ဖောက်သည်တန်ဖိုး ကမ်းလှမ်းချက်ကို ဖတ်နိုင်ကြားနိုင်ပြီး ရရှိမည့်တန်ဖိုးကို ထပ်မံရှင်းပြနေစရာ မလိုအောင် နားလည်သဘောပေါက်နေမည်ဖြစ်သည်။

ထူးခြားထင်ရှားသော ဖောက်သည်တန်ဖိုးအဆိုပြုချက်များသည် သီးသန့်အဖွဲ့အနွဲ့တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချလေ့ရှိတတ်သည်။ အောင်မြင်သော ဖောက်သည်တန်ဖိုး အဆိုပြုချက်တစ်ခုတွင် ဖောက်သည် ရရှိခံစားရမည့် အကျိုးကျေးဇူးကို ခိုင်မာရှင်းလင်းသော ခေါင်းစီး (Headline) ဖြင့် ဆက်သွယ်ဖော်ညွှန်းထားလေ့ရှိတတ်ကြသည်။ ထိုခေါင်းစီးသည် မှတ်မိလွယ်သော စာကြောင်းတစ်ကြောင်း (သို့မဟုတ်) စာပိုဒ်တစ်ပိုဒ် (သို့မဟုတ်) စာချိုး/ ဆောင်ပုဒ် (Tagline) တစ်ခု ဖြစ်သင့်သည်။ ယင်းဖောက်သည်တန်ဖိုးအဆိုပြုချက်အား မှတ်မိလွယ်သော စာချိုး/ ဆောင်ပုဒ် (Slogan) များနှင့် မကြာခဏ ချိတ်ဆက်ပေးခြင်းဖြင့် အောင်မြင်သော ကြော်ငြာတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရမည် ဖြစ်သည်။

တစ်ခါတစ်ရံ မကြာခဏ ခေါင်းစီးအောက်တွင် ခေါင်းစီးခွဲ (Sub-tagline)  ထားရှိဖော်ပြလေ့ရှိသည်။ ဖောက်သည် ရရှိမည့် အကျိုးကျေးဇူးများကို ပိုမိုချဲ့ရှင်းခြင်းနှင့် အဘယ်ကြောင့် ဤပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် ဖောက်သည် သိထားဖူးသော အရာထက် သာလွန်သည် ဆိုသည်ကို ဥပမာအတိအကျ ဖြင့် ရှင်းပြခြင်း ပါဝင်သည်။ ထိုခေါင်းစီးခွဲသည် အစဉ်အလာအားဖြင့် စာကြောင်း နှစ်ကြောင်း သုံးကြောင်းစာ စာပိုဒ်တိုလေး ဖြစ်နိုင်သည်။ ခေါင်းစီးခွဲသည် ကုန်ပစ္စည်း၏ အဓိကလက္ခဏာ (Key Feature) သို့မဟုတ် အကျိုးကျေးဇူး (Benefit) အား ဇောင်းပေးပေါ်လွင်စေရန် နည်းလမ်းတစ်ခုဖြစ်ပြီး၊  ထင်ရှားအောင် အမှတ်စဉ်သင်္ကေတ (Bullet Points) ထိုး၍ဖြစ်စေ အခြားသင့်လျော်မည့် ထူးခြားထင်ရှားစေမည့်  နည်းလမ်းဖြင့်ဖြစ်စေ ထူးခြားသာလွန် ချက်များကို ပေါ်လွင်အောင် ဖော်ညွှန်းရမည်။

ဤဖွဲ့စည်းတည်ဆောက်ပုံစံသည် ဖောက်သည်အား တန်ဖိုးအဆိုပြုချက်ကို လျင်မြန်စွာ ဖတ်ရှုနားလည်စေပြီး ပစ္စည်းသွင်ပြင်ကိုလည်း မှတ်မိသွားစေသည်။ Visual ရုပ်ပုံများထည့်သွင်းခြင်းဖြင့် မိမိလုပ်ငန်းနှင့် ဖောက်သည်အကြား ကူးလူးဆက်သွယ်မှု ပိုမို လျင်မြန်ချောမွေ့စေမည်။ အားကောင်းသော ဖောက်သည်တန်ဖိုး အဆိုပြုချက် ထုဆစ်ရန်အတွက်မူ ကုမ္ပဏီသည် ဈေးကွက်သုတေသန ပြုလုပ်၍ မည်သည့်အချက်သည် မိမိဖောက်သည် များကို အရိုက်ခတ်ဆုံး ဆွဲဆောင်နိုင်လိမ့်မည်ဆိုသည်ကို ဖော်ထုတ်ဆုံးဖြတ်ရပေမည်။

အထူး ထည့်သွင်းစဉ်းစားရန် အချက်များ

ဖောက်သည်တန်ဖိုးအဆိုပြုချက်သည် ပုံစံမျိုးစုံအလိုက် ပြောင်းလဲနိုင်သည်။ မိမိ ကုမ္ပဏီ၏ မူပိုင်ပုံစံ၊ သီးသန့် ဆန်မှု၊ မိမိဖောက်သည်၊ မိမိဝန်ဆောင်မှုပုံစံ နှင့် ကိုက်ညီနေသ၍ မည်သည့် ပုံစံဖြင့်မဆို ဖော်ဆောင်နိုင်သည်။ အားလုံးသော ထိရောက်သည့် တန်ဖိုးအဆိုပြုချက်များသည် သိရှိနားလည်ရန်လွယ်ကူ၍ မိမိ၏ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို သုံးစွဲသော မည်သည့် ဖောက်သည်အတွက်မဆို တိကျသောအဖြေကို ဖော်ပြနေသည်။ အခြားပြိုင်ဘက်များနှင့် လုံးဝ ကွဲပြားခြားနားစွာ ခွဲထွက်နေရသည်။ ဈေးကွက်ထဲတွင် လူတကာ ဖန်တစ်ရာတေ ရေလဲသုံးစွဲနေသော စကားလုံးများကို ရှောင်ကျဉ်ရသည်။ ဖောက်သည်တန်ဖိုး အဆိုပြုချက်ကို အချိန်တိုလေး အတွင်းမှာ ဆက်သွယ်ပြန်ကြားနိုင်မှုရှိရသည်။ ဖောက်သည်တန်ဖိုး အဆိုပြုချက်ကနေ၍ အလားအလာရှိသူများမှ ဝယ်ယူသုံးစွဲသူများ အဖြစ်သို့ ထိရောက်စွာ ပြောင်းပစ်နိုင်စေရန် မိမိ၏ ဖောက်သည်များမှာ မည်သူတွေဖြစ်သည်၊ သူတို့၏ အဓိက ပြဿနာမှာ ဘယ်အရာတွေဖြစ်သည်၊ မိမိတို့၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းပေးရန်အတွက် အကောင်းဆုံး အဖြေဖြစ်သည် စသည်တို့ကို ရှင်းလင်းစွာ ဖော်ထုတ်ထားရမည် ဖြစ်ပါသည်။     

သက်ထွန်း (သျှမ်း)

Source: Value Proposition Definition: Declaration of Intent (investopedia.com)

Photo Credit: Help Scout