【 ဆောင်းပါး 】“ဘုရားပွဲမှာ ဒါတွေကျွေးတယ်”

【 ဆောင်းပါး 】“ဘုရားပွဲမှာ ဒါတွေကျွေးတယ်”

ကျနော်တို့ဘီလူးကျွန်းက လယ်ပိုင်ရှင်တိုင်းသည် နှစ်စဉ် စပါးစိုက်ပျိုးသည့်အခါတိုင်း ကောက်ညှင်းနည်းနည်းထည့်စိုက်လေ့ရှိသည်။တချို့ လယ်ဧက ၅ဧကလောက်ပိုင်တာတောင် ကောက်ညှင်းထည့်စိုက်ကြတာများသည်။ဘာ့ကြောင့်ကောက်ညှင်းထည့်စိုက်ကြသလဲဆိုတော့ ကောက်ညှင်းလိုသောကြောင့်ဖြစ်သည်။ 
 
ကျနော်တို့ရပ်ရွာက ပင်လယ်နဲ့နီးလို့လားမသိ၊ရေငံပိုင်ဦးရှင်ကြီးကို ဆင်းရဲလွန်းသည့်အိမ်ကလွဲ ပူဇော်ပသလေ့ရှိသည်။ကျနော်တို့ရပ်ရွာတွင်တော့ ဆွမ်းတင်သည်၊ဦးရှင်ကြီးတင်သည်ဟုခေါ်လေ့ရှိသည်။ဦးရှင်ကြီးတင်လျှင် အဓိကအသုံးပြုသည့်အရာမှာ ကောက်ညှင်းဆန်ဖြစ်သည်။ ကောက်ညှင်းနှင့်မတင်လျှင်မုန့်ဆန်း။ မုန့်ဆန်းဆိုတာကလည်း ကောက်ညှင်းဆန်နှင့်သာ ပြုလုပ်ခြင်းဖြစ်သည်။
 
တစ်နှစ်ကို ဆွမ်း၂ခါတင်လေ့ရှိသဖြင့် ကောက်ညှင်းနှစ်ကြိမ်ကုန်သည်။ငွေကြေးအဆင်ပြေပြီး  ကောက်ညှင်းခပ်များများစိုက်ထားသော လယ်ပိုင်ရှင်ကြီးများက ဆွမ်းတစ်ခါတင်လျှင် အောတိုက်ကျွေးလေ့ရှိသည်။ ဆွမ်းတင်ရုံနဲ့မပြီး။နောက်ထပ်ကောက်ညှင်းအသုံးပြုရသည့်နေရာ တစ်နေရာလည်းရှိသည်။ယင်းမှာ ကိုယ့်ရပ်ရွာဘုရားပွဲဖြစ်သည်။
 
ကျနော်တို့ရပ်ရွာဘုရားပွဲများမှာ ကိုယ့်အိမ်လာသောဧည့်သည်တိုင်းကို ဆွမ်းကျွေးသလို မုန့်နှင့် ထမင်းကျွေးလေ့ရှိသည်။သောက်တတ်စားတတ်သောအိမ်ရှင်(သို့မဟုတ်)အမျိုးသားဧည့်သည်များသော အိမ်ရှင်တို့က ရီဝေဝေအရောင်များဖြင့်လည်းဧည့်ခံကြသည်။မုန့်နှင့်ထမင်းမှာ တကယ့်ကိုဧည့်ကောင်းစောင်ကောင်းကိုတည်းခင်းသလို အပျံစားဖြစ်သည်။
 
အဓိကကျွေးကြသည့်မုန့်များမှာ ကောက်ညှင်းဖြင့်ပြုလုပ်သော မုန့်ဖြစ်သည်။ စိန်ဖေမုန့်၊ ရွှေကြည်၊ ဟာလဝါ၊ထိုးမုန့်၊ကျောက်ကျော။ထိုမုန့်တစ်မျိုးမျိုးကို အိမ်တိုင်းစေ့ကျွေးလေ့ရှိသည်။မုန့်အားလုံးလိုလိုမှာ ကောက်ညှင်းနှင့်အုန်းသီးကုန်ကြမ်းဖြင့်လုပ်သောမုန့်များဖြစ်သည်။ရေပတ်လည်ဝိုင်းလျက်ရှိသော ကျွန်းကြီးပေါ်က ကျနော်တို့ရပ်ရွာတွင် အုန်းပင်တွေကလည်း ပေါ၊ကောက်ညှင်းကိုလည်းအလွယ်တကူစိုက်လို့ပျိုးလို့ ဖြစ်ထွန်းနေတာကြောင့်ထိုနှစ်မျိုးကိုအခြေခံသောမုန့်များ ပြုလုပ်ကျွေးမွေးကြခြင်းဖြစ်နိုင်သည်။
 
အထူးသဖြင့် စိန်ဖေမုန့်သည် ဘုရားပွဲမုန့်ဟုခေါ်ရလောက်အောင် အိမ်တော်တော်များများဧည့်ခံလေ့ ရှိသည်။စိန်ဖေ ဆိုသောလူတစ်ယောက်က တီထွင်ထားသောမုန့်မို့ စိန်ဖေမုန့်ဟုခေါ်သလားမသိ။အခုစာရေး နေစဉ် နံဘေးတွင်ရှိနေသောမော်လမြိုင်သားစစ်စစ်တစ်ယောက်ကို စိန်ဖေမုန့် ကိုသိသလားဟုမေးကြည့် တော့ ကြားပင်မကြားဖူးဘူးဟုဆိုသဖြင့် စိန်ဖေမုန့်သည် ကျနော့်တို့ ဘီလူးကျွန်းမူပိုင်၊ဘီလူးကျွန်းဒေသထွက် ဟုထင်၏။
 
စိန်ဖေမုန့်ဆိုတာက ရန်ကုန်မှာရောင်းသည့်ရွှေထမင်းနှင့်ဆင်၏။ရန်ကုန်ရွှေထမင်းလို အုန်းခွံရောင်၊ ကောက်ညှင်းကုန်ကြမ်းအဓိက။သို့သော်၊ကျနော်တို့စိန်ဖေမုန့်က အုန်းနို့ပါသဖြင့် ရန်ကုန်ရွှေထမင်းလို မာတောင့်မနေသလို အုန်းနို့အရသာကြောင့် နည်းနည်းခပ်အီအီနဲ့ စားလို့အင်မတန်ကောင်းသည်။ နည်းနည်းခပ် ပျစ်ပျစ်စိန်ဖေမုန့်ကို မုန့်ထည့်သည့်အိုးအပြားအဝိုင်းထဲ ညီညာအောင်ညှိပြီးထည့်၊တစ်ည လောက်ထားလိုက်လျှင် မာမာတင်းတင်းလေးနဲ့ ပုံစံတကျလှီးလို့ရသော ဧည့်ခံချင်စရာစိန်ဖေမုန့်ကိုရပြီ။
 
ကျနော်က ဟိုးငယ်ငယ်ကတည်းက စိန်ဖေမုန့်ကြိုက်သူမို့ ဘုရားပွဲရာသီရောက်လျှင် စိန်ဖေမုန့်ကို တဝစားမြဲဖြစ်သည်။သို့သော်၊စိန်ဖေမုန့်က နည်းနည်းအီသဖြင့် အများကြီးမစားနိုင်။ဧည့်ခံစိန်ဖေမုန့်ထက်ပို ကောင်းတာက စိန်ဖေမုန့်ဂျိုးဖြစ်သည်။ဒယ်အိုးကြီးနဲ့ စိန်ဖေမုန့်တစ်အိုးလုပ်ပြီဟေ့ဆိုလျှင် အိုးမှာကပ်နေသော စိန်ဖေမုန့်ဂျိုးကမနည်း။ထိုဂျိုးများမှာ နည်းနည်းခပ်တူးတူးမို့ စားလို့အင်မတန်ကောင်း။
 
ကျနော့်အစ်မဝမ်းကွဲတို့မှာ ကောက်ညှင်းမုန့်အစုံ ကျွမ်းကျင်စွာလုပ်တတ်သူများမို့ ပထမ၊ခင်မင်သူ တွေအတွက် မုန့်လုပ်ပေးရင်းနဲ့ နောက်ပိုင်းကျတော့ ဘုရားပွဲရာသီဆို အခကြေးငွေဖြင့် မုန့်လုပ်ပေးတော့ သည်။အိမ်များစွာကလည်း ကိုယ်တိုင်အချိုးပြေပြေမလုပ်တတ်တာရော အလုပ်ရှုပ်မခံချင်တာရောကြောင့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းအကုန်ပေး၊မုန့်လုပ်ခပေးပြီး အပ်လေ့ရှိသည်။ထို့ကြောင့် ဘုရားပွဲရာသီဆို ဘေး အိမ်ကအစ်မတွေ ကောက်ညှင်းမုန့်တစ်မျိုးမဟုတ်တစ်မျိုး လုပ်နေလေ့ရှိပြီး ဂျိုးကြိုက်သောကျနော်အတွက် နေ့စဉ်ဆိုသလို စားရမြဲဖြစ်သည်။ထား။
 
ဘုရားပွဲတွင် တချို့အိမ်များက ကောက်ညှင်းမုန့်တစ်မျိုးမျိုးတင်မက ပဲခြမ်းသုပ်ကိုလည်း ဧည့်ခံလေ့ ရှိသည်။ပဲခြမ်းကို ဆီစိုစို ကြက်သွန်နီနိုင်းဂျင်းနဲ့တချို့ဆို သံပုရာရည်ပင် ဆမ်းထားတတ်သည်။ပဲခြမ်းသုပ် သည် နေရာတိုင်းတွင် ရနိုင်သောအစားအစာဖြစ်ပြီး ကျနော်တို့ဘုရားပွဲ၌ ဘာကြောင့်ရယ်မသိ အိမ်များစွာက ကျွေးတတ်ကြသည်။ကျနော်က ပဲခြမ်းသုပ်ကို ပဲခြမ်းအနည်းငယ်နှင့် ကြက်သွန်နီခပ်များများစားလေ့ရှိသည်။
 
ဘုရားပွဲမှာ တစ်နှစ်လျှင်တစ်ရက်သာဖြစ်သော်လည်း အဲဒီတစ်ရက်တည်းမှာပင် အနည်းဆုံးဧည့်လေး ၊ငါးဆယ်လောက်ကို ကျွေးရသဖြင့် ကုန်ကျစရိတ်ကမငယ်လှ။ ကောက်ညှင်းမုန့်ကုန်ကျစရိတ်က သိပ်မကျသော်လည်း ထမင်းကျတော့ အသားဟင်းကအနည်းဆုံး၂မျိုးလောက်ပါမှ။ ပြီးတော့ အစိမ်းကြော်၊တချို့ အိမ်ကျတော့ ဟင်းအဖြစ်စားဖို့ ခေါက်ဆွဲကြော်၊ဟင်းချို၊ငံပြာရည်ကြော်။တချို့ တတ်နိုင်သူများကျတော့ ကြက်၊ ဝက်၊ဘဲ  အသားဟင်းချည်း ၃မျိုး။
 
ဘုရားပွဲမှာကျွေးပြီး ကျနော်သိပ်ကြိုက်သော အအီပြေအရန်ဟင်းတစ်မျိုးရှိသေးသည်။မုန်လာဥ သနပ်ဟုခေါ်သည်။မုန်လာဥကို အခွံသင်၊အနေတော် နည်းနည်းပါးပါးလှီး၊ရေဆေးပြီးနောက် ရှာလကာရည် နဲ့ နှပ်ပြီး တစ်ညအချဉ်တည်။ပြီးတော့မှ နှမ်းဖြူးလိုက်။မွန်ပြည်နယ်အတွင်း ရှိကောင်းရှိနိုင်သော်လည်း အခြားဒေသများတွင်မတွေ့ဖူးသဖြင့် ဘီလူးကျွန်းထွက်စားစရာတစ်မျိုးမဟုတ်တောင် မွန်တို့ရိုးရာအစားအစာဟုဆို နိုင်မည်ဟုထင်၏။
 
တချို့ထမင်းကျွေးဖို့အထိ မတတ်နိုင်သူများကျတော့ ပဲဟင်းခေါက်ဆွဲကျွေးသည်။တချို့က သင်္ကြန် ထမင်း။သင်္ကြန်ထမင်းဆိုတာက ကျနော်တို့မွန်ရိုးရာ စစ်စစ်။သင်္ကြန်ထမင်းရဲ့ ထမင်းကို မည်သို့မည်ပုံ လုပ်ထားသလဲမသိသော်လည်း ရိုးရိုးထမင်းမဟုတ်တာသေချာသည်။ပြီးတော့ ထမင်းထဲထည့်ဆမ်းရသည့်ရေက လည်း ဖယောင်းနံ့သွင်းထားသော ရေ။မည်သို့မည်ပုံဖယောင်းနံ့သွင်းထားသလဲ ကျနော်မသိ။အဲဒီရေကို အေးနေအောင် ရေခဲထည့်ထားသည်။
 
သင်္ကြန်ထမင်းနဲ့တွဲဖက်စားရတာက ပဲကြီးကြော်၊သရက်သီးကြော်နဲ့ အခြောက်လှန်းထားသောငရုပ်သီးအနီတောင့်တွေကို ခပ်ကြွတ်ကြွတ်ဖြစ်နေအောင် ပြန်ကြော်ထားတာ။ပဲကြီးကြော်များများထည့်စား၊သရက်သီးကြော်များများထည့်စား။သရက်သီးကြော်ကိုကျ ကြက်သွန်နီများများ၊ပုစွန်ခြောက်ရယ်နဲ့သိပ်မချဉ်အောင်ကြော်ထားတာ။ငရုပ်သီးခပ်စပ်စပ်လေးကိုက်လိုက်၊ခပ်အေးအေးသင်္ကြန်ထမင်းလေးစားချလိုက်။သင်္ကြန်ထမင်းသည် ရင်ကိုအေးစေသည်တဲ့။သို့သော်၊တခြားအရပ်မှ လာသောဧည့်သည်တချို့ကတော့ မကြိုက်။ဖယောင်းနံ့ပါသောရေကို သူတို့ဘယ်လိုမှ ခံတွင်းတွေ့ဟန်မတူ။ကျနော်တို့ကတော့ အဲဒီဖယောင်းနံ့ သင်းတာလေးကိုက အရသာတစ်ခုထွက်ပေါ်လာသလိုမျိုး။တစ်ခါက ဖယောင်းနံ့ထည့်ထားသောရေကုန်သွားသဖြင့် ရိုးရိုးရေထည့်ပြီး စားကြည့်တော့ ခံတွင်းမလိုက်ချင်။
 
သင်္ကြန်ထမင်းကို သင်္ကြန်ရောက်မှသာစားရလေ့ရှိသဖြင့် သင်္ကြန်ထမင်းမြင်လျှင် ကျနော်တို့ ဟန်မဆောင်ဘဲ စားလေ့ရှိသည်။သင်္ကြန်ထမင်းသည် မွန်ရိုးရာ။တခြားသူတွေကြိုက်၊မကြိုက်တော့မသိ။ကျနော် တို့မွန်တွေအကြိုက်။
 
အခုဆောင်းပါးရေးနေချိန်တွင် ဘုရားပွဲတွင်ကျွေးသောအစားအစာတစ်ခုချင်းစီ၏ အနံ့အရသာကိုပင် ပြန်လည်ရရှိလာသလို ခံစားမိသည်။ကျနော်သိပ်ကြိုက်ခဲ့သောအရသာများ၊ နောက်ဘယ်နှနှစ်ကြာမှ ပြန်လည်စားသုံးခွင့်ရမလဲမသိ။
 
အလွမ်းတို့သည် လောင်မြိုက်လွန်းလှသည်။
 
 
 
 ငြိမ်းဆက်