【 ဆောင်းပါး 】“မြင့်မိုရ်တောင်တော်သို့ လှမ်းငေးကြည့်ခြင်း”

【 ဆောင်းပါး 】“မြင့်မိုရ်တောင်တော်သို့ လှမ်းငေးကြည့်ခြင်း”

သံလွင်မြစ်ကူးတံတားကြီးမဖွင့်မီအချိန်ထိ  ဘီလူးကျွန်းသို့အဓိကဝင်ပေါက်မှာ နတ်မှော်သင်္ဘောဆိပ်နှင့် ကလွီသင်္ဘောဆိပ်ဟူ၍ နှစ်ပေါက်ရှိသည်။နတ်မှော်သည် ဘီလူးကျွန်းတောင်ပိုင်းသားတို့ အားကိုး ကြရသောဝင်ပေါက်၊ကလွီကမြောက်ပိုင်းသားများ။ဘီလူးကျွန်းပေါ်တည်ထားသော ချောင်းဆုံမြို့သည် နတ်မှော်သင်္ဘောဆိပ်နှင့် ၃မိုင်သာဝေးသည်။ ထို့ကြောင့် နတ်မှော်သင်္ဘောဆိပ်မှ ချောင်းဆုံမြို့ပေါ် သို့လာရာလမ်းသည် တစ်ခုတည်းသောချောင်းဆုံမြို့အဝင် မဟာဗျူဟာမြောက်လမ်းဖြစ်ခဲ့သည်။
 
နတ်မှော်သင်္ဘောဆိပ်မှသည် နတ်မှော်ရွာကိုကျော်လာပြီးသည့်အခါ ကတ္တရာလမ်းဟိုဘက်ဒီဘက် တန်းစီစိုက်ထားသောထန်းပင်တို့က ဦးခိုက်ကြိုဆိုလျက်ရှိသည်။ထန်းပင်တို့၏ ဟိုမှာဘက်နှစ်ဘက်စလုံးတွင် လယ်ကွင်းများသာမို့ ချောင်းဆုံမြို့အဝင်သည် လင်းပွင့်အေးစိမ့်ခြင်းအရသာဖြင့် ဆီးကြိုနေသလိုပင် ဖြစ်သည်။ ကတ္တရာလမ်းက ကားတစ်စီးမောင်းစာအကျယ်၊ပြီးတော့ ချိုင့်ခွက်များကလည်းရှိသဖြင့် မောင်းချင်သလိုမောင်းမရသည့်နှုန်းဖြင့် ၅မိနစ်ကျော်မောင်းလာလျှင် လမ်း၏ညာဘက်ခြမ်း၌ စိုက်ထူထားသော  ကြိုဆိုပါ၏ ဆိုင်းဘုတ်သို့ရောက်ပြီ။ ကြိုဆိုပါ၏ ပြီးလျှင် စေတီငယ်တစ်ဆူ။မှတ်မိသလောက် စစ်အစိုးရလက်ထက်တုန်းက တည်ခဲ့ခြင်းဖြစ်သည်။
 
စေတီကျော်သည်နှင့် ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်ကစတင်ပြီ။အခေါ်အဝေါ်မှာမူ ဘုရားကြီးကုန်း ဖြစ်သည်။ဆိုတော့ တံတားမပြီးမီ ရှေးနှစ်များစွာကစလို့ ဘုရားကြီးကုန်းသည် ချောင်းဆုံမြို့အဝင်ဖြစ်သည်။ ဘုရားကြီးကုန်းသို့ စဝင်သည်နှင့် လမ်းဟိုဘက်ဒီဘက်တွင် အိမ်များရှိပြီ။လမ်း၏ညာဘက်ခြမ်းတွင် ဗလီကြီး တစ်ခု။ထို့နောက် ညာဘက်သို့ချိုးချသွားသော လမ်းတစ်လမ်း။ထိုလမ်းမှာ ပလိုင်ဝမ်း-ကွမ်လမိုင်း -သက္ကော၊ -ဘိုးနက်-ကညှော်ရွာမှ သံလွင်မြစ်ကူးတံတားသို့သွားရာလမ်းဖြစ်သဖြင့် ယခု ချောင်းဆုံမြို့သို့ဝင်ရာအဓိက လမ်းမကြီးဖြစ်လို့နေပြီ။အရင့်အရင်တုန်းက ထိုလမ်းမှာ မြေလမ်းနှင့်ကျောက်ကြမ်းလမ်းမျှသာဖြစ်သည်။
 
ထိုလမ်းအဝင်ဝတွင် ရဟန္တာသိမ်ဟုဆိုသော ရှေးဟောင်းသိမ်တစ်ခုရှိသည်။သိမ်တည်ထားသော အုတ်များမှာ ခပ်ပါးပါး ရှည်ရှည် ရှေးဟောင်းဘုရားများတွင်တွေ့ရသောအုတ်များအတိုင်း။ထိုရှေးဟောင်းသိမ်မှာ သုဝဏ္ဏဘူမိနှင့် ခေတ်ပြိုင်ဟုအပြောအဆိုမျိုး ကြားခဲ့ဖူးသော်လည်း ခိုင်လုံသည့်အထောက်အထားမရှိ။ထိုရှေးဟောင်းသိမ်နှင့် ကပ်လျက်တွင်ပင် ဝင်းဂလုံဘုရားရှိသည်။ဘုရားကြီးကုန်းဆိုသည့်အမည်မှာ ဝင်းဂလုံဘုရားကိုအစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်ပြီး ကျနော်တို့ငယ်စဉ်ကတည်းကပင် ဝင်းဂလုံဘုရားကို ဘုရား ကြီးကုန်းဘုရားဟုသာ ခေါ်လေ့ရှိသည်။
 
ဝင်းဂလုံဘုရားကို တည်ထားခဲ့သည်မှာလည်း ကြာခဲ့ပြီ။ရှေးယခင်က ချောင်းဆုံမြို့သို့အဝင် သပ္ပာယ်စွာဖူးနိုင်သည့် မြို့ဦးစေတီဖြစ်မည်ဟုထင်သည်။မည်သူတည်ထားခဲ့သလဲမသိ၊သက်တမ်းမည်မျှကြာပြီလဲမသိ။ဘုရား၏နောက်ကျောတွင် ချောင်းဆုံသင်္ချိုင်းရှိသည်။ကျနော့်အဘွား၏ ဘိုးဘွားများကို ထိုသင်္ချိုင်းတွင်မြှုပ်နှံခဲ့ကြောင်းသိရသဖြင့် သူသည်လည်း သက်တော်ရှည်သင်္ချိုင်းဖြစ်သည်။ သင်္ချိုင်းထဲအဝင်လမ်းထိပ်တွင် ဘုရားကြီးကုန်းရုပ်ရှင်ရုံ။ ထိုမှနည်းနည်းထပ်ဝင်သွားလျှင် သင်္ချိုင်းဇရပ်နှင့် အုတ်ဂူများကိုစတွေ့ရပြီ။ အုတ်ဂူများမှာ သင်္ချိုင်းလမ်း၏ဘယ်ဘက်ခြမ်းတွင်သာရှိပြီး သစ်ပင်ကြီးများဖြင့် နေ့ဘက်ဆိုငြိမ်သက် အေးချမ်းကာ ညဘက်ဆိုခြောက်ခြားဖွယ်ကောင်းလှသည်။
 
သင်္ချိုင်းလမ်းတစ်လျှောက် အတန်ငယ်ဝင်ရပြီး သင်္ချိုင်းအဆုံးတွင် ဘုန်းကြီးကျောင်းရှိသည်။ ထိုဘုန်းကြီးကျောင်းမှ ဘုန်းကြီးနှင့်ဘုန်းကြီးကျောင်းသားများ အပြင်ထွက်သည့်လမ်းမှာ သင်္ချိုင်းလမ်းတစ်လမ်းတည်း သာရှိသဖြင့် နံနက်၄နာရီခွဲကျော် ဆွမ်းခံထွက်လျှင် မည်သို့အကြောက်တရားဖယ်ကြသလဲမသိ။ကျနော်ချောင်းဆုံ ရောက်ခိုက် အဘိုး အဘွားအုတ်ဂူသွား ကန်တော့တိုင်း ထိုသို့ စဉ်းစားမိသည်။
 
ချောင်းဆုံမြို့၏ အထင်ကရအဖြစ်ဆုံးဘုရားမှာ ရသေ့ကြီးဦးခန္တီ တည်ထားခဲ့သော မဟာမြတ်မုနိ ပုံတူရုပ်ပွားတော်နှင့် မြင့်မိုရ်တောင်စေတီတို့ဖြစ်သည်။ ချောင်းဆုံအဓိကလမ်းမကြီးမှ မြင့်မိုရ်တောင်ဘုရားသို့ တက်သည့် မြင့်မိုရ်တောင်ဘုရားလမ်းသစ်သည် ချောင်းဆုံးအရှေ့ပိုင်းရပ်ကွက်နှင့်အနောက်ပိုင်း ရပ်ကွက်ကို ပိုင်းခြားထားသောလမ်းဖြစ်သည်။ဒုတိယကမ္ဘာစစ်မတိုင်မီက မြင့်မိုရ်တောင်၊တောင်ခြေတွင် မဟာမြတ်မုနိ ပုံတူရုပ်ပွားတော်ကို တည်ထားခဲ့ခြင်းဖြစ်သည်။
 
‘ရသေ့ကြီးက ဘုရားတည်ဖို့ အညာကနေ ပန်းရံတို့ လက်သမားတို့ သူ့အဖွဲ့နဲ့သူ ခေါ်လာပြီး တည်တာလို့ကြားဖူးတယ်။’ဟု ကျနော့်အဖေကပြောပြသည်။မဟာမြတ်မုနိရုပ် ပွားတော် တည်ထားရာနေရာပတ်လည်ကို စတုရန်းသဏ္ဍာန် အကန့်၉ကန့်စီဖြင့် ဖွဲ့စည်းထားသောကြောင့် ကိုးခန်းကြီးဟုခေါ်သည်။ထို့ကြောင့်ရုပ်ပွားတော်တည်ထားရာနေရာဝန်းကျင်မှာ ခပ်ကျယ်ကျယ်၊အောက်ခံ သံမံတလင်း၊ဘေးပတ်လည် သံတိုင်ကြီးများနှင့်သံပန်းအပြည့်။အပေါ်အမိုးမှာ ပြဿဒ်ပုံစံ သွပ်မိုးများဖြင့် ခမ်းနားစွာတည်ထားခြင်းဖြစ်သည်။
 
ကိုးခန်းကြီးနှင့်တစ်ဆက်တည်းအဖြစ် မြင့်မိုရ်တောင်ပေါ်သို့ တက်သည့် အုတ်လှေကားခပ်ကျယ်ကျယ်ရှိသည်။အုတ်လှေကားမှာ စုစုပေါင်းအဆင့်၂၀၀ ၀န်းကျင်ရှိပြီး အမိုးတောက်လျှောက်ပါသဖြင့် ရာသီမရွေး အေးချမ်းစွာ တောင်ပေါ်သို့တက်နိုင်သည်။
 
တောင်ပေါ်တွင် မည်သည့်ခေတ်က မည်သူတည်ထားမှန်းမသိသော မြင့်မိုရ်တောင်စေတီ ။တောင်ပေါ်မှ ကြည့်လျှင် လယ်ကွင်းများအလွန်၌ တစ်ဖြောင့်တည်းစီးနေသောသံလွင်မြစ်ကို ခပ်ပျပျမြင်ရသည်မှာ မြင်ရခဲသည့် သဘာဝအလှဖြစ်သည်။ ကိုးခန်းကြီးနှင့်ဆန့်ကျင်ဘက် တောင်၏ဟိုဘက်တောင်ခြေတွင် လျောင်းတော်မူရုပ်ပွားတော်ကြီး။တောင် ၏ညာဘက်ခြမ်းအခြေတွင် ရပ်တော်မူရုပ်ပွားတော်ကြီး၊ဘယ်ဘက်ခြမ်းတွင် ပရိနိဗ္ဗာန်စံတော်မူပုံရုပ်ပွားတော်ကြီး။
 
ကျနော်မူလတန်းအရွယ်က ရပ်တော်မူ၊လျောင်းတော်မူနှင့်ပရိနိဗ္ဗာန်စံတော်မူ တို့မှ တောင်ပေါ်သို့ တက်နိုင်မည့်တောင်တက်လမ်းကို ဖောက်လုပ်ခဲ့သည်။ယခုအခါ ရပ်တော်မူဘက်ခြမ်းမှ တောင်ပေါ်သို့အရောက် ဆိုင်ကယ်ဖြင့် အလွယ်တကူတက်နိုင်သည့် ကွန်ကရစ်လမ်းဖောက်လုပ်ပြီးစီးခဲ့ပြီ။ဘုရားရှိတော့ ကျနော်တို့ရပ်ရွာ၏ထုံးစံအတိုင်း ဘုရားပွဲရှိသည်။နှစ်စဉ်သင်္ကြန်အကြတ်နေ့သည် မြင့်မိုရ်တောင်ဘုရားပွဲ။ဘုရားပွဲနေ့၊နေ့ဘက်ဆိုလက်ဝှေ့ပွဲ၊ညဘက်ဆို ဇာတ်ပွဲက အနည်းဆုံး၂ည။ကိုးခန်းကြီး၏ဝဲယာတွင် မြက်ခင်းများဖြင့် စိမ်းနေသော မြေကွက်လပ်ရှိသည်။ကျနော်ငယ်ငယ်တုန်းက ဇာတ်ပွဲ ကျင်းပရာနေရာမှာ ကိုးခန်းကြီး၏ ဘက်ဘက်ခြမ်း ညောင်ပင်ကြီး၏ဘေးတွင် ဇာတ်စင်ထိုးကပြလေ့ရှိသည်။ ကျနော်အလယ်တန်းလောက်ရောက်တော့ ကိုးခန်းကြီး၏ ညာဘက်ခြမ်းတွင် ရာသက်ပန်ဇာတ်စင်ပြုလုပ်နိုင်ရန် အုတ်ခုံဆောက်ကာ ယနေ့တိုင် ထိုနေရာ၌ ဗလာဇာတ်ပွဲပြလေ့ရှိသည်။
 
ကိုးခန်းကြီးနှင့် မြင့်မိုရ်တောင်ဘုရားကို ပိုအဓိပ္ပါယ်ရှိစေတာက လူနေအိမ်များနှင့် အတန်ငယ်လှမ်းခြင်းဖြစ်သည်။ကိုးခန်းကြီးအရှေ့တွင် ဇရပ်ကျောင်းဟုခေါ်သောဘုန်းကြီးကျောင်း၊မြင့်မိုရ်တောင်၏ညာဘက် ရပ်တော်မူရုပ်ပွားတော်ကြီးအနီးတွင် တိတ်တိတ်ဆိတ်ဆိတ်အိပ်နေသော တေဇဥယျာဉ်။မြင့်မိုရ်တောင်၏ အနောက်ဘက် လျောင်းတော်မူ ရုပ်ပွားတော်ဝန်းကျင်တွင် နေပျောက်မထိုးသော ရော်ဘာတော။မြင့်မိုရ်တောင်ဘုရား၏ ဘယ်ဘက်ခြမ်းတောင်စောင်းတွင် မြင့်မိုရ်တောင်ဘုန်းကြီးကျောင်း။ပြီးတော့ တောင်ပေါ် လေးကျောင်း၊မင်းကျောင်း၊စိန်ပါတီကျောင်း။
 
ထိုသို့ဘုရားဝန်းကျင်ပတ်လည်တွင် ထုနဲ့ထည်နဲ့ ဘုန်းကြီးကျောင်းများ ဝန်းရံထားခြင်းကလည်း ဘာသာရေးအငွေ့အသက်များ လွှမ်းခြုံထားသည့်နှယ် ခံစားရသည်။ထို့ပြင် ဘုရားအနီး၊ဘုန်းကြီးကျောင်းများအနီးတွင် သက်တမ်းရင့်ပြီး မွှေးမြလွန်းသော အနန်းပင်ကြီးတို့ အရိပ်မိုးထားခြင်းကလည်း တောရလမ်းပမာ အိန္ဒြောကြီးလွန်းလှသည်။
မြင့်မိုရ်တောင်နှင့်ဆက်စပ်ပြီး မြင့်မိုရ်တောင်ဘုရား၊မြင့်မိုရ်တောင်ဘုန်းကြီးကျောင်း၊မြင့်မိုရ်တောင် ဘုရားလမ်းသစ်တင်မက မြင့်မိုရ်တောင်ဘုရားလမ်းဟောင်းဟူ၍လည်းရှိသေးသည်။လမ်းဟောင်းမှာ ရှေးကတည်းက ရှိခဲ့သော ကျနော်တို့ဆွေမျိုးစုနေထိုင်ရာ မြင့်မိုရ်တောင်ဘုန်းကြီးကျောင်းနှင့်တည့်တည့်လမ်း။ မြင့်မိုရ်တောင်ဘုရားလမ်းဟောင်းဟုဆိုလျှင် ချောင်းဆုံသားတိုင်းသိကြသော်လည်း အခေါ်များတာက တောပိုင်းဖြစ်သည်။ထား။
 
ကျနော်တို့ဆွေမျိုးစု အစဉ်အဆက်က မြင့်မိုရ်တောင်ဘုန်းကြီးကျောင်းကို ကိုးကွယ်သည်။ကျနော် တို့လမ်းထဲတွင် မင်းကျောင်းနှင့်စိန်ပါတီကိုးကွယ်သူများလည်းရှိသည်။ဇရပ်ကျောင်းမှာ မြင့်မိုရ်တောင်ဘုရားလမ်းသစ်ပေါ် တည်ရှိပြီး လမ်းသစ်မှ လူများကိုးကွယ်ကြသည်။ကိုးကွယ်ရာကျောင်းမတူ ဆရာ၊ဒကာမတူ ကြသော်လည်း ဘုန်းကြီးချင်း၊ဒကာချင်း မတည့်တာမျိုး၊ပြိုင်ဆိုင်ကြတာမျိုး လုံးဝမရှိ။
 
ကျနော်တို့ကိုးကွယ်သော မြင့်မိုရ်တောင်ကျောင်းဝတွင် အုတ်ဖြင့်ထုဆစ်ထားသောခြင်္သေ့ကြီးနှစ်ကောင်မှာ အင်မတန်လက်ရာမြောက်သည်။အမှတ်အသားအားနည်းသော ကျနော်တို့၏ ထုံးစံအတိုင်း ဘယ်အချိန်က ဘယ်သူထုဆစ်ထားသလဲမသိ။ကျောင်းဝမှ နည်းနည်းဆင်းလိုက်လျှင် နှစ်၁၀၀ကျော် သက်တမ်းရှိပြီဖြစ်သော ညောင်ပင်ကြီး။
ဘုရားရောဘုန်းကြီးကျောင်းပါ အိမ်နှင့်သိပ်မဝေးသဖြင့် ကျနော်ငယ်ငယ်ကမကြာခဏရောက်သည်။ ကိုးခန်းကြီးမှ တောင်ပေါ်သို့ အုတ်လှေကားအတိုင်း ပြေးတက်ပြေးဆင်း ဘယ်နှခါမှန်းမသိအောင် အကြိမ် ရေများခဲ့ပြီဖြစ်သည်။
 
၈တန်းနှစ်မှ စတင်ကာ ရန်ကုန်သို့ရောက်။နှစ်တိုင်းလိုလို ချောင်းဆုံသို့ပြန်တိုင်း မြင့်မိုရ်တောင် ကျောင်းဆရာတော်ကို ကန်တော့ရန် ဘုန်းကြီးကျောင်းသို့ရောက်။မြင့်မိုရ်တောင်ပေါ်သို့လည်း အနည်းဆုံးတစ်ခေါက်ရောက်။မြင့်မိုရ်တောင်ပေါ်မှ သံလွင်မြစ်ဆီသို့ ငေးရသောအရသာသည် ကျနော့်နှလုံးသားကို ရမ်းခါလေ့ရှိသဖြင့် ချောင်းဆုံရောက်လျှင် မြင့်မိုရ်တောင်ပေါ်ရောက်မှ ပြီးပြည့်စုံသလို ခံစားမိသည်။
 
ယခု ၂နှစ်တာ ကိုဗစ်ကြောင့် ချောင်းဆုံမရောက်ဖြစ်။မြင့်မိုရ်တောင်ပေါ်ကိုလွမ်းလှပြီမို့ စိတ်ထဲရှိရာ ရေးချခြင်းဖြင့်သာ အလွမ်းဖြေလိုက်ရသည်။
 
 
ငြိမ်းဆက်