【 ဆောင်းပါး 】“အဆိပ်လူးနှုတ်ခမ်းတစ်စုံ”

【 ဆောင်းပါး 】“အဆိပ်လူးနှုတ်ခမ်းတစ်စုံ”

နှုတ်ခမ်းနှစ်လွှာလှုပ်ကာထွက်ပေါ်လာသောစကားသံများက တခြားလူတွေကို ရယ်စေသည် လည်းရှိ၏။ ငိုစေသည်လည်းရှိ၏။ ပျော်ရွှင်စေသည်လည်းရှိ၏။ စိတ်ညစ်စေသည်လည်းရှိ၏။ ဒေါသ ဖြစ်စေသည်လည်းရှိ၏။ သောကဖြစ်စေသည်လည်းရှိ၏။ အလှပျက်စေသည်လည်းရှိ၏။ ဘဝပျက်စေ သည်လည်းရှိ၏။ ချစ်လာစေနိုင်၏။ မုန်းသွားစေနိုင်၏။ ချစ်ပွဲလည်းဖြစ်နိုင်၏။ စစ်ပွဲလည်းဖြစ်နိုင်၏။

တခြားသူတွေကို ရယ်စေသော ပျော်ရွှင်စေသော ဝမ်းသာစေသော ချစ်လာစေနိုင်သော ကောင်းကျိုး ချမ်း သာ ဖြစ်စေနိုင်သောစကားသံများဖြစ်ပါက ထိုနှုတ်ခမ်းလေးကို ပျားရည်ဆမ်းနှုတ်ခမ်း လို့တင်စားတတ်ကြသည်။ သို့ဆိုလျှင် တခြားသူတွေကို ငိုစေသော စိတ်ညစ်စေသော ဝမ်းနည်းစေ သော မုန်းသွားစေနိုင်သော ဆိုးကျိုးဆင်းရဲ ဖြစ်စေနိုင်သောစကားသံများဖြစ်ပါက ထိုနှုတ်ခမ်းလေးကို အဆိပ်လူးနှုတ်ခမ်းလို့တင်စားရပေမည်။

ထိုနှုတ်ခမ်းတစ်စုံသည် အမှန်စကားပြောဆိုနိုင်သလို အလိမ်အညာစကားလည်းပြောဆိုနိုင်ပါ သည်။ တစ် ပါးသူတို့ချစ်ခင်စည်းလုံးမှုကိုတည်ဆောက်ပေးနိုင်သလို အချစ်ပျက်အထင်လွဲကာစည်းလုံး မှုကိုပျက်ပြားစေ နိုင်ပါ သည်။ ယဉ်ယဉ်ကျေးကျေးညင်ညင်သာသာနှင့်တစ်ပါးသူနားဝင်လွယ်နိုင်သလို ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်း စိုင်းစိုင်းနှင့်တစ်ပါးသူကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။

အကုသိုလ်ဖြစ်သော ဝစီကံလေးပါးရှိပါသည်။

            (၁) မုသာဝါဒ                  -လိမ်ညာပြောသောစကား

            (၂) ပိသုဏဝါစာ -တစ်ပါးသူတို့အချစ်ပျက်အထင်လွဲအောင်ပြောသောစကား

            (၃) ဖရုသဝါစာ   -ကြမ်းတမ်း ရိုင်းစိုင်းသောစကား

            (၄) သမ္ဖပ္ပလာပဝါစာ       -အကျိုးမဲ့ သိမ်ဖျင်းသောစကားတို့ဖြစ်သည်။

သမ္ဖပ္ပလာပဝါစာ ဟူသောအကျိုးမဲ့သိမ်ဖျင်းသောစကားသည် အင်အားကြီးကြီးမားမားနှင့်သူများကို မဖျက်ဆီးနိုင်သော်လည်း အချိန်ကုန်အကျိုးမရှိသောစကားသာဖြစ်ပြီး အကုသိုလ်ယူရုံသက် သက်သာအကျိုး ရှိလေသည်။ ထို့ကြောင့်ထိုစကားမျိုးကိုမပြောသင့်ပါ။

ဖရုဿဝါစာ ကြမ်းတမ်းသောစကားပြောခြင်းကိုလည်းရှောင်သင့်သည်။ ကြမ်းတမ်းသော စကား ရိုင်းစိုင်း သောစကားတို့သည် လူတစ်ဖက်သားကို အထင်သေးရာရောက်ပြီး နိုင်လိုမင်းထက် ပြောဆိုရာရောက်ပါသည်။ ထို့ကြောင့် ကြမ်းတမ်းရိုင်းစိုင်းသောစကားမျိုးကို ဘယ်သူကမှ လက်မခံ ချင်ကြပါ။ ကြမ်းတမ်းသော စကားကို တိရစ္ဆာန်တောင်မနှစ်သက်ကြောင်း ဘုရားရှင်က ငါးရာ့ငါးဆယ် ဝတ္ထုလာနန္ဒိဝိသာလဇာတ်တွင် ပြောပြထား ပါသည်။

တက္ကသိုလ်ပြည်၌ ဂန္ဓာရမင်းထီးနန်းစိုးစံချိန်တွင်ဖြစ်သည်။ ဘုရားလောင်းသည် နွားမျိုး၌ဖြစ် သည်။ ပုဏ္ဏားကြီးတစ်ယောက်တွင် နန္ဒိဝိသာလ ဟူသောနွားတစ်ကောင်ရှိသည်။ ယာဂု ထမင်းစ သည်ကိုမပြတ် ကျွေး မွေးထားသောကြောင့် ခွန်အားဗလနှင့်ပြည့်စုံသည်။

နန္ဒိဝိသာလသည် ပုဏ္ဏားကြီး၏ကျေးဇူးကိုဆပ်လိုသောဆန္ဒပြင်းပြလျက်ရှိသည်။ ထို့ကြောင့် တစ်စုံ တစ်ယောက်ကို ငါ့နွားသည် လှည်းတစ်ရာကိုရုန်းနိုင်သည်ဟုပြော၍ လောင်းကြေးထပ်ရန်အကြံ ပေးသည်။ ပုဏ္ဏားကြီးလည်း ဂေါဝိတ္တက သူဌေးထံသို့သွားပြီး အလောင်းအစားပြုလုပ်သည်။

သဲ ကျောက်စရစ်တို့အပြည့်တင်ထားသောလှည်းတစ်ရာကိုရုန်းရမည်ဖြစ်သည်။ ပြိုင်ပွဲနေ့ကို ရောက်သော အခါ ပုဏ္ဏားကြီးသည် သဲ ကျောက်စရစ်အပြည့်တင်ထားသောလှည်းတစ်ရာမှာ နွားကို တပ်ကာ လက်မှနှင်တံကို ကိုင်ပြီး နှုတ်မှလည်း ‘ကောက်ကျစ်သောနွားသွားလော့’  ‘ကောက်ကျစ်သော နွား ဝန်ကိုဆောင်လော့’ ဟုဆိုကာ မောင်းနှင်၏။ နွားသည်နေရာမှမရွေ့ တုပ်တုပ်မျှမလှုပ်ဘဲ စုံရပ်နေ လေသည်။ ထို့ကြောင့်ပုဏ္ဏားသည် အသပြာ တစ်ထောင်ကို ဂေါဝိတ္တကသူဌေးကိုပေးလိုက်ရသည်။

ပုဏ္ဏားကြီးသည်အသပြာတစ်ထောင်ရှုံးသွားသဖြင့် မှိုင်တွေကာငေးငိုင်နေရှာသည်။ နန္ဒိဝိသာလသည် ပဏ္ဏားကြီးအနီးသို့လာကာ စကားပြောသည်။ အသင်ပုဏ္ဏားကြီး၏အိမ်ရောက်ပြီး နောက်ပိုင်း ကျွန်တော့ကြောင့် အသင့်စီးပွားဥစ္စာများဆုံးရှုံးပျက်စီးတာမျိုးရှိဖူးပါလားဟုမေးတော့ ပုဏ္ဏားကြီးကမရှိကြောင်းဖြေသည်။ အသင်၏ အကျိုးပျက်အောင်မလုပ်ဖူးသောကျွန်တော့်ကိုအဘယ်ကြောင့်ကောက်ကျစ်တဲ့နွားလို့ပြောရတာလဲ။ ကျွန်တော့်ကို အဲလိုရိုင်းစိုင်းတဲ့စကားတွေနဲ့ နှိမ်ချမဆက် ဆံသင့်ကြောင်းပြောပြီး အသပြာနှစ်ထောင်ကြေးလောင်း ကြေးထပ် လိုက်ပါ ကျွန်တော်နိုင်စေရပါမည် ဟုပြောသည်။

 

ပြိုင်ပွဲနေ့ကို ရောက်သောအခါ ပုဏ္ဏားကြီးသည် သဲ ကျောက်စရစ်အပြည့်တင်ထားသော လှည်းတစ်ရာမှာ နွားကို တပ်ကာ လက်မှနှင်တံကိုကိုင်ပြီး နှုတ်မှ ‘လိမ္မာသောသားသွားပါလော့’ ‘လိမ္မာ သောသားဝန်ဆောင်ပါ လော့’ ဟု ချိုသာသောစကားကိုဆိုလိုက်၏။ နန္ဒိဝိသာလလည်းထိပ်ဆုံးလှည်းမှ ဆွဲသွားပြီး နောက်ဆုံးလှည်းသည် ထိပ်ဆုံးလှည်း၏မူလနေရာကိုရောက်တော့မှ ရပ်တန့်လိုက်၏။ ပုဏ္ဏားကြီးလည်း ပြိုင်ပွဲမှာအနိုင်ရသွားပြီး ရှုံးထား သောအသပြာတစ်ထောင်ကိုပြန်ရသည့်အပြင် အသ ပြာတစ်ထောင်ထပ်ရလိုက်သဖြင့် ဝမ်းသာအားရဖြစ် သွား သည်။

တိရစ္ဆာန်ဖြစ်သော်လည်း စကားကြမ်းကြမ်း စကားရိုင်းရိုင်းပြောဆိုဆက်ဆံလျှင် မကြိုက်တတ် ကြဘဲ ချိုချိုသာသာ သိမ်သိမ်မွေ့မွေ့ပြာဆိုဆက်ဆံမှကြိုက်တတ်ကြပါသည်။

ပိသုဏဝါစာမည်သော တစ်ပါးသူတို့အချစ်ပျက်အောင်ပြောသောစကားကတော့ အပြစ်ကြီးပါ သည်။ ကိုယ့်အတွက်ရော အခြားသူအတွက်ပါ အလွန်လည်းအန္တရာယ်ကြီးပါသည်။ လူတွေစိတ်ဝမ်း ကွဲကာ ဘဝတွေ ပျက်စေပါသည်။ တစ်ခါတလေတိုင်းပြည်ပါပျက်စီးစေပါသည်။

ဝိဒေဟရာဇ်တိုင်း မိတ္ထိလာပြည်ကြီးကို အလောင်းတော်ဇနက၏အဘိုး မဟာဇနကမင်းကြီး အုပ်ချုပ် သည်။ သားတော်အကြီးအရိဋ္ဌဇနက သည်အိမ်ရှေ့မင်းဖြစ်၍ သားတော်အငယ်ပေါလဇနက သည်စစ်သေနာ ပတိဖြစ်သည်။ မဟာဇနကမင်းကြီးနတ်ရွာစံသောအခါ အရိဋ္ဌဇနကသည်ဘုရင်အဖြစ် နန်းတက်ပြီး ညီတော် ပေါလဇနကကို အိမ်ရှေ့မင်းသားအရာအပ်နှင်းကာ ညီနောင်နှစ်ပါး တိုင်းပြည်ကို ချစ်ခင်စည်းလုံးစွာ အုပ်ချုပ်ကြ သဖြင့် တိုင်းပြည်သည်အေးချမ်းသာယာဝပြောလေသည်။

တစ်နေ့သောအခါ အိမ်ရှေ့မင်းပေါလဇနက၏လူရုံအမတ်သည် ပေါလဇနကမင်းသားကသူ့ကို အလေး မထားဘဲ လျစ်လျူရှုနေသည်ဟုအထင်မှားကာ သခင်အရင်းဖြစ်သော အိမ်ရှေ့မင်းသားအပေါ် ရန်ငြိုးထား လေ သည်။ အိမ်ရှေ့မင်းသားကို ဒုက္ခမရောက်ရောက်အောင်လုပ်မည်ဟုဆုံးဖြတ်လိုက်၏။ ထိုအမတ်သည် အရိဋ္ဌဇနက မင်းကြီးထံ မကြာမကြာအခစားဝင်ကာ အိမ်ရှေ့မင်းသားသည် မင်းကြီးကို အန္တယ်ပေး၍ ထီးနန်းတက်ရန် ကြံစည် နေကြောင်း မင်းကြီးကညီတော်အပေါ်သံသယဝင်စေမည့် စကားများကိုပြောသည်။

ပထမဆုံးတစ်ကြိမ်နှစ်ကြိမ်တော့ အမတ်၏ပြောစကားများကိုမယုံကြည်သေးသော်လည်း ညီတော်၏ လူရုံအမတ်ဖြစ်နေ၍ ကောင်းသည်ဆိုးသည်ဘာမှပြန်မပြောဘဲ နားထောင်ရုံသာထောင်ခဲ့ သည်။ သို့သော်လည်း တစ်ခါမက နှစ်ခါမက အကြိမ်ကြိမ်ပြောဆိုလာသောအခါ ညီတော်က တကယ်ပဲ ထီးနန်းကိုမက်မောပြီး သူ့ကို ရန်ရှာမည်လားဟုသံသယဝင်လာလေသည်။ နောက်ဆုံးတော့ အမတ်၏ ကုန်းချောစကားအောင်သွားပြီး ညီတော် အိမ်ရှေ့မင်းကိုဖမ်းကာ အကျဉ်းချထားလိုက်လေတော့သည်။

ပေါလဇနကလည်းအချုပ်ခန်းကိုဖေါက်ပြေးပြီး လူသူစုရုံးကာ နောင်တော်အရိဋ္ဌဇနကကို တော် လှန်လေ သည်။ နောက်ဆုံးတွင်အရိဋ္ဌဇနကမင်းနတ်ရွာစံကာ ညီတော်ပေါလဇနကမင်းက နန်းတက်ပြီး တိုင်းပြည် အုပ်ချုပ် လေသည်။ အရိဋ္ဌဇနကမင်း၏မိဖုရားသည် အလောင်းတော် မဟာဇနကမင်းသားကို ကိုယ်ဝန်လွယ်ကာ စမ္ပာနဂိုရ် ပြည်သို့ထွက်ပြေးတိမ်းရှောင်ကာ မထင်မရှားဘဝနှင့်နေရလေသည်။ ပေါလဇနကမင်းနတ်ရွာစံပြီးမှ အလောင်း တော် မဟာဇနကမင်းသားကနန်းတက်ခဲ့သည်။

အမတ်တစ်ယောက်၏ကုန်းတိုက်စကားက ယခင်ကချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိခဲ့သော ဘုရင်နှင့် အိမ်ရှေ့မင်းညီအစ်ကိုနှစ်ယောက်ကိုစိတ်ဝမ်းကွဲစေကာ တစ်ယောက်နှင့်တစ်ယောက် သတ်ကြဖြတ်ကြသည် အထိဖြစ်ပွားခဲ့ရသည်။

မုသာဝါဒကံကတော့ ဝစီကံလေးပါးတွင် အရေးအကြီးဆုံးနှင့်အန္တရာယ်အရှိဆုံးကံဖြစ်သည်။ ကျန်သောဝ စီကံသုံးပါးသည်လည်း မုသာဝါဒကံတွင်အကျုံးဝင်နေသောကြောင့် မုသာဝါဒဟူသော အလိမ်အညာမုသား စကားသည် အပြစ်အကြီးဆုံးဖြစ်သည်။

တစ်ချိန်က မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတွင်သီတင်းသုံးနေစဉ်ကဖြစ်သည်။ ရာဟု လာသည် အသက်ခုနစ်နှစ်အရွယ်သာမဏေတစ်ပါးဖြစ်သည်။ တစ်နေ့ ရာဟုလာသည် သရက် ပင်အောက်မှာ တရားဆင်ခြင်နေချိန်တွင် ဘုရားရှင်သည်ကျောင်းတိုက်တွင်းသို့ဝင်လာသည်။ ရာဟု လာက ဘုရင်ရှင်ထိုင်ရန် အခင်းနှင့်ခြေဆေးရန် ရေဆေးအင်တုံတို့ကိုပါအဆင်သင့်ပြင်ထားပေးသည်။ ဘုရားရှင်က အခင်းပေါ်တွင်ထိုင် ပြီးနောက် ရေဆေးအင်တုံထဲမှရေခွက်ကိုယူသည်။ ထို့နောက် ရာဟု လာကို ရေခွက်နမူနာပြပြီး မုသားစကား မပြောရန် သြဝါဒလေးချက်ပေးပြီးဆုံးမတော်မူသည်။

ပထမဆုံး ရေခွက်ထဲရေအပြည့်ခပ်ယူပြီး တစ်ဝက်ကိုသွန်လိုက်သည်။ လောကမှာ အလိမ် အညာစကား စပြောသောသူသည် ရေခွက်ထဲမှာရေတစ်ဝက်ပဲရှိတော့သလို သူ့ကိုယ်ကျင့်တရား ကလည်းပြည့်ပြည့် ဝဝမရှိ တော့ကြောင်းပြောသည်။

ဒုတိယ ရေခွက်ထဲကရေတွေကို အကုန်သွန်လိုက်သည်။ အလိမ်အညာစကားတွေဆက်ပြော နေမည်ဆို လျှင် ခွက်ထဲမှာရေတစ်စက်မကျန်တော့သလို သူ့ကိုယ်ကျင့်တရားလည်းလုံးဝမကျန်တော့ သည့်အပြင် အကုသိုလ် တွေစတင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဟုပြောသည်။

တတိယ ရေခွက်ကိုမှောက်ထားလိုက်သည်။ အလိမ်အညာစကားတွေကို ပြောနေကျဖြစ်ပြီး ငါးပါးသီ လပါကျိုးပေါက်လာသည့်အတွက် သူ့ကိုယ်ကျင့်တရားတွေလည်းဘာမှမကျန်တော့သည့် အပြင်ဇောက်ထိုး မိုးမျှော်ဖြစ် ကုန်ပြီး သံသရာမှာဝန်လေးစရာအကုသိုလ်တွေဆက်ကျူးလွန်တော့မည် ဟုပြောသည်။

စတုတ္ထ ရေခွက်ကိုပြန်လှန်လိုက်သည်။ အလိမ်အညာစကားတွေကိုစွဲစွဲမြဲမြဲပြောပြီး ငါးပါးသီလ ကိုလည်း အမြဲဖေါက်ဖျက်ပြီး အကုသိုလ်တွေဆက်တိုက်ကျူးလွန်လာသည့်အတွက် ကိုယ်ကျင့်တရား လည်းဘာမှမကျန် တော့သည့်အပြင် အကုသိုလ်တွေတစ်ပွေ့တစ်ပိုက်နှင့်သံသရာကျင်လည်နေရမည့် အပြင် သစ္စာစကား သစ္စာ တရားနှင့်ဝေးသည်ထက်ဝေးသွားလိမ့်မည်ဟုပြောသည်။

နောက်ဆုံးအနေနှင့် မုသားစကားကို ရယ်စရာအဖြစ်ပြောလျှင်တောင် အင်မတန်အပြစ်ကြီး ကြောင်း ဘုရားရှင် က ရာဟုလာကို ဆုံးမခဲ့သည်။

တကယ်ဆိုလျှင်လည်း လိမ်ညာပြောတတ်သောသူသည် နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့်သူ မလုပ်ရဲ သောအကုသိုလ်မရှိတော့အောင်ဖြစ်လာနိုင်ပါသည်။ မုသားစကားပြောပြီဆိုသည်နှင့် သူ၏ ကိုယ်ကျင့်တရား ကိုလည်းစိတ်မချရတော့ပါ။ ဘယ်လိုမကောင်းမှုမျိုးလုပ်လုပ် လိမ်ညာပြောလိုက်လျှင် အကုသိုလ်အလုပ်ကို ဖုံးဖိထားနိုင်သလိုဖြစ်သွားသည့်အတွက်လိမ်ညာပြောခြင်းသည် သူ့အတွက် အကာအကွယ်တစ်ခုလိုအားကိုးစရာ ဖြစ်လာသည်။ ရှေ့ဆက်၍လည်း အကုသိုလ် အလုပ်တွေကို ဆက်လုပ်ဖို့ ဝန်လေးမှာမဟုတ်တော့ပေ။

ထို့ကြောင့် မုသားစကားပြောရမှာဝန်မလေးသောနှုတ်ခမ်းတစ်စုံသည် အကုသိုလ်တွေများစွာ လုပ်နိုင်ပြီး လောကအလှများစွာ လူသားဘဝများစွာပျက်စီးစေနိုင်သောကြောင့် အဆိပ်လူးထားသော နှုတ်ခမ်းများသာ ဖြစ် လေသည်။

                                                     

ရိုက်မောင်း