【 ဆောင်းပါး 】“ ကောင်းတာဆိုအမြန်လုပ်မှ ”

【 ဆောင်းပါး 】“ ကောင်းတာဆိုအမြန်လုပ်မှ ”

“စိတ်၏သဘောသည် မကောင်းမှုတွင် မွေ့လျော်တတ်သည်။ ကုသိုလ်ကောင်းမှုပြုလုပ်ရာတွင် တွန့် ဆုတ်နှောင့်နှေးနေလျှင် ကောင်းကျိုးအချို့မရဘဲဖြစ်တတ်သည်။ ကုသိုလ်ကောင်းမှုကို စောလျင်စွာပြုလုပ်ရာ၏။”

ဓမ္မပဒတွင် အကုသိုလ်အလုပ်သည် မကောင်းတာမှန်သော်လည်း လူတို့၏စိတ်သည် ထို မကောင်းမှုအ ပေါ် မှာသာ သာယာနေတတ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ကူးပေါ် လာခိုက်တွင် အချိန်မဆိုင်း ဘဲ ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကုသိုလ်ကောင်းမှုလုပ်ရာတွင် ဘယ်လိုစိတ်ထားရမည်ကို မြတ်စွာ ဘုရားသခင်က ဟောကြားထားသောဓမ္မဒေသနာတစ်ခုဖြစ်သည်။

ထိုဒေသနာကို ဟောကြားရသောအကြောင်းရင်းမှာ သာဝတ္ထိပြည်ရှိဧကသာဋကပုဏ္ဏား၏ ကောင်း မှုနှင့်မကောင်းမှုလွန်ဆွဲသည့်အလှူနှင့်ပတ်သက်၍ဖြစ်သည်။

သာဝတ္ထိပြည်သားပုဏ္ဏားလင်မယားနှစ်ယောက်သည် အလွန်ဆင်းရဲစွာ ဘဝခရီးကိုလျှောက် နေကြရ သူများဖြစ်သည်။ လင်မယားနှစ်ယောက်အတွက်အပြင်ထွက်ရန် အပေါ်ရုံအဝတ်တစ်ထည် တည်းသာရှိသည်။ တစ်ယောက်အပြင်ထွက်လျှင် တစ်ယောက်ကအိမ်မှာနေခဲ့ရ၏။

တစ်နေ့တွင် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်၏တရားပွဲရှိသဖြင့် လင်မယားနှစ်ယောက် တရား နာရန်အခွင့်ကြုံသည်။ ထုံးစံအတိုင်း နေ့ဘက်တွင် ပုဏ္ဏေးမကတရားပွဲကိုသွား၍ ညဘက်တွင် လင်ဖြစ်သူ ပုဏ္ဏားက တရားနာရန်သွားသည်။

တစ်ညတွင် ပုဏ္ဏားသည် ညဘက်ဘုရားရှင်၏တရားနာနေစဉ်မှာပင် ကုသိုလ်ပြုချင်စိတ်တွေ တဖွားဖွား ပေါ်လာကာ သူတို့လင်မယား၏တစ်ထည်တည်းသောအပေါ်ရုံအဝတ်ကို လှူဒါန်းချင်လာ၏။ လှူဒါန်းရန်ပြုမည် စိတ်ကူးစဉ်မှာပင် အပေါ်ရုံအဝတ်ကိုနှမြောဝန်တိုစိတ်ဝင်လာသဖြင့် မလှူဖြစ်ပေ။ တစ်ညလုံးလှူချင်သော သဒ္ဓါစိတ် နှင့်နှမြောတွန့်တိုသောဝန်တိုစိတ်တို့အပြန်အလှန်တိုက်ခိုက်နေရင်း ညဉ့်ဦးယံနှင့်ညဉ့်လယ်ယံမှာ လုံးဝ မလှူဖြစ်ခဲ့ပေ။ သန်းခေါင်ယံကျော်နောက်ဆုံးညဉ့်ယံရောက်သော အခါတွင်မူစိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်ပြီး တစ်ထည်တည်းသောဝတ်ရုံကို ဘုရားရှင်ထံလှူဒါန်း လိုက်လေသည်။

ထိုသို့လှူဒါန်းလိုက်နိုင်သဖြင့် ဘေးပတ်ဝန်းကျင်ပရိသတ်ကိုသတိမထားနိုင်တော့ဘဲ ဝမ်းသာ အားရ နှင့်အောင်ပြီ အောင်နိုင်ပြီဟု သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ ထိုအချိန်တွင် သူ ကဲ့သို့ပင်တရားနာနေသော ကောသလမင်းကြီးက အဘယ်ကြောင့်ယခုလိုကျယ် ကျယ်လောင်လောင်အော်ရ ကြောင်း စုံစမ်းမေးမြန်းသောအခါ ပုဏ္ဏားကညဉ့်သုံးယံလုံးသဒ္ဓါစိတ်နှင့် ဝန်တိုစိတ်တိုက်ခိုက်နေရပြီး နောက်ဆုံး တွင်သူ၏တစ်ထည်တည်းသာရှိသောအပေါ်ရုံကို တပ်မက် စိတ်ကင်းကာလှူဒါန်းနိုင်ခဲ့သောကြောင့် ဝမ်းသာပီတိ ဖြစ်ပြီး အားရပါးရအော်ဟစ်ခဲ့ကြောင်းပြန်ဖြေခဲ့ သည်။

ကောသလမင်းကြီးကအလှူအတွက်ချီးကျူးကာပုဆိုးတစ်စုံပေးသည်။ ထိုပုဆိုးတစ်စုံကိုလည်း ပုဏ္ဏား ကဘုရားရှင်ကိုလှူပြန်သည်။ မင်းကြီးက နှစ်စုံထပ်ပေးသည်။ ထိုနှစ်စုံကိုလှူပြန်သည်။ ဆတိုး ဆတိုးပေးသမျှ လှူပြန်သည်။ မင်းကြီးက သုံးဆယ့်နှစ်စုံပေးသောအခါ နှစ်စုံကိုယူပြီး ကျန် သုံးဆယ်ကို လှူပြန်သည်။ နောက်ဆုံး တွင် မင်းကြီးက အဖိုးများစွာထိုက်တန်သော ကမ္ဗလာနှစ်ထည်ကိုပေးသည်။ ပုဏ္ဏားကတစ်ထည်ကို ဘုရားရှင်၏ ဂန္ဓကုဋီတိုက်ကိုလှူသည်။ တစ်ထည်ကိုအိမ်မှာဆွမ်းခံကြွသော ရဟန်းထိုင်ရာနေရာအထက်မှာ မျက်နှာကျက် အဖြစ်လှူသည်။

မင်းကြီးက ပုဏ္ဏားကို ဆင်လေးကောင် မြင်းလေးကောင် ကျွန်ယောင်္ကျားလေးယောက် ကျွန်မိန်းမလေး ယောက် အသပြာလေးထောင် ရွာလေးရွာစသည်ဖြင့် သဗ္ဗစတုက္ကဆုကိုချီးမြှင့်လိုက်လေ သည်။

ပုဏ္ဏား၏အလှူရဲရင့်၍ ချမ်းသာသွားပုံကို ရဟန်းတို့က ဝမ်းသာအားရပြောကြသောအခါ ဘုရား ရှင်က ပုဏ္ဏားသည် သူ၏အပေါ်ရုံကို ပထမညဉ့်ယံမှာလှူဖြစ်လျှင် သဗ္ဗသောဠသ ၁၆ ခုဆုကိုရမည်ဖြစ် သည်။ ညဉ့်လယ် ယံမှာလှူဖြစ်လျှင် သဗ္ဗဌက ၈ ခုဆုကိုရမည်ဖြစ်သည်။ ယခုနောက်ဆုံးညဉ့်ယံမှလှူမိ သဖြင့် အနည်းဆုံးဖြစ်သော သဗ္ဗစတုက္က ၄ ခုဆုကိုရရှိခြင်းဖြစ်ကြောင်းရှင်းပြလိုက်သည်။

မြတ်စွာဘုရားသခင်သည် မကောင်းမှုပြုလုပ်ခြင်းနှင့်ပတ်သက်၍လည်းနောက်ဆုံးလိုက်နာရန် မှာကြား ထားတာရှိပါသည်။ မကောင်းမှုတစ်ခုပြုလုပ်တော့မည်ဆိုလျှင် လုပ်သင့်မလုပ်သင့် ရလာမည့် အပြစ်များကို သေချာပြန်စဉ်းစားခိုင်းပါသည်။ မလွန်ဆန်နိုင်တော့၍ ကျူးလွန်မိခဲ့လျှင် ကျူးလွန်နေစဉ် အတွင်း မိမိ၏လုပ်မှုမှန် မမှန် သူများကိုနစ်နာစေခြင်းရှိမရှိ သတိထားစဉ်းစားစေပါသည်။ အကယ်၍ မကောင်းမှုကျူးလွန်နေစဉ် အချိန် အတွင်း စိတ်ကိုမထိန်းချုပ်နိုင်ခဲ့လျှင်တောင်မှ ကျူးလွန်ပြီးချိန်တွင် မိမိ၏အပြုအမူ မှန် မမှန် သင့်မသင့် ကောင်း မကောင်း အပြစ်ရှိမရှိ သတိထားဆင်ခြင်စဉ်းစားစေပါ သည်။

ငါးရာ့ငါးဆယ်နိပါတ်တော်လာဂင်္ဂါမာလဇာတ်မှ ဘုရားလောင်းဥဒယမင်းနှင့် အာနန္ဒာလောင်း ရေသည် ယောင်္ကျားအကြောင်းဖြစ်သည်။

ဗာရာဏသီမြို့တော်မြောက်ဘက်တွင်ရေရောင်းစားသောအမျိုးသားတစ်ယောက်ရှိသည်။ သူသည် အလွန်ဆင်းရဲချို့တဲ့လှသည်။ သို့သော်လည်း မပြေလည်သည့်ကြားထဲမှ ခြစ်ခြုတ်စုဆောင်း ထားသောငွေ လေးရွေးတော့ရှိသည်။ ထိုငွေလေးရွေးကို လုံခြုံစိတ်ချရအောင် မြောက်မြို့ရိုးကြား၌ သိမ်းထားသည်။

သူသည် ဗာရာဏသီမြို့တော်တောင်ဘက်မှာနေသောဘဝတူရေသည်မိန်းမနှင့် တွေ့ဆုံပြီး လက် ထပ်ပေါင်းသင်းကြသည်။ သူမမှာလည်း စုဆောင်းထားသောငွေလေးရွေးရှိသည်။ ဥဒယမင်းကြီး ၏နန်းတက် ပွဲတွင် နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်သုံးဖြုန်းရန်တိုင်ပင်ကြသည်။

ရေသည်ယောင်္ကျားလည်း မြောက်မြို့ရိုးကြားမှာ သူဝှက်ထားသောငွေလေးရွေးကိုမွန်းတည့်နေ ရောင် နှင့်ပူပြင်းသောသဲပြင်တွင် မမောနိုင်မပန်းနိုင် ခုန်ပေါက် ပြေးလွှားကာသွားယူလေသည်။

ဥဒယမင်းကြီးသည် မရပ်မနားပြေးလွှားနေသောရေသည်ယောင်္ကျားကို နန်းဆောင်ပြူတင်း ပေါက်မှ တစ်ဆင့်တွေ့လိုက်ရသည်။ အပူရှိန်ကိုမမှုဘဲ ပျော်ရွှင်စွာပြေးလွှားနေသည့် ယောင်္ကျား၏ အကြောင်းရင်းမှန်ကို သိချင်လာမိသည်။ ထို့ကြောင့်မှူးမတ်များကို ထိုယောင်္ကျားအား သူ့ရှေ့မှောက် သို့ ခေါ်ဆောင်လာစေသည်။

ရှေ့တော်သို့ရောက်၍ အကြောင်းရင်းကိုသိသောအခါ ဥဒယမင်းကြီးက ငွေလေးရွေးအတွက် နေပူ မြေပူမှာအပင်ပန်းခံပြီး ဆက်မသွားဘဲ သူပေးသည့်ငွေတစ်ပဲကို ယူကာကျေနပ်လိုက်ပါဟုပြော သည်။ ရေသည်က မင်းကြီးပေးသနားသည့်ငွေတစ်ပဲလည်းယူ၍ သူစုထားသော ငွေလေးရွေးကိုလည်း သွားယူပါရစေဟုပြောသည်။ မင်းကြီးလည်း ငွေတစ်မူး ငွေတစ်ရာ ငွေတစ်ကုဋေစသည်ဖြင့်တိုးပေးရင်း

နောက်ဆုံးတွင် မင်းကြီးက အိမ်ရှေ့မင်းအဖြစ်ပေးပြီး ငွေပဲဝက်ကိုသွားမယူရန်ပြောသည်။

ရေသည်သည်မင်းကြီးပေးသမျှကိုယူရန်လက်ခံသော်လည်း သူ၏ငွေလေးရွေးကိုတော့လုံးဝ လက်လွတ် မခံနိုင်ကြောင်း ပြန်ဖြေသည်။ စေတနာကောင်းပြီး ကတိတည်သောမင်းကြီးက ရေသည်ကို အိမ်ရှေ့မင်းရာထူးကို အမှန်တကယ်အပ်နှံခဲ့သည်။ ဥဒယမင်းသည် သူ့အပေါ်တကယ့်ညီရင်းအကို ပမာချစ်ချစ်ခင်ခင်ရှိခဲ့သည်။

တစ်နေ့တွင် သူတို့နှစ်ယောက်သည် ဥယျာဉ်တော်သို့ထွက်လာကြရင်း ဥယျာဉ်တော်အတွင်း ရောက်သော အခါ ညီနောင်နှစ်ပါးထဲအေးအေးဆေးဆေးနေချင်၍ အစောင့်အကြပ်များကို အဝေးသို့ သွားရန်အမိန့်ပေး လိုက် သည်။ သူတို့နှစ်ယောက်ထဲကျန်သောအခါ မင်းကြီးက တရေးအိပ်ပျော်သွား သည်။

တိတ်ဆိတ်ငြိမ်သက်သောအခြေအနေတွင် အိမ်ရှေ့မင်း၏လောဘစိတ်တွေနိုးကြားလာခဲ့ သည်။ သူတစ် ယောက်တည်း ဘုရင်လုပ်ချင်လာသည်။ ထို့ကြောင့် ဥဒယမင်း၏လည်တိုင်ကို သံလျက် နှင့်ပိုင်း၍သတ်ရန် ဆုံး ဖြတ်လိုက်သည်။

ရုတ်တရက် သတိတစ်ချက်ဝင်လာသည်။ သွေးသားမတော်စပ်ပါဘဲ တကယ့်ညီအရင်းလို ချစ်ခင်ယုံ ကြည်ပေးသောကျေးဇူးရှင်ကိုမပြစ်မှားသင့်ဟုဆင်ခြင်လိုက်ပြီး သံလျက်ကိုပြန်ချသည်။

တရားသဘောနှင့်နေရာတကာလိုက်တွေးနေလျှင် လောကအလယ်မှာမျက်နှာငယ်ရလိမ့်မည်။ ထို့ကြောင့် လောကမှာအောင်မြင်ကြီးပွားလိုလျှင် ကျေးဇူးရှင်တွေဘာတွေလိုက်တွက်နေလို့မဖြစ်ဘဲ ကြောက်လျှင်လာဘ်လွဲ ရဲလျှင်မင်းဖြစ်ဆိုသကဲ့သို့ အခွင့်အရေးရတုန်းကြံလိုက်မည်တွေးကာ သတ်ဖို့ ရွယ်လိုက်ပြန်သည်။

တစ်ဖန် ဆင်းရဲတွင်းနက်ပြီး မွဲလွန်းမကမွဲတေနေခဲ့သည့်ဘဝမှ အရှင်မင်းကြီးကယ်တင်ခဲ့လို့ ဘယ်သူမှ ဘယ်လိုမှ စိတ်ကူးတောင်ယဉ်လို့မရသည့်ဘဝမျိုးကို ရခဲ့သည်။ ထိုသို့သောကျေးဇူးရှင်ကို သတ်ခဲ့သော် အကုသိုလ် တစ်နင့်တစ်ပိုးနှင့် အဝီစိငရဲမှ ခေါင်းတောင်မပြူနိုင်ဘဲ ခံရလိမ့်မည်။ ထို့ကြောင့် ကျေးဇူးရှင်ကိုပြစ်မှားလို့ မဖြစ် တာကို ဆင်ခြင်လိုက်ပြန်သည်။

သည်လိုအခွင့်အရေးမျိုးက နောင်အခါတွင် တစ်ခါတလေပင်ပေါ်ရန်မလွယ်ကူပေ။ အချိန်လွန် မှ နောင်တရ နေလို့မဖြစ်ပေ။ သူ့ကိုသတ်မှသူ့နေရာရမှာဖြစ်သည်လို့တွေးပြီး သတ်ရန်ရွယ်လိုက်သည်။

တစ်ခဏသာယာရုံ တစ်ဘဝကောင်းစားရုံတွေးပြီး သံသရာမှာအမိုက်မှောင်ကြီးကအရိပ်လို အမြဲ လိုက်ပါနေလိမ့်မည်။ သည်ဘဝမှာရော သံသရာတစ်လျောက်လုံးမှာပါလူမိုက်ဖြစ်မည့်အရေးထက် ဘာမှမတည် မြဲသောလောကမှာ လူယုတ်မာတစ်ယောက်အဖြစ်စာရင်းမဝင်နိုင်ပါ။ သူတော်ကောင်းကို ပြစ်မှားသည့် ရှက်စရာ ကြောက်စရာ အကုသိုလ်အလုပ်ကြီးကို စိတ်နှင့်ကြံရုံနှင့်ပင် မဟာအပြစ်ကြီးဖြစ် နေလေပြီလို့တွေးကာ သံလျက် ကိုလွှတ်ချလိုက်တော့သည်။

အိမ်ရှေ့မင်း၏လောဘစိတ်နှင့်အသိစိတ်တို့တိုက်ခိုက်နေပြီး လောဘမီးကို အပြီးအပိုင်ငြိမ်း သတ်နိုင် ခဲ့သောကြောင့် မင်းကြီးကိုနှိုးကာ သူ၏လောဘစိတ်အကြံကို ဝန်ခံခဲ့သည်။

မင်းကြီးက သူ့ပေါ် အပြစ်မတင်သည့်အပြင် သူ့အကြံအစည်အတိုင်း ဘုရင်လုပ်ခွင့်ပြုသည်။ သို့သော် လည်း လောဘရမက်မီး၏ဆိုးကျိုးကိုသဘောပေါက်သွားသဖြင့် တရားအားထုတ်ရန်တော ထွက်သွားလေတော့ သည်။

မြတ်စွာဘုရားရှင်က ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားက အချိန်မရွေး ရောက်လာ နိုင်သဖြင့် ကောင်းမှုကုသိုလ်ကို အမြန်ဆုံးလုပ်စေချင်သည်။ ပုဏ္ဏားသည် ကောင်းမှုကုသိုလ်ပြု လုပ် နိုင်သည့်အတွက် လေးစားရမည်ဖြစ်သည်။ သို့သော် ပထမအကြိမ်မှာ ကတည်းကသာ စိတ်ကိုပိုင်နိုင်ပြီး သူ့ ဝတ်ရုံကိုလှူဖြစ်ခဲ့လျှင် ပထမဆုရရှိခဲ့မည်ဖြစ်သည်။

မကောင်းမှုအကုသိုလ်ကိုတော့ လုံးဝမပြုလုပ်သင့်သော်လည်း မိမိစိတ်ကိုမနိုင်၍ ကိလေသာ ဆွဲအား ကနိုင်နေသောအခါမှာတောင်မှ မလုပ်မီအချိန်မှာရော လုပ်နေစဉ်အချိန်မှာရော လုပ်ပြီးသော အချိန်မှာရော အကျိုးနှင့်အပြစ်ကို အပြန်အလှန်ချိန်ဆကာ အသေအချာစဉ်းစားစေပါသည်။

ရေသည်ယောင်္ကျားသည် မကောင်းမှုကျူးလွန်ခါနီးအချိန်တွင် သတိထား၍ မကျူးလွန်သင့် ကြောင်း စဉ်းစားမိပါသည်။ တစ်ခါလောဘစိတ်ကနိုင်၍ ကျူးလွန်မည်ပြုသော်လည်း သတိထားဆင် ခြင်ပြန်သည်။ ပုထု ဇဉ်လူသားတစ်ယောက်အတွက် လောဘစိတ်ကဆွဲဆောင်ပြန်သည်။ အသိစိတ်က မပြုသင့်ကြောင်း ဆင်ခြင်မိ ပြန်သည်။ တတိယအကြိမ်လောဘစိတ်က ကြီးစိုးလာပြန်သည်။ အသိစိတ်က ဝင်လာပြန်သည်။ နောက်ဆုံးတွင် လောဘစိတ်ကို အမြစ်ပြတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။

မကောင်းမှုကို မကျူးလွန်မီသတိထားဆင်ခြင်မိခြင်း၏မဟာဆုလာဘ်ကြီးပင်မဟုတ်ပါလား။

                                                       ရိုက်မောင်း