【 ဆောင်းပါး 】“ ကံ့ကော်ရနံ့သင်းပျံ့နေဆဲ”

【 ဆောင်းပါး 】“ ကံ့ကော်ရနံ့သင်းပျံ့နေဆဲ”

ရန်ကုန်တက္ကသိုလ်သည် သမိုင်းအစဉ်အလာကြီးမားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်။ မြန်မာနိုင်ငံကျွန်ဘဝရောက်နေစဉ် အင်္ဂလိပ်အစိုးရလက်ထက်ပေါ်ပေါက်ခဲ့သည့်တက္ကသိုလ် ။ ထိုတက္ကသိုလ်မှ ကျောင်းသားများက ဦးဆောင်လျက် အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ၁၉၂၀ တက္ကသိုလ်အက်ဥပဒေကိုကျောင်းသားများ ဆန့်ကျင်အန်တုခဲ့ကြသည်။

သည်တက္ကသိုလ် မှ ဗိုလ်ချုပ်အာင်ဆန်းလို အမျိုးသားခေါင်းဆောင်ကို မွေးဖွားပေးခဲ့သည်။ ဒေါက်တာထင်အောင်လို ပညာရှင်ကိုမွေးဖွားပေးခဲ့သည်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ သိန်းဖေမြင့်၊ ဒေါ်ခင်မျိုးချစ်၊ ကြည် အေး၊ လူထုဒေါ်အမာ၊ မြသန်းတင့်၊ ဒေါက်တာသာလှ၊ ဒေါက်တာသန်းထွန်း အစရှိသော လူကျော်လူတော်များကို မွေးဖွားပေးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်မဖြစ်မှီက၊ အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထိုစဉ်က အာရှတိုက်မှ ကြေးရတတ်သားသမီးများ ပညာသင်ရန်ရွေးချယ်ရာ၌ လန်ဒန်တက္ကသိုလ် သည် ပထမ။ ရန်ကုန်တက္ကသိုလ်သည် ဒုတိယ။

မည်သို့ပင် ကျွန်ပညာရေးကိုပေးခဲ့သည် ဟု ဆိုသော်လည်း ၁၉၆၂ထိ  ရန်ကုန်တက္ကသိုလ်၏ ပညာရေး အဆင့်အတန်းကို နိုင်ငံတကာက လေးစားအသိအမှတ်ပြုထားဆဲ။ ၁၉၆၄ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်၏ ပညာ ရေးအဆင့်အတန်း တဖြည်းဖြည်းကျဆင်းလာသည်မှာ ယနေ့ အရပ်ကူပါ လူဝိုင်းပါဘဝ ရန်ကုန်တက္ကသိုလ် ဖြစ်ရချေပြီ။

စင်စစ် ရန်ကုန်တက္ကသိုလ်နှင့် ရေစက်ကုန်ခဲ့သည်မှာ သုံးနှစ်ကျော်ပေပြီ။ ဝန်ထမ်းဘဝ နိယာမအရ ရာထူး ကို ကိုယ်ကပစ်ရသည်လည်းရှိ၊ ရာထူးက ကိုယ့်ကို ပစ်လိုက်သည်လည်းရှိပါသည်။

တချို့လုပ်ဖော်ကိုင်ဘက်တွေ၊ အလုပ်လုပ်နေစဉ်ကာလ ကွယ်လွန်လျက် ရာထူးကို သူတို့က စတင်စွန့်ခွာ သွားကြသည်။ ကျွန်မကား ၂၀၁၁ နှစ်ကုန်တွင် အသက်ပြည့်၍ ရာထူးက “ မင်းနားပေတော့’’ ဟု ကျွန်မကို ပစ်ခွာ ခဲ့သည်။ ကျောင်းသူဘဝ၊ ဝန်ထမ်းဘဝ ရှည်ကြာစွာ ထိတွေ့ခဲ့ရသော ကံ့ကော်တောကို လွမ်းလှချည်ရဲ့ မဖြစ်သော်လည်း၊ သံယောဇဉ် မပြတ်။ တက္ကသိုလ် ပရဝဏ်ထဲ ခြေချလိုက်ရတိုင်း ပြင်ပ မည်သည့်နေရာ နှင့်မျှ မတူသော အေးမြမှုကို ခံစားရ စမြဲ။

ယခုလည်း မြန်မာစာဌာနတည်ရှိရာ၊ တောင်ငူဆောင်သို့လာရင်း အတွေးပျံ့လွှင့်နေသည်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာကြီး ဦးဖေမောင်တင် လက်ထက်က စ၍ မွေးထုတ်ခဲ့သော မြန်မာစာ ပညာ ရှင်များ အကြောင်းတွေးမိပြန်ပါသည်။

ပထမဆုံး မြန်မာစာဂုဏ်ထူးတန်းကျောင်းသား မောင်စိန်တင် ( သိပ္ပံမောင်ဝ) ။ သိပ္ပံမောင်ဝ ကို အလွန် ခင်မင်သော မောင်သိန်းဟန် ( ဆရာဇော်ဂျီ ) ။ သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ဦးဆောင်ခဲ့သည့် ခေတ်စမ်းစာပေ အရေးအသား စသည်ဖြင့် စိတ်ပျံ့လွှင့်နေသည်။

တောင်ငူဆောင်နှင့်နီးလာသော အခါ ဖျတ်ခနဲ “ ဆရာ့အတွက် သစ်သီးလေးတောင် မဝယ်လာမိပါလား၊ လက်ဗလာနဲ့လာမိပါပေါ့ ‘’ ဟူသောအတွေးက ဝင်လာပြန်ပါသည်။ ဤမျှအချိန်တိုလေးအတွင်း ပြေးလွှားနေသော စိတ်ကိုပြန်ဆင်ခြင်ရင်း၊ တောင်ငူဆောင် မြက်ခင်းပြင်သို့ရောက်လာပါသည်။

မြက်ခင်းပြင်ပေါ် ခင်းကျင်းထားသော၊ စားပွဲများတွင် ဧည့်သည် တော်တော်များများရောက်နေကြပြီ။ ဧည့်ခံကျွေးမွေးနေရာသို့ ဝင်လိုက်သည်နှင့် ဆရာမောင်ခင်မင် (ဓနုဖြူ) (ဒေါက်တာခင်အေး) နှင့် မျက်နှာချင်းဆိုင် တိုးမိပါသည်။

“ ဆရာ့အတွက် ကျွန်မ ဘာမှ မပါခဲ့လို့ပါ ဆရာ ‘’ ဟု လမ်းတွင် ဘာမှ မဝယ်နိုင်ခဲ့ကြောင်း တွေးလာ ခြင်းက ဖျတ်ခနဲ စကားအဖြစ်ထွက်သွားပါသည်။ ဆရာက ကျွန်မကို တချက်တွေကြည့်သော်လည်း၊ ဘာမျှပြန် မပြောပါ။

ခဏကြာသော် ကျွန်မ ထမနဲထိုင်စားနေသော စားပွဲတွင် ဆရာလာထိုင်ပါသည်။ ဆရာက “ ဆရာမ ဖိတ်စာမရဘူးထင်တယ်။ ဖိတ်စာထဲမှာ လက်ဆောင်ယူမလာဖို့ ပြောထားပါတယ် ‘’ ဟု အေးအေးဆေးဆေး ပြောပါသည်။ ကျွန်မလည်း ထမနဲ စားလျက်ကပင် ဖိတ်စာမရကြောင်း ဝန်ခံရပါသည်။

ကျွန်မအတွက် ဆရာ၏ (၇၅) နှစ်မြောက်မွေးနေ့ ဖိတ်စာကို ယူလာပေးသောမိတ်ဆွေတစ်ယောက်ထံမှ သွားမယူအား၍ နေ့ရက်၊ အချိန်၊ နေရာ တို့ကိုမေးပြီး ဆရာ့ဧည့်ခံကျွေးမွေးပွဲသို့ ရောက်လာခြင်းဖြစ်ပါသည်။ အလုပ်မှ အနားယူပြီးနောက်ပိုင်း လူမှုအဝန်းအဝိုင်းမှ တဖြည်းဖြည်းချင်း ဆုတ်ခွာရမည်ဟု ခံယူထားသောကြောင့် မသွားမဖြစ်သည့် နာရေး၊ သာရေး မျှသာ ရွေးသွားခဲ့ပါသည်။ တတ်နိုင်သမျှ သာရေး၊ နာရေးတို့ကို မသွားတော့ပါ။

ဆရာ၏ (၇၅) နှစ်မြောက်မွေးနေ့သက်သက်ဆိုလျှင် ယနေ့လာဖြစ်မည်မဟုတ်ပါ။ အသက်( ၈၄) နှစ်အရွယ် မိခင်က ဆေးရုံပေါ်ရောက်နေပါသည်။ ၂၀၁၃ ခုနှစ်အမျိုးသားစာပေဆုအတွက်ဆရာက ဆုနှစ်ဆုရထား သည်။

ဆရာမောင်ခင်မင် အတွက်စာပေဆု ဟူသည် အဆန်းမဟုတ်ပါ။ အမျိုုးသားစာပေဆု အပါအဝင် စာပေဆု အများအပြား ဆရာရထားကြောင်း သိပါသည်။ ၂၀၁၃ ခုနှစ်အတွက် ဆရာ့ကို စာပေဆုရွေးချယ်ရေးအဖွဲ့က အမျိုးသားစာပေဆု ( တသက်တာဆု) နှင့် အမျိုးသားစာပေဆု (လူငယ်စာပေ) ချီးမြှင့်ခဲ့သည်။ ဆရာက နှစ်စဉ် သူ့မွေးနေ့တွင် ထမနဲကျွေးပါသည်။ ယခင်နှစ်များက ကျွန်မ မရောက်ဖြစ်ခဲ့ပါ။

သည်နှစ် ဆရာ့မွေးနေ့တွင် ဆရာဆု နှစ်ဆုရသည်ကိုပါ ဂုဏ်ပြုလိုစိတ်ဖြင့်၊ ဆေးရုံတွင် မိခင်ကို စောင့်ရန် လူလဲပြီးထွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်စာတွင် လက်ဆောင်မပေးပါနှင့်ရေးထားကြောင်း မသိ၍ တွေ့တွေ့ချင်း သစ်သီးလေးမျှ ပါမလာသည်ကို ထုတ်ပြောမိသည်။ ထို့နောက် ဆရာ့ကို အားနာနေရပါတော့သည်။

မြန်မာစာပညာရှင် ဖြစ်ရုံမျှနှင့် ဆရာ့ကို သည်မျှ ကြည်ညိုမိမည်မဟုတ်ပါ။ မြန်မာစာပညာရှင်များ အနက် အခွင့်အရေး အတွက် ရုပ်ပျက်ကြသူများကိုလည်းတွေ့ဖူးပါသည်။ တက္ကသိုလ်တွင် အမှုထမ်းစဉ် ဆရာ့ကို ပထမ ဆုံး အလေးအနက်ထားမိသည်က ဆရာဦးသန်းထွတ် ( ဆရာတိုက်စိုး) ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်း အ မှတ် စာတမ်းဖတ်ပွဲ၌ ဖြစ်ပါသည်။

ဝါရင့်၊ သဘာရင့် ဆရာကြီးများကြားတွင် ကျွန်မတစ်ယောက်သာ လူလတ်ပိုင်းအနေဖြင့်ပါပါသည်။ ကျွန်မ ဖတ်သော စာတမ်းတွင် အချက်တချက်က တက်တက်စင်လွဲနေပါသည်။ ရှေ့တန်းတွင်ထိုင်နေသော ဆရာကြီး ဒေါက်တာသန်းထွန်း၊ ဆရာဦးသော်ကောင်း စသော ပုဂ္ဂိုလ်များအားလုံး ကျွန်မ၏ အမှားကိုသိကြပေမည်။ သို့သော် ကျွန်မကို ငဲ့ကြပုံရပါသည်။ မည်သူမျှ မထောက်ပါ။

ကျွန်မလည်း ကိုယ့်အမှားကိုယ်မသိ။ စာတမ်းဖတ်ပြီး ကော်ဖီသောက်ချိန်တွင်၊ ဆရာဦးခင်အေး ကျွန်မ နားရောက်လာပါသည်။ ဆရာက လေသံတိုးတိုးဖြင့် ကျွန်မအမှားကို ပြောပြပြီး၊ အသာလှည့်ထွက်သွား ပါသည်။ အမှားကို ကျွန်မသိရုံ ပြောပြသွားခြင်းဖြစ်ပါသည်။ စာတမ်းဖတ်နေစဉ် ဆရာထောက်ပြခဲ့ပါက၊ ကျွန်မ အိုးနင်းခွက်နင်း ဖြစ်မည်မုချ။

ဒုတိယအကြိမ် ဆရာ့ကို ဂရုပြုမိသည်က ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ပွဲကို ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ကျင်းပစဉ်က ဖြစ်ပါသည်။ ဆရာက ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စာ၊ ကဗျာများအကြောင်း၊ ပညာအကြောင်း ပြည့်စုံစွာ ခြုံငုံပြောကြားသွားပါသည်။

တတိယအကြိမ် ဆရာ့ကို တန်ဖိုးထားမိသည်က ဆရာတင်မိုး အမှတ်တရပွဲတွင်ဖြစ်ပါသည်။ ဆရာ့ကို အခြားတက္ကသိုလ် ပညာရှင်များနည်းတူ၊ လက်ရှိအုပ်စိုးနေသူတို့ ငြိုငြင်မည်ထင်သည့်ပွဲမျိုးကို ရှောင်မည်ဟု ထင်ခဲ့ ပါသည်။ သို့သော်ဆရာလာပါသည်။ ဆရာတင်မိုးကို ဂုဏ်ပြုစကားပြောပါသည်။ လက်ရှိနိုင်ငံရေးကို တို့ထိပြပါသည်။ ဆရာတင်မိုးပွဲကိုလာရဲသည့် သတ္တိ၊ ပြောရဲသည့်သတ္တိကို ကျေနပ်သွားပါသည်။

စတုတ္ထမြောက် ဆရာ့အကြောင်းသိရသည်က၊ စောင့်ကြည့်ဂျာနယ်တွင် ပါလာသည့် လက်ရှိပညာရေး ဘာမျှ မပြောင်းသေးကြောင်းရေးသည့် ဆောင်းပါးဖြစ်ပါသည်။ ဟုတ်တိုင်းမှန်ရာ ရေးသူစာရင်းတွင် တက္ကသိုလ်မှ ဒေါက်တာသန်းထွန်း၊ သံဃာများအနက် တောင်ကလေးဆရာတော်သာ ကျွန်မ၏ စာရင်းတွင်ရှိပါသည်။ ယခု ဟုတ်တိုင်းမှန်ရာရေးရဲသော တက္ကသိုလ်ပညာရှင်တစ်ဦး ကျွန်မစာရင်းတွင်တိုးလာပါတော့သည်။

ဆရာ မောင်ခင်မင် နှင့်မမစု( ဆရာ့ဇနီး) တို့ မွေးနေ့ပွဲလာ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တပည့် တပန်း များကို ရွှင်လန်းဝမ်းမြောက်စွာ ဧည့်ခံနေကြသည်။ တောင်ငူဆောင် မြက်ခင်းပြင်တွင် ပညာရှင်၏ အမှန် တရား ကို ပြောသော ကံ့ကော်ရနံ့၊ ပညာဖြန့်ဖြူးပေးသော ကံ့ကော်ရနံ့၊ မေတ္တာကြီးမားသော သိမ်မွေ့သည့် စရိုက် ကြောင့် သင်းပျံ့လာသည့် ကံ့ကော်ရနံ့များ ကြိုင်လှိုင်လာပါသည်။

                                                                                                                                   

ခင်နှင်းဦး

(မှတ်ချက်- ၂၀၁၄ ခုနှစ်က ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)