【 ဆောင်းပါး 】“ ခရီးသွားခြင်းနှင့် အကျိုးကျေးဇူး”

【 ဆောင်းပါး 】“ ခရီးသွားခြင်းနှင့် အကျိုးကျေးဇူး”

ခရီးသွားခြင်းက အကောင်းဆုံးသော သင်ကြားမှုဟု တချို့ပြောကြတာကိုကြားခဲ့ရဖူးသည်။ ထိုအဆိုကို လှိုက်လှိုက်လှဲလှဲထောက်ခံသည်ဆိုလျှင် ကျနော်တို့ ခရီးသွားလို့ရပြီ ဖြစ်သည်။ မြန်မာလူမျိုးများနှင့် ခရီးသွားခြင်း ဆိုသည်မှာ အစဉ်အဆက်အရိုးစွဲနေသည့် အယူအဆနှင့် စိုးရိမ်ကြောင့်ကြမှုတို့ကြောင့် ခရီးသွားရင်းရလာနိုင်သည့် ဒေသန္တရ ဗဟုသုတနှင့် အမြင်ကျယ်နိုင်သည့် အခွင့်အရေးကို မြန်မာကလေးသူငယ်အတော်များများ လက်လွှတ်ခဲ့ရသည်။ထို့ကြောင့်လည်း တခြားသော တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်ပြီး လူတချို့ ဖြစ်စေချင်သည်အမြင်များအတိုင်း စိတ်ထဲဖြစ်စေကာ တစ်ချိန်ချိန် ထိုဒေသသို့ သွားသည့်အခါ ၊ရောက်သည့်အခါ ထိုတိုင်းရင်းသားတွေနှင့် တွေ့သည့်အခါ စိတ်က ရိုက်သွင်းခံထားရသည့် စိတ်အခံနှင့် ဆက်ဆံကြသဖြင့် ကောင်းမွန်သောဆက်ဆံရေး အစား တစ်ဘက်နှင့်တစ်ဘက် သံသယဖြင့် ဆက်ဆံကြသည့် ဆက်ဆံရေးများဖြစ်ထွန်းကြသည်။ ထိုအဖြစ်ကား ခရီးသွားနည်းခြင်းနှင့် မရောက်သေးသော ဒေသနှင့် မတွေ့ဖူးသော တိုင်းရင်းသားများ ဒေသခံများကို ကြိုတင်သတ်မှတ် လိုက်ခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ 
 
 
ခရီးသွားခြင်းဆိုသည်မှာ ကောင်းသောဓလေ့နှင့် အလေ့အထဖြစ်သည်။ အနောက်နိုင်ငံများတွင် အများ ပြည်သူအားလပ်ရက်ဟုဆိုကာ ဒီဇင်ဘာလတွင် ရက်ရှည်ပိတ်ပေးပြီးခရီးသွားကြသည်။ အများစုသိသည်မှာ ခရစ္စမတ်နေ့များနှင့်‌ နှစ်သစ်ကူးဖြစ်သည်။ နှစ်သစ်ကူးသည်ကို ကမ္ဘာအနှံ့ပတ်လည်ကြပြီး နိုင်ငံအနှံ့ကို ကိုယ့်အိမ်ကိုယ့်ယာ သဖွယ် ကမ္ဘာပြု ပြုကြခြင်းပင်ဖြစ်သည်။ ကလေးများနှင့် ငယ်စဉ်က သွားကြသော်လည်း အသက်၁၈ နှစ် ကျော်သည့်အခါ ကိုယ်အစီအစဉ်ဖြင့် လွတ်လွတ်လပ်လပ်ခရီးသွားကြသည်ကို တွေ့ရသည်။ 
 
 
မြန်မာနိုင်ငံတွင် ခရီးသွားခြင်းကို အားပေးသည့် စာအုပ်စာတမ်းကနည်းလှသည်။ ကျနော်တို့ ငယ်ငယ် ကဆိုလျှင် ဆရာကြီး ရွှေဥဒေါင်းစာအုပ်ထဲပါ ဇာတ်လိုက်၏နယ်တွင်တာဝန်ကျသည့်ကို သရုပ်ဖော်ရေးသားသည့် အဖွဲ့အနွဲ့များဖြင့် မြန်မာနိုင်ငံထဲ စိတ်ဖြင့်သွားရသည်။ဆရာ သိပ္ပံမောင်၀ ၀တ္ထုတိုများဖြင့် မြစ်၀ကျွန်းပေါ် ဒေသများဆီ ရောက်ရသည်။ ဆရာမြသန်းတင့်၏ ခရီးသွားစာပေများဖြစ်သည့် တောင်ဘက်စွန်း ကော့သောင်းအရပ် ဒေသအကြောင်းရေးထားသည့် ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများ စာအုပ်၊မြောက် ဘက်တောင်ကုန်းဒေသမှ အပြန်၊ ပုံတောင်ပုံညာသွားတောလား ၊ သံလွင် ဒုဌဝတီ ရွှေလီရုပ်ပုံလွှာဆိုသည့် စာအုပ်များ၊ ဆရာနတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း၊ မြစ်ကိုဖြတ်၍ တောကိုဝင် တောင်ကိုတက် ဆိုသည့် စာအုပ်များ၊ စာရေးဆရာမကြီး အမေလူထုဒေါ်အမာ၏ ချင်းတွင်းမှသည် ပင်လယ်အထိ ၊ဆရာသိန်းဖေမြင့်၏ စစ်တွင်းခရီးသည် ၊ဆရာဒဂုန်တာရာ၏ ဧရာဝတီ ယန်စီ ဗော်လဂါစာအုပ်များစသဖြင့် စာအုပ်ထဲမှနေကာ ခေတ်အသီးသီး၊နေရာအစုံစုံသို့ ခရီးလှည့်လည်ခဲ့ရသည်။  
 
 
တကယ်လက်တွေ့ ပြင်ပခရီးသွားရခြင်းကို အသက် ဆယ်နှစ်ကျော် ၁၉၈၀ ဝန်းကျင်တွင် ကျောင်းမှ နွေရာသီခရီးတို ဘုရာဖူးအဖြစ် ပဲခူးသို့ ဘုရားဖူးခြင်းဖြင့် စသွားဖူးခဲ့သည်။နောင်အခါ ခရီးတစ်ခါထွက်ရတိုင်း ကိုယ်မဖတ်ဖူးသေးသည့်စာအုပ်ကို ဖတ်ရသလို မှတ်စရာတွေနှင့် ကြည့်စရာ ရှုစရာ လေ့လာစရာတွေက အရပ်ဒေသတိုင်း မကုန်နိုင်အောင် ရှိလာသည်ကို တွေ့ရသည်။ 
 
 
ကျနော်၏ ပထမဆုံးခရီးသွားရသည့် ပဲခူးဘုရားစုံဖူးခြင်းတွင် လမ်းတွေက ယနေ့ခေတ်လို ကျယ်ကျယ် လွင့်လွင့် တွေ မဟုတ်။ အနီးဆုံးပြောရလျှင် ရန်ကုန်-ပြည်လမ်းဖြစ်သည့် အင်းလျားကန်ဘောင်ဘေး ပြည်လမ်းမပင် အကျယ်ကြီးမဟုတ်။ ကုက္ကိုပင်ကြီးများဖြင့် အုပ်အုပ်ဆိုင်းရှိသလို ရှစ်မိုင်ခွဲ ကွေ့ကလည်း အတိမ်းအမှောက်များဖြင့် နာမည်ကြီးရလောက်သည့်အထိ  လမ်းက အကွေ့အကောက်များဖြင့်။ ပဲခူးသို့သွားရာလမ်းတစ်လျှောက် မြေနီဖုန်လုံးများ အတောမသတ်နိုင်အောင်ပင်။ လမ်းဘေးတွင် ဖရဲခင်းများကို တွေ့ရနိုင်သလို လယ်ကွင်းများမှ ထွက်လာသည့် နွားလှည်းများကိုလည်း တွေ့ရနိုင်သည်။ ပထမဆုံးခရီးကို စိတ်ကစွဲခဲ့သလဲဆို  ထိုမြင်ကွင်းတွေနှင့် ကောက်ရိုးပြတ်တွေကို မီးရှို့ရာမှ ထွက်လာသည့် မီးခိုးနံ့များကို ယခုထိအနံ့ရနေတုန်းပင်။
 
 
ကျနော်တို့ သွားသည့်အချိန်က ပဲခူးတွင်ရွှေမော်ဓောဘုရားပွဲချိန်ဖြစ်သဖြင့် လှည်းတွေနဲ့ လာကြသည့်သူ တွေ အများကြီး။ ဘုရားပေါ်တွင် ကိုယ့်အစုကိုယ်အစုဖြင့် လှဲနေကြသည့် ပဲခူးအနီးအနားကနေ လာကြသည့်သူတွေ အများကြီး။ ကျနော်တို့မှာ ဆရာမများက တစ်ယောက်လက်တစ်ယောက်ဆွဲကာ အတွဲမပြုတ်စေရန် သွားကြ ရသည်။ နောင်အခါ ဒီလို လေ့လာရေးခရီးသွားသည့် ကျောင်းကနေသွားရသည် အလေ့အကျင့်ကောင်းမှာ သိပ်မတွေ့ရတော့ခြေ။ ခရီးထွက်ရခြင်းအကျိုးက ထိုအရွယ်မှာပင် ကျနော်တို့ကို အသိအမြင်အများကြီးဖွင့်ပေးနိုင်ခဲ့သည်။ လေးငါးတန်းအရွယ်မှာ ဘုရင့်နောင်မင်းတရားကြီးဆိုသည့် သမိုင်းကိုသင်လျှင် နန်းစိုက်ရာအရပ်ကို စာမကျက်ဘဲနှင့် သိနေသည်မှာ ထိုသို့သော ခရီးသွားခြင်းကြောင့် ဖြစ်ပြီး သမိုင်းဘာသာရပ်၊ပထဝီဘာသာရပ်ဆိုသည့် ပျင်းရိငြီးငွေ့ဖွယ်ဘာသာရပ်တွေ စိတ်ဝင်စားဖို့ ကောင်းလာသည်မှာလည်း ခရီးသွားခြင်းကြောင့်ပင် ဖြစ်လေသည်။
 
 
ခရီးသွားခြင်းက ကျနော်တို့စိတ်ထဲတွင်ရှိနေသည့် အယူအဆတွေ၊ မမျှတသည့် ကျဉ်းမြောင်းသည့် တွေးခေါ်မှုတွေကို ဖယ်ထုတ်ပေးသလိုဖြစ်ပြီး ကိုယ်ကိုကိုယ် အရေးပါဆုံးဆိုသည့်အမြင်ကိုပါ ဖျောက်ပေးနိုင်သည့် အကောင်းဆုံး ဆေးပင်ဖြစ်သည်။ ကိုယ်နေထိုင်ရာအရပ်ဒေသက လူတွေအပြင် အခြားသောအရပ်ဒေသတွေမှာပါ ကိုယ်ထက် တော်သည့်သူတွေ ရှိနိုင်ပါလား၊ ကိုယ့်အရပ်ဒေသထက် ပိုကောင်းသည့် ဒေသတွေရှိနိုင်သေးပါလား၊ ကိုယ်ကြုံနေရသည့် အခက်အခဲထက် ပိုခက်ခဲ့သည့် အရပ်ဒေသတွေ ရှိနိုင်သေးပါလားဆိုသည့် မြင်ကွင်း ကျယ်ကျယ်ကို မြင်နိုင်သည့် အမြင်ပွင့်မှုကို ခရီးသွားခြင်းကသာ ရရှိနိုင်ပေသည်။ 
 
 
ခရီးတစ်ခါတစ်ခါသွားတိုင်း ကျနော်တို့သိမြင်မှုနှင့် အရာရာကို အမြင်ကျဉ်းကျဉ်းဖြင့် ဆုံးဖြတ်တတ်သည့် အလေ့အထက နည်းနည်းလာခဲ့သည်။၁၉၉၀ကျော်ကာလ  ကျိုက်ထီးရိုးသို့ သွားရသည်မှာ ယခုလို မဟုတ်။ တောလမ်းတောင်လမ်းဖြင့် ပျော်စရာကောင်းသလို တောင်တက်ရာတွင်လည်း  ခြေကျင်ခရီးသာရှိသဖြင့် တောင်တက်ရသည်အရသာကို ဘုရားဖူးရင်း ရကြသည်။ ထိုစဉ်က ကျိုက်ထီးရိုးဘုရားဖူးရာသီဆိုလျှင် ရပ်ကွက်တိုင်း လမ်းတိုင်းက ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ခရီးထွက်ကြလေ့ရှိသဖြင့် ပျော်စရာ ကောင်းလှသည်။ ထိုသို့ခရီးအတူ စုသွားကြသဖြင့် လမ်းအတွင်း တစ်ယောက်၏အကျင့်နှင့် စိတ်ဓာတ်ကို တစ်ယောက်သိကြသလိုခရီးတစ်လျှောက် မောင်ရင်းနှမကဲ့သို့ စောင့်ရှောက်ကြသည့် အလေ့အထကလည်း လမ်းသူလမ်းသား ရပ်ကွက်သူရပ်ကွက်သားများ အကြား ပိုပြီး ခိုင်မြဲခဲ့ကြသည်။ 
 
၂၀၀၀ ဝန်းကျင်တွင် နယ်စပ်ဘက်သို့ ပထမဆုံးခရီးရှည်သွားခဲ့ရသည်။ ထိုခရီးစဉ်တစ်လျှောက် ယခုလို ဇိမ်ခံဘတ်စ်ကားဖြင့်မဟုတ်ဘဲ ကြုံသလို ကုန်ကားဖြင့် သွားရသဖြင့် ကုန်ကားပေါ်မှ တောတောင်ချောက်ကြား လမ်းခရီးတစ်ခုလုံးကို အပေါ်စီးကနေ  မြင်ရသည့် အရသာက ယခုထိ တမ်းတမိနေတုန်း။ ထိုတုန်းက အသက် ၃၅ ဝန်းကျင်ဖြစ်သဖြင့် ခရီးသွားရသည့်အရသာကို ကောင်းကောင်းသိနေသလို ပုံစံအမျိုးမျိုးဖြင့် ခရီးသွားရတာ၊ ဒေသ စုံမှ ဓလေ့ထုံးတမ်းများနှင့် ဒေသိယအစားအစာများ ပွဲတော်များကို ဆင်နွဲရတာ မမေ့နိုင်အောင်ပင်။ အရှေ့သံလွင် တစ်ခြမ်း သွားခဲ့ရသည့်ခရီးတွေ၊ နောက် ချင်းတောင်ကို ကန်ပက်လက်ဘက် သွားရသည့်ခရီး တွေ၊နောက်ရခိုင် ရိုးမကို မကွေးဘက်မှ ဖြတ်တက်ရသည့်ခရီးစဉ်တွေဆိုလျှင် အသည်းတထိထိတ်နှင့်။ ထိုစဉ်က ရိုးမပေါ်မှ ပြုတ်ကျသည့် ကားတွေဆိုသည်မှာ နှစ်စဉ် မနည်း။ဒီလိုလမ်းခရီးတွေကို သွားရသည်အခါတိုင်း လမ်းတွေ ကောင်း အောင် လုပ်ပေးချင်သည့် စိတ်တွေ အမြဲဖြစ်ခဲ့သည်။ 
 
 
ခရီးသွားခြင်းက အတ္တကို လျော့နည်းစေသည်ဟုဆိုသည်။ ပြဿနာတချို့ကို ဖြေရှင်းလို့မရသည့် အမြင် မျိုး မဖြစ်ထွန်းစေ၊ ခွင့်လွှတ်ခြင်းထက် နားလည်ပေးသည့် စိတ် တမျိုးဆိုလျှင် လူကြီးလူကောင်းစိတ် ဖြစ်ထွန်းစေသည်ဟု ကျနော်တော့ ယုံကြည်သည်။ ခရီးတစ်ခုကိုသွားတိုင်း ကိုယ်မြင်သလို ကိုယ်ခံစားရသလို ကိုယ်တန်ဖိုး ထားရသလို လူတွေကို မြင်တွေ့ခံစားစေချင်သည်။ စာရေးဆရာကြီးများလို ရောက်သည့်ဒေသ အခင်းအကျင်း အငွေ့အသက် သူတို့ခံစားရသလို ခံစားစေသည့် အတတ်ပညာကို တခါတလေတော့ လိုချင်မိသည်။ 
 
 
တစ်ခါတစ်လေတော့ ခရီးထွက်ခြင်းကြောင့် ဘေးတွေ့ရတာရှိသော်လည်း လူတကာ မခံစားဘူးသည့် အရသာနှင့် မြင်ကွင်းမျိုးကို ကြုံရတတ်သည်။ ပင်းတယတွင် ကားပျက်သဖြင့် မနက်စောစော ကားရပ်ထားကာ နောက်ကားကိုစောင့်နေစဉ် စားရသည့် ခေါပုတ်မီးကင်အနံသင်းသင်းလေးနှင့် ရှေ့ကို မမြင်ရလောက်အောင် ပိန်းပိတ်နေသည့် မြူတွေလို မြင်ကွင်းမျိုးက ယခုတိုင် မှတ်မှတ်ထင်ထင် ရှိနေသလိုမျိုးပင်ဖြစ်သည်။ 
 
 
ယခုနောက်ပိုင်းကာလတွင် ခရီးထွက်ခြင်းက လူငယ်တွေ၊လူရွယ်တွေကြား ထုံးတမ်းဓလေ့လိုဖြစ်လာတာ ကောင်းသည့် အရွေ့ဖြစ်သလို ယနေ့အချိန်အခါမှာ ကျနော်တို့ခေတ်ကလို သဘောထားကျဉ်းမြောင်းသည့် ကိုယ်နေရပ်ဒေသမှ ကိုယ်နေရပ်ဒေသ၊ ကိုယ်မိသားစုမှ ကိုယ်မိသားစုဆိုသည့် အမြင်မျိုးက ယနေ့လူငယ်တွေမှာ တွေ့မြင်ရမှုနည်းခြင်းက ထိုခရီးသွားများလာခြင်းကြောင့် ဟုဆိုနိုင်သည်။ ခရီးသွားများခြင်းကြောင့် နိုင်ငံစီးပွားရေးတွင် လှည့်ပတ်သုံးစွဲငွေများလာသလို အလုပ်အကိုင်သစ်များလည်းပေါ်ထွက်လာသဖြင့် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်သည့်နိုင်ငံများတွင် နိုင်ငံစီးပွားရေး ပြန်လည်နာလံထရန်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးကြသည်ကိုကြည့်လျှင် ခရီးသွားခြင်းက ဘယ်လောက်ထိ အရေးပါသည်ကို မြင်ရမည်ဖြစ်သည်။ 
 
 
ဒီတော့ ခရီးသွားခြင်းက ကျနော်တို့ကို အမြင်ကျယ်စေသည်က ငြင်းမရသည့် အချက်ဖြစ်သည်။ စိတ်ဖြင့် ခရီးသွားပြီးလျှင် လက်တွေ့ခရီးသွားဖို့ ကျနော်တို့ အကောင်အ ထည် ဖော်သင့်သည်။ ခရီးသွားခြင်းက အသက်ရှည် ဆေးအဖြစ် အနောက်တိုင်းက ဆိုသည်။ နောက်ကြုံလျှင် ကျနော်သွားခဲ့သည့် ခရီးအချို့ကို ဖော်ပြချင်ပါသေးသည်။  
 
 
နွယ်ဦး