【 ဆောင်းပါး 】“ ငါနဲ့ ငါများရဲ့ကောင်းကင် ”

【 ဆောင်းပါး 】“ ငါနဲ့ ငါများရဲ့ကောင်းကင် ” 

ကျွန်တော်တို့ဟာ လောကကမ္ဘာကြီးထဲမှာ အလိုက်သင့် လိုက်လျောညီထွေ နေထိုင်သူတွေ ဖြစ်နေရပါတယ်။ လောကကြီးထဲက သတ္တဝါပေါင်းမြောက်များစွာထဲမှာမှ မနုဿသတ္တဝါလို့ သတ်မှတ်ခံရတဲ့ လူသတ္တဝါတွေဟာ အသိဉာဏ်အရှိဆုံး သတ္တဝါတွေ ဖြစ်တယ်လို့လည်း သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။
 
ရှေးကမ္ဘာဦးခေတ်ကစပြီး ပြောင်းလဲလာတဲ့ခေတ်တွေနဲ့အမျှ လူသတ္တဝါတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ ကျောက်ခေတ်၊ကြေးခေတ်၊ကျွန်ခေတ်ကစပြီး သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊ လူလူချင်းခေါင်းပုံဖြတ် အမြတ်ကြီးစား အရင်းရှင်ခေတ်၊ ဘုံဝါဒဆိုရှယ်လစ်တော်လှန်ရေးခေတ်နဲ့ အခုအချိန်မှာ လူလူချင်းစာနာတတ်တဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီခေတ်ကို ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့တိုင်းပြည်ကိုလည်း ဒီမိုကရေစီနည်းကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ဖို့ ရည်ရွယ်ချက်ရှိနေကြပါတယ်။
 
ခေတ်တွေတစ်ခုပြီးတစ်ခုပြောင်းလဲနေပေမယ့် လူတွေကတော့ သိပ်မထူးခြားမပြောင်းလဲတဲ့လူတွေအဖြစ် ရှင်သန်ရပ်တည်နေကြပါတယ်။ လောကမှာ လူတွေရှိနေသရွေ့အကြောင်းအရာတွေကလည်း အတူယှဉ်တွဲဖြစ်ပေါ်နေကြမှာပါ။ "ငါရှိတယ်၊ငါတွေးတယ်”ဆိုတဲ့ စကားမှာလည်း ငါတွေဟာ ငါတွေနဲ့ ပတ်သက်တာတွေကို တွေးနေတာများပါတယ်။ ငါဆိုတဲ့နေရာမှာလည်း ငါ့မိသားစု၊ငါ့ဆွေမျိုး၊ငါ့အသိုင်းအဝိုင်း၊ငါ့ပတ်ဝန်းကျင်၊ငါ့လူမျိုး၊ငါ့နိုင်ငံတွေကို ဦးစားပေး တွေးကြမှာပါ။ ငါတွေကို အခြေခံပြီး အင်ပါယာဆိုတဲ့စကားတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ငါ့လူမျိုး၊ငါ့နိုင်ငံနယ်နိမိတ်ကြီးထွားနိုင်ရေးဆိုတဲ့ အတွေးကြောင့် အင်ပါယာနယ်မြေချဲ့တဲ့ နယ်ချဲ့စနစ်အဖြစ် ပေါ်ပေါက်လာခဲ့ရတာပါ။
 
ဒါတွေရဲ့အခြေခံကိုကြည့်မယ်ဆိုရင် လူသားတွေရဲ့ အတ္တပိုပြီး ရှင်သန်ကြီးထွားလာတာကို ပြနေခဲ့တာပါ။ တကယ်တော့လူသားရဲ့ ရှင်သန်ကြီးထွားမှုမှာ အမြဲကပ်ပါနေတတ်တဲ့ အတ္တဆိုတဲ့အရာဟာ ကြောက်လန့်စရာ အကောင်းဆုံးဖြစ်ပါတယ်။ ကြောက်စရာအကောင်းဆုံး ဆိုပေမယ့် လူသားရဲ့ရှင်သန်ရပ်တည်မှုကိုလည်း အကျိုးအပြုဆုံးပြန်ဖြစ်နေပါတယ်။ လူတစ်ယောက်မှာ ရှန်သန်ရပ်တည်လိုတဲ့ အတ္တစိတ်မရှိခဲ့ရင် ရပ်တည်လို့မရသလို၊ တိုးတက်ဖွံ့ဖြိုးမှုလည်း ရှိမှာမဟုတ်ပါဘူး။
 
ငါမိသားစု၊ငါ့ဆွေမျိုး၊ငါ့ပတ်ဝန်းကျင်၊ငါ့လူမျိုး၊ငါ့နိုင်ငံဆိုတဲ့ အကြောင်းတရားတွေမှာလည်း အတ္တတွေပါနေပါတယ်။ ပါလည်းပါနေရမှာပါ။ ကျွန်တော်တို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာမှာလည်း ငါ့ဘာသာဆိုတဲ့ အစွဲတွေပါနေကြပါတယ်။ အတ္တတွေရှိနေသလို ပရဆိုတဲ့ အရာတွေမှာလည်း ရှိနေပါတယ်။ ကိုယ့်ကိုယ်ကျိုးထက် သူများ(အများအကျိုး) ကို ပိုဦးစားပေးဆောင်ရွက်နိုင်တဲ့ လူသားတွေ ရာခိုင်နှုန်းအတော်ကြီးကို နည်းနည်းရှိပါလိမ့်မယ်။
 
လူတစ်ယောက်ချင်း ရှင်သန်ဖြစ်တည်မှုမှာ အတ္တဆိုတာအမြဲပါနေပါတယ်။ မပါဝင်ပဲ ရှင်သန်ကြီးထွားလာခဲ့တယ်ဆိုသူဟာလည်း အဖြစ်မှန်ကို ဖုံးကွယ်ထားတာ ဖြစ်ပါလိမ့်မယ်။ လူ့လောကမှာ အဆင်ပြေပြေနေနိုင်ဖို့ လူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်မှ ဖြစ်မှာပါ။ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ဆိုတာကို ကြည့်မယ်ဆိုရင် မုသားတွေ ရောစွက်နေမှ အဆင်ပြေပြေနေထိုင်နိုင်တယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ရပ်တည်ရှင်သန်မှုဟာ မုသားမကင်းတဲ့ လောကတစ်ခုမှာ လိုက်လျောညီထွေ နေထိုင်နိုင်ခြင်းပါပဲ။
 
ဒါဆို လူ့အခွင့်အရေးလို့ ကြွေးကြော်နေတဲ့လူတွေမှာရော မုသားကင်းရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ လူတစ်ယောက်အတွက် လွတ်လပ်စွာပြောပိုင်ခွင့်ဆိုတာကရော၊တကယ်ကို လွတ်လပ်နေပြီလား။ ဗုဒ္ဓရဲ့တရားအရ ပုထုဇဉ်လူသားတွေဟာ မုသားမကင်းနိုင်ကြသေးပါဘူး။ လောကမှာလည်း ပုထုဇဉ်တွေ များနေလေတော့ မုသားတွေနဲ့နေထိုင်ခြင်း ဖြစ်နေပါလိမ့်မယ်။ တစ်ခုပဲရှိတာပါ။ သူတစ်ပါးကို မထိခိုက်တဲ့ပြောဆိုနေထိုင်မှုဟာ အဖြောင့်ထဲက ခပ်ကွေးကွေးလေးဆိုရင် လူ့လောကမှာ အဆင်ပြေလိုက်လျောညီထွေစွာ နေထိုင်နိုင်မှာပါ။အမှန်တရားစစ်စစ်ဆိုတာတော့ အလွန်တွေ့ရဖို့ခက်ပါလိမ့်မယ်။ 
 
လူတွေမှာလည်း အတ္တကင်းရင် လောကထဲမှာ မနေနိုင်လောက်အောင် ခက်ခဲပါလိမ့်မယ်။ ငါ့အတွက်၊ငါ့မိသားစုအတွက်၊ငါ့ဆွေမျိုး၊ငါ့လူမျိုး၊ငါ့တိုင်းပြည်ဆိုတာတွေ ကြီးထွားရှင်သန်နိုင်ဖို့ အတ္တတွေမကင်းသလို၊ မုသားတွေလည်းမကင်းနိုင်ပါဘူး။ လူတစ်ယောက်အတွက် လူ့လောကမှာ ဆက်ဆံမှုနယ် ကျယ်ဝန်းလေလေ၊အကြောင်းအရာများလေပါပဲ။ အကြောင်းအရာများလေ လူတွေအကြောင်းပိုပြီး သိလာလေလေပါပဲ။ လူတွေအကြောင်း ပိုသိလာတဲ့အခါ များသောအားဖြင့် ဟန်ဆောင်မှုတွေကို တွေ့လာလေလေပါပဲ။
 
ဟန်ဆောင်မှုဆိုတာတွေမှာလည်း အကြောင်းတရားတွေ အမျိုးမျိုးကွဲပြားစွာတွေ့နေရမှာပါ။ ရှိနေတာတွေကို မရှိဟန်ဆောင်နေကြတာတွေ၊ မရှိတာတွေကို ရှိဟန်ဆောင်နေကြတာတွေ၊ သိနေတာတွေကို မသိဟန်ဆောင်နေကြတာတွေ၊တကယ်မသိပဲ သိဟန်ဆောင်နေကြတာတွေ။ ဘယ်လိုအကြောင်းအရာတွေက ပိုများနေလည်းဆိုတာသိလာကြမှာပါ။ တကယ်တော့ ကျွန်တော်တို့ ရှင်သန်ကျော်ဖြတ်နေတဲ့ လောကကြီးဟာ ဟန်ဆောင်လောကကြီးအဖြစ် တွေ့ရပါလိမ့်မယ်။ ဒီလောကကြီးထဲမှာ ဟန်ဆောင်တတ်နည်းကို ပိုသိနေတဲ့လူအနည်းငယ်က ကြီးစိုးလွှမ်းမိုးထားကြပါတယ်။
 
လူအများဆိုတာကတော့ မုသားလောကကြီးမှာ မုသားတွေနဲ့ကျင့်သားရနေကြပါပြီ။ဒါဆိုလူအများစုကြီးက မုသားကင်းတဲ့ ရိုးသားသူတွေလားဆိုပြန်တော့ ဒါကလည်းမဟုတ်သေးပါဘူး။လူအများစုကြီးက လူရည်လည်လူနည်းစုရဲ့ အလိမ်အညာခံနေရတတ်တဲ့ လောကတစ်ခုဖြစ်နေပါတယ်။ ပြောမယ်ဆိုရင်အ.သူတွေ များတဲ့လောကကြီးပါ။ လူလည်လူလိမ်တစ်ယောက်ရဲ့ အလိမ်ခံဖို့အတွက် လူအများကြီးတန်းစီစောင့်နေကြတဲ့ လောကကြီးဖြစ်နေတာ၊ ခေတ်အဆက်ဆက်ပါပဲ။ ခေတ်တွေဘယ်လိုတိုးတက်တက်၊ဘယ်လိုပြောင်းလဲပြောင်းလဲ၊ဒီနိယာမကတော့ မပြောင်းမလဲရှိနေမှာပါပဲ။
 
နောက်တစ်ချက်က အင်အားကြီးသူတွေက အင်အားနည်းသူတွေကို အနိုင်ကျင့်နေတဲ့လောကကြီးအဖြစ်လည်း အခုအချိန်ထိ ရှိနေပါသေးတယ်။ ဥပမာ- အင်အားကြီးနိုင်ငံ ငါးနိုင်ငံ လက်ဝါးကြီးအုပ် ကြီးစိုးခြယ်လှယ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီ ငါးနိုင်ငံက တစ်ဦးချင်းကိုင်စွဲထားတဲ့ ဗီတိုအာဏာနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ချုပ်ကိုင်ထားတာပါ။ ပြောရမယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ဗီတိုအာဏာရ ငါးနိုင်ငံရဲ့လက်အောက်မှာ ရှိနေပါတယ်။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ သူဆောင်ရွက်ချင်တာကို လွတ်လွတ်လပ်လပ် မဆောင်ရွက်နိုင်ပါဘူး။ ဗီတိုအာဏာရအင်အားကြီးငါးနိုင်ငံမှာလည်း နိုင်ငံရေးအယူအဆ ရပ်တည်ချက်တွေမတူညီ ကွဲပြားနေသလို၊ စီးပွားရေးအရလည်း ယှဉ်ပြိုင်နေကြပါတယ်။ ဒီလိုအခြေအနေမှာ ဒီအဖွဲ့ကြီးက လူ့အခွင့်အရေးဆိုပြီး ထအော်နေတတ်တော့အများကြီးစဉ်းစားစရာပါပဲ။ အခြေခံလူ့အခွင့်အရေးပြဋ္ဌာန်းချက်မှာဆိုတဲ့အတိုင်း၊ အင်အားကြီးသူတွေက အင်အားနည်းသူတွေကို ဖိနှိပ်ချုပ်ချယ်ထားနိုင်တယ်ဆိုရင် လွတ်လပ်နိုင်ပါတော့မလား။လွတ်လပ်စွာပြောရေးဆိုခွင့်ဆိုတဲ့ အချက်တစ်ချက်တောင် မပြည့်စုံနိုင်ပါဘူး။
 
ဒီကုလသမဂ္ဂနာမည်ကြီးကို အင်အားကြီးနိုင်ငံကြီးတွေက လိုရင်လိုသလို အသုံးချဖို့ထားသလိုဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ကိုပဲ နိုင်ငံငယ်တွေက အလေးထားနေကြတဲ့ အခြေအနေပါ။ အင်အားကြီးနိုင်ငံကြီးတွေကလည်း သူတို့အကျိုးစီးပွားအတွက်ကို ပိုအရေးထားပါတယ်။ စောစောကပြောသလို၊ ငါဆိုတဲ့အတ္တတွေကနေ မလွတ်ကင်းနိုင်ဘူးမဟုတ်လား။ ငါဆိုတဲ့အတ္တတွေရှိနေတော့ မုသားတွေကို လိုက်လျောညီထွေအောင် သုံးနေကြမှာပါပဲ။
 
လူတစ်ယောက်ချင်းအပေါ်ထားတဲ့ လူ့အခွင့်အရေးဆိုတာထက် ငါဆိုတဲ့မိမိ၊ ငါ့မိသားစု၊ငါ့ဆွေမျိုး၊ငါ့ပတ်ဝန်းကျင်၊ငါ့လူမျိုး၊ငါ့တိုင်းပြည်ဆိုတာကို ပိုအလေးထားနေကြရပါတယ်။ဒီလိုအလေးထားတာလည်း ငါတွေဆိုတဲ့ အတ္တတွေရှင်သန်နိုင်ဖို့အတွက် အရေးကြီးနေပါတယ်။ဒါလည်းသဘာဝကျပါတယ်။
 
ဒီလောကကြီးဟာ ငါတွေနဲ့၊အတ္တတွေနဲ့၊မုသားတွေနဲ့ ဆက်ဆံနေရတဲ့ လောကကြီးပါပဲ။ငြင်းဆန်လို့မရနိုင်ပါဘူး။”လူများ”ဆိုတာတွေနဲ့ ဆက်ဆံနေရတဲ့ လောကမှာအကြောင်းအရာတွေက သဘာဝမကျတာတွေကို သဘာဝအဖြစ် ဖန်တီးထားသလိုဖြစ်နေပါတယ်။ လူကိုအခြေပြုတာတွေ၊ လူကိုလူချင်းစာနာနိုင်ခြင်းဆိုတာတွေကလည်း မုသားမဲ့လောကနဲ့ တဖြေးဖြေးဝေးကွာနေပါပြီ။ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ကမ္ဘာကြီးထဲမှာ သူများထက် ပိုပြီးရှင်သန်နိုင်ဖို့ အတ္တတွေကို မွေးမြူနေကြတာတွေက သဘာဝကိုဖျက်ဆီးနေတဲ့ အကြောင်းအရာတွေ ဖြစ်နေကြပါတယ်။
 
ခေတ်အဆက်ဆက်ကို ပြန်ကြည့်လိုက်ရင် အင်အားကြီးတဲ့လူက အင်အားမရှိတဲ့လူပေါင်းမြောက်များစွာကို ဗိုလ်ကျအနိုင်ကျင့်နေခဲ့တာတွေကိုသာ မြင်ရမှာပါ။အတ္တတွေရှင်သန်နေသမျှ ဒီလူ့လောကကြီးဟာ ကြီးနိုင်ငယ်ညှင်း ဖြစ်နေကြဦးမှာပါပဲ။အတ္တတွေကို မုသားနဲ့တန်ဆာဆင်ထားတဲ့ လောကကြီးကလည်း ကျွန်တော်တို့အမြဲရှင်သန်ဖို့ဆက်ဆံနေရမယ် မဟုတ်လား။လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့အခွင့်အရေးကို ရဖို့ဆိုတာလည်း ပျောက်ဆုံးနေမှာပါပဲ။
        
အဆုံးသတ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့၊ ကျွန်တော်တို့တိုင်းပြည်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒီကိစ္စကလည်းငါစွဲပါဝင်နေပါလိမ့်မယ်။ ဒါပေမယ့်၊ငါအတ္တတစ်ခုထည်းကို အလွန်ကျူးပြီး"ငါ”ရှေ့တန်းတင်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ထောင်ဖို့ရည်ရွယ်ချက်ကတော့ ဖြစ်လာနိုင်ဖို့ လိုအပ်နေပါလိမ့်မယ်။
 
 
မြတ်လှိုင်း