【 ဆောင်းပါး 】“ စေတနာချမ်းသာဖို့အဓိက ”

【 ဆောင်းပါး 】“ စေတနာချမ်းသာဖို့အဓိက ”

တကယ်တော့ လူချမ်းသာဖို့ထက်စေတနာချမ်းသာဖို့အရေးကြီးတာပါ။ လူအနေစုတ်ပေမယ့် စေတနာ မစုတ်ရင် ရွှေထုပ်တဲ့မြပုဝါပါပဲ။ လူတစ်ယောက်က ပိုက်ဆံတွေတအားချမ်းသာနေလို့ သူ့ကို အထင်ကြီးစရာ မလို ပါ။ သူ့မှာအာဏာတွေသိပ်ရှိနေလို့လည်း အားကျစရာမလိုပါ။ သူ့လို ပိုက်ဆံ ချမ်းသာအောင် ကြိုးစားစရာ မလိုပါ။ သူ့လိုအာဏာရှိအောင်လောဘတက်စရာမလိုပါ။ လိုတာထက် လောဘတက်လာရင် မတရားမှုတွေပါ လာတတ် သည်ကို သတိထားရပါမည်။

လူတစ်ယောက်က စေတနာသဒ္ဓါတွေအရမ်းကောင်းနေရင်တော့ သူ့ကို အထင်ကြီးရပါလိမ့် မည်။ သူ့ကို အားလည်းကျသင့်ပါသည်။ သူ့လိုစေတနာသဒ္ဓါအားတွေကောင်းအောင် စေတနာသဒ္ဓါ တရားတွေထက်သန်အောင် ကြိုးစားသင့်ပါသည်။ ရောင့်ရဲစိတ်လည်းရှိ ပေးလာသောကံတရားကို လည်းလက်ခံပြီး စိတ်ကောင်းစေတနာထား သည့် အတွက် မတရားမှုများကိုရှောင်နိုင်ပြီး တရားသော လမ်းကြောင်းပေါ်မှာမှန်မှန်ကန်ကန် လျှောက်နိုင်ပါ လိမ့်မည်။

ရာထူးဂုဏ်ရှိန်တွေမြင့်မားပြီး ငွေကြေးအာဏာရှိသူများကပင် ရိုးသားဖြူစင်ပြီးစေတနာကောင်း သော ဆင်းရဲသားကို လေးစားဂုဏ်ယူကာ နေရာပေးရတတ်ပါသည်။

ဓမ္မပဒ ဒဏ္ဍဝဂ် သုခသာမဏေဝတ္ထုမှ အလွန်ဆင်းရဲသောသာမန်တောသားလေးတစ်ယောက် ၏အံ့သြ စရာ ကောင်းလောက်သော အတွေးအခေါ် ထက်သန်လွန်းသောစေတနာ ရဲရင့်လှသောအလှူ ဒါနတို့ကြောင့် တစ် ဘဝတည်းမှာသူဌေးတစ်ဦးဖြစ်သွားရုံမက တစ်ဘဝခြားပြီးနောက် ခုနှစ်နှစ်သား သာမဏေလေးကနေ ကိလေ သာ အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်သွားပုံကိုပြောပြချင်ပါသည်။

တစ်ခါသော်တောသားတစ်ယောက်သည် အနေအထားဆင်းရဲပြီး အစားအသောက်ချို့တဲ့ သည့်သူ့ဘဝအ တွက် ထွက်ပေါက်လေးများရမလားလို့ မြို့သို့တက်ခဲ့သည်။ သူမြို့သို့ရောက်သည့် အချိန်တွင် ထိုမြို့၏အချမ်းသာ ဆုံးသူဌေးကြီး ဂန္ဓသူဌေး၏ကြီးကျယ်ခမ်းနားသော ထမင်းစားပွဲကြီးနှင့် ကြုံကြိုက်နေလေသည်။

ဂန္ဓသူဌေး၏ထမင်းပွဲသည် သိန်းပေါင်းများစွာအကုန်အကျခံကာ ချက်ပြုတ် ပြင်ဆင်ထားသော ထမင်းပွဲ ဖြစ် သည်။ သူသည်သူ့မိဘဘိုးဘွားများကျန်နေခဲ့သော အမွေပစ္စည်းတွေ များစွာရရှိထားသူ ဖြစ်သည်။ သူ့ဘိုးဘွား တို့ သည် ပစ္စည်းဥစ္စာများစွာချမ်းသာသော်လည်း သူတို့သေဆုံးသွားသောအခါ ဘာတစ်ခုမှမယူသွားနိုင်ဘဲ အားလုံး ထားခဲ့ရသည်။ သူ့အလှည့်တွင် ဥစ္စာပစ္စည်းများထားခဲ့ရမှာနှမြောသဖြင့် မသေခင် အကုန်သုံးပစ်ရန်ရည်ရွယ်ထား သူဖြစ်သည်။

ထို့ကြောင့် အိမ်အသုံးအဆောင်ပစ္စည်းများ အဝတ်အစားများအားလုံးကို တန်ဖိုးအကြီးဆုံးပေး ကာအ ကောင်းတကာ့အကောင်းဆုံးတွေကိုသာသုံးသည်။ အခိုင်းအစေများကိုလည်း အဖိုးအခကောင်း ကောင်းပေးကာ သူ့အလိုကျပြုစုစောင့်ရှောက်စေသည်။ ထမင်းစားတိုင်းမှာလည်း အကောင်းဆုံးဟင်း လျာများကိုဈေးကြီးပေး ဝယ် ကာ လက်ရာကောင်းကောင်းနှင့် အနံ့အသက်မွှေးကြိုင်ကာ အထိအတွေ့ နူးညံ့ပြီး လျှာကြောစိမ့်လောက်အောင် အရသာပြည့်ဝသောဟင်းနှင့်မိတ်ဖက်အစားအသောက် များကို ချက်ပြုတ်စီစဉ်စေသည်။

ဂန္ဓသူဌေး၏ထမင်းစားပွဲကို အားကျစိတ်ဝင်စားစွာလာကြည့်ကြသူတွေ အတော်များသည့်အထဲတွင် တောသားလေးလည်းပါသည်။ သူဌေးစားမည့်ထမင်းပွဲမှ မွှေးပျံ့သောရနံ့ရရှိရုံနှင့်ပင် တောသား လေးခမြာ ဘယ် လိုမှဟန်မဆောင်နိုင်အောင် စားချင်စိတ်တွေဖြစ်ပေါ်လာသည်။ သူနှင့်အတူလာသော မိတ်ဆွေကအတန်တန်တား နေသည့်ကြားမှ သူဌေး၏ထမင်းကို မစားရလျှင်သေသွားနိုင်သည်ဟုပြန် ပြောသည်။ မိတ်ဆွေဖြစ်သူလည်း တော သားလေးကိုယ်စား ထမင်းတစ်လုတ်လောက်ကျွေးပါရန် သူဌေးဆီမှတောင်းခံပေးသည်။

သူဌေးကမကျွေးနိုင်ကြောင်းနှင့် သူ့ဆီမှာသုံးနှစ်တိတိကျွန်ခံလျှင်တော့ ထမင်းတစ်နပ်ကျွေး မည်ဟု ပြောသည်။ တောသားလေးကလည်း သုံးနှစ်လုံးလုံးကျွန်ခံလျှင်ခံရပါစေ သူဌေး၏အရသာရှိ သောထမင်းတစ်နပ် ကိုစားရလျှင် အပင်ပန်းခံရလည်းကိစ္စမရှိ အသက်သေလျှင်တောင်အသေခံနိုင် ကြောင်းပြောသည်။ သို့နှင့် ထိုအ ချိန်မှစ၍ တောသားလေးသည် သူဌေးဂန္ဓ၏ကျွန်ဖြစ်သွားလေသည်။ သုံးနှစ်ကျွန်ခံမှ ထမင်းတစ်နပ်စားရ မည့် သူဖြစ်သောကြောင့် ထိုနေ့မှစ၍ သူ့ကို ‘ဘတ္တဘတိက’ ဟု အမည်တွင်သွားလေတော့သည်။

တောသားလေး ဘတ္တဘတိကသည် သုံးနှစ်လုံးလုံး သူဌေးဂန္ဓကို လိုလေးသေးမရှိအောင် ရိုရို ကျိုးကျိုး နှင့်လုပ်ကိုင်ပေးသောကြောင့် သူဌေးသည် သူ့ကိုအလွန်သဘောကျမိသည်။ သို့နှင့် သုံးနှစ် ပြည့်၍ ဘတ္တဘတိက ကို ထမင်းတစ်နပ်ကျွေးရမည့်အချိန်သို့ရောက်လာလေသည်။

သူဌေးသည် ဘတ္တဘတိက၏တာဝန်ကျေပွန်မှုကြောင့် သူ့ထမင်းပွဲအတိုင်းတစ်သွေမတိမ်း အောင်စီစဉ် ပေးသည်။ သူ့အသုံးအဆောင်များကိုသုံးစွဲခွင့်ပေးရုံမက သူ့ဇနီးမှလွဲ၍ ကျန်သောသူ့ အမှုထမ်းအားလုံးကို ဘတ္တ ဘတိက၏ထမင်းတစ်နပ်အတွက် လိုလေသေးမရှိအောင်ကူညီပေးရန် ညွှန် ကြားထားသည်။ မြို့သူမြို့သား အ ပေါင်းသည်လည်း ဂန္ဓသူဌေးစားသောက်စဉ်ကကဲ့သို့ ဘတ္တဘတိက ဆင်းရဲသားလေး၏စားသောက်ပွဲကို ကြိတ် ကြိတ်တိုးမျှလာကြည့်ကြသည်။

ဘတ္တဘတိကလည်း သုံးနှစ်လုံးလုံးသူစိတ်ကူးယဉ်တမ်းတခဲ့ရသော ထမင်းတစ်နပ်ကိုအရသာ ခံရင်း အား ရပါးရစားရတော့မည်မို့ အလွန်ဝမ်းသာပီတိဖြစ်နေရှာသည်။ သို့နှင့်သူ့အတွက်ပြင်ဆင်ထား သောပြီးပြည့်စုံသည့် ထမင်းတစ်နပ်ကိုစားရန်အတွက် သူ၏လက်များကိုစင်ကြယ်စွာဆေးကြောသည်။ ထို့နောက် ထမင်းပွဲဆီသို့အ လှည့် တွင် ကောင်းကင်မှသက်ဆင်းလာသော တစ်စုံတစ်ဦးကိုတွေ့လိုက်ရ သည်။

နိရောဓသမာပတ်မှထတော်မူလာသော ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တစ်ဆူသည် ဘတ္တဘတိက ရှေ့သို့ ဆွမ်း ခံကြွရောက်တော်မူလာသည်။ ပစ္စေကဗုဒ္ဓါသည် ရုတ်တရက်ပေါ်ပေါက်လာသကဲ့သို့ ဘတ္တဘတိက၏အတွေး တစ်ခု ကလည်း ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

“ငါသည် ရှေးဘဝများက ဒါနကောင်းမှုမပြုခဲ့သောကြောင့် ထမင်းတစ်နပ်အတွက် သုံးနှစ် တောင် ကျွန်ခံ ခဲ့ ရသည်။ ယခု ငါ့လုပ်အားနှင့်ဖြူဖြူစင်စင်ရရှိခဲ့သော မွန်မွန်မြတ်မြတ်ထမင်းတစ်နပ်ကို ငါမစားတော့ဘဲ ပစ္စေက ဗုဒ္ဓါအရှင်သူမြတ်ကို လှူလိုက်တော့မည်” ဟု ဆုံးဖြတ်ကာ သူ့ထမင်းတစ်နပ် လုံးကို ပစ္စေကဗုဒ္ဓါ၏သပိတ်ထဲသို့ အားလုံးလောင်းလှူလိုက်လေသည်။ နှုတ်မှလည်း “အရှင်မြတ်တို့ သိတော်မူသောတရားမြတ်ကို တပည့်တော် လည်း သိမြင်ရပါလို၏ဘုရား” ဟု ဆုတောင်းလိုက်သည်။ ပစ္စေကဗုဒ္ဓါကလည်း “တောင်းသောဆုနှင့်ပြည့် စေ သတည်း” ဟုဆုပေးကာ ဂန္ဓမာဒနတောင်သို့ ကောင်းကင်ခရီးဖြင့်ကြွသွားလေတော့သည်။

ပစ္စေကဗုဒ္ဓါ၏တန်ခိုးတော်နှင့်စေတနာတော်ကြောင့် မြို့သူမြို့သားအားလုံးသည် ကောင်းကင် ခရီးဖြင့် ကြွသွားသောအရှင်မြတ်ကို ထင်ထင်ရှားရှားဖူးမြင်နေကြရသည်။ ထို့အပြင် ဂန္ဓမာဒနတောင်မှာ အရှင်မြတ်က အခြားပစ္စေကဗုဒ္ဓါတို့အားထပ်လှူ၍ ပစ္စေကဗုဒ္ဓါစုစုပေါင်းငါးရာတို့သည်ဘတ္တဘတိကလှူ လိုက်သော ဆွမ်းအား ခွဲဝေဘုန်းပေးနေကြသည်ကိုလည်းဖူးမြင်နေရသည်။ ထိုအခါလူထုအပေါင်းက နှစ်ထောင်းအားရဖြစ်စွာ ဝမ်းသာ ပီတိနှင့် “သာဓု သာဓု သာဓု” ဟုခေါ်သံသည် ဘဝဂ် သို့တိုင်ရောက် သွားလေတော့သည်။

လူထု၏သာဓုခေါ်သံကြောင့် ဂန္ဓသူဌေးကြီးက ဘတ္တဘတိကအား သူ့ကိုလည်း အမျှပေးဝေပါ ဟုပြောပြီး သူ၏ စည်းစိမ်ကိုတစ်ဝက်ခွဲပေးလိုက်သည်။ ပြည့်ရှင်မင်းကြီးကလည်း သူ့ကိုပါအမျှပေးဝေ စေပြီး ဘတ္တဘတိက ကို သူဌေးရာထူးပေးအပ်လိုက်လေသည်။

ဘတ္တဘတိကသည် ချမ်းသာသောသူဌေးကြီးဖြစ်လာသဖြင့် ကုသိုလ်ကောင်းမှုများပို၍ လုပ်နိုင် သွား သည်။ ထိုဘဝမှသေလွန်သောအခါတွင် နတ်ပြည်သို့ရောက်သည်။ နတ်ပြည်မှစုတေသောအခါ သာဝတ္ထိပြည်ရှိ ရှင်သာရိပုတ္တရာ၏ဒါယကာတစ်ယောက်အိမ်တွင်သားတစ်ယောက်အဖြစ်မွေးဖွားလာ သည်။ သူ့ကိုပဋိသန္ဓေရှိ ချိန်မှ စ၍ အိမ်တွင်စည်းစိမ်ဥစ္စာတိုးပြီး ချမ်းသာသုခတွေပိုများလာသဖြင့် သူ့ကို “သုခကုမာရ”သုခ သတို့သား ဟုအမည်မှည့်ခေါ်လေသည်။

အသက်ခုနှစ်နှစ်အရွယ်တွင် ရှင်သာရိပုတ္တရာထံ၌ရှင်သာမဏေဝတ်သည်။ ရှင်သာရိပုတ္တရာနှင့် အတူ ဆွမ်းခံထွက်သည်။ လမ်းတွင်ရေမြောင်းတူးနေသူကိုတွေ့သောအခါ သူကမေးသဖြင့် ရေကိုလို ရာသို့ရောက်အောင် မြောင်းဖောက်သွယ်ယူရကြောင်း ရှင်သာရိပုတ္တရာကရှင်းပြသည်။ မြားဖြောင့်နေသူ တွေ့၍ မေးပြန်ရာ မြားတံ ကိုလိုရာသို့ရောက်အောင်ဖြောင့်ရကြောင်းရှင်းပြသည်။ တစ်ခါသစ်ရွေသူကို တွေ့၍မေးသောအခါ သစ်သားကို လိုရာပုံစံဖြစ်အောင် ရွေရကြောင်းရှင်းပြသည်။

အသက်မရှိသော ရေ၊ မြားတံနှင့်သစ်သားတို့ကိုလိုရာပုံသွင်း၍ရလျှင် မိမိစိတ်ကိုလိုရာပုံစံသွင်း ၍ ရနိုင် မည်ဟုတွေးပြီး ဝိပဿနာရှုကာတရားမှတ်သည်။ မကြာမီမှာပင်အနာဂမ်တည်သည်။ ထိုအချိန် တွင် ဘုရားရှင်က ဘတ္တဘတိကကြားသိဆင်ခြင်နိုင်ရန် ရှင်သာရိပုတ္တရာနှင့် တရားအမေးအဖြေပြုလုပ် သည်။

ဘုရားရှင်နှင့်ရှင်သာရိပုတ္တရာတို့၏တရားအမေးအဖြေကိုနားထောင်ပြီးနောက် သတိထားဆင် ခြင်ရင်း အသက်ခုနှစ်နှစ်အရွယ်မှာပင် သုခသာမဏေသည် ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါသည်။

သုခသာမဏေသည် ဘတ္တဘတိကဆင်းရဲသားလေးဘဝက သုံးနှစ်သုံးမိုးလုံး ခက်ခက်ခဲခဲ ကျွန်ခံပြီးမှရရှိခဲ့ သည့် ထမင်းတစ်နပ်ကို သူမစားတော့ဘဲ ပစ္စေကဗုဒ္ဓါအား စေတနာထက်သန်စွာ လှူဒါန်းကာ တောင်းခဲ့သောဆု သည် အမှန်တကယ်ပြည့်ဝသွားလေပြီ။

သုခသာမဏေ ရဟန္တာဖြစ်သွားသောအခါ ဘုရားရှင်က တပည့်သားရဟန်းအပေါင်းတို့အား အောက်ပါ ဒေသနာတရားကို ဟောပြောခဲ့လေသည်။

“ရေကိုအလိုရှိသူသည် မြောင်းသွယ်၍လိုရာသယ်ယူသည်။ လေးသမားသည် မြားကိုဖြောင့် အောင်ပြုလုပ် သည်။ သစ်ရွေသမားသည် သစ်ကိုလိုရာသုံးနိုင်အောင် ပြုပြင်သည်။ ပြောစကား ဆို စကားကိုနားထောင်လွယ်၍ အကျင့်ကောင်းရှိသူသည် မိမိကိုယ်ကိုဆုံးမ၍ မဂ်ဖိုလ်ရောက်အောင် ကြိုးစားသည်။”

ရိုးရိုးသားသားနှင့်စေတနာကောင်းသူသည် မရိုးမသားနှင့်မာန်တက်နေသောငွေရှင်ကြေးရှင် အာဏာရှင် တွေထက် လူချစ်လူခင်များပါသည်။ လူအများ၏အားကျခြင်းကိုခံရပါသည်။ မိမိထက်မြင့် မြတ်သူများ၏လေးစား ခြင်းကိုပင်ခံရပါသည်။

သူတော်ကောင်းတရား၏တန်ဖိုးကိုသိနားလည်သောသူသည် မည်မျှဆင်းရဲပါစေ စိတ်ဓာတ် မကျတတ်ပါ။ ရိုးရိုးသားသားသမ္မာအာဇီဝနည်းလမ်းနှင့်အနစ်နာခံ အပင်ပန်းခံပြီးစီးပွားရှာပါသည်။ လောဘတက်လို့ အရသာခံ၍ လောကီ စည်းစိမ်ခံစားချင်စိတ်ဖြစ်ပေါ်လာသော်လည်း ဘယ်တော့မှ မတရား စီးပွားမရှာတတ်ပါ။

သူများစည်းစိမ်ကိုမတရားလိုချင်တပ်မက်စိတ်မရှိသည့်အပြင် မိမိရိုးရိုးသားသားရှာဖွေရရှိလာ သော စည်း စိမ်ကိုပင် စွန့်လွှတ်အနစ်နာခံကာ စေတနာသဒ္ဓါထက်သန်စွာ ကူညီတတ်သူ လှူဒါန်းတတ် သူဖြစ်ပါသည်။

ကိုယ်တိုင်က ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ သမ္မာအာဇီဝနှင့်စီးပွားရှာ၍ရလာသည့် စင်စင်ကြယ်ကြယ်စည်းစိမ်ဥစ္စာကို အတ္တစိတ်နှင့်ဖက်တွယ်မနေဘဲ လိုအပ်သူများအတွက် လိုသလို အသုံးပြုရန် စွန့်လွှတ် စွန့်ကြဲနိုင်သူသည်သာ တန်ဖိုးမဖြတ်နိုင်သည့် မဟာလူသား မဟုတ်ပါလား။

                                     ရိုက်မောင်း