【 ဆောင်းပါး 】“ စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းအဖွဲ့ ဖြစ်စေဖို့”

【 ဆောင်းပါး 】“ စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းအဖွဲ့ ဖြစ်စေဖို့”

အသင်းအဖွဲ့ Team ဖြင့်ဆောင်ရွက်သည်ဆိုသည်မှာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ အားသာချက်တွေ၊ အားနည်းချက်တွေရှိကြပါတယ်။ ကျွမ်းကျင်မှုတွေလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြပါ။ တန်ဖိုးထားမှုတွေလည်း ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အဆိုမတူကွဲပြားမှုများကို ပေါင်းစု၍ Team အတွက် ယုံကြည်ချက် ‘’Common Belife ကို တည်ဆောက်ပြီး ဒို့တတွေဘာအတွက် ရပ်တည်နေတာလဲဆိုသော ခံစားမှုကိုဖန်တီး တည်ဆောက်ရမှာဖြစ်ပါတယ်။ အသင်းအဖွဲ့ရဲ့ ဝိသေသလက္ခဏာတွေကို ဖန်တီးပုံဖော်ရမှာဖြစ်ပါတယ်။ Who are we? ကိုနားလည်တာ၊ ပုံဖော်တည်ဆောက်တာ ဖြစ်ပါတယ်။

Who are we? ကို့ပုံဖော်ပြီးရင်တော့ Where are you now? ငါတို့ဘယ်နေရာ၊ ဘယ်အဆင့်မှာရှိနေလဲ ဆိုတာ သိရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့ရဲ့အားနည်းချက်တွေကို ဘယ်လိုတိုးတက်လာအောင်လုပ်ကြမလဲ။ အားသာချက်တွေကို ဒီထက်ပိုကောင်းလာအောင် ဘယ်လိုအားဖြည့်ဆောင်ရွက်ကြမလဲ။ ခြိမ်းခြောက်မှုအတားအဆီးတွေကို သတိပြုပြီး အခွင့်အလမ်းအသစ်တွေအပေါ်မှာ ဘယ်လိုရင်းနှီးမြှုပ်နှံကြမလဲ စတာတွေကို စဉ်းစားဆုံးဖြတ် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

Where are you now? ကိုအသေအချာ သိပြီးပြီဆိုရင်တော့ Where are you going? ငါတို့ဘယ်ကိုချီတက်နေတာလဲဆိုတာကို သိရပါမယ်။ အဖွဲ့အနေနဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ အနာဂတ်အမြင် Vision ၊ မျှော်မှန်းချက် Mission နဲ့ ရည်ရွယ်ချက် Purpose ကိုသိထားရပါမယ်။ ဒါတွေကို ဂဃနဏသိထားပြီဆိုရင် ကိုယ့်အဖွဲ့ရဲ့သီးသန့် ရည်မှန်းချက်ပန်းတိုင် Specific Goal ကိုသတ်မှတ်ထားရှိပြီး အဖွဲ့ဝင်တစ်ယောက်ခြင်းစီသည် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အမြဲရင်ခုန်နေရမှာဖြစ်ပါတယ်။ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာမျိုး ဖြစ်နေရပါမယ်။

Where are you going? ကိုသေချာသိပြီးပြီဆိုရင်တော့ ပန်းတိုင်ရောက်ရှိအောင်မြင်အောင် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ကြမလဲ How will we get there? ကိုစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဖွဲ့ထဲမှာပါရှိတဲ့ တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် အဖွဲ့ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင်မြင်ဖို့ ဘယ်သူတွေကို ဘာလုပ်မှာလဲ၊ ဘယ်အချိန်မှာလုပ်မှာလဲ၊ ကိုယ့်တာဝန်ကဘာတွေလဲ၊ ဘယ်အပိုင်းထိပါသလဲ၊ တာဝန်ယူမှု တာဝန်ခံမှု စတာတွေကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီး၊ စနစ်တကျလုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာအရေးကြီးတာက How ဘယ်လိုလုပ်ကြမှာလဲ။ ပန်းတိုင်ရောက်အောင် ဘယ်လိုသွားရမှာလဲဆိုတာရယ်။ တာဝန်ယူမှုတာဝန်ခံမှု ဆိုတဲ့ Accountability ပိုင်းဖြစ်ပါတယ်။ စာရေးသူ Master of Development studies တက်ရောက်ခဲ့စဉ်က ဆရာကြီး ဒေါက်တာကျော်မင်းထွန်းရဲ့ Accountability နဲ့  ပတ်သက်ပြီး ရှင်းပြချက်လေးကို မှတ်မိသရွေ့ ပြန်ဖောက်သည်ချလိုပါတယ်။ အားလုံးသိတဲ့အတိုင်း တာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့ Accountability ဆိုတာ Account ဆိုတဲ့စကာလုံး နဲ့ Ability ဆိုတာကိုပေါင်းစပ်ထားတာပါ။ Account ဆိုတဲ့စကားလုံးရဲ့နောက်မှာ Audit ဆိုတဲ့စကားရှိတယ်။ တာဝန်ယူထားတဲ့ အလုပ်တစ်ခုကို ဘယ်သူကဖြစ်ဖြစ် ဘယ်အချိန်ရောက်ရောက် အစစ်ဆေးခံနိုင်ရမယ်။ တာဝန်ခံနိုင်ရမယ် တာဝန်ယူမှုတာဝန်ခံမှုဆိုတာ ကိုယ်တာဝန်ယူထားတဲ့အလုပ်အပေါ်မှာအပြည့်အ၀တာဝန်ယူတာ။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်ရမယ့် အချိန်မှာ မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်တာ။ ဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် တာဝန်ယူရဲတာ၊ တာဝန်ခံနိုင်တာသည် Accountability တာဝန်ယူမှုတာဝန်ခံမှု ဖြစ်ပါတယ်။

How will we get there? ပြီးရင် What support do we need?ကိုစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုအကူအညီအထောက်အပံ့တွေ လိုအပ်သလဲ။ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ချင်းစီ အ‌နေနဲ့သော်လည်းကောင်း၊ အသင်းအဖွဲ့တစ်ခုလုံးအနေနဲ့သော်လည်းကောင်း သင်ကြားဖို့လေ့ကျင့်ဖို့လိုသလား။ Trainning and Development အကြံဉာဏ်ပေးခြင်းနဲ့ လမ်းညွှန်ခြင်း Counselling and Mentoring သည် တစ်ဦးတစ်ယောက်ချင်းစီကိုသော်လည်းကောင်း၊ အဖွဲ့ကိုသော်လည်းကောင်း ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။

ဒါတွေဆောင်ရွက်ပြီးစီးပြီဆိုရင်တော့ မိမိအသင်းအဖွဲ့ Team ရဲ့စွမ်းဆောင်ရည်ကို အရည်အတွက်ရော အရည်အသွေးပိုင်းကိုပါ ပုံမှန်သုံးသပ်ရမှာဖြစ်ပါတယ်။ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေအတိုင်း၊ စံနှုန်းသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ရဲ့လား ဆိုတာတွေကိုပါ စစ်ဆေးသုံးသပ်ရမှာဖြစ်ပါတယ်။ မန်နေဂျာအနေနဲ့မိမိ Team ရဲ့ဆောင်ရွက်ချက်များ၊ ရလဒ်များ၊ အောင်မြင်မှုများကို အသိအမှတ်ပြုဖို့၊ ဂုဏ်ယူဖို့၊ ဆုချီးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ အဖွဲ့ဝင်တွေအားတက်ဖို့ စိတ်ခွန်အားရရှိဖို့ အားမာန်ရရှိဖို့ဖြစ်ပါတယ်။

Team work ကောင်းကောင်းရရှိဖို့ဆိုလျှင် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ရမှာ ဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေ စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာစေဖို့ တစ်ဦးကိုတစ်ဦး ကူညီဆောင်ရွက် ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်ဖြင့် ကတိကဝတ်ပြုဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။ အသေးစား၊ အငယ်စား ပန်းတိုင်လေးတွေခွဲဆောင်ရွက်ပြီး ထိုအငယ်စားအောင်မြင်မှုလေးတွေက Team ကို အောင်မြင်မှုဆီကို တွန်းအားပေး အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။

အခါခပ်သိမ်း အောင်မြင်မယ်လို့ ပြောလို့မရပါဘူး။ ရှုံးနိမ့်တဲ့အခါမှာ အမှန်ပကတိအတိုင်း သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အားနည်းချက်တွေကို မြင်အောင်ကြည့်ပြီး အားသာချက်ဖြစ်လာအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ လိုအပ်ခဲ့ရင် အဖွဲ့ဝင်တွေကို Rotate လုပ်ပေးရတာ၊ team ကို Reform ပြန်လုပ်ရတာတွေ ရှိနိုင်ပါတယ်။ ရလဒ်ကောင်းရရှိအောင်၊ အောင်မြင်တဲ့ team ဖြစ်အော် စံနှုန်းသတ်မှတ်ဆောင်ရွက်ကြလေ့ ရှိပါတယ်။ အောင်မြင်တဲ့ မန်နေဂျာကောင်းတွေဟာ ဝန်ထမ်းကောင်းတွေကို စနစ်တကျစုစည်းလေ့ကျင့်ပြီး အသင်းကောင်း ဖြစ်အောင်ဖွဲ့စည်းကာ၊ အောင်မြင်သောအသင်းအဖွဲ့ Successful team များ အဖြစ်အောင် စီမံခန့်ခွဲကြပါတယ်။

အသင်းအဖွဲ့ကောင်း Good Team ဖြစ်ဖို့ အဖွဲ့ဝင်တွေမှာ မတူညီတဲ့ကျွမ်းကျင်မှု အရည်အသွေးတွေ ရှိရပါမယ်။ တူညီတဲ့ဘုံရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ စွမ်းဆောင်ရည်မြင့်မားပြီး ရည်မှန်းချက်ပြည့်မီအောင်မြင်ဖို့ ကတိကဝတ်ပြုဆောင်ရွက်နိုင်ရမယ်။ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန် တာဝန်ယူမှုတာဝန်ခံမှု ရှိရပါမယ်။ အသင်းအဖွဲ့စိတ်ဓာတ်ရှိရမှာဖြစ်ပြီး စုစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိရပါမယ်။ သုတေသနရလဒ်များနှင့်လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများအရ အဖွဲ့ဝင် တစ်ဆယ့်နှစ်ဦးထက်ပိုတဲ့ အသင်းအဖွဲ့တွေမှာ ထိရောက်မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေ မချနိုင်တာကို တွေ့ရပါတယ်။ စုစည်းနိုင်မှုအားလည်းအတော်နည်းတာကို တွေ့ရပါတယ်။

တကယ်တော့ အသင်းအဖွဲ့ Team ဖွဲ့စည်းဆောင်ရွက်တယ်ဆိုတာဟာ တစ်ယောက်အားဖြင့်ယူသော်မရ။ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသလို စုစည်းမှုအားကို ဖော်ဆောင်တာဖြစ်ပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ် Team Spirit ရှိရပါမယ်။ ညှိနှိုင်းမှု၊ ပူးပေါင်းဆာင်ရွက်မှုများရှိရပါမယ်။ ရလဒ်တွေကောင်းမွန်ရပါမယ်။ တစ်နဲ့တစ် ပေါင်းရင်နှစ်ထက်ကြီးရပါမယ်။ ဘိုလိုကတော့ One plus one, greater  than two လို့ပြောကြပါတယ်။ Synergy Effect လို့ သုံးပါတယ်။

ကိုယ့်အသင်းအဖွဲ့ကို စွမ်းဆောင်ရည် ပိုမိုမြင့်တက်စေချင်ရင် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ယုံကြည်မှု Mutual trust ရှိရပါမယ်။ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ အပြန်အလှန် လေးစားမှုရှိရပါမယ်။ အရေးကြီးဆုံးကတော့ Communication ကောင်းဖို့ဖြစ်ပါတယ်။ အဖွဲ့ဝင်အချင်းချင်း ချစ်သောမျက်စိဖြင့်ကြည့်ပြီး ရလဒ်တွေ ကောင်းဖို့ ကောင်းမွန်သော ဆက်သွယ်ရေး၊ ဆက်ဆံရေးရှိရမှာဖြစ်ပါတယ်။

မှူးခန့်စံ