【 ဆောင်းပါး 】“ တန်ဖိုးဖြတ်ခံရမယ်နော်”

【 ဆောင်းပါး 】“ တန်ဖိုးဖြတ်ခံရမယ်နော်”

“ဖြူမအတွက် ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးမှာပါဆရာ ဒါပေမယ့်ကြီးကြီးကျယ် ကျယ်တော့မဟုတ်ပါဘူး ဖက်တီးမိဘတွေရယ် သူ့ဦးလေးလင်မယားရယ်။ ကျွန်တော်တို့ဘက်ကလဲ ကျွန်တော့်မိဘတွေရယ် ဖြူမအမေနဲ့ ဖြူမအကိုလင်မယားရယ် ဒါပဲဆရာ။ ဖက်တီးနဲ့ဖြူမက ဆရာ့ကို ဖိတ်ပေးပါဆိုလို့”

“ငါ့ကျန်းမာရေးလဲမင်းသိသားနဲ့။ ဘယ်လိုလုပ် ငါလာနိုင်မှာလဲ။ သူတို့ကိုလဲသေသေချာချာ ပြောပြလိုက်ပါကွာ”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်လဲသူတို့ကိုပြောထားပါတယ် ဆရာလာနိုင်မယ်မထင်ဘူးလို့”

“ဒါနဲ့နေပါအုံးကွ။ ငါသိထားသလောက်တော့ ဖြူမနဲ့ကြိုက်နေတာ ဂျွန်စောမဟုတ်လား”

“မဟုတ်ပါဘူးဆရာရဲ့ ဂျွန်စောရော ဖက်တီးရော ဖြူမကိုကြိုက်နေကြတာပါ။ ဖြူမက ဘယ်သူ့ကိုမှ အဖြေမပေးခဲ့ပါဘူး”

“ဒါဖြင့် ဘယ်လိုလုပ် ဖက်တီးနဲ့လက်ထပ်ဖြစ်သွားတာလဲ”

“ဟဲဟဲ ကျွန်တော်ပေးစားလိုက်တာ”

“ဟေ့ကောင်လူမိုက် ငါ့ကိုပေါက်ကရလာမပြောနဲ့။ သူတို့ကိုပေးစားရအောင် မင်းက ဖြူမအဖေ မို့လို့လား”

“ဆရာကလဲ ဖြူမကကျွန်တော့် ညီမဝမ်းကွဲဆိုပေမယ့် ကျွန်တော့်ညီမအရင်းလိုပါပဲဆရာရယ်။ ဆရာသိတဲ့အတိုင်း ဖြူမအမေက ကျွန်တော့်ဒေါ်လေးအရင်းလေ။ ဒေါ်လေးကျန်းမာရေးက သိပ်စိတ်ချရတာမဟုတ်ဘူး ဆရာ။ သူ့သားကြီးကတော့ ယောင်္ကျားလေးလဲဖြစ် အိမ်ထောင်ကျပြီးလို့ သူ့အိုးသူ့ အိမ်နဲ့ဖြစ်နေပြီလေ။ ဖြူမအတွက်ပဲ ပူပန်နေရတာ။ ဖြူမကိုအိမ်ထောင်ချပေးဖို့ စဉ်းစားတော့ ဂျွန်စောနဲ့ ဖက်တီးနှစ်ယောက်ထဲက တစ်ယောက် ရွေးရမှာလေ။ သူတို့နှစ်ယောက်လုံးက ကျွန်တော့် အခင်ဆုံး သူငယ်ချင်းတွေဆိုတော့ ဖြူမအမေနဲ့ အကိုက ကျွန်တော်နဲ့ တိုင်ပင်တယ် ကုန်ကုန်ပြောရရင်ဆရာရယ် ဒီကောင်နှစ်ယောက်ကို ကျွန်တော်အမှတ် ပေးရတာပေါ့”

“ငါသိသလောက်တော့ မင်းနဲ့ဂျွန်စောကပိုတွဲဖြစ်တာမဟုတ်လား။ ပြီးတော့ သူကအပြောလဲ ကောင်း သဘောလဲကောင်းပဲဟာ”

“ဂျွန်စောက ကျွန်တော်နဲ့ပိုတွဲလို့ သူ့အကြောင်း ပိုသိတာပေါ့ဆရာရယ်။ ဒီကောင်ကလိုင်းစုံတယ်ဆရာ။ အရက် ၊မိန်းမ၊ လောင်းကစား အားလုံးလာထားပဲ”

“မင်းနဲ့အတူတူပဲလေကွာ မင်းတို့နှစ်ယောက်က ပုလင်းတူဗူးဆို့ပဲဟာ”

“ဟုတ်တယ်လေဆရာ ဒါပေမယ့် အခုကိစ္စက ကျွန်တော့်သူငယ်ချင်းရွေးပွဲမဟုတ်ဘူးဆရာ။ ကျွန်တော့် ညီမ အိမ်ထောင်ဖက်ရွေးပွဲပါ ကျွန်တော်တို့ လေးယောက်အကြောင်း ဆရာအသိဆုံးပါ။ လိုရင်းပြောရရင် ဂျွန်စော က အကျင့်စာရိတ္တကလွဲရင် အကုန်ပြည့်စုံပါတယ်။ဆရာ ဖက်တီးကတော့ အကျင့်စာရိတ္တကလွဲရင် ကျန်တာတွေ ဂျွန်စောကို မမီပါဘူး”

သူတို့လေးတွေ ဆယ်တန်းနှစ်က ဖြူမအိမ်မှာ စာသင်စာကျက်ဝိုင်းလုပ်သည်။ သူတို့ကို စာကျက်ပေး လေ့ကျင့်ပေးသည့် ဂိုက်ဆရာမလေးက ကျွန်တော့်တပည့်အရင်းဖြစ်သည်။ သည်လိုနှင့် ကျွန်တော်က သူတို့စာသင်ဝိုင်း မှာ မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်ဘာသာသင်ဖြစ်သည်။ ဖြူမဆိုတာ သူ့နာမည်ရင်း မဟုတ်ပါ။ အသားလေး ကဖွေးဆွတ်နေပြီး ချစ်စရာမျက်နှာလေးနှင့် လိုက်ဖက်လှ၍ ဖြူမလို့ခေါ်တာပါ။ တစ်ခါတလေ ခွေးဖြူမဟု နောက်ပြောင်ခေါ်လျှင် ဖြူမတစ်ယောက်စိတ်ဆိုးလို့ မဆုံးတော့။ တစ်ယောက်ကကိုရီးယားမင်းသား ဂျွန်စောနှင့်တူ၍ ဂျွန်စောဖြစ်သွားသည်။ နောက်တစ်ယောက်က ကျန်သုံးယောက်ထက် ပိုဝနေ၍ ဖက်တီးလို့ခေါ်ကြသည်။ မင်္ဂလာပွဲ လာဖိတ်သော တပည့်ကိုတော့ ရန်ခဏခဏ ဖြစ်တတ်သူမို့ လူမိုက်လို့ခေါ်ကြသည်။

ကျွန်တော့်တပည့်လူမိုက်က သူ့ညီမအိမ်ထောင်ဖက်ရွေးပွဲမှာ သူ့သူငယ်ချင်းနှစ်ယောက် ဖြစ်သည့် ဂျွန်စော နှင့်ဖက်တီးကို သူ့ညီမအတွက် တန်ဖိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။ တကယ်ကို တန်ဖိုးဖြတ်လိုက်တာပါ။ အကျင့်စာရိတ္တ တစ်နည်းအားဖြင့် ကိုယ်ကျင့်တရား ကောင်းခြင်း မကောင်းခြင်းနှင့် တန်ဖိုးဖြတ်လိုက်တာပါ။

သူကိုယ်တိုင်က မိုက်မိုက်ကန်းကန်းနေနေသော်လည်း သူ့ရင်ထဲမှာ မှန်ကန်သောအသိရှိနေ ခြင်းအတွက် ဆရာတစ်ယောက်အနေနှင့် ရင်ထဲမှကျေနပ်မိပါသည်။

တကယ်လည်း ကိုယ်ကျင့်တရားကောင်းခြင်း မကောင်းခြင်းဖြင့် လူတစ်ယောက်၏တန်ဖိုးကို ဖြတ်ခြင်းသည် လုံးဝမမှားပါ။ ကိုယ်ကျင့်တရားကလွဲပြီး တခြားဘာမှမရှိသူတစ်ယောက်သည် သူ့ဘဝ ဆင်းရဲချင်ဆင်းရဲမည် လူနေမှုအဆင့်အတန်းနိမ့်ပါးချင်နိမ့်ပါးမည် နောက်ဆုံးသူ့ဘာသူ ထမင်းငတ်ချင် ငတ်နေမည် တခြားသူတစ်စုံ တစ်ယောက်ကိုတော့ ဘယ်လိုနည်းနှင့်မှ ဒုက္ခမပေးပါ။ ထိုလူစားမျိုးရှိနေခြင်းက ပတ်ဝန်းကျင်ကိုအနှောင့်အယှက် မဖြစ်စေပါ။ လောကကြီး၏ အလှတရား လုံးဝမပျက်စီးနိုင်ပါ။

ကိုယ်ကျင့်တရား မကောင်းသူတစ်ယောက် ရှိခြင်းကတော့ ပြဿနာတစ်ခုသို့မဟုတ် များစွာရှိ လာမှာပါ။ အကျင့်မကောင်းသူသည် သူများအသက်ကို သတ်နိုင်ပါသည်။ အနည်းဆုံးဒဏ်ရာအနာတရ ဖြစ်စေနိုင်ပါသည်။ သူများပစ္စည်းခိုးနိုင် လုနိုင်ပါသည်။ သူများသားမယားကို ဖျက်ဆီးနိုင်ပါသည်။ လိမ်လည်ပြောဆိုခြင်း ကုန်းတိုက်ပြောဆိုခြင်းဖြင့် တခြားသူများကို စိတ်ဝမ်းကွဲစေနိုင်ပါသည်။ သူ့မနာလို ဝန်တိုစိတ်များက တခြားသူများ၏ စည်းစိမ်ဥစ္စာများ လုပ်ငန်းများ စည်းလုံးညီညွတ်မှုများကို ပျက်စီးစေ နိုင်ပါသည်။ သူ့မှာရှိသောအတတ်ပညာ စည်းစိမ်ဥစ္စာ ငွေကြေး အာဏာတို့သည် တခြားသူများကို ဒုက္ခပေးသောလက်နက်များဖြစ်လာနိုင်ပါသည်။ သူ့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ ကမ္ဘာလောကကြီး၏ အလှတရားများ လုံးဝပျက်စီးသွားနိုင်ပါသည်။

ကိုယ်ကျင့်တရားကောင်းပြီး ထမင်းငတ်နေသူက နောက်ဆုံးအဆင့် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူ့ဘာသူငတ်ပြီး သေသွားပါလိမ့်မည်။ ကိုယ်ကျင့်တရားမကောင်းဘဲ ထမင်းငတ်နေသူကတော့ နောက်ဆုံးအဆင့် သူခိုး ဓားပြ လူသတ်သမား ဖြစ်လာနိုင်ပါသည်။ ကိုယ်ကျင့်တရားကောင်းပြီး ချမ်းသာသူက မရှိဆင်းရဲသားများကို ဝေငှ ပေးကမ်းကာ ကယ်တင်ပါလိမ့်မည်။ ကိုယ်ကျင့်တရား မကောင်းဘဲ ချမ်းသာသူက မရှိဆင်းရဲသားများကို ဖိနှိပ်ကာ ကျွန်လိုခိုင်းစေပါလိမ့်မည်။ မရှိဆင်းရဲသားများ၏ ပိုင်ဆိုင်မှုအပေါ် မတရားခေါင်းပုံဖြတ် အမြတ် ထုတ်ပါ လိမ့်ဦးမည်။

ရဲစွမ်းသတ္တိရှိပြီး ကိုယ်ကျင့်တရားလည်းကောင်းသူက လူအများကိုကယ်တင်သူ လူအများကို ကူညီသူ လောကအလှတည်ဆောက်သူ ဖြစ်လာနိုင်သလို ရဲစွမ်းသတ္တိသာရှိပြီး ကိုယ်ကျင့်တရား မကောင်းသူကတော့ လူအများကိုဒုက္ခပေးသူ လူအများကိုနှောင့်ယှက်သူ လောကအလှဖျက်ဆီးသူ ဖြစ်လာနိုင်ပါသည်။

လူတစ်ယောက်၏ ကိုယ်ကျင့်တရားကောင်းခြင်း မကောင်းခြင်းသည် သူ့တန်ဖိုးကို သူဖြတ်နေခြင်းပင် ဖြစ်သည်။ တန်ဖိုးရှိသူသည် သူနေထိုင်ရာပတ်ဝန်းကျင်ကို ဆိုးကျိုးမပေးဘဲ ကောင်းကျိုးသာ ပေးသည့်အတွက် သူ့ ဂုဏ်သတင်းက မွှေးရနံ့သင်းနေပါလိမ့်မည်။ တန်ဖိုးမဲ့သူသည် သူနေထိုင်ရာ ပတ်ဝန်းကျင်ကို ကောင်းကျိုးမပေးဘဲ ဆိုးကျိုးသာပေးသည့်အတွက် သူ့ဂုဏ်သတင်းက ပုပ်စော်နံနေပေလိမ့်မည်။

လောကကြီးမှာ (၁) အသက်ရှင်သန်နေသလို နာမည်ဂုဏ်သတင်းကလည်းမွှေးမွှေးပျံ့ပျံ့နှင့် ရှင်သန်နေသူ (၂) အသက်သေသွားသော်လည်း ကောင်းသတင်းဂုဏ်က ရှင်သန်ကျန်ခဲ့သူ (၃) အသက်ရှင်သန်နေဆဲမှာပဲ နာမည် ဂုဏ်သတင်းနံစော်ပြီးသေနှင့်သူ (၄) အသက်သေသွားသလို နာမည်ဂုဏ် သတင်းပါ ပုပ်ပွပြီး သေသွားသူတို့ ရှိပါသည်။ သူတို့စိတ်ထား သူတို့အပြောအဆို သူတို့လုပ်ဆောင်ချက်တွေက သူတို့၏သမိုင်း သူတို့၏ကိုယ်ကျင့်တရား သူတို့၏တန်ဖိုးပင်ဖြစ်သည်။

တကယ်တော့ “လူတစ်ယောက်၏ဘဝတွင် အသက်ရှည်ဖို့ထက် တန်ဖိုးရှိဖို့က ပိုအရေးကြီးတာပါ” ဒါ ကြောင့်လည်း  Martin Luther King, Junior က “The quality, not the longevity, of one’s life is what is important”. ဟုဆိုခဲ့တာပါ။

ဗုဒ္ဓဘုရားရှင်ကလည်း လောကမှာ “ကိုယ်ကျင့်တရားမကောင်းဘဲ အနှစ်တစ်ရာနေရခြင်းထက် ကိုယ်ကျင့်တရားကောင်းစွာ တစ်ရက်တစ်မနက်မျှ အသက်ရှင်နေရခြင်းက မြတ်၏”ဟုဆိုမိန့်ခဲ့ပါသည်။

ကိုယ်ကျင့်တရားကောင်းဖို့ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို မဆင်ခြင်မပြင်ဆင်ဘဲ အပေအတေ လုပ်နေမည်ဆိုလျှင် သူများတကာတွေက ကိုယ့်ကို အမှတ်သုညပေးပြီး တန်ဖိုးဖြတ်သွားကြပါ လိမ့်မည်။

                                                                                                                       

                       ရိုက်မောင်း