【 ဆောင်းပါး 】“ တူယှဉ်နွှဲပျော် ဆောင်းရာသီပွဲတော်”

【 ဆောင်းပါး 】“ တူယှဉ်နွှဲပျော် ဆောင်းရာသီပွဲတော်”

ဆောင်းရာသီလို့ဆိုလိုက်တာနဲ့ ဒီဇင်ဘာလရဲ့ ဆုလာဘ်ဖြစ်တဲ့ နှင်းမှုန်လေးတွေကို အရင်ဆုံးပြေးမြင်မိမှာပါ။ နှင်းမှုန်လေးတွေကျနေချိန်မှာ ကျင်းပလေ့ရှိတဲ့ ဆောင်းရာသီပွဲတော်ဟာလည်း တရုတ်ရိုးရာပွဲတော်တွေထဲမှာ  ထူးခြားထင်ရှားလှတဲ့ ပွဲတော်ကြီးတစ်ခုပါပဲ။ ဆောင်းရာသီပွဲတော်မှာ မိသားစုနဲ့အတူဆုံဆည်းကြပြီးတော့ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်တဲ့  ချစ်ကြည်နူးဖွယ်နွေးထွေးလှတဲ့ အငွေ့အသက်တွေကိုခံစားရမှာပါ။ 

တရုတ်ရိုးရာ ဆောင်းရာသီပွဲတော်ကို နှစ်စဉ်ဒီဇင်ဘာလရဲ့ တတိယအပတ်လောက်မှာ စတင်ကျင်းပကြပါတယ်။ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ရက်ချင်းမတူကြပေမယ့် အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ဒီဇင်ဘာ ၂၁ရက်ကနေပြီးတော့ ဒီဇင်ဘာ ၂၃ ရက်အတွင်းမှာကျင်းပကြပါတယ်။

တရုတ်ရိုးရာ ဆောင်းရာသီပွဲတော်ကို တရုတ်နိုင်မှာသာမကဘဲ ပြည်ပနိုင်ငံများအသီးသီးသို့ရောက်ရှိနေကြတဲ့ ပြည်ပရောက်တရုတ်လူမျိုးတွေလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲကြပါတယ်။ ပြည်ပရောက် တရုတ်လူမျိုးများကတော့ တရုတ်ပြက္ခဒိန် ၁ လပိုင်း ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ယွမ်ရှောင်းကျယ်ခေါ် မီးပုံးပွဲတော်နဲ့ တုန်းကျိလို့ခေါ်တဲ့ ဆောင်းရာသီဝင်သည့်နေ့တွေမှာ ဆောင်းရာသီပွဲတော်ကို ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ဆောင်းရာသီပွဲတော်ကို တရုတ်နိုင်ငံအတွင်းက တရုတ်လူမျိုးများသာမက ပြည်ပရောက်တရုတ်လူမျိုးများကလည်း နှစ်စဉ်နှစ်တိုင်း စုပေါင်းကျင်းပကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကလည်း မြန်မာနိုင်ငံရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် တိုင်းမ်စီးတီးမှာ ကျင်းပခဲ့တဲ့ တရုတ်ရိုးရာမုန့်လုံး ရေပေါ်ပွဲတော်ကို  မြန်မာပြည်ဖွားတရုတ်လူမျိုးတွေနဲ့  မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

တရုတ်ရိုးရာဆောင်းရာသီပွဲတော်မှာဆိုရင်ဖြင့် တရုတ်ရိုးရာမုန့်လုံးရေပေါ်များကို စုပေါင်းကာ ဝိုင်းဝန်းလုပ်ဆောင်ကြခြင်း၊ မုန်လုံးရေပေါ်များ စတုဒီသာကျွေးမွေးခြင်း၊ ရိုးရာစက္ကူအလှညှပ်ပြိုင်ပွဲတွေပြုလုပ်ကြခြင်း၊ တရုတ်စာရေးသားခြင်းပြိုင်ပွဲတွေနဲ့ တရုတ်အကြောင်းအမေးအဖြေပြိုင်ပွဲတွေအပြင် မေတ္တာလက်ဆောင်ပေးအပ်ခြင်း အစရှိတဲ့ပြိုင်ပွဲတွေလည်းပါဝင်ကြပါတယ်။

ဆောင်းဦးရနံ့သင်းထုံနေတဲ့ မုန့်လုံးရေပေါ်အရသာကိုခံစားရင်း ရိုးရာစက္ကူအလှညှပ်ပြိုင်ပွဲတွေ၊ တရုတ် စာလုံး ရေးခြင်းပြိုင်ပွဲတွေက တရုတ်ရိုးရာယဉ်ကျေးမှုတွေကို နားလည်သိရှိစေနိုင်ကာ နှစ်နိုင်ငံရှိ တရုတ်လူမျိုး တွေနဲ့ မြန်မာလူမျိုးတွေရဲ့  ချစ်ခင်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်စေပါတယ်။     

မုန့်လုံးရေပေါ်ပွဲတော်ကို တရုတ်လို(တုန်းကျိပွဲတော်)လို့လည်း ခေါ်တွင်ကြပါတယ်။ မုန့်လုံးရေပေါ်ကိုတော့  တရုတ်လို “ထန်ယွမ်”လို့ ခေါ်တွင်ကြပြီး ၎င်းအသံထွက် “ထန်းယွမ်”ဟာ ပြန်လည်ဆုံဆည်းခြင်း “ထွမ်ယွမ်”နဲ့ လည်း ဆင်တူပါတယ်။ ဒါ့ကြောင့် တရုတ်ရိုးရာမုန့်လုံးရေပေါ်ပွဲတော်မှာ ပြန်လည်ဆုံဆည်းခြင်းရဲ့ အငွေ့အသက်တွေ၊ နွေးထွေးပျူငှာမှုတွေနဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ခံစားရရှိစေနိုင်မှာပါ။

တရုတ်ရိုးရာဆောင်းရာသီပွဲတော်ကျင်းပပြုလုပ်ပုံက တရုတ်ပြည်ရဲ့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ  ဒေသအလိုက်ကွဲပြားခြားနားမှုလေးတွေတော့ အနည်းငယ်ရှိပါတယ်။ မတူတဲ့အချက်တွေကတော့ တရုတ်ပြည်တောင်ပိုင်းမှာတော့ မုန့်လုံးရေပေါ်ကို ပြုလုပ်စားသုံးကြပြီးတော့ တရုတ်ပြည်ရဲ့ မြောက်ပိုင်းမှာတော့ ဖက်ထုပ်ကိုပြုလုပ်စားသုံးကြပါတယ်။

ဖက်ထုပ်ကတော့ ဒေသရိုးရာအစားအစာတစ်မျိုးလို့ပြောရင် မှားမယ်လို့မထင်ပါဘူး။ ဖက်ထုပ်စတင်ပေါ်ပေါက်လာပုံမှာလည်း အနည်းငယ်ထူးခြားပါတယ်။

ဖက်ထုပ်ဆိုတာကတော့ ဂျုံအရွက်လေးတွေပေါ်မှာ မိမိနှစ်သက်ရာ အသားငါးတွေ ၊ ဟင်းသီးဟင်းရွက်များကို ထည့်သွင်း ဌာပနာထားတဲ့ ဒေသရိုးရာ တရုတ်အစားအစာတစ်မျိူးပဲ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာ သာမကကမ္ဘာအနှံ့မှာလည်း စားသုံးကြပါတယ်။ ဖက်ထုပ်ကို စားသုံးခဲ့ကြသည့်သမိုင်းသက်တမ်းမှာ နှစ်ပေါင်း ၁၈၀ဝ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

သမိုင်းဆိုင်ရာ အချက်အလက်များအရ ဖက်ထုပ်ဟာ အေဒီ ၂၅ ဝန်းကျင်လောက်က  အရှေ့ဟန့်မင်းဆက်ခေတ်ကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။  ဖက်ထုပ်ကို စတင်တီထွင်ခဲ့သူမှာ နန်ရန်က တရုတ်တိုင်းရင်းဆေးဆရာကြီး ကျန်းကျူံ့ကျင်းပဲဖြစ်ပါတယ်။

ထိုတိုင်းရင်းဆေးဆရာကြီးက တရုတ်ပြည်ရဲ့ ချမ်းအေးလွန်းလှတဲ့ ဆောင်းရာသီနေ့ရက်တွေမှာ ပြည်သူတွေနှင်းကိုက်နာကြောင့် ဆင်းရဲဒုက္ခကင်းဝေးစေခြင်းအလို့ငှာ နှင်းကိုက်နာပျောက်ကင်းစေရန် တိုင်းရင်းဆေး တစ် ခွက်ဖော်စပ်ခဲ့ခြင်းကနေစတင်ခဲ့တယ်လို့ သိရပါတယ်။ ဖက်ထုပ်ဟာ တရုတ်ပြည်မှာသာမက နိုင်ငံအတော် များများမှာလည်း လူအများကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

တရုတ်ရိုးရာဆောင်းရာသီပွဲတော်မှာ ပါဝင်တဲ့မုန့်လုံးရေပေါ်ကတော့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ်နဲ့ အနည်းငယ်ကွဲပြားခြားနားပါတယ်။ နှစ်ကူးအတာသင်္ကြန်ကာလမှာ ပြုလုပ်ကြလေ့ရှိတဲ့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ်ကတော့ ကောက်ညှင်းမုန့်သားအလယ်မှာ ထန်းလျက်ကို ဌာပနာထားပြီးတော့ အုန်းသီးနုနုလေးတွေကိုခြစ်ကာ အပေါ်ကနေဖြူးပြီးပြုလုပ်စားသုံးကြခြင်းဖြစ်ပါတယ်။ တရုတ်ရိုးရာမုန့်လုံးရေပေါ်မှာကတော့ ကောက်ညှင်းမုန့်သား မုန့်လုံးရေပေါ်အလုံးကလေးများကို မြေပဲ၊ နှမ်း၊ သကြားရည်အစရှိတဲ့ ပါဝင်ပစ္စည်းများကိုဖြူးကာ စားသုံးကြပါတယ်။

တရုတ်ရိုးရာမုန့်လုံးရေပေါ်နဲ့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ်ရဲ့ အစားအသောက်ယဉ်ကျေးမှုအဓိက တူညီချက်ကတော့ စည်းလုံးညီညွတ်မှုပါ။ မိသားစုတွေ၊ အပေါင်းအသင်းဆွေမျိုးမိတ်သင်္ဂဟာတွေ စုပေါင်းပြီးတော့ တပျော်တပါးလုပ်ကိုင်စားသောက်ကြခြင်းက နွေးထွေးလှတဲ့ မေတ္တာတရားတွေကိုခံစားရရှိမှာမလွဲဧကန်ပဲ ဖြစ်ပါတယ်။

နိုင်တံခွန်