【 ဆောင်းပါး 】“ မစားဖြစ်ခဲ့သည့် တပည့်အိမ်မှ ထမင်းတစ်နပ်”

【 ဆောင်းပါး 】“ မစားဖြစ်ခဲ့သည့် တပည့်အိမ်မှ ထမင်းတစ်နပ်”

ဘာသာရပ်တစ်ခုကိုသာဦးတည်ပြီး သင်ကြားရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုစဉ်  လိုက်သင်ရသည့် ကျူရှင်နေရာများမှာ မြို့စွန်ဟု ခေါ်နိုင်သည့် လှိုင်သာယာ၊ရွှေပြည်သာ စသည့်နေရာများလည်း ပါဝင်သည်။ ရွှေပြည်သာမှာ ယခင်က အုတ်ဖိုမြို့သစ်ဟု အမည်တွင်ပြီးမှ ရွှေပြည်သာဆိုပြီး ဖြစ်လာခြင်းဖြစ်ကာ ယခုလို လူမစည်ကားသေး။ ထိုစဉ်က ရွှေပြည်သာကွေ့၊ခေါင်သုံးလုံး၊ရေစင်၊သံလမ်း၊ကားလေးဂိတ် ၊ထန်းခြောက်ပင် အထိလောက်သာ လူနေရှိသေးသည်။ကျန်နေရာများမှာ ရွှံ့က နေရာတိုင်းနိုင်းချင်း။ ကားလေးဂိတ်တည့်တည့်သွားရသည့် ဘုန်းကြီးကျောင်းများ စုထားသည့် ရပ်ကွက်ဆို တကယ်ကို ရွှံထဲ နွံထဲ။ နေရာစုံမှ ရွှေ့ထားသည့် ဘုန်ကြီးကျောင်းများ ကိုစုထားသည့်နေရာဖြစ်လို့ ထိုစဉ်တုန်းက ရဟန်းသံဃာများလည်း အတော်လေးကို ဒုက္ခရောက်ကြသည်။

 

ထိုစဉ်က ၁၉၉၀ ကျော် ကာလဖြစ်သဖြင့် အစစအရာရာကျပ်တည်းသလို အလုပ်အကိုင်ကလည်းရှားလှသည်။ဒီတော့ စာသင်၀ိုင်းတစ်ခုရလျှင် နေရာဝေးလို့ ဆိုပြီး ငြင်းလို့ မူလို့ရသည့် အချိန်မဟုတ်။ ထိုစဉ်တုန်းက ဘ၀တူ ဆရာအချို့မှာ လက်သမားလုပ်နေသူ၊အိမ်ဖျက်ရာတွင် အိမ်အလုံးလိုက် လိုက်ဝယ်သူဖြင့် ဘ၀စုံကျင်လည်နေကြရသည့်အချိန်ဖြစ်သည်။ ထိုတော့ ပညာဖြင့် အသက်မွေးရသည့် ကျနော်မှာ မပြေလည်သော်လည်း ဘ၀တူတွေ အကြား ဂုဏ်ရှိသည့်အနေအထား၊ ဝါသနာပါရာ ပညာဖြင့် လုပ်စားခွင့်ရသည့် ကံကောင်းမှုလည်း ဖြစ်သည်။

သူငယ်ချင်းတစ်ဦးက သင်္ဃန်းကျွန်းဘက်မှာနေသူဖြစ်ရာ ကျူးကျော်ဆိုပြီး  စီမံချက်အရ  အိမ်ဖျက်ပေးရသဖြင့် ရွှေပြည်သာ ယခု ၁၀ ရပ်ကွက်တွင် မြေနေရာရသဖြင့် အိမ်လာဆောက်နေသည်။ ထို့ကြောင့် ကျနော်မှာ သူငယ်ချင်းကို ကူရင်း ထိုရပ်ကွက်စတည်ခါစတွင် ပါသလိုပင်ဖြစ်ရသည်။ ထိုစဉ်က သူငယ်ချင်းမှာ ရွှံ့ထဲနွံထဲ တစ်ယောက် တည်းအိမ်လာဆောက်ကာ နေရသူဖြစ်သဖြင့် ကျနော်ကလည်း လူလွတ်ဖြစ်နေတော့ အတူလာနေဖြစ်သည်။ တစ်လလောက် အိမ်လာဆောက်သည့်အချိန်အတွင်း ရွှေပြည်သာမှာ လာနေရသဖြင့် ကျနော်အတွက် ရွှေပြည်သာက နေရာအတော်များများကို သိနေခဲ့သည်။ ထို့ကြောင့် တစ်ခါတစ်လေ  ဘယ်မှသွားစရာမရှိသည့်အခါ သူငယ်ချင်း ရှိရာ ရွှေပြည်သာသို့ အင်းစိန်ခုံးအောက်က ကားမှတ်တိုင်ကနေ ၅၇ ကားသေးလေးတွေ စီးပြီး ညမိုးချုပ်လည်း ရောက်ဖြစ်သည်။  

ဒီတော့ ရွှေပြည်သာမှာ စာသင်ရန် ၀ိုင်းတစ်၀ိုင်းရသည့်အခါ ကျနော်လွယ်လင့်တကူလက်ခံလိုက်သလို ထိုစာသင်သွားရသည့်နေ့တွင် သူငယ်ချင်းအိမ်ကို ပုံမှန်ဝင်ဖြစ်သလို သူငယ်ချင်းအိမ်တွင် ထမင်းစားကြုံပါက မကြာခဏဝင်စားလေ့လည်းရှိခဲ့သည်။ ပုံမှန်အားဖြင့်တော့ နီးစပ်ရာ လက်ဘက်ရည်ဆိုင်တွင် ကြုံသလို ဖြေရှင်းသည်က များသည်။

ထိုနှစ်က ၁၉၉၂ ခုနှစ်ဖြစ်မည်ထင်သည်။ ရွှေပြည်သာနှင့် တောင်ဥက္ကလာကို အချိန်ရှေ့ဆင့်နောက်ဆင့် ၀ိုင်းနှစ်၀ိုင်းကျနော်ရသဖြင့် တစ်ပတ်တွင် နှစ်ရက်မှာ တောင်ဥက္ကလာကနေ ရွှေပြည်သာကို ကူးရသည်က ကျနော် အတွက် အတော်လေးကသီလင်တကျသည်။သို့ဖြစ်ရာ အိမ်ကတည်းက ထမင်းစားလာခြင်းအစား ထမင်းဘူးကို ဆောင်ဖြစ်သည်။ တစ်ခါတစ်ရံ စာသင်၀ိုင်းအိမ်က အတင်းကျွေးသည့်အခါ စားတတ်သည်။ တော်ရုံတန်ရုံတော့ ဒီလိုစားလေ့မရှိ။ ဘာကြောင့်ဆို ဒီလိုစားခြင်းက နောင်တွင် မလိုလားအပ်သည့် ပြဿနာများဖြစ်လာနိုင်၍ဖြစ်သည်။  

စာသင်သည့်အိမ်တွင် ကျနော်က ထမင်းဘူးကိုမထုတ်ဘဲ လွယ်အိတ်ထဲတွင် ထားလေ့ရှိပြီး လက်ဘက်ရည်ဆိုင်ရောက်မှ‌  ထုတ်စားလေ့ရှိသည်။ ဒီတော့ တစ်ခါတစ်လေ ထမင်းဘူးမယူလာသည့်အခါတွေလည်းရှိသည်။ ထိုသို့ ကျနော်ထမင်းဘူးမယူလာသည့်အခါမျိုးဖြစ်ပါက စာသင်သည့်အိမ်က ကျနော်ကို အတင်းကျွေးသည်။ထိုအခါ နောက်တပည့်တစ်ယောက်ကလည်း သူကျွေးမည့်အလှည့် ကျနော်ကျွေးမည့်အလှည့်ဖြင့် ဖြစ်လာတော့သည်။ ဒီတွင် ယခုကျနော်ပြောမည့် ထမင်းတစ်နပ်ဇာတ်လမ်းဖြစ်လာခြင်းဖြစ်သည်။

ကျနော်လက်ခံထားသည့် ရွှေပြည်သာစာသင်၀ိုင်းတွင် ငွေကြေးတတ်နိုင်သူတွေချည်း စုထားသည်မဟုတ်။ သူငယ်ချင်းက အကူအညီတောင်းသဖြင့် ငွေပမာဏတစ်ခုဖြင့် သင်ချင်သည့် စိတ်ဆန္ဒရှိသူများကို စုထားသည့် စာသင်၀ိုင်းဖြစ်သည်။ထို့ကြောင့် ငွေကြေးထက် ပညာလိုလားသူတွေကို စုထားသည့်၀ိုင်းဖြစ်သဖြင့် ကျောင်းသားတွေဘက်က အတန်းချိန်ပျက်သည်မှာရှားသည်။ ကျနော်တစ်ခါတစ်လေနောက်ကျသည်တောင် တပည့်တွေက တမျှော်မျှော်နှင့်။ကျနော်သည့်ဘာသာရပ်က ဓာတုဗေဒဖြစ်သဖြင့် ထိုအချိန်က သင်သူရှားသည့် ဘာသာရပ် ဖြစ်သည်။ ထို့ကြောင့် ကျောင်းကနေ အိမ်ပြန်ပြီးသည်နှင့် ကျနော်သင်သည့် စာသင်၀ိုင်းကို ကလေးတွေမှာ တန်းလာကြရသည်။ထိုအချိန်က သိမှီသူတိုင်း နားလည်ကြမည်ဖြစ်သည့် စားဝတ်နေရေးကျပ်တည်းကျသည့်အချိန် ဖြစ်သဖြင့် တစ်ရက်ကို ထမင်းတစ်နပ်သာစားကာ ဆန်ပြုတ်သောက်နေရသည့် မိသားစုတွေလည်းရှိသည်။ဒီထဲ ကျနော်စာသင်၀ိုင်းထဲမှ ကလေးမတစ်ဦးမှာ ထိုအခြေအနေဖြစ်သည်။

သူငယ်ချင်းက ထိုအကြောင်းစုံကို ကျနော်အားစုံလင်စွာ ပြောပြထားသဖြင့် ကျနော်မှာ ဘာပြောပြော ထိုကလေးမကို မထိခိုက်အောင် သတိထားပြောဆိုရပြီး  ချို့တဲ့သည့် ထိုကလေးမ ဘ၀ကို မထိခိုက်ရအောင် အပြောအဆိုကအစ သတိထားဆင်ခြင်ရသည်။ ဖြစ်ချင်တော့ ထိုရက်ပိုင်းက ကျနော်မှာ မိုးသည်းသည်းမည်းမည်းရွာသလို စာသင်ချိန်တွေက ထပ်နေသဖြင့် အိမ်ကနေ ထမင်းဘူးမယူနိုင်။ဒီတော့ လမ်းမှာ စားရတာက များသည်။ ထမင်းဆိုင် ဆိုတာကလည်း ယနေ့ခေတ်လို များများစားစားမရှိသဖြင့် လက်ဘက်ရည်ဆိုင်မှာ ဝင်စားဖြစ်သည်။ ဒါကို ကျနော်သင်နေသည့် စာသင်၀ိုင်းအိမ်မှမြင်သဖြင့် ကျနော်ကို “ဆရာရယ် ဒီလူနဲ့ဒီလူတခြားလူတွေ ကျနေတာပဲ။ အိမ်မှာ စားလို့ရနေတာကို ဆိုကာ ထမင်းစားစေသည်။နောက်တော့ စာသင်သည့် ကလေးတွေက သူတို့လ‌ည်း တစ်လှည့်စီတာဝန်ယူမည်ဆိုကာ ဖြစ်လာလေသည်။ ထို့အတွက် ကျနော်မှာ မငြင်းသာ။

ကျနော်က အမှန်တိုင်းဝန်ခံရလျှင် ထိုဖြစ်ရပ်မဖြစ်ပွားမီ စိတ်ကို ခပ်ပေါ့ပေါ့သာထားတတ်သည့်သူ ဖြစ်သည်။ ရှည်ရှည်ဝေးဝေးလည်းမတွေးတတ်။ ဒီတော့ ကိုယ်လုပ်ရမည့်စာသင်ရမည့်အလုပ်တွင် စာသင်ခ မရလည်း ဘာမှ မဖြစ်။  ဒီလိုတွေးပြီး ထမင်းဘူးမယူရဘဲ စာသင်သည့်အိမ်တွင်စားရတာကို မသိစိတ်က နှစ်ခြိုက်နေတာလဲ ပါသည်။ နှစ်ခြိုက်တာလည်းမပြောနှင့်။ ဒီလိုစာသင်အိမ်မှာ စားသည်ဆိုပါက အနည်းဆုံး ငါးဆီပြန်လောက်တော့ စားရပြီး ဟင်းက အရည်သောက်လေးနှင့်ဆိုတော့ ထမင်းစားရတာ မြိန်သည်။ နောက် ထမင်းဆိုင်မှာသာရသည့် ငပိရည်ကောင်းကောင်းနှင့် တို့စရာ။ဒီတော့ အိမ်ရောက်လျှင် အမေကို သားတပည့်တွေက သားကို ဘယ်လို ဂရုစိုက်တာဆိုပြီး ဂုဏ်ဖော်ရတာလည်း အရသာတစ်ခု။ဒီလိုဆိုတော့ ကျနော်မှာ စာသင်သည့်နေ့ဆို  နေ့လယ်ထမင်းစားချိန်အတွက် စိတ်မပူပန်သလို တစ်ယောက်က စီစဉ်ပေးမည်ဆိုပြီး စိတ်က ကိုယ်နှင့် မဆိုင်သလို နေမိသည်။

ထိုနေ့က ထုံးစံအတိုင်းစာသင်ဖို့ ရွှေပြည်သာသို လာစဉ် သူငယ်ချင်းက ချစ်ကောင်းမှတ်တိုင်အနီး လက်ဘက်ရည်ဆိုင်ကနေ ကျနော်ကို စောင့်နေသည်ကိုတွေ့ရသည်။ ကျနော်က သူ့ဆီအပြန်မှ ဝင်မည်ဖြစ်ရာ လှမ်းနှုတ်ဆက်စဉ် သူငယ်ချင်းက လှမ်းခေါ်သဖြင့် လက်ဘက်ရည်ဆိုင် ဝင်ထိုင်သည့်အခါ သူငယ်ချင်းက“မနေ့က ဝင်းမော်အဖေ (ကျနော်ဆီတွင် စာသင်နေသည့် ကလေးမ၏အဖေ)ငွေလာလှည့်တယ်။ဒီနေ့ သူ့ ဆရာကို ထမင်းကျွေးရမယ့် အလှည့်မို့လို့ဆိုပြီး ငွေတစ်ဆယ်ချေးသွားတယ်(ထိုစဉ်က ဆယ်တန်းကျောင်းသားတစ်ယောက် နာမည်ကြီး ကျုုရှင်တွင်တက်ပါက ကျူရှင်လခမှာ တစ်လ ၄၅ ကျပ်၊၅၀ သာကုန်သည်)။မင်းဟာက အဲလိုဖြစ်မှာစိုးလို့ မင်းကို ငါပြောထားတာ။သူတို့မှာ ဒုက္ခရောက်လို့ ငါ့ကို ကျုုရှင်လခလွတ် လာအကူအညီတောင်းတာ။ မင်းက ဒီလိုလုပ်တော့ သူတို့မှာ တစ်နေ့ကို တစ်နပ်ဘဲ ထမင်းစာရတာ။ ကျန်တာ ဆန်ပြုတ်သောက် နေရတာ ”ဟု ကျနော်ကို ဟောက်ဟမ်းလေသည်။ ပြီးတော “ငါအိမ်မှာ မင်းအချိန်မရွေးဝင်စားလို့ ရနေတာကို ကလေးတွေကို သွားဒုက္ခပေးမနေနဲ့။ တချို့က မင်းထင်တာထက် အခြေအနေဆိုးတယ်”ဟု ပြောလေသည်။

ကျနော်မှာ ကိုယ်အခင်ဆုံးသူငယ်ချင်းက ဒီလိုပြောသဖြင့် ရှက်လိုက်သည်ဖြစ်ခြင်း။ ဒီတော့ စိတ်ဆိုးကာ  စာမသင်ဖြစ်ဘဲ အိမ်သို့ ပြန်ဖြစ်သည်။ ထို့နေ့က ချို့တဲ့သည့်ကလေးမ၏ ကျနော်ကို ထမင်းကျွေးရသည့် ပထမဆုံး နေ့ဖြစ်သည်ကိုလည်း သတိမရ။ ကျနော်မှာ အခြားအကြောင်းပြကာ ရွှေပြည်သာသို့ နှစ်ပတ်သုံးပတ် စာသွားမသင် ဖြစ်။ နောက် သုံးလေးပတ်ကြာမှ စာသွားသင်သည့်အခါ ထိုကလေးမမှာ စာလာမသင်တော့ ချေ။

ကျနော်မှာ ထိုအခြေအနေထိ ဘာဖြစ်နေသည်ကို မသိ။ ကိုယ်ကို ပြောခဲ့သည့် သူငယ်ချင်းကိုသာ စိတ်ခုနေသဖြင့်‌ တစ်ဘက်က ကလေးမှ ဘယ်လိုဖြစ်လို့ စာလာမသင်လဲဆိုတာကို စိတ်မဝင်စားသလို စာသင်ပြီးလျှင် အကြောင်းတစ်ခုခုပြကာ သူငယ်ချင်းနှင့်မတွေ့အောင် တခြားလမ်းဖြစ်သည့် ဖောက်ကာ ပုလဲလမ်းဘက်မှ ပြန်လေ့ ရှိသည်။ နောက် ကြာတော့ အကြောင်းစုံကို သိလာရသည့်အခါ ကျနော်မှာ စိတ်မကောင်းဖြစ်ရလေခြင်း။ ထိုကလေးမှာ သူဘက်က ခဲရာခဲဆစ် ကြံဖန်လုပ်ဆောင်ထားရသည့်နေ့မှ ကျနော်က ရပ်ကွက်ထဲလာပြီးမှ စာမသင်ဖြစ်ဘဲ ပြန်သွားသဖြင် သူတို့ချို့တဲ့လို့ မစားတာဟုထင်ကာ ရှက်ပြီး စာလာမသင်ဖြစ်တော့မှန်းသိရသည်။ကျနော်ကလည်း ကျနော်အရှက်နှင့်ကျနော်။သူတို့ကလည်း သူတိုအရှက်နှင့် သူတို့။သို့သော်ထိုစဉ်က ကျနော်မှာ လူငယ်စိတ်လူရွယ်စိတ်သာရှိသဖြင့် ကိုယ်အမှားက တခြားသူကိုဘယ်လောက်ထိ စိတ်ထိခိုက်စေသည်လဲဆိုတာ နားမလည်၊မခံစားတတ်။ သူတို့ဒီလိုကျွေးလို့ ငါအပြောခံရတာဆိုသည်စိတ်ပဲရှိသည်။ ငါလည်းမကျွေးခိုင်းဘဲ ကျွေးကြတာဆိုသည့် အတ္တသာရှိနေသည်။ ထိုကလေးမ၏စိတ်ထဲဖြစ်သည့် အရှက်တရားကို ထည့်မတွက်ဖြစ်ခဲ့။

ကျနော်သင်ကြားမှုအတွ့အကြုံအရဆိုလျှင် ထိုကလေးမမှာ ဆယ်တန်းအောင်နိုင်သည့် အရည်အချင်းနှင့် လုံလဝီရိယရှိသည်။သို့သော်ထိုအချိန်က မြို့ပြောင်းရွာပြောင်းအခြေအနေများကြောင့် အခြေကျအောင် လုပ်ဆောင်နေရသဖြင့် စာသင်ကျောင်းမှာလည်း အစဖြစ်ရာ ပညာသင်ကြားရေးကို မိဘရော ဆရာရော ဂရုစိုက်နိုင်ကြသည့် အခြေအနေမဟုတ်ရာ ထိုကလေး၀ိုင်းလာတက်ခြင်း မတက်ခြင်းကိုလည်း သိပ်မခံစားဖြစ်။

နောက်ဆယ်နှစ်ခန့်ကြာသည့်အခါမှ သူငယ်ချင်းနှင့် ရှောင်မရသည့် ပွဲတစ်ခုတွင်တွေ့သည့်အခါမှ ထိုအဖြစ်ကိုဇာတ်ရည်လည်သည့်အခါ ကျနော်အတ္တအတွက် ကလေးတစ်ဦးအတွက် မြင့်မားသည့် ဘ၀တက်လမ်းကို လက်လွတ်လိုက်ရပါလားဆိုတာကို  နောင်တရမိသည်။ထိုကလေးက သူမိဘတွေကို ပြောကာ ကျနော်အတွက် အကောင်းဆုံးနိုင်သလောက် ပြင်ဆင်ထားချိန်တွင် ကျနော်က လမ်းထဲလာပြီးမှ ပြန်သွားသည့်အတွက် သူကျွေးသည့် ထမင်းဟင်းမကောင်းလို့ စာတောင်မသင်ဘဲ  ပြန်သွားသည်ထင်ပြီး သူငယ်ချင်းတွေ အကြားအရှက်ရကာ စာတောင်လာမသင်ဖြစ်တော့ခြင်းဖြစ်သည်ဟုဆိုသည်။မိဘတွေကလည်း ဒီလိုချေးငှားပြီးချက်ပြုတ်ပြီးကာမှ လာမစားသည့်အတွက် သူတို့ကို နှိမ်သည်ထင်ကာ ကလေး၀ိုင်းတွင် စာလာမသင်ခြင်းကို မတားကြတော့။

ယခုထိုကလေးမမှာ ကျနော်သိသည်အချိန်ကဆို ရွေပြည်သာစျေးတစ်ခုတွင် ကုန်စိမ်း စျေးရောင်းနေသည်ဟု ဆိုသည်။သူနှင့်ရွယ်တူအချို့ ကျနော်တပည့်အချို့မှာ အရာရှိ အရာခံနှင့် အချို့မှာ ဘွဲ့ရပညာတတ်အဖြစ် ဘ၀ကို သက်သောင့်သက်သာဖြတ်သန်းနေရသည်။ ထိုအကြောင်းပြန်တွေးမိသည့် အခါတိုင်း ကျနော်ဘာလို့ ထမင်းသွားမစားဖြစ်မိတာလည်းဆိုကာ ယူကျုံးမရဖြစ်မိတုန်း။

ဒီကတည်းက ကျနော် တပည့်တွေအိမ်မှာ မည်သည့်အကြောင်းနှင့်ဖြစ်ဖြစ် ထမင်းမစားဖြစ်တော့။ ညီတူမျှတစွာ ဆက်ဆံမခံရလျှင် ဖြစ်တတ်သောစိတ်သည် ကိုယ်ကချို့တဲ့သည့်အခါတွင်  ပိုခံစားရတတ်ကြောင်း သိရသည်အခါ ကျနော်တပည့်မဖြစ်ခဲ့သည့် ကုန်စိမ်းရောင်းနေရသည့် ကလေးမကို ပြေးမြင်မိသည်။ ထိုကလေးမကြောင့် ကျနော် စာသင်သက်တစ်လျှောက်လုံး  ကလေးများကို ထူးပြီးချီးမွမ်းရင်သာနေမည် မနှိမ့်ချတတ်သည်မှာ ဘ၀ကိုရင်းပြီး သင်ခန်းစာပေးခဲ့သည့် တပည့်မတစ်ယောက်ကြောင့်ဖြစ်ပေသည်။

 

ဆရာကျော်