【 ဆောင်းပါး 】“ သင်ကြားမှုစွမ်းရည်”

【 ဆောင်းပါး 】“ သင်ကြားမှုစွမ်းရည်”

လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူများမှာ တာဝန်ယူတာဝန်ခံ ဆောင်ရွက်နေရတဲ့ ကိစ္စရပ်များစွာရှိပါတယ်။ ထိုအထဲမှာ  မိမိလက်အောက်ဝန်ထမ်းများရဲ့ လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေး တိုးတက်မြင့်မားလာရေးဆောင်ရွက်ဖို့သည် အရေးကြီးသောတာဝန်တစ်ရပ်ဖြစ်ပါတယ်။ မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကောင်းမွန်ထက်မြက်လာစေဖို့ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးဖို့ တွန်းအားပေးဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။

အဖွဲ့အစည်း အသင်းအဖွဲ့များရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရလဒ်တွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်များ ကောင်းမွန်လာဖို့ တိုးတက်လာဖို့လိုအပ်ပါတယ်။ သစ်ခုတ်သမားတစ်ဦးအသုံးပြုနေတဲ့ ပုဆိန်သည် ထက်မြက်နေမှသာ လုပ်ငန်းခွင်တွင်ကျယ်မှာဖြစ်ပါတယ်။ ပုဆိန်ထက်မြက်နေဖို့ အမြဲသွေးပေးနေဖို့လိုအပ်ပါတယ်။ ဝန်ထမ်းများ၏ အရည်အသွေးထက်မြက်နေစေဖို့အတွက်လည်း အဆက်မပြတ် လေ့လာသင်ယူနေရမှာဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်နိုင်စွမ်း(Ability)ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိမှု (Aptitude) လေ့ကျင့်သင်ကြားမှု (Training & Development) နဲ့ စွမ်းအားအရင်းအမြစ် (Resourses) တို့ရဲ့ ပေါင်းစည်းမှု ရလဒ်ဖြစ်ပါတယ်။ မန်နေဂျာတစ်ဦးအနေနဲ့ မိမိဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်မြင့်မားတိုးတက်ဖို့အတွက် ပင်ကိုယ်စွမ်းရည်ရှိသူများကို ရွေးချယ်ခန့်အပ်ဖို့၊ လိုအပ်တဲ့ရင်းမြစ်များကို ဖြည့်ဆည်းပေးပြီး လေ့ကျင့်သင်ကြားမှု များပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားမှုစွမ်းရည် ပြည့်၀ဖို့လိုအပ်ပါတယ်။ မန်နေဂျာအနေနဲ့ မိမိဝန်ထမ်းများကို အဓိကပင်မအရည်အသွေးနဲ့ ကျွမ်းကျင်မှုများဖြစ်တဲ့ (Core competencies and skill) မိမိကိုယ် မိမိ သတိပြုမိခြင်း (Self awareness) မေးခွန်းများမေးတက်ခြင်း ၊ နားထောင်ပေးခြင်း (Listening)၊ ရင်းနှီးနွေး ထွေးခြင်း (Creating Rapport)၊ ဆက်သွယ်ရေးကောင်းမွန်ခြင်း (Communication skills)၊ အချိန်ကိုအကျိုးရှိစွာ စီမံခန့်ခွဲခြင်း (Time management) အစရှိတဲ့ ကျွမ်းကျင်မှုအရည်အသွေးများရရှိအောင် လေ့ကျင့်သင်ကြားပေး ရမှာဖြစ်ပါတယ်။

သင်ကြားလေ့ကျင့်ပေးမယ့် မန်နေဂျာအနေနဲ့လည်း ဆက်သွယ်ရေးစွမ်းရည်ကောင်းဖို့ (Communica-tion)၊ ဖွဲ့စည်းတည်ဆောက်မှုကောင်းဖို့ (Organization skills)၊ လမ်းညွှန်မှု (mentoring)၊ ဦးဆောင်မှု (Leaders- ship) နဲ့ လိုက်လျောညီထွေရှိမှု (Adoptability) အစရှိတဲ့အရည်အသွေးများ ပြည့်၀နေရမှာ ဖြစ်ပါတယ်။ မန်နေဂျာရဲ့ လေ့ကျင့်သင်ကြားပေးမှု၊ ပံ့ပိုးကူညီမှုများ ကောင်းမွန်သည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်မှု (Produ-ctivity)၊ စွမ်းဆောင်ရည်ပြည့်၀မှု (Efficiency)များ ပိုမိုရရှိလာမှာဖြစ်ပါတယ်။

လေ့လာသင်ယူမှုအေားကောင်းတဲ့ စိတ်ပါဝင်စားမှုထက်သန်တဲ့  လိုချင်စိတ်ရှိတဲ့ ဝန်ထမ်းများအနေနဲ့ လေ့လာသင်ယူစရာတွေ ပညာဗဟုသုတတွေကို မြန်မြန်ဆန်ဆန်ရရှိမှာ၊ ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ စိတ်မဝင်စားတဲ့ မလိုချင်တဲ့ ဝန်ထမ်းများကတော့ ဘာမှ ရလိုက်မှာမဟုတ်သလို ရခဲ့ရင်သော်မှ မြန်မြန်မေ့ပျောက်သွား နိုင်ပါတယ်လို့ အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်ကတော့ အခုလိုပြောခဲ့ဖူးပါတယ်။

‘’ I hear and I forget ‘’

(ငါကြားတယ်၊ ပြီးတော့ငါမေ့သွားတယ်)

‘’ I see and I remember ‘’

(ငါမြင်တယ် ပြီးတော့ ငါမှတ်မိတယ်)

‘’ I Do and I Understand ‘’

(ငါလုပ်တယ် ပြီးတော့ ငါနားလည်သွားတယ်)

ကိုယ်ကြားလိုက်တဲ့အရာတွေအားလုံး ခေါင်းထဲဝင်သွားဖို့ မလွယ်ပါဘူး။ ကိုယ့်မျက်စိနဲ့မြင်လိုက်တဲ့ အရာတွေအားလုံးကတော့ မျက်စိထဲမှာ စွဲပြီး မှတ်မိနေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် လက်တွေ့လုပ်ကြည့်လိုက်ရင်တော့  ကိုယ်တိုင်နားလည်သွားပြီ။ တက်မြောက်သွားပြီ ဖြစ်ပါတယ်။ စာတွေ့လက်တွေ့ဆိုတဲ့ စကားရှိပါတယ်။ လက်တွေ့လုပ်ဆောင်ခြင်းမှ အတွေ့အကြုံများမှ လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။ အသစ်အသစ်သောကျွမ်းကျင်မှုအရည်အသွေး (New skills) တို့သည် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း (Experimenting) ကိုကျော်ဖြတ် ပြီးမှသာ ရရှိနိုင်ပါတယ်။ ရလဒ်များကိုရှာဖွေတွေ့ရှိခြင်း သင်ယူခြင်းဖြင့် ကျွမ်းကျင်မှုအသစ်များကို ရရှိမှာဖြစ် ပါတယ်။

ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားရာတွင် ပိုမိုထိရောက်စေရန်ပြောင်မြောက်သော၊ ဆီလျော်သော စကားလုံးများကို အသုံးပြုခြင်း၊ အသံနေအသံထား၊ မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထားမှအစ သင့်တော်ဆီလျော်သလို အသုံးပြု၍ မိမိပေးလိုသော သတင်းအချက်အလက်များ၊ ပညာဗဟုသုတများကို သင်ကြားပေးပို့နိုင်ပါတယ်။ Audio-visual piesentation များသုံးစွဲသင့်ပါတယ်။

ကျွမ်းကျင်မှုအသစ်များရရှိဖို့  သင်ယူသူဝန်ထမ်းများအနေနဲ့ စောင့်ကြည့်လေ့လာခြင်း (Watching)၊ စဉ်းစားတွေးခေါ်ခြင်း (Thinking)၊ လက်တွေ့လုပ်ဆောင်ခြင်း (Dating) တို့ကို ပေါင်းစပ်လုပ်ကိုင်နိုင်ပါက ပိုမိုထိရောက်မှာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးနှစ်ခန့် စာရေးသူတို့  Junior ဘ၀က ဆရာသမားများဟာ  အင်မတန်မှတော်ပြီး စိတ်ရှည်ကြပါတယ်။ စာရေးသူတို ဂျူနီယာသမားများကို စေတနာထားပြီးစာတွေ့လက်တွေ့ လေ့ကျင့်ပေးခဲ့ကြပါတယ်။ ကျေးဇူးအထူးတင်ရပါတယ်။ ဟိုတယ်ခန်းမသင်ကြားရေးစင်တာမှာ စနစ်တကျသင်ကြားပေးပါတယ်။  သရုပ်ပြ (demonstration) များနဲ့ အထပ်ထပ်အခါခါ လေ့ကျင့်ပေးပါတယ်။ အပြန်အလှန် Role play လုပ်ရပါတယ်။ စိတ်ချရတဲ့အခြေအနေရောက်မှ ဆရာသမားများကိုယ်တိုင် ဦး‌ဆောင်ပြီး စျေးကွက်ထဲမှာ လက်တွေ့ကွင်းဆင်းဆောင်ရွက်ကြရပါတယ်။ စျေးကွက်ထဲမှာ ဆိုင်ရှင်များ၊ ဖောက်သည်များ နှင့် လက်တွေ့ စကားပြော စစ်တမ်းကောက်ရင်းနှီးမှုတည်ဆောက်ပေးပါတယ်။ စျေးကွက်ထဲမှာ လုံလောက်တဲ့လေ့ကျင့်သင်ယူမှု၊ စမ်းသပ်ခိုင်းစေမှုများပြုပြီး ကျေနပ်လောက်တဲ့ အဆင့်ရောက်တော့မှ တာဝန်တွေကို ခွဲဝေအပ်နှင်းပါတယ်။ အနီးကပ်ကြီးကြပ်မှု (Fied coaching) ပေးပါတယ်။ Monitoring လုပ်ပါတယ်။ စွမ်းဆောင်ရည်ကို  Evaluation လုပ်ပါတယ်။

အီလက်ထရွန်းနစ်နဲ့ လျှပ်စစ်ကုမ္ပဏီတစ်ခုမှာတော့  စျေးရောင်းချပုံရောင်ချနည်း၊ စဉ်းစားတွေးခေါ်ပုံနဲ့ ဖောက်သည်ဆက်ဆံရေး (CRM) နည်းစနစ်များကို မန်နေးဂျင်းဒါရိုက်တာ (MD) ကိုယ်တိုင်စျေးကွက်ထဲမှာ လက်‌တွေ့သင်ကြားပေးပါတယ်။ ပညာတွေအများကြီးရခဲ့ပါတယ်။

Unilever မှာတာဝန်ထမ်းဆောင်စဉ်မှာတော့ နိုင်ငံခြားသားဆရာများနဲ့ လက်တွဲလုပ်ခဲ့ရလို့ ပညာတွေ ထပ်သင်ရပါတယ်။  Distribution Coverage  ကိုဘယ်လိုချဲ့ထွင်ရမလဲ။  RDO၊ UDO၊ RSO စတဲ့ အယူအဆများ သိခဲ့လုပ်ခဲ့ရပါတယ်။ အရောင်းစီမံမှု (Sales Management)၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု (business Development)၊ ကိုယ်စားလှယ်စီမံခန့်ခွဲမှု (Distributor Magement) စတဲ့ပညာရပ်များကို လက်တွေ့ကျကျ လေ့လာဆောင်ရွက်ခဲ့ရပါတယ်။ ဒါ့အပြင်မြန်မာဆရာများဆီကလည်း Market visit အတူတူသွားရင်း ပညာများစွာကို လက်တွေ့လုပ်ငန်းခွင်မှ လေ့လာသင်ယူခဲ့ရပါတယ်။ ယခုလက်ရှိအလုပ်မှာတော့ သုံးလေးလလောက်ပဲ တွဲပြီးလုပ်ခဲ့ရပါတယ်။ ဆရာသမားများကတော့ အခြားနိုင်ငံမှာပဲ ရုံးထိုင်ပြီး စာရေးသူတို့ကို အွန်လိုင်းကနေပဲကြီး ကြပ်ပါတယ်။ ဒီဆရာသမားဆီက အတွေးအခေါ်သစ်တွေ၊ လုပ်ကိုင်ဆောင်ရွက်ပုံအသစ်တွေ၊ လူတွေကို ဘယ်လို စီမံခန့်ခွဲသလဲ၊ စိတ်ခံစားမှု (emotion) ကိုဘယ်လိုထိန်းလဲ၊ လူကြီးဆန်ဆန် ဘယ်လိုနေသင့်လဲ။ လုပ်ပိုင်ခွင့်တွေ ဘယ်လိုပေးရမလဲ။ တာဝန်ယူမှုတာဝန်ခံမှုဆိုတာ ဘယ်လိုမျိုးလဲ။ အလုပ်တာဝန်တွေကို ဘယ်လိုခွဲဝေအပ်နှင်း (clelegation) လုပ်မလဲ စတာတွေကို လေ့လာသင်ယူလို့ရခဲ့ပါတယ်။ ‘’မင်းလာခဲ့၊ ဒီလိုလုပ်‘’ ဆိုတဲ့ သင်ကြားပေးမှုမျိုး မဟုတ်ပါဘူး။ တာဝန်ပေးအပ် လေ့လာသင်ယူစေတာမျိုး ဖြစ်ပါတယ်။

ELM လို့ခေါ်တဲ့  Experiential Learning Model မှာ အစိတ်အပိုင်းလေးခုပါဝင်ပါတယ်။ ပထမတစ်အချက်က ကျွမ်းကျင်မှုအရည်အသွေးသစ် (News skills)ရဲ့ အခြေခံယူဆချက်တွေကို ဝန်ထမ်းတွေနားလည်လာအောင် ရှင်းပြပေးတာဖြစ်ပါတယ်။  (Conceptualizing)

ဒုတိယအဆင့်မှာတော့ ဝန်ထမ်းတွေဘယ်လိုနားလည်လဲ၊ ဘယ်လောက်နားလည်လဲဆိုတာကို စမ်းသပ်တာဖြစ်ပါတယ်။  (test their understanding)

တတိယဆင့်မှာတော့ ဝန်ထမ်းတွေကို သူတို့သင်ယူထားတဲ့ New skill တွေကို လက်တွေ့အသုံးချစေ တာပဲဖြစ်ပါတယ်။ (Apply the new skill In concrete experience)

စတုတ္ထအဆင့်အပိုင်းမှာတော့ ဘာတွေရှိတယ်။ နောက်ဆက်တွဲဖြစ်စဉ်တွေက ဘယ်လိုစသည်ဖြင့် တွေ့ ရှိချက်များအပေါ်မှာ ဆွေးနွေးသုံးသပ်တာ။ ပိုကောင်းစေမယ့်နည်းလမ်းများကို ဆွေးနွေးတာ ဖြစ်ပါတယ်။ လက်တွေ့လေ့လာဆောင်ရွက်ပြီးစီးတဲ့နောက်မှာ သင်ခန်းစာယူစရာများ ပိုကောင်းစေမယ့်နည်းလမ်းများ စသည်တို့ကို သုံးသပ်ပြီး ပိုမိုကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ကြရပါတယ်။ ဆက်လက်ဆောင်ရွက်ကြပါတယ်။ မန် နေဂျာအနေနဲ့  ELM Model ကို အသုံးပြုသင်ကြားမယ်ဆိုရင် သင်ယူမယ့်ဝန်ထမ်းတွေအနေနဲ့ သဘောတရားရေးပိုင်းရော လက်တွေ့ပိုင်းမှာပါ သေချာနားလည်ဖို့လိုအပ်ပါတယ်။  လက်တွေ့လေ့ကျင့်ဆောင်ရွက်ဖို့ အခွင့်အရေး ပေးထားရမှာ ဖြစ်ပါတယ်။ ဘယ်လိုဆောင်ရွက်တယ်။ ဘာရလဒ်တွေရတယ်။ ဘယ်လိုလုပ်လိုက်ရင် ရလဒ်ပို ကောင်းလာနိုင်တယ်စတဲ့ တုံ့ပြန်မှုများပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် New skill ကို တွန်းအားပေးဆောင်ရွက် ရမှာဖြစ်ပါတယ်။

မန်နေဂျာအနေနဲ့ မိမိဝန်ထမ်းများကို စေတနာထားပြီး၊ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့်ကွပ်ကဲ ဆောင်ရွက်သည်နှင့်အမျှ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုအရည်အသွေးလည်း တိုးတက်လာမည်ဖြစ်ရာ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများသည်လည်း ပိုမိုတိုးတက် အောင်မြင်လာမှာဖြစ်ပါတယ်။

မှူးခန့်စံ