【 ဆောင်းပါး 】“ အခက်အခဲများနှင့် ယဉ်ပါးလာခြင်း”

【 ဆောင်းပါး 】“ အခက်အခဲများနှင့် ယဉ်ပါးလာခြင်း”  

ယခင်က အခက်အခဲများကို ငြီးတွားသည့်အခါ ကျနော်သဘောမကျ။ ငယ်စဉ်ကဆိုလျှင် အမေက အိမ် လာဘ်တိတ်သည်ဟုဆိုကာ ခေါင်းခေါက်လေ့ရှိသည်။ သက်ပြင်းချသည်ပင် အမေက မကြိုက်။ အသက်တိုသည် ဆိုကာ တားမြစ်သည်။ ယခုချိန်မှာ ကျနော်ငြီးခြင်းကို ဘယ်သူမှလည်း အထူးတလည် ကန့်ကွက်မည်မဟုတ်။ တားမြစ်ခဲ့သည့် အသက် ၈၀ ကျော်အမေလည်း ဒီလိုငြီးတွားရသည့်အကြောင်းရင်းတွေကို သိပြီ ဖြစ်သဖြင့် တားမည်လဲ မထင်တော့။ လက်ရှိကာလတွင် လူတိုင်းတစ်ယောက်နှင့် တစ်ယောက်ဘယ်လောက်ရင်းနှီးသလဲဆိုသည်ကို တိုင်းတာမည်ဆိုလျှင် ကိုယ်အခက်အခဲသူ့ပြောပြ ၊သူ့အခက်အခဲ ကိုယ်နားထောင်ဆိုသည့် အလေ့အထကိုသာ ကြည့်ရမည် ဖြစ်လေသည်။

အခက်အခဲဆိုသည်မှာ မွေးသည်မှ သေသည်အထိ တစ်ချိန်မဟုတ် တစ်ချိန်ကြုံရသည့် ကိစ္စဖြစ်သည်။ ငယ်စဉ်ကဆို ဖိနပ်မတော်တာကနေ အင်္ကျီကြယ်သီးမရှိတာတွေက အခက်အခဲကြီးဖြစ်ပြီး အရွယ်အနည်းငယ် ရောက်လာသည့်အခါ အချစ်ရေး၊ နောက်ပညာရေး၊နည်းနည်းအရွယ်ရလာသည့်အခါ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊နောက်တော့ အလုပ်အကိုင်၊ကြွေး၊သားသမီးရေး။နောက်အသက် ဒီထက်ကြီးလာသည့်အခါ ကျန်းမာရေး စသဖြင့် အခက်အခဲတွေက အသက်အရွယ်အလိုက် မြင့်မြင့်လာသည်။ သို့သော် အသက်အရွယ်အလိုက်ဖြတ်ခဲ့ရသည့်အလုပ်မှန်သမျှမှာ  ပြေလည်သည်ကနည်းပြီး ကြာတော့ အခက်အခဲဆိုတာ ကြုံလာရသည့်အတားအဆီး အဖြစ်သာ မြင်မိတော့သည်။ ပြေလည်အောင်မဖြေရှင်းနိုင်သည့်အခါ ဖြစ်သလိုကျော်ဖြတ်ခြင်းဖြင့် ဘ၀ဆိုတာကို တည်ဆောက်ခဲ့ရသည်။ ဘ၀ဆိုသည်တွင် အခက်အခဲက အဓိက နေရာတွင် အမြဲတမ်း၊အချိန်တိုင်း တစ်ခုမဟုတ် တစ်ခုရှိနေသဖြင့် အခက်အခဲဖြစ်လာတိုင်း သိပ်စိတ်မညစ်တော့။

ဒီဘက်နှစ်တွေမှာ လူက အကျပိုင်းရောက်လာသလို ကြုံလာရသည့်အဖြစ်တွေက သိပ်မြန်လွန်းသဖြင့် နေ့ တွေမှာ ကြည့်နေရင်း အချိန်တွေဖြတ်သန်းမှုကို မှင်သက်မိသည်အထိပင်။ ဒါတွေ ကိုယ်တစ်ယောက်တည်းသာ ကြုံရပါက စိတ်တစ္ဆေခြောက်ခြင်းအဖြစ် ယူဆမိမှာဖြစ်ပြီး အားလုံးဒီလိုပြဿနာကို ကြုံရသည့်အခါ စိတ်ထဲ ခက်ခဲလိုက်သည့်နှစ်တွေကို ငါတို့လည်စင်းခံဖြတ်နေရပါလားဟု တွေးတွေးမိသည်။ ကျနော်တို့နားတွင် ရှိသည့်သူ တွေ ဒီဘက်နှစ်ပိုင်းတွင် တဖြုတ်ဖြုတ်ကြွေကျကုန်သည်။ အရွယ်ကောင်းတွေကော မီးစာကုန်ဆီခမ်း ကိုယ်အရွယ်တွေ ကော။ ဘုရားဟောသည့်တရားကို နှလုံးသွင်းစဉ်ကမရခဲ့သည့် မရဏသဘောကို ပြီးခဲ့သည့်နှစ်တွေမှာ ကြုံခဲ့ရ သည်။ မနက်ဖက်ပင် ကျနော်နှင့် လဘက်ရည်ဆိုင်တွင်တွေ့ပြီး နောက်ပြောင်ခဲ့သူ ၊နောက်နေ့မနက်တွင် လောက တွင် မရှိတော့ဆိုသည်အဖြစ်ကို လက်မခံမယုံနိုင်စရာ။

ယခုဆို လမ်းသွားလည်း အခက်အခဲရှိသည်။ စားရေးသောက်ရေးမှာလဲ အခက်အခဲရှိသည်။ နေရေးထိုင် ရေးမှာလဲ အခက်အခဲရှိသည်။ ဝင်ငွေမှာလည်း အခက်အခဲရှိသည်။ကျန်းမာရေးမှာလည်းအခက်အခဲရှိသည်။ ဒီလို အခက်အခဲတွေက နေရာပေါင်းစုံမှာ ရှိလာခဲ့တော့ လူက အခက်အခဲမရှိရင် မနေတတ်တော့သလို ဖြစ်လာသည်။ ဒီလိုမျိုးအဖြစ်ကို လွန်ခဲ့သော နှစ် ၂၀ ကျော်လောက်က သူငယ်ချင်းတစ်ယောက်တွင် တွေ့ခဲ့ဖူးသည်။

ထိုသူငယ်ချင်း၏ မယားက ရပ်ကွက်ထဲ အချေးအငှားထူသည်။ သူငယ်ချင်းက နှစ်လုံး သုံးလုံးနှင့် လောင်းကစားလုပ်သည်။ နှစ်လုံးဆိုတာ ယခုခေတ်နှလုံးမဟုတ်။ ထိုခေတ်က မြန်မာထီအောင်ဘာလေထီကို ၇ ရက်ဖွင့်သည်။ ဒီတော့ ထိုဖွင့်သည့်ထီမှ နောက်ဆုံးဂဏန်းနှစ်လုံးကို ယူထိုးကြရခြင်းဖြစ်သည်။နောက်တော့ အစိုးရက ထိုတရားမဝင်ထီကိုတားရန် ထီဖွင့်ရက်ကို တစ်ရက်ထဲ ထားလိုက်ရသည်။ ဒီလို လောင်းကစားအစုံလုပ်၊ မိန်းမက ရပ်ကွက်ထဲ အချေးအငှားဖြင့် ဆိုတော့ သူအိမ်ကိုနေ့တိုင်းကြွေးလာတောင်းသူက မပြတ်။ သူမှာ အခက် အခဲကလည်းစုံသည်။ ကလေးကလည်း ၄ ယောက်လောက်ရှိပြီး တစ်ခါတရံ မနက်စာနှင့်ညနေစာကို ကလေးတွေ မှာ ပေါင်းစားရသည်။ထိုမျှ ကြွေးထူသော မိသားစုမှာ ရှေးကုသိုလ်ကံ ပေါ်ချိန်ရောက်တော့ ထီပေါက်သဖြင့် အ တော်များများရကာ အကုန်ပြေလည်သွားသည်။ယခုထိုမိသားစုမှာ ကျနော်ယခင်နေခဲ့သည့်ရပ်ကွက်တွင် အတော့် ကို ချောင်ချောင်လည်လည်ပြေပြေလည်လည်နှင်။

ထိုသူငယ်ချင်းမှာ ထီပေါက်သော်လည်း သူအကြွေးရှင်တစ်ဦးကို ငွေ ၅၀၀၀ ဆပ်ရန်ခ ချန်ထားခဲ့သည်။ ဘာကြောင့်ချန်ထားသည်မသိ။ ဟိုလူက သူကြွေးအကြေပြန်မဆပ်သဖြင့် မကျေနပ်။ သူကလည်း ထိုသူကို ကြွေး သာမဆပ်သည်  တွေ့သည်နှင့် လဘက်ရည်ဆိုင်ဆိုလည်း ကျသလောက်ရှင်းသည်။ ဘီယာဆိုင်ဆိုလည်း အကုန်ခံ သည်။ ဒီတော့ ကျနော်က သူကို တိုးတိုးတိတ်တိတ် “ ဟေ့ကောင် မင်းကို ဦးကြည်အောင်ကြီး သူကြွေးအကြေ မဆပ်လို့ မကျေနပ်မနပ်ဖြစ်နေတယ်နော်လို့ ပြောခဲ့ရာ သူက “ အကြွေးတွေ အကုန်ကြေသွားတာ ငါတို့လင်မယားနှစ်ယောက်လုံး မနေတတ်မှာစိုးလို့ချန်ထားတာ”လို့ ပြောခဲ့သည်။

ထိုစဉ်တုန်းက သူတို့ပြောသည်ကို သိပ်နားမလည်။ ဒီကောင် တော်တော်လက်ခက်တယ်ဟု ယူဆခဲ့သည်။ ယခုတော့ ထိုသဘောကို နားလည်လာသည်။ တစ်ခါတလေ လှိုင်သာယာကနေ ရန်ကုန်မြို့ထဲကို လျော လျော လျူလျူရောက်သည့်အခါ တစ်ခုခုလိုနေသလို ခံစားရသည်။ ကြုံတောင့်ကြုံခဲ ငွေချေးသည့်အခါ လွယ်လွယ် ကူကူ ရပါက တစ်ကယ်မှ ဟုတ်ပါ့မလားဟု စိတ်ကထင်မိသည်။ ညဘက် အနှောင့်အယှက်မရှိဘဲ အိပ်ရသည့်အခါ ဟုတ် မှ ဟုတ်ရဲ့လားဟု စိတ်က ထင်မှတ်မှားမိလေသည်။

ယနေ့လဘက်ရည်ဆိုင်မှာပြောသည့်စကားမှာ လမ်းသွားသည့်အခါ ၊ ညအိပ်သည့်အခါ၊ တစ်ခုခုလုပ်သည့် အခါ အနှောင့်အယှက်မရှိဘဲ ပြီးမြောက်သည့်အကြောင်းအရာမျိုးဖြစ်သည်။ ဆိုသည်မှာ အခက်အခဲမရှိဘဲ ပြီးသည် က ပြောစရာသတင်းစကားဖြစ်လာခြင်းပင်ဖြစ်သည်။ မခက်ခဲခြင်းမှာ ယနေ့အချိန်တွင် မရှိသည့် အခြေအနေဖြစ် သည်။ နေ့တိုင်း မြို့ထဲက အသိတစ်ယောက်ဆီမှာ အလုပ်လေးတစ်ခုသွားလုပ်ရသည့် ကျနော်အဖို့ အခက်အခဲကို နည်းပေါင်းစုံဖြင့်မရိုးအောင် ကြုံရသည်။ လိုင်းကားရအောင် စောင့်ရသည်။ရသည့်အခါ ကိုယ်တွင်ပါသည့် ဖုန်းအ စုတ်လေး ခါးပိုက်နိုက်လက်ထဲမပါအောင် သတိထားရသည်။ ကားပေါ်တွင် နေရာရသည်အခါ ဟိုဟိုဒီဒီကြည့်ပြီး ထိုင်ရသည်။ ကားပေါ်က ဆင်းသည့်အခါ သတိနှင့် ဆင်းရသည်။  လမ်းထဲ ရောက်သည့်အခါ ရမ်းမဝင်ရဲ။ အိမ်ကို လှမ်းဆက်ရသည်။ ရပ်ကွက်တွင်းအခြေအနေ။စျေးဝယ်သည့်အခါ စျေးသည်က သုတ်သုတ်ရောင်းလျှင် အခြေအ နေမကောင်းဟု သတိထားကာ ခပ်သုတ်သုတ်ဝယ်ရသည်။ စျေးသည်ပြေးလျှင် ကိုယ်လည်းလိုက်ပြေးရသည်။ 

ဘ၀ကားယခုမှ ငယ်ဘ၀ကို ပြန်ရသလိုဖြစ်နေသည်ဟု အိမ်ကမိန်းမကို ခပ်ရွဲ့ရွဲ့ဆိုမိသည်။ သွားသုတ် သုတ် လာသုတ်သုတ်၊ကျီးကြည့်တောင်ကြည့်။ ကျီးလန့်စာစား။ အသက်ကြီးမှကြုံလာရသည့်အခက်အခဲက စိတ် နှင့်ဒဏ် မမျှသလို ခံရနိုင်ရည်က ကြာလေလျော့ကျလာလေ။ တစ်ခါတစ်လေတော့  လဘက်ရည်ဆိုင်ထိုင်ရင်း ဆေးပေါလိပ်ဖွာရင်း စားဝတ်နေရေးမကြောင့်ကြရသည့်အချိန်အခါနှင့်ဘ၀ကို ဒီတစ်သက်ရခွင့်ကြုံပါ့မလားဟု..။

အခက်အခဲများက ကြာလေ ပိုကြုံရလေဖြစ်သည်။ယခုထိတော့ အခက်အခဲများနှင့် ဘ၀ကို ကခုန်နေ ဆဲသာ။    

မောင်ဦးလွင်