【 ဆောင်းပါး 】“ အညစ်အကြေး စင်အောင်ဆေး ”

【 ဆောင်းပါး 】“ အညစ်အကြေး စင်အောင်ဆေး ”

ခန္ဓာကိုယ်၏တစ်နေရာရာမှာ အညစ်အကြေးတစ်ခုခုပေကျံလာလျှင် ရေနှင့်စင်ကြယ်အောင် ဆေးကြော ပစ်ကြသည်။ အနံ့ အသက်ဆိုးသောအညစ်အကြေးဆိုလျှင်တော့ ဆပ်ပြာမွှေးနှင့်တိုက်ကာ ရေအထပ်ထပ်ဆေး ကြသည်။ အသန့်အပြန့်ကြိုက်၍ ကျန်းမာရေးဂရုစိုက်သူဆိုလျှင် ဆေးကြောလို့ကို မပြီးနိုင်တော့ပါ။

လူတို့သည် အညစ်အကြေးကိုမည်မျှရွံရှာကြသလဲဆိုလျှင်ကိုယ့်မှာမဟုတ်ဘဲ တခြားသူ တစ်ယောက်ယောက် အညစ်အကြေးပေကျံနေတာတွေ့လျှင်တောင် ရွံရှာတတ်ပါသည်။ ထိုအညစ် အကြေးပေသူ၏အနားသို့ပင် မကပ် ဘဲ ရှောင်သွားတတ်ကြပါသည်။

ခန္ဓာကိုယ်မှာ အညစ်အကြေးစင်ချင်ရုံမက အဝတ်အစားများ အသုံးအဆောင်ပစ္စည်းများကိုလည်း အညစ်အကြေးမတင်အောင် လျှော်ဖွတ်တိုက်ချွတ်ဆေးကြောလေ့ရှိကြသည်။ အိမ်တွင်း အိမ်ပြင် ခြံဝန်းပါမကျန် သန့် ရှင်းရေးကို ဂရုတစိုက်လုပ်ကြသည်။ ထိုမျှလောက်အထိအညစ်အကြေး အမှိုက်သရိုက် အနံ့ဆိုးတွေကို ရွံရှာတတ် ကြသည်။

မည်သို့ပင်ဆိုစေ အားလုံးခြုံကြည့်လျှင် ခန္ဓာကိုယ် အညစ်အကြေးကင်းစင်ပြီး သန့်သန့်ရှင်းရှင်း နေထိုင်ပြုမူ တာကတော့ ကောင်းမွန်သောအလေ့အထ ကောင်းမွန်သောလုပ်ရပ်လို့ပြောရမှာပါ။ ခန္ဓာကိုယ် သန့်ရှင်းတော့ ရုပ်ရည်အသွင်အပြင်ပိုကြည့်ကောင်းပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့လည်း အများကြီးအထောက်အကူဖြစ်ပါသည်။ ထို့ကြောင့်လည်း တစ်ကိုယ်ရေသန့်ရှင်းရောဂါကင်းလို့တောင် ဆိုထားကြတာပါ။

လူတစ်ယောက်အတွက် ခန္ဓာကိုယ်အညစ်အကြေးကင်းစင်ဖို့ လိုအပ်သည်ဆိုသော်လည်း ခန္ဓာကိုယ်ထက် အရေးကြီးသည်က စိတ်ဓာတ်ဖြစ်ပါသည်။ စိတ်ဓာတ်အညစ်အကြေးကင်းစင်ဖို့က ပိုအရေးကြီးပါသည်။ လူတိုင်းအတွက် စိတ်သန့်ရှင်းဖို့ကအရေးအကြီးဆုံးဖြစ်ပါသည်။

လူတစ်ယောက်သည် ခန္ဓာကိုယ်က ညစ်ပတ်ပေရေနေ၍ မည်သူမျှအနားမကပ်ချင်လောက် အောင်နံစော်နေသော်လည်း ပတ်ဝန်းကျင်သည် သူ့ကြောင့်မပျက်စီးသွားပါ။ သူ့အပြစ်နှင့်သူမို့ ပတ်ဝန်းကျင်ကိုတောင် သူက ကြောက်လန့်နေတတ်သူပါ။ စိတ်ဓာတ်ကညစ်ပတ်နေလျှင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးသွားနိုင်ပါပြီ။ လောကကိုဖျက်ဆီးသော ကြောက်စရာလူသားဖြစ်သွားပါ ပြီ။

အများအားဖြင့် လူတွေကမျက်စိအမြင်ကိုပဲဂရုစိုက်တတ်ကြ၏။ ခန္ဓာကိုယ်အညစ်အကြေးကိုပဲ စိတ်ဝင်စား တတ်ကြပြီး စိတ်အညစ်အကြေးကိုတော့စိတ်မဝင်စားတတ်ကြပါ။ အဲဒါကပဲ လူတို့၏ အားနည်းချက်ပါ။ ယနေ့ ကမ္ဘာမှာငြိမ်းချမ်းမှုမရှိဘဲ ရန်မီးတွေပွားနေတာ မနာလိုဝန်တိုစိတ်တွေ ကြီးထွား နေတာ ရာထူးတွေအာဏာ တွေ ကိုပဲ ရူးရူးမိုက်မိုက်မက်မောနေကြတာ ငွေကြေးစည်းစိမ်ပစ္စည်း ဥစ္စာ တွေနောက်တကောက်ကောက်လိုက်နေ ကြတာ ရလေလိုလေအိုတစ္ဆေဖြစ်နေတာတွေ အားလုံးဟာ စိတ်အညစ်အကြေးကို လျစ်လျုရှုထားကြလို့ပါ။

အဓိကကျသည့် စိတ်အညစ်အကြေးကတော့ လိုချင်တပ်မက်မှုလောဘမှာအခြေခံပါသည်။ လောဘတည်း ဟူသောကိလေသာကိုမက်မောမိတာကစတာပါ။ ကိလေသာဆိုတာ စိတ်ကိုညစ်ညူး စေတတ် ပူပန်စေတတ်သော သဘောတရားပါ။ စိတ်၏အညစ်အကြေးတွေပါ။

သန့်ရှင်းနေသည့်လူ့စိတ်ကို ညစ်ပေစေသော ကိလေသာ အညစ်အကြေး (၁၀) မျိုးရှိသည်။

 

(၁) လိုချင်တပ်မက်မှု လောဘ

(၂) အမျက်ထွက်မှုစိတ်ပျက်မှု ဒေါသ

(၃) အမှန်တရားကိုမသိမှု မောဟ

(၄) ထောင်လွှားမှု မာန

(၅) အယူမှားမှု ဒိဋ္ဌိ

(၆) ယုံမှားမှု ဝိစိကိစ္ဆာ

(၇) စိတ်ကိုလေးလံထိုင်းမှိုင်းစေမှု ထိန

(၈) စိတ်ကိုပျံ့လွင့်စေမှု ဥဒ္ဓစ္စ

(၉) မကောင်းမှုပြုရန်မရှက်မှု အဟိရိက

(၁၀) မကောင်းမှုပြုရန်မကြောက်မှု အနောတ္တပ္ပ တို့ဖြစ်သည်။

 

(၁) လိုချင်တပ်မက်မှုသည် လူတိုင်းမှာရှိပါသည်။ သို့သော်လည်း အသိတရားနှင့်သတိထား ခြင်းမရှိလျှင် အလိုလောဘက ကြီးသည်ထက်ကြီးလာသည်။ ဝိသမလောဘဖြစ်လာပါသည်။ ကိုယ်ပိုင် ပစ္စည်းအပေါ်လောဘ ထားရုံမက သူများပိုင်ပစ္စည်းအပေါ်ပါလောဘတက်လာပါသည်။ ဘယ်သူ့လက်ထဲကပစ္စည်းဖြစ်ဖြစ်လိုချင် တပ်မက်လာပါတော့သည်။

(၂) လိုချင်တပ်မက်မှုတွေအပေါ်မှာသာ အမြဲအာရုံထားလာတော့ ထိုလောဘတွေက အတော မသတ်နိုင်တော့ပေ။ လိုချင်တာတွေများသည်ထက်များလာလေလေ ပိုလိုချင်လာလေဖြစ်လာသည်။ တစ်ခါတလေ ကိုယ်လိုချင်တာ မရသည့်အခါမျိုး ကိုယ်ဖြစ်ချင်တိုင်း မဖြစ်လာသည့်အခါမျိုးမှာ စိတ်ပျက်မှုတွေ မကျေနပ်မှုတွေဖြစ်ကာ တခြား သူများ အပေါ်ဒေါသတကြီးနှင့်ရန်ရှာလာတတ်သည်။

(၃) လောဘ၏သားကောင်ဖြစ်လာသည့်အခြေအနေတွင် ကိုယ်မှန်လားမှားလားမသိတော့ပါ။ အတိတ်က ပြုလုပ်ခဲ့သော ကုသိုလ်အကုသိုလ်အကြောင်းတွေ မတွေးတောမဆင်ခြင်နိုင်တော့ပါ။ ကိုယ်ကိုယ်ဖြစ်ချင်တိုင်းမဖြစ်နိုင်သော အမှန်တရားကိုမမြင်တော့ဘဲ လောဘအမှောင်ထုထဲမှာ အသိဉာဏ် အမြင်တွေ ကန်းမှန်းမသိကန်း လာတော့သည်။

(၄) အလိုလောဘနောက်သို့ တကောက်ကောက်လိုက်ရင်း အကုသိုလ်တွေလုပ်ရင်း လုပ်တိုင်း ဖြစ်လာသောအခါ စိတ်ဓာတ်တွေကမာကြောခက်ထန်လာကာ ဘယ်သူ့ကိုမှလူမထင်ချင်တော့။ လောကမှာ ကိုယ်သာအတော်ဆုံး ကိုယ်သာအတတ်ဆုံးလို့တလွဲမာနတွေထားလာသည်။

(၅) တပ်မက်မှုလောဘကြောင့် အယူအဆတွေလွဲမှားလာသည်။ ကုသိုလ်လုပ်ဖို့မကြိုးစားတော့ဘဲ အကုသိုလ်တွေလုပ်သည့်အကျင့်ကစွဲမြဲလာသည်။ အကုသိုလ်ကျူးလွန်သည့်အပေါ်သာယာလာသည်။ နောင်ဘဝအကြောင်း  သံသရာအကြောင်းမတွေးမိတော့ပေ။ ကံကြမ္မာကိုလည်းမယုံကြည် သံသရာကိုလည်းမယုံကြည်တော့ပေ။ လက်ရှိကောင်းစားဖို့က အဓိကဟုခံယူကာ အယူအဆတွေ လွဲမှားလာတော့သည်။

(၆) ဘုရားအပေါ်တရားအပေါ် ကုသိုလ်အကုသိုလ်အပေါ်မှာ ယုံကြည်မှုတွေလျော့နည်းလာတော့ ကိုယ်ရှာသမျှ ပိုင်ဆိုင်မှုတွေ ကိုယ့်ကိုလိုလားနှစ်သက်သူတွေသည် ကိုယ်နှင့်အမြဲ မခွဲဘဲရှိနေမည်ဟု အထင်တွေမှားလာသည်။ ကိုယ်လိုချင်တာရနေသောလက်ရှိဘဝကို စွဲလမ်းပြီး ကံနှင့်ကံ၏ အကျိုးကိုမယုံကြည်တော့ဘဲ ယုံမှားသံသယ တွေများလာသည်။

(၇) အလိုရမ္မက်တွေ လွှမ်းခြုံထားသဖြင့် တရားမျှတသော အတွေးမျိုးကို စဉ်းစား၍ပင်မရနိုင်တော့ပေ။ မကောင်းမှုလုပ်ရန်တက်ကြွသလောက် ကောင်းမှုလုပ်ရန် စိတ်ဝင်စားမှုမရှိသလိုဖြစ်လာသည်။ ဆန္ဒလောဘ နှင့်ပတ်သက်လာလျှင် ဝီရိယကောင်းပြီး တက်ကြွသလောက် ကုသိုလ်လုပ်ဖို့ ဆိုလျှင် ဝိရိယမရှိတော့ဘဲ ပျင်းရိထိုင်းမှိုင်းလာသည်။

(၈) အချိန်ရှိသမျှ တပ်မက်မှုအာရုံတွေ နောက်ကိုသာလိုက်နေမိတော့သည်။ သူများပစ္စည်း ခိုးပြီး ကြီးပွားချမ်းသာ နေသည့်အတွက် မခိုးဘဲနေလျှင် ဆင်းရဲသွားမည်ဟူသော တရားမဲ့အတွေးက ကြီးစိုးနေသဖြင့် စိတ်သည် မတရားမှု နယ်ပယ်မှာသာ အဖန်တလဲလဲ ပျံ့လွင့်နေမိတော့သည်။

(၉) လိုချင်တပ်မက်မှု အာရုံတွေကြားထဲမှာ မမောနိုင်မပန်းနိုင် ဖြစ်နေပြီး အကြောင်းနှင့်အကျိုး အကောင်းနှင့် အဆိုး ကိုမဆင်ခြင်နိုင်တော့ပါ။ ကိုယ်ကသူများပစ္စည်းခိုးနေတာ သူများအသက်သတ်နေတာ သူများအိမ်ရာ ပြစ်မှားနေတာ သူများကိုအပြစ်တင်စိတ်နှင့်လိမ်လည်ပြောဆိုနေတာတွေနှင့် ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် လည်းရှက်ရမှန်းမသိပါ။ တခြားသူတွေသိပြီးဝိုင်းကဲ့ရဲ့မှာကို လည်းရှက်ရမှန်း မသိတော့ပါ။

(၁၀) မတရားမှုတွေလုပ်ရင်း ကိုယ်လုပ်သော အကုသိုလ်သည် ကိုယ့်အပေါ်ပြန်သက်ရောက် မှာလည်း မကြောက် တော့ပါ။ ကိုယ့်အပေါ်ပတ်ဝန်းကျင်က ဒုစရိုက်အမှုကျူးလွန်သူအဖြစ်အပြစ်တင်မှာ မုန်းတီးနာကြည်းမှာကို လည်း မကြောက်ပါ။ ကိုယ်ကျူးလွန်ခဲ့သောအပြစ်ကြွေးတွေကို ဘဝအဆက် ဆက်ပြန်ပေးဆပ်ရမှာလည်း တွေးမ ကြောက်နိုင်တော့ပါ။

 

စိတ်မှာပေကျံနေသောအညစ်အကြေးများ၏အခြေခံလည်းဖြစ် အရေးကြီးဆုံးလည်းဖြစ်တာကတော့ လိုချင် တပ်မက် မှုလောဘဆိုတာသိသာထင်ရှားပါသည်။ ဗုဒ္ဓမြတ်စွာ၏အဓိကဝါဒသည်လည်း လောဘကို အသေသတ် ရန်ဖြစ်သည်။

စိတ်ကိုစင်ကြယ်သန့်ရှင်းအောင် လောဘအညစ်အကြေးများမတင်အောင် ကိုယ်ကျင့်သီလကို လုံခြုံ အောင်စောင့်ထိန်းထားမည်ဆိုလျှင် အစစအဆင်ပြေနိုင်ပါသည်။ လူတစ်ယောက်၏ဘဝတွင် စာရိတ္တ မဏ္ဍိုင်သည် အဓိကကျပေသည်။ စာရိတ္တမဏ္ဍိုင်ခိုင်မာတည့်မတ်နေလျှင် မတရားမှုကိုပြုလုပ်ခြင်း မတရားသောစကားကို ပြော ခြင်း မတရားသောအကြံအစည်များစဉ်းစားတွေးတောခြင်း လုံးဝ လုပ်ဖြစ်မည်မဟုတ်ပါ။

မြတ်စွာဘုရားရှင်က ပါဋလိရွာသားများအား သီလအင်အားငါးမျိုးကိုဟောတော်မူခဲ့သည်။

 

(၁) သီလရှိသူသည် အရာရာ၌စဉ်းစားဆုံးဖြတ်မှုမှန်ကန်ခြင်း၊ ကတိတည်ခြင်း သတိကောင်းခြင်း စသော အရည် အချင်းကောင်းများရှိလာသဖြင့် စီးပွားဥစ္စာများလွယ်လင့်တကူ အစုလိုက်အပြုံ လိုက်ရရှိသည်။

(၂) ဒီလူကမဟုတ်တာကိုမပြောဘူး မလုပ်ဘူး စသည်ဖြင့် ချစ်ခင်လေးစားခြင်း ခံယူရသည့် အပြင် မိမိ၏ကောင်း သတင်းအရှိန်အဝါများ ပတ်ဝန်းကျင်၌ရိုက်ခတ်သွားပြီး အာဏာတည်၍ သြဇာ ညောင်းသည်။

(၃) အပြစ်ကင်းမဲ့၍ ရိုးသားဖြောင့်မတ်သူ ကိုယ်ချင်းစာတရားရှိသူဖြစ်သဖြင့် အပွဲပွဲတွင် ရဲရင့် ထင်ပေါ်သည်။

(၄) ရှုမှတ်မှုသတိမြဲ၍ သေမင်းကိုပင်ရင်ဆိုင်ရဲသည်။ မိမိကမှန်မှန်ကန်ကန်ပြုလုပ်စေကာမူ အကြောင်း တစ်စုံ တစ်ရာချို့ငဲ့သဖြင့် မအောင်မြင်ရခြင်း လူမှုဒုက္ခအမျိုးမျိုးနှင့်အခိုက်အတန့်တွေ့ကြုံရ ခြင်းများကို အလွယ်တကူပင် ရင်ဆိုင်နိုင်သည်။

(၅) သေရသည့်နောက်တွင်လည်း လူကောင်းနတ်ကောင်းဖြစ်ရသည်။

 

ထို့ကြောင့် ကိုယ်ကျင့်သီလသည် လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ်ဖြစ်သည်။ ကိုယ်ကျင့်သီလသည် ကောင်းကျိုးအားလုံး၏အရင်းခံရေသောက်မြစ်ကြီးဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီးလည်းဖြစ်သည်။

လူတစ်ယောက်သည် သူ၏အကျင့်သီလ တစ်နည်းအားဖြင့် အကျင့်စာရိတ္တကို တန်ဖိုးထား၍ သတိနှင့်စောင့် ထိန်းထားမည်ဆိုလျှင် သူ့စိတ်တွင်းသို့ မည်သည့်အညစ်အကြေးမှ အလွယ်တကူဝင် နိုင်တော့မည်မဟုတ်ပေ။

                                                                                ရိုက်မောင်း