【 ဆောင်းပါး 】“ အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်မှတဆင့် ဦးဆောင်ခြင်း ”
မန်နေဂျာများအနေနဲ့ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ မိမိရဲ့အသင်းအဖွဲ့ဟာ အဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ တန်ဖိုးများကို လိုက်နာကြောင်း သေချာအောင် ဆောင်ရွက်ကြရပါတယ်။ ဒါ့အပြင် မိမိရဲ့ခေါင်းဆောင်မှုနောက်ကို လက်အောက်ဝန်ထမ်းများက ယုံယုံကြည်ကြည် တက်တက်ကြွကြွ လိုက်ပါဆောင်ရွက်အောင် ကြိုးပမ်းကြရတာ၊ လုပ်ငန်းအဖွဲ့အစည်းအတွက် အခွင့် အလမ်းသစ်တွေ ရှာဖွေဖော်ဆောင်ရတာ အစရှိတဲ့ များမြောင်လှတဲ့တာဝန်တွေကို ထမ်းဆောင် ကြရသူများလည်း ဖြစ်ပါတယ်။ ကြီးမြတ်တဲ့ ခေါင်းဆောင်များဟာ မန်နေဂျာကောင်းများလည်း ဖြစ်ကြလေ့ရှိပြီး၊ အနည်းဆုံးအားဖြင့် မန်နေဂျာကောင်းတစ်ယောက် ဖြစ်မြောက်ဖို့ ဘာတွေလိုအပ်တယ် ဆိုတာကို ကောင်းကောင်း သိရှိကြသူများ ဖြစ်ပါတယ်။ တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာများဟာ မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ အလုပ်တွေကို မှန်ကန်ဖို့ တည့်မက်ဖို့အတွက် လုပ်ဆောင်ရသလို တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့အလုပ်တွေကို လုပ်ဆောင်ကြရပါတယ်။
ခေါင်းဆောင်မှုကို နားလည်ခြင်းဆိုတဲ့ အပိုင်းကဏ္ဍမှာ …
- စိန်ခေါ်မှုကို သတ်မှတ်ခြင်း၊ (Defining the challenge)
- အဖွဲ့အစည်းရဲ့မျှော်မှန်းချက်မှတဆင့် ဦးဆောင်ခြင်း၊ (Leading through vision)
- အတွင်းမှ ဦးဆောင်ခြင်း (Leading from within)နဲ့၊
- သင့်အခန်းကဏ္ဍကြီးထွားလာခြင်း (Growing with your role) ဆိုပြီး အပိုင်းလေးပိုင်း ရှိပါတယ်။
အရင်တစ်ပတ်ဆောင်းပါးမှာ “ခေါင်းဆောင်မှုကို နားလည်ခြင်း”ဆိုတဲ့ အပိုင်းကဏ္ဍမှ စိန်ခေါ်မှုကို သတ်မှတ်ခြင်းဆိုတဲ့ အပိုင်းကဏ္ဍကို တင်ပြဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ အဖွဲ့အစည်းရဲ့မျှော်မှန်းချက်မှတဆင့် ဦးဆောင်ခြင်းဆိုတဲ့ အပိုင်းကဏ္ဍကို တင်ပြဆွေးနွေးပေးမှာဖြစ်ပြီး၊ ကျန်တဲ့အပိုင်းကဏ္ဍများကို လာမယ့်ဆောင်းပါးတွေမှာ အသေးစိပ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
မျှော်လင့်ထားခံရသူ
တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာတစ်ဦးဟာ လုပ်ငန်းခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်း တစ်ခုရဲ့တန်ဖိုးများကို သတ်မှတ်ရပြီး၊ အဖွဲ့အစည်းနဲ့သက်ဆိုင်သူများကို စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှု ပေးစွမ်းနိုင်ရမယ်လို့ မျှော်လင့်ထားခံရသူဖြစ်ပါတယ်။ တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာတစ်ဦးဟာ လုပ်ငန်းခေါင်းဆောင်တစ်ဦးအနေနဲ့ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ အဖွဲ့ အစည်းရဲ့အနာဂတ်မျှော်မှန်းချက်နဲ့တန်ဖိုးများကို သတ်မှတ်ပြီး မိမိရဲ့အသင်းအဖွဲ့ကို ရှင်းရှင်းလင်းလင်း ပြောဆိုဆွေးနွေး ရှင်းပြထားရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါမှာ အဖွဲ့အစည်းရဲ့အနာဂတ်မျှော်မှန်းချက်အမြင်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းရမှာဖြစ်သလို အဖွဲ့အစည်းရဲ့အနာဂတ်မျှော်မှန်းချက် ရောက်ရှိအောင်မြင်ဖို့ရန်အတွက် အလယ်အလတ်ဗျူဟာများနဲ့ နေ့စဥ်လုပ်ဆောင်မှုအဆင့်တိုင်းမှာ အနာဂတ်မျှော်မှန်းချက်အမြင်နဲ့အညီ လုပ်ဆောင်ဖို့ လက်အောက် ဝန်ထမ်းတွေကို ရှင်းရှင်းလင်းလင်း ပြောဆိုထားရမှာ ဖြစ်ပါတယ်။ လုပ်ဆောင်မှုများကို အနာဂတ် မျှော်မှန်းချက်အမြင်နဲ့ ကိုက်ညီစေရမှာ၊ တည့်မက်ပေးရမှာ ဖြစ်ပါတယ်။
အနာဂတ်မျှော်မှန်းချက်အမြင်ကို ချမှတ်ခြင်း
ခေါင်းဆောင်များဟာ အနာဂတ်မျှော်မှန်းချက်အမြင်နဲ့ အလုံးစုံခြုံငုံရည်မှန်းချက်များ (overall aims)ကို အာရုံစိုက်ပြီး၊ အဖွဲ့အစည်း၏တန်ဖိုးများနဲ့အညီ မှန်ကန်တဲ့နည်းလမ်းများနဲ့ ကြိုးစားနေတဲ့ လက်အောက် ဝန်ထမ်းတွေကို ကူညီပေးရမှာ ဖြစ်ပါတယ်။
စီးပွားရေးအမြင်
စီးပွားရေးအမြင်ဆိုတာဟာ မိမိအသင်းအဖွဲ့ (ဒါမှမဟုတ်) မိမိအဖွဲ့အစည်းတစ်ခုအနေနဲ့ အနာဂတ်မှာ မိမိတို့ဖြစ်လိုတဲ့ မိမိတို့ပုံဖော်လိုတဲ့ အနာဂတ်ပန်းချီကားချပ်ကို စကားလုံးနဲ့ရေးသားထားတဲ့ စကားစု (ဒါမှမဟုတ်) စကားလုံးပုံ ဖြစ်ပါတယ်။ မိမိတို့ဖြစ်ချင်တဲ့ နေရာကိုရောက်တဲ့အခါ ဘယ်လိုအရာတွေ ဖြစ်လာမယ်ဆိုတာကို စကားလုံးနဲ့ ပုံဖော်ပြထားတာ ဖြစ်ပါတယ်။ တာဝန်အပ်နှင်းခံထားရတဲ့ မန်နေဂျာတစ်ဦးရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍဟာ အဖွဲ့အစည်းရဲ့ ထိပ်တန်းအနာဂတ်မျှော်မှန်းချက် အမြင်နဲ့ မဟာဗျူဟာရည်မှန်းချက်များကို ဖန်တီးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့အသင်းအဖွဲ့စီမံချက်ဟာ အဖွဲ့အစည်းရဲ့ ပိုမိုကြီးမားတဲ့ကော်ပိုရိတ် မဟာဗျူဟာရည်မှန်းချက်များနဲ့ ကိုက်ညီတဲ့ အသင်းအဖွဲ့ အစီအစဉ်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
အနာဂတ်မျှော်မှန်းချက်အမြင်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း
အနာဂတ်မျှော်မှန်းချက်အမြင်ကို ဖန်တီးရာမှာ (ဒါမှမဟုတ်) ဖွံ့ဖြိုးတိုးတက်စေရာမှာ မိမိရဲ့အသင်း အဖွဲ့ကို အစကတည်းက ပါ၀င်စေရမှာ ဖြစ်ပါတယ်။ အနာဂတ်မျှော်မှန်းချက်အမြင်ကို ဖန်တီးရာမှာ ချရေးခြင်းဖြင့် စတင်ရမှာ ဖြစ်ပါတယ်။ မန်နေဂျာခေါင်းဆောင်တစ်ဦးအနေနဲ့ ရှေ့ဆက် သွားတာနဲ့အမျှ အဖွင့်မေးခွန်းတွေ မေးပြီး အမေးအဖြေတွေလုပ်တာ၊ တစ်ဦးချင်းသုံးသပ်ချက်တွေနဲ့ အစည်းအဝေး တွေကတစ်ဆင့် အနာဂတ်မျှော်မှန်းချက်အမြင်ကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ဖန်တီးဖို့ (ဒါမှမဟုတ်) နေ့စဥ်လုပ်ဆောင်မှုအဆင့်တိုင်းမှာ အနာဂတ်မျှော်မှန်းချက်နဲ့အညီ လုပ်ဆောင်ဖို့ တည့်မက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ အဖွဲ့၀င်တစ်ဦးတစ်ယောက်ချင်းစီဟာ အသင်းအဖွဲ့ရည်မှန်း ချက်များအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ တစ်ဦးချင်းပံ့ပိုးကူညီမှုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာလုပ်ဆောင်ရင်း သိရှိသွားမှာ ဖြစ်ပါတယ်။
ဘယ်သူမဆို ကိုယ်လုပ်နေရတဲ့အလုပ်ကို ဘာကြောင့် လုပ်ရတယ်၊ ဘယ်အချိန်မှာ လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရရင် နားလည်မထားရင် အလုပ်လုပ်ရတာ အဓိပ္ပာယ်မဲ့ပါတယ်။ စိတ်ပျက်စရာကောင်းပါတယ်။ ဝန်ထမ်းတွေဟာ အလုပ်တွေကို ဘယ်အချိန်မှာ၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုကောင်းမွန်အောင် လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားမှသာ အလုပ်လုပ်ရတာ အဓိပ္ပာယ်ရှိပါတယ်။ အားရှိပါတယ်။ ကျေနပ်စရာကောင်းပါတယ်။ စိတ်ဓါတ် တက်ကြွ ပါတယ်။ မန်နေဂျာခေါင်းဆောင်ဟာ မိမိဝန်ထမ်းတွေကို အနာဂတ်မျှော်မှန်းချက်အမြင်နဲ့အညီ အလုပ်တွေကို ဘယ်အချိန်မှာ၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုကောင်းမွန်အောင် လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနားလည်အောင် ပြောဆိုရှင်းပြထားရမှာ ဖြစ်ပါတယ်။ ဒါဟာ ဝန်ထမ်းတွေရဲ့ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်တဲ့၊ အဖွဲ့ရဲ့အနာဂတ်မျှော်မှန်းချက် အောင်မြင်မှုဆီသို့ လျှောက်လှမ်းနေတဲ့ အဓိကသင်္ကေတများ ဖြစ်ပါတယ်။ မန်နေဂျာခေါင်းဆောင်ရဲ့အလုပ်က အသင်းအဖွဲ့ရှိ လူတိုင်းကို လုပ်ငန်းအောင်မြင်တိုးတက်မှုလမ်းကြောင်း အစီအစဉ်ဆွဲရာမှာ ကူညီဖို့နဲ့ မိမိဝန်ထမ်းတွေရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်ဖို့ ဖြစ်ပါတယ်။
အကြံပြုချက် à “ဘာကြောင့်လဲဆိုတာ ရှင်းပြပါ”
အထက်မှာပြောခဲ့သလို “ဘယ်သူမဆို ကိုယ်လုပ်နေရတဲ့အလုပ်ကို ဘာကြောင့် လုပ်နေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရရင် အလုပ်လုပ်ရတာ အဓိပ္ပာယ်မဲ့ပါတယ်။” ဝန်ထမ်းတွေဟာ အလုပ်တွေကို ဘယ်အချိန်မှာ၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုကောင်းမွန်အောင် လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားမှသာ အလုပ်လုပ်ရတာဟာ အဓိပ္ပာယ်ရှိပါတယ်။ မန်နေဂျာ ခေါင်း ဆောင်ဟာ မိမိဝန်ထမ်းတွေကို အနာဂတ်မျှော်မှန်းချက်အမြင်နဲ့အညီ အလုပ်တွေကို ဘယ်အချိန်မှာ၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုကောင်းမွန်အောင် လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနားလည်အောင် ပြောဆို ရှင်းပြထားရမှာ ဖြစ်ပါတယ်။ ဒါဆို ဘယ်လို ရှင်းပြကြမလဲ။
နည်းနှစ်နည်းနဲ့
မန်နေဂျာခေါင်းဆောင်တစ်ဦးအနေနဲ့ “ဘာကြောင့်လဲ”ဆိုတာကို နည်းနှစ်နည်းနဲ့ ရှင်းပြလို့ ရပါတယ်။
- ပထမနည်း ဒါတွေကြောင့် … (အတိတ်/ပစ္စုပ္ပန်အကြောင်းရင်းကို ရည်ညွှန်းခြင်း)
- ဒုတိယနည်း ဒါတွေဖြစ်မှာမို့လို့ … (ဖြစ်နိုင်ချေကို ရှင်းပြခြင်း၊ အနာဂတ်အကျိုးဆက်များကို ရှင်းပြခြင်း)
ပထမနည်းအရ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းခြင်းရာတွေ၊ ဆက်စပ်မှုတွေနဲ့ လက်တလော ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ အချက်အလက်တွေကို ရည်ညွှန်းပြီး၊ ဘာကြောင့် ဒါကိုလုပ်ရတယ် ဆိုတာကို ရှင်းပြလို့ ရပါတယ်။ ဒုတိယနည်းအရ လက်တလောပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ အချက်အလက်တွေနဲ့ဆက်စပ်ပြီး နောင်မှာဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ချေတွေ၊ အနာဂတ်အကျိုးဆက်တွေကို ရှင်းပြပြီး၊ ဘာကြောင့်ဒါကိုလုပ်ရတယ်ဆိုတာကို မန်နေဂျာခေါင်းဆောင် တစ်ဦးအနေနဲ့ ရှင်းပြလို့ရပါတယ်။
အာရုံစိုက်လုပ်ရမှာက …. အချိန်ပေးရုံပါပဲ။
မန်နေဂျာခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်အဖွဲ့သားဝန်ထမ်းတွေကို သင်ဆုချတဲ့နည်းလမ်းကို အချိန်နည်းနည်းပေးပြီး ပြန်လည်စဉ်းစားကြည့်ပါ။ ပြန်လည် သုံးသပ်ကြည့်ပါ။ သမားရိုးကျ မတွေးဘဲဘေးတိုက်တွေးကြည့်ပါ။ ဖြန့်ထွက်တွေးကြည့်ပါ။ ငွေကြေးဆိုင်ရာ ဆုလာဘ်များ(Financial Rewards) ဟာ သင့်အသိအမှတ်ပြုမှုနှင့် ကျေးဇူးတင်ခြင်းထက် လှုံ့ဆော်မှုတန်ဖိုး (Motivational Value) နည်းလေ့ရှိတယ်ဆိုတာကို မကြာခဏဆိုသလို တွေ့ရမှာဖြစ်ပါတယ်။ မန်နေဂျာခေါင်းဆောင်တစ်ဦး အနေနဲ့ သင့်ရဲ့အဖွဲ့သားဝန်ထမ်းတွေကို လေးစားတယ်ဆိုရင် သင့်ရဲ့ အကြီးမားဆုံးလက်ဆောင်က သင့်ရဲ့ အချိန်ပါပဲ။ သင့်အဖွဲ့မှာရှိတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီကို ပုံမှန်အချိန်အတောအတွင်း အပြည့်အဝ အာရုံစိုက်ဖို့၊ အချိန်ပေးဖို့ လိုအပ်ပါတယ်။ မန်နေဂျာခေါင်းဆောင်အနေနဲ့ အထူးသတိထားရမှာက အလွန်အကျွံကတိမပြုမိဖို့နဲ့ သင့်အဖွဲ့သားဝန်ထမ်းတွေထံ အနာဂတ်အကျိုးခံစားခွင့်တွေကို လျှော့ပေါ့ ပေးတာမျိုး မပြုမိဖို့ လိုအပ်ပါတယ်။
အသင်းအဖွဲ့နဲ့ အလုပ်လုပ်
ခေါင်းဆောင်တစ်ဦးအနေနဲ့ အသင်းအဖွဲ့နဲ့အလုပ်လုပ်ရာမှာ သင့်ရဲ့အဓိကအခန်းကဏ္ဍက ဆွဲဆောင်မှု ရှိတဲ့ အနာဂတ်မျှော်မှန်းချက်မှာ စိတ်ပိုင်းဆိုင်ရာတွယ်တာမှု (emotional attachment)ကို လှုံ့ဆော်ဖို့နဲ့ အောင်မြင်မှုကို မြင်သာစေဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ခေါင်းဆောင်မှု ကောင်းတာနဲ့အမျှ လူတစ်ဦးချင်းစီသည် အသင်းရည်မှန်းချက်များအတွက် ပံ့ပိုးကူညီနိုင်ပုံကို သင်ယူကြမှာဖြစ်ပြီး၊ အဖွဲ့သားဝန်ထမ်းတွေဟာ အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုကို ယုံကြည်လာကြမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်မှုတွေက သက်ဆိုင်သူ အားလုံးအတွက် တကယ်ကို ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့ရဲ့အနာဂတ်မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ လူတိုင်းပါဝင်ဖို့ အခန်းကဏ္ဍတစ်ခုပေးရမှာဖြစ်ပြီး၊ ထူးထူးခြားခြား ကောင်းမွန်တဲ့အရာတွေနဲ့ အလုပ်မဖြစ်တဲ့အရာတွေကို ပြန်လည်တင်ပြဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ရှိ အဖွဲ့သားဝန်ထမ်းတိုင်း နည်းလမ်းသစ်တွေနဲ့ နည်းယူလုပ်ကိုင်နိုင်စေဖို့ အဖွဲ့ဝင်အချင်းချင်း ပြန်လည်မျှဝေ သင်ယူစေရမှာ ဖြစ်ပါတယ်။ ဒီလက်တွေ့ကျတဲ့ ခြေလှမ်းတွေ ကို အဖွဲ့နဲ့ပြန်လည်သုံးသပ်တဲ့အခါ၊ အနာဂတ်မျှော်မှန်းချက်နဲ့ ပြန်ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။
အသင်းအဖွဲ့ရဲ့အရှိန်အဟုန်နဲ့ လှုံ့ဆော်မှုကို ထိန်းထားနိုင်ဖို့အတွက် အဖွဲ့ဝင်တစ်ဦးချင်းနဲ့ အဖွဲ့ရှေ့မှာ “ကျေးဇူးတင်ပါတယ်”လို့ပြောဖို့ မမေ့ပါနဲ့။ အသင်းအဖွဲ့ရဲ့အောင်မြင်မှုများနဲ့ အတူတကွ ရှေ့ဆက်နိုင်ဖို့ အတွက် အသင်းအဖွဲ့ကို ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ သေးငယ်တဲ့ ခြေလှမ်းတွေကိုတောင် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်မန်နေဂျာတစ်ဦးအနေနဲ့ အဖွဲ့၀င်တစ်ဦးချင်းစီနဲ့ ၎င်းတို့ရဲ့ ထူးခြားတဲ့တန်ဖိုးတွေ၊ ဘဝအတွေ့အကြုံတွေ၊ အသိပညာနဲ့ ကျွမ်းကျင်မှုတွေအပြင် အလားအလာရှိတဲ့ စွမ်းရည်တွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူတွေကို တွန်းအားဖြစ်စေတဲ့ အရာတွေဟာ တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါ။ “Maslow’s Theory of Hierarchical Needs”၊ “Hertzberg’s two-factor Theory”၊ “McClelland’s Theory of Needs”၊ “ Vroom’s Theory of Expectancy”၊ “McGregor’s Theory X and Theory Y” ၊ “Alderfer’s ERG Theory” စသဖြင့် ပညာရှင်အသီးသီးက သီအိုရီအမျိုးမျိုး တင်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ ခေါင်းဆောင်မန်နေဂျာတစ်ဦးအနေနဲ့ လူတစ်ဦးချင်းစီကို ၎င်းတို့ရဲ့အလုပ်မှာ တက်တက်ကြွကြွ ပါဝင်ဖို့ အထူးလှုံ့ဆော်ပေးတဲ့အရာတွေကို နားလည်ပြီး၊ ၎င်းတို့ကို ပေးရမယ့် အပိုငွေ (ဒါမှမဟုတ်) ဘဏ္ဍာငွေကို လိုလိုလားလား ထုတ်လွှတ်သုံးစွဲဖို့လည်း လိုအပ်ပါတယ်။
နောက်တစ်ပတ် လာမယ့်ဆောင်းပါးမှာ အတွင်းမှဦးဆောင်ခြင်း (Leading from within) အကြောင်းကို အသေးစိပ် ဆွေးနွေးပေးသွားပါမယ်။
မှူးခန့်စံ