【 ဆောင်းပါး 】“ အရသာခံ တေးထားတဲ့ ခရီးစဉ်တစ်ခု ”

【 ဆောင်းပါး 】“ အရသာခံ တေးထားတဲ့ ခရီးစဉ်တစ်ခု ”

ကောင်းကင်ကေဗယ်ကားကို ၂၀၁၂ ခုနှစ်ကတည်းက ကျနော်စီးခဲ့ဖူးတယ်။အဲဒီတုန်းက ဂျပန်နဲ့ ပင်လယ်သာခြားတဲ့ တရုတ်နိုင်ငံ၊ရှမ်းတုန်းပြည်နယ်ကို အလည်အပတ်ရောက်ရှိစဉ်ကဖြစ်တယ်။အဲဒီဒေသမှာ ထိုက်စန်းတောင်ဆိုတာရှိတယ်။ရှေးတရုတ်ဘုရင်တွေ ဘုရင်ဖြစ်ပြီးရင် အဲဒီထိုက်စန်းတောင်ပေါ်လာပြီး ဆုတောင်းသမှုပြုရတယ်လို့ဆိုတော့ ဆုတောင်းပြည့်တောင်၊ ဒါမှမဟုတ် ကံကောင်းခြင်းတွေကိုပေးတဲ့ တောင်လို့ဆိုရမလား။

ထိုက်စန်းတောင်က အတော်မြင့် အတော်လှမ်းပေမဲ့ ကေဗယ်ကားတွေကလည်း လေပေါ်မှာ ခပ်သွက်သွက်ပြေးနေတာမို့ ၁၀မိနစ်စွန်းစွန်းလောက်နဲ့ ရောက်တယ်လို့ထင်တယ်။လေပေါ်ခပ်နိမ့်နိမ့်အမြင့်ကနေ မြေပြင်ကိုကြည့်ရတဲ့အရသာဟာ ကြုံရခဲတယ်မဟုတ်လား။သူတို့ဆီမှာက အစိမ်းရောင်တောက်နေတဲ့ သစ်ပင်ကြီးတွေကိုမတွေ့ရလို့ ဖီးလ်ငုပ်ရပေမဲ့ ဘာပဲဖြစ်ဖြစ် လေပေါ်ကနေ အောက်ခင်းမြေသားဆီမြင်ရတဲ့အရသာဟာ လှတာတော့လှနေတာပဲလေ။ကျနော့်ခရီးဖော်တွေက လေပေါ်ပြေးနေတဲ့ကေဗယ်ကားကို တစ်ခါမှ မစီးဖူးလို့ တထိတ်ထိတ်ဖြစ်နေပေမဲ့ ကျနော်ကတော့ ကိုယ့်အရသာနဲ့ကိုယ်မျောလို့။

ကျိုက်ထီးရိုးတောင်ပေါ် ကေဗယ်ကားနဲ့ တက်လို့ရပြီဆိုတော့ ထိုက်စန်းတောင်ပေါ် ကေဗယ်ကားနဲ့ တက်ခဲ့ရတာကို သတိရ။ကျနော်တို့ဆီက အုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီးတွေကို လေပေါ်ကနေ မိန့်မိန့်ကြီးမြည်းလိုက်ရရင် ဘယ်လောက်လှမလဲလို့ တွေးကြည့်မိပြီး ခံတွင်းချဉ်လာတယ်။ပြီးတော့ ၂၀၁၆ခုနှစ်၊ပထမဆုံးအကြိမ် ကျိုက်ထီးရိုးတောင်တက်ခဲ့စဉ်က ကားနဲ့တထိတ်ထိတ်တက်ရပြီးအဆင်မပြေတာနဲ့တောင်ပေါ်မှာ ဈေးကြီးပေးတည်းခဲ့ရတဲ့ ဖြစ်သလို တည်းခိုခန်းအပေါ်  စိတ်ပျက်ခဲ့တာကြောင့် နောက်တစ်ကြိမ် ကျိုက်ထီးရိုး တောင်လာခဲ့ရင် ဘယ်လိုလာမယ်လို့ စိတ်ကူးယဉ်ခဲ့တာတွေနဲ့ ပေါင်းစပ်ပြီး ပိုခံတွင်းချဉ်လာသလို ခံစားရတယ်။

တကယ်တော့ ကျနော်က ကျိုက်ထီးရိုးမှမဟုတ်၊ရှမ်းတို့ ချင်းတို့လို အတက်အဆင်းအကွေ့အကောက် များလို့ အန္တရာယ်များတဲ့လမ်းတွေကလွဲ ကျန်ဘယ်နေရာမဆို ကိုယ့်ကားနဲ့ကိုယ် အချိန်ပေါပေါပေးပြီး ခရီး ထွက်ချင်တာပါ။

ဒါ့ကြောင့် ၂၀၁၆ခုနှစ်၊ကျိုက်ထီးရိုးကနေပြန်လာကတည်းက ကိုယ်ပိုင်ကားဝယ်နိုင်ခဲ့တဲ့အခါ နောက်တစ်ခေါက်ကျိုက်ထီးရိုးကို ကိုယ့်ကားနဲ့ကိုယ်သွားမယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။ရန်ကုန်-မော်လမြိုင်လမ်းတွေ က လူတိုင်းမောင်းနိုင်တဲ့ သက်သောင့်သက်သာလမ်းတွေဆိုတော့ အေးအေးဆေးဆေးမောင်းစမ်း။

ကျနော့်ဘဝမှာ အများနဲ့စုပြီးသွားတဲ့ခရီးမျိုး ပြည်တွင်း၊ပြည်ပ ထွက်ခဲ့ဖူးတယ်။အများနဲ့ဆိုတော့ ဘယ်အချိန်ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်အောက်ကနေ မပျက်မကွက် ရွေ့ရတယ်။အဲဒီအစီအစဉ်အောက်က နေဆိုတော့ ကိုယ့်စိတ်ထင်ရာဆိုတာက အကန့်အသတ်တွေနဲ့သာပေါ့။အပျော်ခရီးဆိုတာက စိတ်လွတ်ကိုယ် လွတ်အပေါ်အခြေခံတာမို့ အများနဲ့စုဖွဲ့သွားရတဲ့ခရီးတိုင်းဟာ လွတ်သင့်သလောက်လွတ်ပြီး ပျော်ရပေမဲ့ လုံးဝအလွတ်ကြီး တော့ဘယ်ဟုတ်ပါ့မလဲ။

နောက်တစ်မျိုးကတော့ ကိုယ့်ဘာသာလိုင်းကားနဲ့ရထားနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးထွက် တာ။အများနဲ့မဟုတ်လို့ ကိုယ့်ဘာသာအဆင်ပြေသလို သွားလာနိုင်ပေမဲ့ လိုင်းကားစီးရအဆင်မပြေတာ၊သတ် မှတ်အချိန်အတိုင်းစီးရတာ၊အဲဒီလိုပြဿနာမျိုးတွေကရှိသေး။ဘာပဲဖြစ်ဖြစ် အများနဲ့သွားရတာထက်တော့ ပို အရသာရှိလှ။

ကိုယ့်ကားနဲ့ကိုယ်ခရီးထွက်တာကျတော့ တစ်ခါမှမထွက်ဖူးသေးတဲ့အစီအစဉ်သစ်။ ဘယ်သူ့မျက်နှာ မှကြည့်စရာမလိုဘဲ ကိုယ့်စိတ်အလိုကျ ထင်ရာနေခွင့်ရှိမှာကတော့အသေအချာ။မနက်ခပ်စောစော ရန်ကုန်ကနေထွက်။မနက်စာစားတဲ့ အချိန် ပဲခူးကိုရောက်။ပဲခူးမြို့ပေါ်က လူစည် ကားတဲ့ မြို့လယ်ခေါင်မှာ လက်ဖက်ရည်သောက် မုန့်စားရင်းငေး။ပြီးရင် ပဲခူးမြို့ပေါ်က တောရိပ်တောင်ရိပ် လွှမ်းထားတဲ့နေရာတွေ လျှောက်ကြည့်။နေ့ခင်းထမင်းစားချိန် ပဲခူးမြို့က နာမည်ကြီးမြန်မာထမင်းဆိုင်တစ်ခုခုမှာစားပြီးမှ ကျိုက်ထို ဘက်ဆက်။

ပဲခူးကနေ ကားဖြည်းဖြည်းမောင်းဦးတော့ ကျိုက်ထီးရိုးတောင်ခြေထိအရောက် အလွန်ဆုံးကြာလှ ၃နာရီပေါ့။လမ်းမှာ စိတ်ပါရင် ဘုရားကြီး၊ဝေါနဲ့ သိမ်ဇရပ်တို့မှာ တအောင့်တနား နားလို့ရသေး။ကျိုက်ထီးရိုး တောင်ခြေကို ညနေ ၃နာရီကျော်လောက်ရောက်ရင် အိုကေ။

ကျိုက်ထီးရိုးတောင်ခြေမှာက ဟိုတယ်တွေပေါတယ်။ကင်ပွန်းစခန်းကားဂိတ်နဲ့နည်းနည်းလေးလှမ်း ရင် ပိုတိတ်ဆိတ်မယ်လို့ထင်တယ်။တောတွေတောင်တွေနဲ့နီးတဲ့နေရာဆို ပိုတည်းလို့ကောင်းမယ်လို့ လည်း တွေးမိ တယ်။

ဟိုတယ်မှာ အေးဆေးနား၊ညနေကိုသေချာစောင်းမှ တောင်ပေါ်တက်ကြမယ်။ဗီဒီယိုမှတ်တမ်းတစ်ခု မှာကြည့်ရတာက ကင်ပွန်းစခန်းကနေ ရသေ့တောင်အထိ တောင်တက်ကားစီး။ရသေ့တောင်ကနေမှ ကေ ဗယ်ကားစီး။ကင်ပွန်းစခန်းကနေ ရသေ့တောင်အထိကားလမ်းက ကြည့်ရတာ သည်းထိတ်ရင်ဖိုသိပ်မရှိလှတာ မို့ မဆိုး။

တကယ်မို့ ညဘက်တွေမှာ ကေဗယ်ကားမဆွဲတော့ဘူးဆိုလည်း နောက်တစ်ရက်မနက်စောစောမှ တောင်ပေါ်တက်လို့ရတာပဲ။အဲဒီလိုဆို ရောက်တဲ့ညနေဘက် ကင်ပွန်းစခန်းဝန်းကျင် ပတ်ဝီလို့ သဘာဝပတ် ဝန်းကျင်နဲ့ ဒီဒေသထွက်တွေကို လျှောက်မြည်းလို့ ရနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ခရီးထွက်တယ်ဆိုတာ သက်သောင့်သက်သာရှိဖို့ အင်မတန်လိုအပ်တာကြောင့် ဈေးနှုန်းမတန်တဆယူပြီး ဖြစ်သလိုကြုံသလို နေရာထိုင်ခင်းပေးထားတဲ့ ကျိုက်ထီးရိုးတောင်ပေါ်က တည်းခိုခန်းတွေလိုမျိုး မတည်းမိဖို့လိုပါတယ်။ဒါ့အပြင် ကျိုက်ထီးရိုးတောင်ပေါ်မြေပေါ်မှာ တစ်နည်းနည်းနဲ့ ရယူထား ပြီး ဈေးခေါင်ခိုက်နေတဲ့ဟိုတယ်တွေ တည်းခိုခန်းတွေကိုလည်း ဖယ်ရှားပစ်ဖို့လိုပါတယ်။အဲဒီနေရာတွေမှာ အများပြည်သူ သက်သောင့်သက်သာငေးနိုင်မယ့် ရှုမျှော်ခင်းကြည့်နေရာလိုမျိုး တည်ဆောက်ပေးတာ၊ဒါမှမ ဟုတ် ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြေရေးအတွက် တစ်ခုခုလုပ်တာမျိုးက ရေရှည်အတွက်ပိုကောင်းနိုင်ပါ လိမ့်မယ်။ထားတော့။

ကောင်းကင်ကေဗယ်ကားတွေ ဖြစ်ထွန်းလာတာ တောင်တက်ရမယ့်အချိန်ကို ဆွဲကျုံ့လိုက်တာမို့ အင်မတန်အဆင်ပြေသလို လေပေါ်ကနေ မြေပေါ်ပြန်ငေးရတဲ့အရသာကလည်း ပေးရတဲ့ငွေထက်များစွာ ထိုက်တန်လှတယ်လို့ ထင်ပါတယ်။

တကယ်တော့ ကျိုက်ထီးရိုးတောင်ပေါ်တက်ရင် တောင်ပေါ်ဘုရားတင်မက ကျိုက်ထီးရိုးတောင် တော်တခွင် သဘာဝပတ်ဝန်းကျင်ကိုလျှောက်ငေးနိုင်ရင် အကောင်းဆုံး။အဲလိုမှ မငေးနိုင်ရင်တောင် တောင် ခြေကဟိုတယ်မှာ နောက်တစ်ရက်လောက်ဆက်နေပြီး အစိမ်းရောင်လွင်ပြင်တခွင် စိတ်ရှိတိုင်းပျော်ဝင်နိုင် မှ ခရီးသွားအလှ ပိုနက်ရှိုင်းမှာ။

ကျိုက်ထီးရိုးကပြန်ရင် ရန်ကုန်ကိုတန်းမပြန်ဘဲ အနီးမြို့ ဘီးလင်းသို့ဆက်ချီ။ဘီးလင်းမှာ ရွှေမျက်မှန် ထမင်းပေါင်းကို စား။ဘီလင်းမြို့နယ်၊တောင်စွန်းအပိုင်၊ကေလာသတောင်ခြေရင်းက အရက်သမရွာဝန်းကျင် ၊ အတိတ်ခေတ်သုဝဏ္ဏဘူမိနေပြည်တော်ကြီးကို သွားလေ့လာ။ဘီလင်းမြို့ကတောရိပ်တောင်ရိပ်လွှမ်းထားတဲ့ ဟိုတယ်တစ်ခုခုမှာ တစ်ညတာ ထပ်အရသာခံကြည့်ပြီးမှ ရန်ကုန်ပြန်။

ကိုယ့်ကားနဲ့ကိုယ်ဆိုရင် အရာရာအိုကေတယ်။ကျနော်အဲဒီလို ခရီးစဉ်မျိုးတွေကို ကျိုက်ထီးရိုးကေ ဗယ်ကားအသံကြားပြီးကတည်းက အိပ်မက်မက်နေခဲ့တယ်။

ရန်ကုန်-ပဲခူး-ကျိုက်ထီးရိုး-ဘီးလင်း-ရန်ကုန် ၃ညအိပ်ခရီးဆိုတာမျိုး။ကဲ ဘယ်လောက်လှလိုက်လေမလဲ။

 ငြိမ်းဆက်