【 ဆောင်းပါး 】 ကိန်းကြီးခန်းကြီး ဘကြီးပြောတဲ့ လက်ဖက်ရည်ဆိုင်

【 ဆောင်းပါး 】 ကိန်းကြီးခန်းကြီး ဘကြီးပြောတဲ့ လက်ဖက်ရည်ဆိုင်

ဘကြီး ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့သလဲလို့ ကျနော်မေးလိုက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ချင်တယ်။ဗိုလ်ထိုင်အိမ်သာနဲ့ အီးပါချင်တယ်တဲ့။တစ်ချက်မစဉ်းစားဘဲ အဲဒီလို ဘကြီးဖြေချလိုက်တယ်။ကျနော်က ဘကြီး များ နောက်ပြောင်နေသလားလို့ မော့ကြည့်လိုက်တော့ ‘အတည်ပြောတာ၊ဘကြီး တကယ့်ကိုဖြစ်ချင်ခဲ့တာ’ တဲ့။ဘကြီးရဲ့ ဖြစ်ချင်မှုကို ကျနော် နားမလည်။

ဘကြီးက သူသိပ်ကြိုက်တဲ့ ချက်အရက်ကို တစ်ကျိုက်မော့လိုက်ကာ ဆားမပါတဲ့ အာပြဲခြောက်မီးဖုတ်ကို မြည်းလိုက်တယ်။ပြီးတော့ ဝရန်တာတိုင်လုံးတွေကြား ငေးနေတဲ့ ဘကြီးရဲ့မျက်လုံးတွေက အတိတ်ကို ပြန်ဆွေးနေမှန်း သိသိသာသာ။

‘ဘကြီးတို့ငယ်ငယ်က လက်ဖက်ရည်ဆိုလို့ တစ်မြို့လုံးမှ တစ်ဆိုင်တည်းရှိတာ။အဲဒီဆိုင်မှာ ဖြတ်သွားဖြတ်လာ ဝင်ထိုင်ကြတဲ့သူတွေရှိပေမယ့် တကယ့်ကို ပုံမှန်ထိုင်တာက မြို့က လူကြီးလူကောင်းတွေချည်းပဲ။မနက်ဆို အဲဒီလူကြီးတွေက သတင်းစာတွေကိုင်ပြီး ရောက်လာကြပြီ။မှတ်မိသလောက် ဗမာ့ခေတ်သတင်းစာ၊ကြေးမုံသတင်းစာ။သတင်းစာဖတ်သူကဖတ်။သတင်းစာဖတ်ရင်း ဆွေးနွေးသူကဆွေးနွေးနဲ့ ဘကြီးက သိပ်အားကျတာ’ တဲ့။

အဲဒီလက်ဖက်ရည်ဝိုင်းရဲ့ အဓိပတိတစ်ဦးက ဘကြီးရဲ့ ဦးလေးတော်စပ်သူ။သူက အင်္ဂလိပ်ခေတ် ၈ တန်းအောင်ပြီး အင်္ဂလိပ်လိုကောင်းကောင်း ရေးနိုင် ဖတ်နိုင်။နောက်တစ်ဦးက တို့ဗမာအစည်းအရုံးဝင် သခင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း သခင်အငြိမ်းစား နိုင်ငံရေးကနေ လုံးဝပင်စင်ယူကာ သတင်းစာဖတ်လိုက်၊ ခြံစိုက်လိုက်၊ မြို့ရွာအရေး လက်မနှေး နှုတ်မနှေး အေးအေးဆေးဆေး အကြံကောင်းပြုတတ်သူ။နောက်ထပ်တစ်ဦး၊ ဘုန်းကြီးလူထွက်၊ဘုန်းကြီးဘဝတုန်းကလည်း စာချတန်းအောင်ခဲ့ပြီး ဗေဒင်တွေ ဘာတွေ ကျွမ်းကျင်အဆင့်။ပါဠိလို ရွတ်ဖတ်နိုင်တာမှ ဂျောင်းဂျောင်းပြေး။ဗေဒင်လာမေးတဲ့ တောသူဌေးအပျိုကြီးနဲ့ညားပြီး လူဝတ်ကြောင်ဘဝမှာ ပြန်လည်ပျော်ဝင်။စာရင်းဇယား နိုင်နိုင်နင်းနင်းရှိသူမို့ သူဌေးမစီးပွားရေးကို ကောင်းကောင်းစီမံခန့်ခွဲနိုင်သလို သူနဲ့ညားမှ စီးပွားရေးပိုဖွံ့ဖြိုးလာတယ်လို့လည်း ဆိုကြ။သူက လက်ညှိုးထိုးခိုင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး အပေးအကမ်းလည်း လက်မနှေးသူမို့ မြို့မျက်နှာဖုံးစာရင်း အချိန်တိုတိုနဲ့ ဝင်လာတဲ့သူ။

‘နောက် ၂ ယောက်ထဲက တစ်ယောက်က စာရေးကြီး။နောက်တစ်ယောက်က လယ်ပိုင်ရှင်လူပျိုကြီး။သူတို့ ၅ ယောက်စလုံးက ချက်ကျကျ ပြောတတ်ဆိုတတ်၊နိုင်ငံရေးနဲ့လည်း အဆက်မပြတ်ဘူး။သူတို့ငြင်းကြပြီဆိုလည်း သိပ်နားထောင်လို့ကောင်းတာ။တစ်ယောက်နဲ့ တစ်ယောက် နာအောင် ပြိုင်မငြင်းကြဘဲ ဟာသလေးတွေ အထေ့အငေါ့လေးတွေနဲ့ သခင်ကြီးဆိုရင် သိပ်ပြောတတ်ဆိုတတ်လိုက်တာ လွန်ရော။ငြင်းပြီး ရန်ဖြစ်ကြတာမျိုးလည်းမရှိဘူး။သူတို့ချင်းလည်း တော်တော်သံယောဇဉ်ရှိကြတာ’ တဲ့။

ပြောရရင် သူတို့ ၅ ယောက်စလုံးက ဘကြီးရဲ့ ဟီးရိုးတွေချည်း။သူတို့ ၅ ယောက်မှာ ဆေးတံသောက်သူကသောက်၊ ကွမ်းစားသူကစား။လက်ဖက်ရည်ဆိုင်ကို ကွမ်းစားသူက ကွမ်းအစ်ယူလာပြီး စားလေ့ရှိသလို ဆေးတံသမားကလည်း ကိုယ့်ဆေးနဲ့ကိုယ် လာလေ့ရှိသတဲ့။

‘ဘကြီး ဦးလေးနဲ့ သခင်ကြီးနဲ့ ဆေးတံကို ပါးစပ်မှာခဲထားပြီး သတင်းစာဖတ်နေပုံကို ဘကြီး သိပ်သဘောကျတာ’ တဲ့။

ဆေးတံကိုခဲပြီး သတင်းစာဖတ်နေစဉ် သူတို့စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်တွေ့လိုက်လို့ မျက်မှောက်ကြုတ်လိုက်တာကအစ သိပ်ကြည့်ကောင်းတယ်လို့ ဘကြီးက ဆိုတယ်။

အဲဒီကာလတုန်းက လက်ဖက်ရည်ဆိုင်ဆိုတာ ကလေးတွေ မိန်းမတွေနဲ့ လားလားမှ မသက်ဆိုင်တဲ့နေရာ။ဘယ်သူကမှ ကိုယ့်သားသမီး ကိုယ့်တူ၊ တူမ ချစ်လို့ခင်လို့ဆိုပြီး လက်ဖက်ရည်ဆိုင်ခေါ်လာရိုး ထုံးစံမရှိ။လက်ဖက်ရည်ဆိုင်ခေါ်လာတာကို အလိုလိုက်စရာမရှိ ကြံဖန်အလိုလိုက်လိုက်တာတဲ့။ပတ်ဝန်းကျင်ရဲ့ မေးငေါ့ခြင်းကိုခံရ။ဒါ့ကြောင့် ဘယ်ကလေးမှလည်း ကိုယ့်ဆွေကိုယ်မျိုးကိုမြင်လို့ လက်ဖက်ရည်ဆိုင်ထဲ မဝင်ရဲ။

‘ဘကြီးတို့ငယ်ငယ်တုန်းက ဧည့်သည်လာလို့ အိမ်က လက်ဖက်ရည်သွားဝယ်ခိုင်းတဲ့အခါ လက်ဖက်ရည်မှာပြီးရင် ဆိုင်ရှေ့ရပ်စောင့်နေရတယ်။ဘယ်ကလေးမှ လက်ဖက်ရည်ဆိုင်က ခုံမှာ သွားမထိုင်ရဲဘူး’ တဲ့။

တောလက်ဖက်ရည်ဆိုင်က တစ်ပတ်နွမ်း စားပွဲလေး သုံး၊ လေးဝိုင်းနဲ့ နွမ်းဖတ်ဖတ်ဆိုပေမယ့် ကိန်းခန်းကတော့ကြီးပါ့။အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားတွေ လက်ဖက်ရည်ဆိုင် လာထိုင်ရိုးထုံးစံမရှိ။တက္ကသိုလ်ကျောင်းသားအဆင့်နဲ့ စာရေးစာချီတွေသာ လက်ဖက်ရည်ဆိုင်ထိုင်လို့ တင့်တယ်တဲ့ခေတ်။ဒါတောင်မှ လူကြီးတွေဝိုင်းထဲ အတည်ပေါက်ဝင်ထိုင်လို့ ဘယ်ရပါ့။လူကြီးဝိုင်းနံဘေးက ဝိုင်းမှာထိုင်။လူကြီးတွေလာရင် တလေးတစားနှုတ်ဆက်။လူကြီးတွေက ဝိုင်းထဲ လာခဲ့လို့ခေါ်မှ လာဝံ့တာမျိုး။

‘ဘကြီးဆို ဟိုး..ငယ်ငယ်လေးကတည်းက ကြီးလာရင် ဒီလူကြီးတွေဝိုင်းထဲ လက်ဖက်ရည်ဆိုင် ဝင်ထိုင်နိုင်အောင် ကြိုးစားမယ်လို့ တေးထားခဲ့တာ။ ၁၀ တန်းရောက်တဲ့အချိန် ဝင်ထိုင်ချင်လိုက်တာ ယားနေရော။သူတို့ဘေးဝိုင်းတောင် ဝင်မထိုင်ရဲဘူး။အလုပ်နဲ့အကိုင်နဲ့ဖြစ်မှ ဘေးဝိုင်းမှာ သွားထိုင်ရဲတော့တာ’ တဲ့။

ဘကြီး ၁၀ တန်း တစ်နှစ်ကျပြီးတော့ ကျောင်းထွက်ကာ လယ်သမားဘဝ ခံယူတော့ လက်ဖက်ရည်ဆိုင်မှာ ဆေးတံခဲပြီး သတင်းစာဖတ်လေ့ရှိတဲ့ ဘကြီးရဲ့ ဦးလေးကလည်း ကျောင်းဆက်မတက်ရကောင်းလားဆိုပြီး မကြည်လင်။ဒါ့ကြောင့် လက်ဖက်ရည်ဆိုင်နား မသီဝံ့။လယ်သမားဘဝကို စိတ်ကစားပြီး ဝင်လုပ်တာ မဟုတ်ကြောင်း တစ်နှစ်တာ အောက်ခြေသိမ်းဝင်လုပ်ကာ သက်သေပြပြီးတဲ့နောက်မှသာ အားလုံးရဲ့အသိအအမှတ်ပြုမှုကိုရရှိ လူရာဝင်တော့ရဲ့။

‘နောက်တစ်နှစ်ကျမှ ဘကြီးလည်း သတင်းစာတစ်စောင် လပေးဝယ်ပြီး လက်ဖက်ရည်ဆိုင် သွားထိုင်ဝံ့တော့တယ်။ကိုယ့်လယ်ဧက ခပ်များများကို ကိုယ့်ဘာသာ အောက်ခြေသိမ်းဝင်လုပ်နေတဲ့ လယ်ပိုင်ရှင်အနေနဲ့ လူကြီးဝိုင်းမှာ နေရာပေးခံရတယ်။ပြီးတော့ ဘကြီးက စာလေးပေလေးဖတ်တာဆိုတော့ သူတို့ဝိုင်းထဲ ဝင်ဆံ့တာပေါ့’ လို့ ဘကြီးက ဆိုတယ်။

ဘကြီးခမျာ လူကြီးဝိုင်းထဲရောက်တော့ ဆေးတံကို ပါးစပ်ထဲ ဟန်ပါပါချိတ်ပြီး သတင်းစာဖတ်နိုင်အောင် လေ့ကျင်ခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေ။ဒါ့ကြောင့် လက်ဖက်ရည်ဆိုင်ရောက်ရင် ဆေးတံနဲ့ ဟန်မလုပ်နိုင်ဘဲ ဒီအတိုင်း သတင်းစာဖတ်ရတော့တယ်။

ဘာပဲဖြစ်ဖြစ် ဘကြီးရဲ့ ငယ်ဘဝဆန္ဒ အမှန်တကယ်ပြည့်ခဲ့တယ်။ဘကြီး လယ်ထဲရောက်နေတဲ့အချိန်ကလွဲလို့ အိမ်ပြန်ရောက်လာရင် မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် မပျက်မကွက်။အခု ဘကြီးအသက် ၈၀။မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအပေါ် စွဲစွဲမြဲမြဲ။

လက်ဖက်ရည်ဆိုင်ဆိုတာ ဗဟုသုတရှာမှီးရတဲ့နေရာ။လူပေါ့လူပျက်တွေရဲ့ အချိန်ဖြုန်းရတဲ့ နေရာမဟုတ်ဘူးလို့ ဒီနေ့ထိတိုင် ဘကြီး ခံယူဆဲ။

ငြိမ်းဆက်