【 ဆောင်းပါး 】 ကိုယ့်အပြစ်ကိုယ်မမြင်သူ

【 ဆောင်းပါး 】 ကိုယ့်အပြစ်ကိုယ်မမြင်သူ

အပြစ်ကျူးလွန်တယ်ဆိုတာ လူမှုကျင့်ဝတ်ကိုဖောက်ဖျက်တာ ဥပဒေစည်းကမ်းကိုချိုးဖျက်တာကို ဆိုလိုပါသည်။လူများစုနှင့်ပတ်သက်သည့် ကျင့်ဝတ်စည်းကမ်းကိုဖောက်ဖျက်ကာ အပြစ်ကျူးလွန်ခြင်းသည် အခြားသူတစ်ယောက်ယောက် (သို့မဟုတ်) အခြားသူများကို ဒုက္ခရောက်စေခြင်းပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ထိုအပြစ်မျိုးကျူးလွန်ခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်သည်။ထိုအပြစ်မျိုး မကျူးလွန်မိအောင် ပြောဆိုလုပ်ကိုင်ခြင်းသည် ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်သည်။

ကိုယ်ကျင့်တရားကို တန်ဖိုးထားမစောင့်ထိန်းဘဲ ကိုယ်ဖြစ်ချင်တာ ကိုယ်ရချင်တာကို ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ရအောင်လုပ်သူများသည် အပြစ်ကျူးလွန်သူများဖြစ်သည်။လူဆိုတာ မှားတတ်သည်မို့ တစ်ခါတလေ အပြစ်ကျူးလွန်မိတာမျိုးရှိတတ်ပါသည်။သို့သော်လည်း တချို့သူများသည် ထိုအပြစ်ကို အပြစ်ဟုမဆင်ခြင်ဘဲ သူတို့ကိုယ်သူတို့ အပြစ်ကင်းသူလို့ ထင်မှတ်နေတတ်ကြသည်။

ပိုဆိုးတာက လူတချို့သည် ‘သူများမျက်ချေးတော့မြင်သည် ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်’ ဆိုတာလို သူများအပြစ်ကို အလွယ်တကူမြင်တတ်ကြသော်လည်း သူတို့ကျူးလွန်ထားသောအပြစ်ကိုတော့ သူတို့မမြင်ကြပါ။

နိပါတ်တော်ငါးရာ့ငါးဆယ်လာ စူဠဓနုဂ္ဂဟဇာတ်မှ ဣန္ဒြေမဲ့ကာ အပြစ်ကျူးလွန်ထားသော်လည်း သူ့ကိုယ်သူတော့ အပြစ်မရှိသူလိုခံယူကာ သူများတကာကို အပြစ်လိုက်တင်နေသော အရှက်မရှိသည့် မိန်းမတစ်ယောက်ရှိခဲ့ပါသည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းစိုးစံနေစဉ် ဘုရားလောင်းသည် တာဝတိံသာမှာ သိကြားမင်းဖြစ်သည်။ပုဏ္ဏားလုလင်ပျို စူဠဓနုဂ္ဂဟဆိုသူသည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာလာသင်သည်။လေးအတတ်ကို ပါရဂူမြောက်တတ်မြောက်ကာ ဆရာကြီးက သူ၏သမီးနှင့် ပေးစားလိုက်လေသည်။စူဠဓနုဂ္ဂဟတို့ ဇနီးမောင်နှံလည်း  ဆရာကြီးကိုကန်တော့ကာ နေပြည်တော်သို့ ပြန်လာခဲ့သည်။တောအုပ်အလယ်တွင် ဆင်ဆိုးကြီးတစ်ကောင်ကို ရင်ဆိုင်တွေ့ရသည်။ဆင်ဆိုးကြီးက သူတို့နှစ်ယောက်ထံ အန္တရာယ်ပြုရန် ပြေးဝင်လာသဖြင့် စူဠဓနုဂ္ဂက မြားနှင့်ပစ်ခွင်းလိုက်ရာ ဆင်ဦးကင်းမှဝင်ပြီး နောက်ဖက်မှပေါက်ထွက်ကာ သေသွားလေသည်။

ထို့နောက် ဆက်လက်ထွက်ခွာလာကြရာ နောက်ထပ်တောအုပ်တစ်ခုသို့ ရောက်လာပြန်သည်။တစ်နေရာအရောက်တွင် တောအမဲများကို မီးကင်၍ ဝိုင်းဖွဲ့စားသောက်နေသော လူဆိုးတစ်စုနှင့်ရင် ဆိုင်တွေ့ရပြန်သည်။လူဆိုးခေါင်းဆောင်က စူဠဓနုဂ္ဂဟ၏ အနေအထားကိုကြည့်ရာ သူရသတ္တိနှင့် ပြည့်စုံသူမှန်း အကဲခတ်မိသောကြောင့် သူ့လက်အောက်ငယ်သားများကို ရန်မပြုရန်တားသည်။သို့သော်လည်း စူဠဓနုဂ္ဂဟ၏ ပမာမခန့်အမူအရာကြောင့် ငယ်သားများက စူဠဓနုဂ္ဂဟတို့နှစ်ယောက်ကို ဖမ်းဆီးရန် ကြိုးစားသည်။

စူဠဓနုဂ္ဂဟက လေးကိုတင်ကာ လျှင်မြန်သောမြားပစ်ချက်များဖြင့် လျှပ်တစ်ပျက်ပစ်ခတ်ရာ လူဆိုးလေးဆယ့်ကိုးယောက်လုံး စူဠဓနုဂ္ဂဟ၏ မြားချက်အောက်မှာ အသက်ပျောက်ကုန်တော့သည်။နောက်ဆုံးတွင် လူဆိုးခေါင်းဆောင်တစ်ယောက်သာကျန်သည်။စူဠဓနုဂ္ဂဟထံတွင် မူလက မြားအချောင်းငါးဆယ်ပါလာရာ ဆင်ဆိုးကိုတစ်ချောင်း လူဆိုးများကိုလေးဆယ့်ကိုးချောင်းပစ်လိုက်ရ၍ သူ့တွင်မြားတစ်ချောင်းမှမကျန်တော့သဖြင့် လူဆိုးခေါင်းဆောင်ကျန်နေသေးခြင်းဖြစ်သည်။

ထို့ကြောင့် စူဠဓနုဂ္ဂဟလည်း လူဆိုးခေါင်းဆောင်ကို လူချင်းပူးသတ်ရလေသည်။နှစ်ယောက်သား သူတစ်ပြန်ကိုယ်တစ်ပြန် သတ်ပုတ်နေရာမှ နောက်ဆုံးတွင် လူဆိုးပေါ်သို့ ခွလျက်သားရောက်နေပြီမို့ ဇနီးဖြစ်သူထံ ဓါးလှမ်းတောင်းသည်။ထိုအချိန်တွင် ဇနီးဖြစ်သူက ခဏတာမြင်လိုက်ရသော လူဆိုးခေါင်းဆောင်အပေါ် သံယောဇဉ်ပိုနေပြီဖြစ်သည်။ထို့ကြောင့် သူ့ထံသို့ ဓါးအသွားထားကာ သူ့အောက်တွင်ရောက်နေသော လူဆိုးထံ ဓါးအရိုးကိုထားကာပေးလိုက်သည်။အခွင့်အရေးသာသွားပြီဖြစ်သော လူဆိုးက စူဠဓနုဂ္ဂဟ၏လည်ပင်းကို ဓါးနှင့်ပိုင်းဖြတ်လိုက်ရာ စူဠဓနုဂ္ဂတစ်ယောက် အသက်ဆုံးသွားရလေတော့သည်။

ထို့နောက် လူဆိုးနှင့် စူဠဓနုဂ္ဂဟ၏ သစ္စာမဲ့သော ဇနီးတို့နှစ်ယောက် အတူပေါင်းမိလေသည်။နှစ်ယောက်သားခရီးထွက်ခဲ့ရာ လမ်းသွားရင်း လူဆိုးက သစ္စာမဲ့မိန်းမကို မျိုးရိုးဇာတိကိုမေးမြန်းရာမှ အကြောင်းစုံကို သိလိုက်ရလေသည်။ထိုအခါ လူဆိုးက မိဘကပေးစားသော မျိုးရိုးကောင်းသော ခင်ပွန်းဖြစ်သူကိုတောင် သစ္စာဖောက်ကာ မိမိနောက်သို့ကောက်ကောက်ပါအောင်လိုက်လာသော မိန်းမကို ယုံကြည်မိလျှင် မိမိလည်းတစ်နေ့မှာ သစ္စာဖောက်ခံရပြီး အသက်ဆုံးရှုံးနိုင်ကြောင်း တွေးမိသည်။

ထို့ကြောင့် မြစ်တစ်ခုသို့ရောက်သောအခါ သစ္စာပျက်မိန်းမကို မြစ်ကမ်းတစ်ဖက်မှာထားခဲ့ကာ ထိုမိန်းမ၏ လက်ဝတ်တန်ဆာများကိုယူဆောင်ပြီး တစ်ဖက်ကမ်းသို့ ကူးခတ်ပြေးခဲ့လေသည်။သစ္စာမဲ့မိန်းမလည်း မြစ်ကမ်းဘေးမှာ ငိုကြွေးပြီး ကျန်ခဲ့လေသည်။

ထိုမိန်းမ ငိုကြွေးနေစဉ် မြေခွေးတစ်ကောင်သည် သားတစ်တစ်ခုကိုကိုက်ချီ၍ လျှောက်လာသည်။တစ်ချိန်တည်းမှာပဲ ငါးတစ်ကောင်သည် ရေထဲမှကုန်းပေါ်သို့ ရုတ်တရက်ခုန်တက်ပြီး မြေခွေးရှေ့သို့ ကျလာသည်။မြေခွေးသည် သားတစ်ကိုချထားကာ ငါးကိုခုန်ဖမ်းသည်။ငါးသည် ရေထဲသို့ တစ်ဖန်ခုန်ဆင်းသွားသည်။မြေခွေးက ငါးခုန်ဆင်းသွားရာ ရေပြင်သို့ ခဏကြည့်လိုက်ပြီးမှ သူချထားခဲ့သော သားတစ်ဆီသို ပြန်လှည့်လိုက်သည်။ထိုအချိန်မှာပဲ ငှက်တစ်ကောင်က သားတစ်ကို လျှင်မြန်စွာသုတ်ချီပြီး ကောင်းကင်သို့ပျံတက်သွားလေသည်။မြေခွေးက မျက်နှာမသာမယာနှင့် ငေးငိုင်ပြီးကျန်ရစ်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သစ္စာမဲ့မိန်းမက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။မြေခွေးက သူဝမ်းနည်းနေချိန်မှာ သူ့ကိုအားမပေးဘဲ ဘာကြောင့်ရယ်မောနေရတာလဲဟု မေးသည်။မိန်းမက လောဘကြီးလို့ အသားတစ်ရော ငါးပါ ဆုံးရှုံးရတာတွေ့လို့ ရယ်ကြောင်း ပြန်ပြောသည်။သင်သည် သူတစ်ပါး၏အပြစ်ကိုသာမြင်ပြီး သင့်အပြစ်ကိုတော့မမြင်ဘူး နောက်တစ်ယောက်ကိုမြင်၍  မိဘပေးစားသော လင်ကိုသတ်ခဲ့သည် ယခုတော့ နောက်တစ်ယောက်ကလည်းပစ်သွား ပြီဒါကြောင့်ငိုနေရပြီမဟုတ်လားဟု ပြောသည်။

သည်တော့မှ ရှက်ရှက်နှင့် နောက်ထပ်ယောင်္ကျားရလျှင် တည်တည်တံ့တံ့နေတော့မည်ပြောတော့ မြေခွေးက မြေခွက်ကိုခိုးတတ်သောသူသည် ငွေခွက် ရွှေခွက်များကိုတွေ့လျှင် ခိုးမှာသေချာသည်ဟု ပြောသည်။မိန်းမက အရှက်ကြီးရှက်ပြီး ကျန်ရစ်ခဲ့သည်။

တကယ်တော့ အပြစ်ကျူးလွန်ထားပြီး သူ့အပြစ်သူမသိသော သစ္စာမဲ့သည့်မိန်းမကို မာတလိနတ်သားက ငါးအဖြစ်၊ ပဉ္စသီခနတ်သားက ငှက်အဖြစ်၊ သိကြားမင်းက မြေခွေးအဖြစ် ဖန်ဆင်းပြီး သင်ခန်းစာပေးနေခြင်း ဖြစ်သည်။

တချို့အပြစ်သားသည် သူ့ဘာသူတော့ဟုတ်နေပြီအထင်နှင့် အပြစ်တွေကျူးလွန်နေသော်လည်း အပြစ်ကျူးလွန်ခံရသူနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကတော့ သူ့လုပ်ရပ်တွေမှားနေမှန်း သူအပြစ်တွေကျူးလွန်နေမှန်း ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရပါသည်။

အလှအပအကွက်ဆန်းများရှိသော အမွှေးအတောင်များကိုဖြန့်ကာဖြန့်ကာနှင့် မြူးထူးတက်ကြွစွာကနေသော ဒေါင်းငှက်သည် သူ့နောက်မှာ ဖင်ဟောင်းလောင်းနှင့်မို့ ရှက်စရာကောင်းလှပါသည်။ဒေါင်းငှက်သည် တိရစ္ဆာန်လည်းဖြစ် သူ့သဘာဝကပေးသည့်အတိုင်း နေထိုင်ရသူမို့ အရှက်မရှိတာပါ။လူဖြစ်ပြီး လူ့ကျင့်ဝတ်ကိုဖောက်ဖျက်ကာ တခြားသူများကို ဆင်းရဲဒုက္ခမရောက်ရောက်အောင် အပြစ်တွေကျူးလွန်နေပြီး သူ့ကိုယ်သူအပြစ်ကင်းသူလို နေထိုင်နိုင်သူများသည် ရှက်စရာကောင်းလှပါ သည်။

ထိုသို့ သူကိုယ်တိုင်က အပြစ်ကျူးလွန်ပြီး သူ့အပြစ်ကိုမမြင်ရုံမက သူများအပြစ်ကျတော့ ထူးထူးခြားခြား မြင်တတ်သူသည် ပို၍ရှက်စရာကောင်းလှပါသည်။ရှက်စရာအကောင်းဆုံးကတော့ သူကိုယ်တိုင်က အပြစ်ကျူးလွန်ထားပြီး သူ့ကိုယ်သူ လူကောင်းလို့ ကြွေးကြော်သည့်အပြင် အပြစ်မရှိသူကိုပင် အပြစ်ရှိသည်ဟု စွပ်စွဲသူမျိုးဖြစ်လေသည်။

           ရိုက်မောင်း