【 ဆောင်းပါး 】 ကော်ဖီတစ်ခွက်နဲ့ ရောက်တတ်ရာရာ

【 ဆောင်းပါး 】 ကော်ဖီတစ်ခွက်နဲ့ ရောက်တတ်ရာရာ

   လမ်းများတွင် လူတချို့ ခပ်သုတ်သုတ်လျှောက်နေကြသည်။ကားများက ခပ်နှေးနှေး။မိုးကာအရှည်ဝတ် လူအချို့က အမိုးစွန်းများတွင်ရပ်ကာ မိုးခိုနေကြသည်။အချို့က ထိုအမိုးစွန်းကိုကျော်ကာ အခြားတပါးသော အရပ်သို့။တခြားတပါးသော အရပ်တွင် မိုးသားများက တလိပ်လိပ်တက်နေသည်။ထိုနေ့ သည့် မေလထဲက တစ်ခုသော တနင်္ဂနွေနေ့ ဖြစ်လေသည်။  
                                                   (၁)
   ကော်ဖီဆိုင်၏ အပြင်ဘက်တွင် မိန်းမပျိုတစ်ယောက် ရပ်နေသည်။ကော်ဖီဆိုင် စားပွဲစွန်းတွင်  ယင်ကောင်တစ်ကောင်ရှိနေသည်။ခပ်လှမ်းလှမ်းတွင်ရှိနေသည့် အရာများက ကော်ဖီဆိုင်၏ အမြင်အာရုံ အပြင်ဘက်တွင်။မှိန်ဖျော့ဖျော့ ကောင်းကင်တွင် စိတ်ကူးတချို့ရှိသည်။ကျနော်သည် ကော်ဖီတစ်ခွက်ဖြစ်သည်ကို ကျနော်ကိုယ်တိုင် မေ့လျော့နေခဲ့သည်။
   ခံစားချက်များအားလုံးသည် အတွေးများမှ မြစ်ဖျားခံကြောင်း ဆိုကြသည်။သို့သော် စိတ်ဆိုသည်က ရောက်တတ်ရာရာ၊ ဟိုရောက်ရောက် ဒီရောက်ရောက်။ယနေ့ ကျနော့်စိတ်သည့် ကော်ဖီဆိုင်၏ ပြင်ပတွင် ရောက်နေနိုင်သည်။မနက်ဖြန်တွင် ကျနော့်စိတ်သည် တခြားတပါးသို့ ရောက်နေနိုင်သည်။သို့သော် မရှိသော နေ့ရက်များနှင့် မရောက်သော နေရာများသို့ မသွားရဆိုသည့် သတ်မှတ်ချက်မျိုးတော့ အတွေးတွင် မရှိ။ထိုသည်ကို ကျနော်တို့ စောင့်ထိန်းစရာမလို။နာကျည်းရသော နေ့ရက်များနှင့် ဂုဏ်ယူရသော နေ့ရက်များမှာ အချိုးကျ အလှည့်ပေးခံစားရမည်ဆိုသော သတ်မှတ်ချက် မရှိသည်ကို ကျနော်တို့မေ့နေလေသည်။
   အစွန်အဖျားတွင် ရပ်နေသည့်အခါ အားလုံးမြင်ရမည်ဟု ကျနော်တို့တွေးနေခြင်းက သိမှတ်မှားခြင်း တစ်မျိုးပင်ဖြစ်သည်။ထိုသို့မြင်ရတိုင်းလည်း စိတ်ခံ စားရမှုအားလုံးကို ကိုယ်စားမပြုနိုင်။သို့သော် ကျနော်တို့၏ စိတ်ခံစားမှုအားလုံးက ကျနော်တို့၏ မြင်ခြင်း၊ ထိခြင်း၊ ကြားခြင်းတို့မှာသာ မြစ်ဖျားခံလာရခြင်းဆိုသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။  
                                                   (၂)
   ကော်ဖီတစ်ခွက်တွင် ဘာတွေပါဝင်သလဲဆိုတာ ကျနော်မသိ။သို့သော် ကော်ဖီအစစ်တွင် ကာဖင်း ဓာတ် မည်မျှပါဝင်ကြောင်းတော့ ကျနော်သိသည်။သို့သော် ကော်ဖီအစေ့တွင်ရှိသည့် သဘာ၀ဓာတ်ပစ္စည်းထဲ နွေးထွေးစေချင်းဆိုသည့်ဓာတ် ပါခြင်း၊ မပါခြင်းကို ကျနော်မသိနိုင်ပေ။အထီးကျန်ခြင်းသည် ကော်ဖီကြောင့်ဖြစ်သည်ကို ဘယ်သူမှ မရည်ညွှန်းခဲ့။သေချာသည်က တချို့သော အရပ်များတွင် ကော်ဖီသည် အချစ်၏အမှတ်တံဆိပ်၊ မိတ်ဆက်ခြင်း၏သင်္ကေတ၊ တွေးတောခြင်း၏ အမှတ်လက္ခဏာဖြစ်နေခြင်းကိုပင်။ကော်ဖီသည် မိုးရွာသည့်အခါ စိတ်ကူးယဉ်ခြင်းအတွက် အဖော်မွန်ဖြစ်ပြီး နေပူသည့်အခါ ရဲရင့်ပြတ်သားရန် လှုံ့ဆော်တတ်သည်ကို အားပေးကြောင်းတော့ ကျနော်တို့ သိကြသည်။
   ဘ၀တွင် ကော်ဖီဆိုင်အမည်တပ်ပြီး ကော်ဖီမရသော ဆိုင်များစွာရှိလေသည်။ကော်ဖီဟု တံဆိပ်တပ်ခံရသည့်တိုင် ကော်ဖီပိုင်ဆိုင်ခွင့်မရှိသည့် အဖြစ်တွေ အပြင်လောကတွင်လည်းရှိတတ်မှန်း ကျနော်သိသည်မှာ မကြာသေး။တချို့သော ဆက်နွယ်ခြင်းများက ထိုသို့သော အကြောင်းတရားများလို့ စမှတ်မှာပင် ဆုံးခန်းတိုင်သွားလေသည်မှာ ထူးဆန်းသည်တော့ မဟုတ်။ခေတ်သည် ဒီလိုခေတ်ဖြစ်သည်။ အမှတ်တံဆိပ်တပ်ခံရသည့် ဘ၀များစွာသည့် ကော်ဖီဆိုင်တွင်ရှိတတ်သည်။သို့သော် ကော်ဖီဆိုင်တွင်ရှိတတ်သည်မှာ အထီးကျန်ခြင်း၊ နောင်တနှင့် လွမ်းဆွေးခြင်းတို့မှ လွဲကာ ဘာမှမရှိ။ တစ်ခါတရံ ပြန်လည်စတင်ခြင်းကို ကော်ဖီဆိုင်များတွင် တွေ့ရသည်မှလွဲပြီး ဘ၀သည် ပျင်းရီငြီးငွေ့ဖွယ်။   
                                                   (၃)
   ဖြတ်သန်းသွားလာခြင်းကြောင့်ဖြစ်သည့် အရှိန်သက်ရောက်မှုကို လမ်းများတွင် တွေ့ရမည်။တချို့သော ကြွေးကြော်မှုများသည့် ရင်ထဲတွင်ရှိသည်။မဖြစ်နိုင်ခြင်းမှာ ဖယ်ထုတ်ထားသော အစိတ်အပိုင်းအဖြစ် လွမ်းဆွေးတတ်သော လူများတွင်ရှိတတ်သော တရားများဖြစ်သည်။လွမ်းဆွေးခြင်းဆိုသည်မှာ လုယက်ခံရသူများနှင့် လူတစ်ယောက်၏ အခွင့်အရေးကို လေးစားတတ်သူများကို ကိုယ်စားပြုသည်။ထို့အတွက် လုယက်ခံရခြင်းနှင့် လွမ်း ဆွေးခြင်းမှာ တစ်သားတည်းဖြစ်သည့်ခေတ်တွင် အားလုံးသည် အလိုလို အတိတ်ကို လွမ်းဆွေးလာကြသည်။လွမ်းဆွေးခြင်းသည် ကော်ဖီဆိုင်တွင် တစ်ယောက်တည်းထိုင်နေခြင်းတော့ မဟုတ်ပေ။
   တစ်ခွက်တည်းရသော ကော်ဖီအတွက် လူတွေသတ်ကြဖြတ်ကြခြင်းမှာ မကြာခဏကြားဖူးသည့် ဇာတ်လမ်းနှင့် ပုံပြင်များဖြစ်သည်။ထိုဇာတ်လမ်းများအတွက် ကော်ဖီဖျော်သူနှင့် ကော်ဖီခွက်ချပေးသူမှာ အမြဲဇာတ်ကောင်ဖျောက်ခံထားရလေ့ရှိသည်။ထိုသူတွေ ဘယ်ကလာပြီး ဘယ်ကိုရောက်နေသနည်း။ကော်ဖီသောက်ခြင်းသည် နေရာထိုင်ခင်းနှင့် ဝန်ဆောင်မှုကို သောက်သုံးခြင်း မဟုတ်ဟု ကျနော်တို့ကို ဘာကြောင့်မသင်ကြားခဲ့သနည်း။ထိုသတ်မှတ်ချက်ဘောင်ထဲ ကျနော်တို့ကို ပိတ်ထားသည်မှာ မည်မျှကြာနေပြီဆိုသည်ကို ကျနော်တို့ မေ့နေခဲ့ကြသည်။
   တစ်နေ့သော မနက်ခင်းတွင် ကျနော်တို့ နိုးလာလိမ့်မည်။နိုးလာသည့် ကျနော်တို့ အိပ်ယာဘေး အနံ့ပြင်းပြင်း အရသာခါးသက်သက် ကော်ဖီတစ်ခွက်အရံသင့်ရှိနေမည်ဟု ကျနော်တို့ ထင်ထားကြသည်။  ထိုသည်မှာ ကျနော်တို့အားလုံး၏ သိမှတ်မှားမှုဖြစ်သည်။ထိုသိမှတ်မှားမှုသည် ဘယ်ကစပြီး ဘယ်မှာ ဆုံးသနည်း။
   သိမှတ်မှားမှုဖြင့် ကော်ဖီဆိုင်တွင် ကျနော်တို့ထိုင်နေရသည်။ထိုနေ့သည် မိုးရွာလျှင် ရွာမည်၊ မရွာလျှင် မရွာ။မှန်နံရံအပြင်ဘက်တွင် လူများသွားနေကြမည်။အငွေ့တစ်ထောင်းထောင်းနှင့် ကော်ဖီခွက်သည် လူတစ်ယောက်၏ ရှေ့တွင် အခန့်သား။သို့သော် ယင်ကောင်တစ်ကောင်က ထိုကော်ဖီခွက်ထဲ ရှိနေလေသည်။
   ထိုသူမှာ ခေတ်တစ်ခုပင် ဖြစ်လေသည်။
   လင်းနိုင်ကျော်စိုး