【 ဆောင်းပါး 】 ကျနော်တို့ဈေး၊ ချောင်းဆုံဈေး

【 ဆောင်းပါး 】 ကျနော်တို့ဈေး၊ ချောင်းဆုံဈေး

ကျနော်ငယ်ငယ်တုန်းက နံနက် ၆ နာရီကျော်ဆို အိပ်ယာထမြဲဖြစ်သည်။အိပ်ယာထ မျက်နှာသစ်ပြီးနောက်တွင် ဈေးမှပြန်လာမည့် အဘွားကိုထိုင်မျှော်ရသည်။ဘာ့ကြောင့်မျှော်ရသလဲဆိုတော့ အဘွားဈေးမှပြန်လာလျှင် ကျနော့်အတွက်နံနက်စာ မုန့်ပါလာသောကြောင့်ဖြစ်သည်။များသောအားဖြင့် မုန့်စိမ်းပေါင်း၊ ရံဖန်ရံခါ ကောက်ညှင်းပေါင်း။ပဲပြုတ်ပါလာလျှင်တော့ ပဲပြုတ်နှင့်ထမင်းကြမ်း။နည်းနည်းငြီးငွေ့လာသည့်အခါ ကျနော့်ဘွားဘွားကြီး နံနက်တိုင်းစားလေ့ရှိသည့် ထမင်းနှင့်ငါးပိရည်။ဆီနည်းနည်းထည့်၊ ပုစွန်ခြောက်နည်းနည်းထည့်။နေလှန်းထားသော မရမ်းပြားခြောက် တစ်ဖတ်၊ နှစ်ဖတ်ထည့်၊ ငရုပ်သီးမှုန့်များများထည့်။

ကျနော် ၄-၅ တန်းရောက်တော့ ကိုယ့်ဘာသာဈေးသွားတတ်နေပြီမို့ အဘွားကိုမျှော်စရာမလိုတော့။ကျနော်တို့အိမ်အနောက်ဘက်ခြမ်းမှသွားလျှင် ဈေးသို့ ၅ မိနစ်ဆိုရောက်သည်။ဈေးသို့မရောက်မီ ကတ္တရာလမ်းကိုဖြတ်ကူးရသဖြင့် ကလေးများအတွက် နည်းနည်းသတိထားရသည်။

ဘီလူးကျွန်းပေါ်က ချောင်းဆုံမြို့မဈေး။ချောင်းဆုံအနောက်ပိုင်းရပ်ကွက်တွင်တည်ရှိပြီး သူ၏ရှေ့တွင် စာတိုက်ရှိသည်။နံနက်ပိုင်းသာဖွင့်သောဈေးဖြစ်ပြီး ချောင်းဆုံမြို့ပေါ် အိမ်ထောင်စုများအားထားရာ ဈေးလည်းဖြစ်သည်။ထို့ကြောင့် နံနက်ပိုင်းတွင် လူတိုးတိုးဝှေ့ဝှေ့ဖြင့် စည်ကားလေ့ရှိသည်။

ဈေးဟုဆိုသော်လည်း တောမြို့လေး၏ဈေးပီပီ အခန်းကန့်ဆိုင်ခန်းများမရှိ။အင်္ဂလိပ်အက္ခရာ (L) ပုံစံ အုတ်ခုံပေါ်တွင် အမိုးမိုးထားပြီး အကာမရှိ။ဈေးထဲတွင် သူ့နေရာနှင့်သူ သစ်သားခုံခင်းရောင်းချသော ဈေးဟုဆိုသော ဈေးဖြစ်သည်။

စာတိုက်အရှေ့မှ ဈေးသို့ဝင်ဝင်ချင်းနေရာတွင် ကျနော်ငယ်ငယ်က ခပ်ကျဉ်းကျဉ်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်။ထိုလက်ဖက်ရည်ဆိုင်နှင့်ကပ်လျက် ဈေးသို့ဝင်ဝင်ချင်းထိပ်တွင် ကျနော်နေ့စဉ်နီးပါးဝယ်စားနေသော မုန့်စိမ်းပေါင်းနှင့် ကောက်ညှင်းပေါင်း။ချောင်းဆုံမြို့ပေါ်နှင့်ကပ်လျက် ကုလားတို့ရွာမှ လာရောင်းခြင်းဖြစ်ပြီး အသားဖြူဖြူ စိတ်ကောင်းကောင်း အဒေါ်ကြီး။မုန့်စိမ်းပေါင်းတစ်မတ်ဖိုးဆို ကျနော့်တစ်ကိုယ်တော်နံနက်စာအတွက် အိုကေ၊ ၁၉၈၀ ပြည့်နှစ်လွန်ကာလများ။မုန့်စိမ်းပေါင်းစားရပျင်းလာလျှင် မုန့်စိမ်းပေါင်းနှင့် ကောက်ညှင်းပေါင်းရော တစ်မတ်ဖိုး။ကျနော်ငယ်ငယ်က ပလတ်စတစ်အိတ်မပေါ်သေးသဖြင့် ဖက်ရွက်စိမ်းစိမ်းထဲ ထည့်ထုပ်ပေးသည်။

ဈေးမျက်နှာစာဘက်အခြမ်းမှာ များသောအားဖြင့် မုန့်ဆိုင်များဖြစ်သည်။မုန့်လက်ဆောင်းဆိုလျှင်လည်း ကောင်းမှကောင်း။မုန့်လက်ဆောင်းရောင်းသူမှာ ကျနော်တို့ရပ်ဆွေရပ်မျိုး ဒေါ်လှ။ဒေါ်လှ အသက်ရလာတော့ သူ့သမီးကြီးကဆက်ရောင်းသည်။သူ့သမီးကြီးမှာ ကျနော့်အစ်ကိုဝမ်းကွဲ၏ မိန်းမ။သူတို့မုန့်လက်ဆောင်းမှာ ထန်းလျက်ရည်နှင့်မရောင်း။ပေါင်မုန့်တို့ဘာတို့ပါသည့် ရွှေရင်အေးမရောင်း။အုန်းနို့ရည်နှင့် မုန့်ဖတ်ထည့်သည့် မုန့်လက်ဆောင်းသီးသန့်။

ကျနော်က မုန့်လက်ဆောင်းနှင့် ရွှေရင်အေးကြိုက်သူမို့ နယ်ပေါင်းစုံတွင် ကြုံကြိုက်လျှင် စားလေ့ရှိသည်။ကျိုက်ထီးရိုးတွင်ဆို ထန်းလျက်ရည်နှင့် အုန်းသီးဖတ်နှင့် မုန့်လက်ဆောင်းမှာ ကောင်းမှကောင်း။သို့သော် ကျနော်တို့ချောင်းဆုံက ဒေါ်လှမုန့်လက်ဆောင်းလောက်မကောင်း။မြန်မာနိုင်ငံအနှံ့ စားဖူးသမျှ မုန့်လက်ဆောင်းထဲတွင် ဒေါ်လှမုန့်လက်ဆောင်းလောက် ကောင်းတာမရှိ။ဒေါ်လှမုန့်လက်ဆောင်း၏ အုန်းနို့ရည်မှာ အခြားမည်သည့်ဟာနှင့်မှမတူ။

မုန့်လက်ဆောင်းကို နည်းနည်းကျော်သွားလျှင် ကျနော်တို့အလယ်တန်းပြဆရာမ ဒေါ်အေးမိရောင်းသော မုန့်ဟင်းခါးဆိုင်။ဆရာမ၏အစ်ကိုမှာ ကျနော့်အဖေသူငယ်ချင်း။အဖေ့သူငယ်ချင်း၏သားမှာလည်း ကျနော့်ကျောင်းနေဘက်ဘော်ဒါ တိုင်းအောင်စိုး။တိုင်းအောင်စိုးမှာ သူလူပျိုဘဝတုန်းက ရန်ကုန် အဖေတို့ရုံးတွင် အလုပ်ဝင်ခဲ့ဖူး။နောက်ပိုင်းကျ အလုပ်ကထွက် ဘီလူးကျွန်းသူဆရာမနှင့်ငြား။သူက မသောက်မစား လူ့ဘဝကို အတိအကျဖြတ်သန်းနေသူ။

ကျနော်တို့ ချောင်းဆုံမုန့်ဟင်းခါးမှာ ဆီမပါဘဲ ငါး၊ ငှက်ပျောဖတ်နှင့် ငှက်ပျောအူကို ချက်ထားသည့် မုန့်ဟင်းခါးရည်ဖြစ်သည်။ထို့ကြောင့် ရန်ကုန်မုန့်ဟင်းခါးလို ဆီမပါ၊ ပြီးတော့ ကျနော်တို့မုန့်ဟင်းခါးရည်က ဌက်ပျောအူဖတ်များများ။ချောင်းဆုံမုန့်ဖတ်မှာလည်း ရန်ကုန်မုန့်ဖတ်ထက် အနည်းငယ်ပိုကြီးသေးသည်။

ချောင်းဆုံမုန့်ဟင်းခါးတွင် နံနံပင်နှင့် ပဲသီးထည့်စားသူနည်းပြီး ဇီယာ (ရန်ကုန်အခေါ် ပူစီနံ) နှင့် ပဲပင်ပေါက် ထည့်စားကြသည်။ကျနော်ကတော့ ပဲပင်ပေါက်ထက် ဇီယာထည့်စားရခြင်းကို ပိုကြိုက်သည်။ကျနော်တို့ဆရာမမှာ အပျိုကြီးဖြစ်ပြီး သူ့အမေလက်ငုပ်လက်ရင်း မုန့်ဟင်းခါးရောင်းခြင်းကို ဆက်ခံသူဖြစ် သည်။

ကျနော်ငယ်ငယ်က မုန့်ဟင်းခါးတစ်ပွဲဈေးကို မမှတ်မိတော့သော်လည်း မုန့်စိမ်းပေါင်းတစ်မတ်ဖိုးထက် ဈေးများသဖြင့် ရံဖန်ရံခါမှသာ စားနိုင်သည်။နောက်ပိုင်း ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ပြီးနောက် နွေကျောင်းပိတ်ရက် ချောင်းဆုံအလည်ပြန်လာသည့်အခါ မုန့်ဟင်းခါးသွားစားတိုင်း ဆရာမက ပိုက်ဆံမယူသဖြင့် သိပ်သွားမစားဖြစ်။စားချင်လျှင် တစ်ယောက်ယောက်ကို ပါဆယ်ဆွဲခိုင်းရသည်။ထားတော့။

ချောင်းဆုံဈေး၏ မျက်နှာစာတန်းမှာ ကားလမ်းကိုကျောပေးထားသည်။အလယ်တန်းများက အထည်ဆိုင်လည်းရှိ၊ ကုန်ခြောက်ဆိုင်လည်းရှိ။မုန့်သည်လည်း နည်းနည်းထပ်ရှိသည်။အသားငါးဆိုင်တန်းများက ဈေးအစွန်ဘက်ခြမ်းတွင် သီးသန့်။ဟင်းသီးဟင်းရွက်တန်းမှာ ဈေး၏အနောက်ဘက်ခြမ်း လမ်းမပေါ်တွင်။မျက်နှာစာတန်းတွင် ဈေးအုတ်ခုံပေါ်သို့ရောက်ရန် လှေကားသုံးထစ်သာတက်ရသော်လည်း ဈေးအနောက်ဘက် ဟင်းရွက်တန်းသို့ဆင်းသည့်အခါ လှေကား ၈ ထစ်လောက် ဆင်းရသည်။

ဟင်းရွက်တန်းမှာ အောက်လမ်းသို့သွားရာလမ်းကို ပိတ်ပြီးရောင်းခြင်းဖြစ်သည်။ထို့ကြောင့် ဈေးကွဲသည့် နံနက် ၁၀ နာရီလောက်မှသာ လှည်းဖြတ်မောင်းလို့ရသည်။ချောင်းဆုံဈေးမှာ နံနက်ပိုင်းဈေးမို့ နံနက် ၁၀ နာရီနောက်ပိုင်းတွင် လူလည်းမရှိ အသံလည်းတိတ်ပြီ။နေ့ခင်းပိုင်းတွင်တော့ ဈေးမျက်နှာစာတန်း၌ လမ်းမဘက်မျက်နှာလှည့်ကာ ကျနော်တို့ကလေးများအကြိုက် ရေခဲခြစ်ရောင်းသည့်ဆိုင်နှင့် ကွမ်းယာဆိုင်ထွက်သည်။စနေ၊ တနင်္ဂနွေ နေ့ခင်းဘက်ကစားရင်းတန်းလန်း ဈေးသို့ပြေးကာ ရေခဲခြစ်စားရသည်မှာ ထူးကဲအရသာ။ခြစ်ထားသည့် ရေခဲမှုန့်ကို ကျစ်နေအောင်လက်နှင့်ဆုပ်၊ ပြီးလျှင်တုတ်နှင့်ထိုး။ရေခဲခြစ်ပတ်လည်ကို အနီရောင်ဆေးဆိုးထားသည့် အချိုရည်ဖြန်း။ထို့နောက် နို့ဆီနည်းနည်းပေါက်ချ။အချိုရည်နှင့် နို့ဆီသည်အသက်မို့ အချိုရည်များများ၊ နို့ဆီများများထည့်ဟု ကျနော်တို့ပြောလေ့ရှိသည်။

ဈေးတွင်ရောင်းချသော ဟင်းရွက်များမှာ ကိုယ့်ကျွန်းထွက်။အသားငါးများမှာလည်း ကိုယ့်ကျွန်းထွက်မို့ ဈေးနှုန်းကချိုချို။ကိုယ့်ကျွန်းထွက်ပစ္စည်းဖြင့် ကိုယ့်ကျွန်းသားများကို လောက်ဌစွာကျွေးနိုင်သည့်သဘော။ဘီလူးကျွန်းအနောက်ဘက်ခြမ်းမှာ ကပ္ပလီပင်လယ်မို့ ငါးခြောက်ငါးခြမ်းတို့သည်လည်း ဈေးသင့်သည်။ဆောင်းကာလ ငါးသလောက်ရာသီတွင် သံလွင်မြစ်ကမ်းဘေး နတ်မှော်ရွာနှင့် မရမ်းရွာတို့က ငါးသလောက်လှေများထွက်ကြသဖြင့် ငါးသလောက်ပေါပေါများများရသည်။

သက္ကရာဇ်၂၀၀၀ ဒီဘက်ရောက်တော့ ရေသယံဇာတထိန်းသိမ်းမှု လုံးဝမရှိခြင်းကြောင့် ငါးသလောက်အကောင်ကြီးဖမ်းဆီးရမိမှုနည်းလာသလို မော်လမြိုင်သို့တင်ပို့၊ အအေးခန်းလှောင်ကာ အိတ်စပို့လုပ်ငန်းတွင်ကျယ်လာသဖြင့် ကျနော်တို့ဘီလူးကျွန်းသားများ ငါးသလောက်စိတ်ကြိုက်မစားရတော့။

ညနေပိုင်းဈေးကတော့ ချောင်းဆုံအရှေ့ ဘုရားကြီးကုန်းဈေး။ချောင်းဆုံဈေးလောက် မကြီးသော်လည်း သူသည်လည်း သူဟာနဲ့သူ မသေး။ဘုရားကြီးကုန်းဈေးကို ဘုရားကြီးကုန်းနှင့်နီးသော ချောင်းဆုံအရှေ့ပိုင်းသားများသာ အဓိကသွားရောက်ဝမ်းခြမ်းကြသည်။

အဓိကဈေးမှာ ချောင်းဆုံမြို့မဈေး။ထိုဈေးကို ကျနော့်အဖေ ရန်ကုန်တွင် အလုပ်သွားလုပ်သည့်အချိန်ကျမှ တည်ဆောက်ခြင်းဖြစ်သဖြင့် ၁၉၆၀-၇၀ ပြည့်နှစ်ကြား သက္ကရာဇ်တစ်ခုက တည်ခြင်းဖြစ်လိမ့်မည်။ချောင်းဆုံဈေးမတည်ခင်က ဘယ်နေရာတွင် ဈေးတည်ခဲ့သလဲဟု အဖေ့ကိုမေးကြည့်တော့ လမ်းမပေါ်တွင်ဟု သိရသည်။ချောင်းဆုံအရှေ့နှင့် အနောက်ရပ်ကွက် လမ်းဆုံ ဦးဂျင်လမ်းဝကို ဗဟိုပြု၍ လမ်းမတန်း၌ရောင်းချကြခြင်းဟု သိရသည်။

ယခုဆို ချောင်းဆုံမြို့မဈေးမှာ နှစ် ၅၀ ကျော် သက်တမ်းရှိခဲ့ပြီ။နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၂၀ ပြည့်နှစ် ကိုဗစ်ဒုတိယလှိုင်းကာလအတွင်းသာ ခေတ္တပိတ်ခဲ့ဖူးသည်။ကျနော်ဘီလူးကျွန်းပြန်ရောက်တိုင်း ငယ်ဘ၀အငွေ့အသက်များကို ပြန်ရချင်သဖြင့် ချောင်းဆုံဈေးသို့ရောက်အောင် သွားလေ့ရှိသည်။

ကျနော်ငယ်ငယ်တုန်းကစားခဲ့သော မုန့်စိမ်းပေါင်းသည်နေရာတွင် သူ့သမီး။ဖက်ရွက်စိမ်းများနေရာတွင် ပလတ်စတစ်အိတ်များရောက်လာသည်ကလွဲ၍ မပြောင်းလဲ။မုန့်လက်ဆောင်းသည် ဒေါ်လှနေရာတွင် သူ့သမီးကြီး၊ မုန့်လက်ဆောင်းအရသာသည် ယခင်အတိုင်းမပြောင်း ကောင်းမြဲ။မုန့်ဟင်းခါးသည်ဆရာမက ဘဝကူးခဲ့ပြီး ဆက်ခံမည့်သူမရှိသဖြင့် နတ္ထိ။
ဟင်းရွက်သည် ကျနော့်ကြီးတော်သည်လည်း ကွယ်လွန်။ဟိုး … ကျနော့်အမေဇာတိ ကွမ်သဲရွာကလာရောင်းသော ပန်းသည်အဒေါ်ကြီးသည်လည်း မရောင်းနိုင်တော့။

များသောအားဖြင့် အမေနေရာတွင် သမီး (သို့မဟုတ်) တူမက ဆက်ခံကြသဖြင့်  မျက်နှာစိမ်းများကို သိပ်မတွေ့။နှစ်ပေါင်း သုံး၊ လေးဆယ်သည် ဘာမှမပြောင်းလဲသလို။

ငြိမ်းဆက်
သြဂုတ် - ၁၄