【 ဆောင်းပါး 】 ကြက်သမား ဦးကြီး

【 ဆောင်းပါး 】 ကြက်သမား ဦးကြီး

အဘိုးတို့ လူပျိုတုန်းက ညဘက်လမ်းထွက်လျှင် ဌက်ကြီးတောင်ဓား ဆောင်သွားလေ့ရှိသည်တဲ့။ညဘက် သူများရွာသို့ အကြောင်းကိစ္စတစ်ခုခုကြောင့် ဝင်မည်ဆိုပါက ကျနော်တို့မည်သူမည်ဝါဖြစ်ကြောင်း အသံပေးပြီးမှ ဝင်ရသည်တဲ့။တခြားရွာက ရည်းစားနှင့် ညဘက်သွားချိန်းတွေ့လိုပါက ရွာခံတစ်ဦးဦးထံ အကူအညီတောင်းရသည်တဲ့။ရွာခံပါသည့်တိုင် ကိုယ့်ရည်းစားကိုပိုးနေသူ တစ်ဦးဦးနှင့်တိုးလျှင် မစားသာ။တကယ်ခုတ်တာလားဆိုတော့ လက်သည်မပေါ်သည့် ရိုက်မှုနှင့် လူသတ်မှုတို့ မနည်းလှ။ဂျပန်မဝင်မီ အင်္ဂလိပ်ခေတ်သည် အဘိုးတို့ လူပျိုခေတ်။ညဘက်ဆို ကိုယ့်ရွာထဲ သူများဝင်တာလည်းမကြိုက်။ကိုယ်လည်း တခြားရွာမသွားတာ အကောင်းဆုံး။ကျနော်တို့ ဘီလူးကျွန်းတွင် ထိုသို့ရွာစိတ်ရွာမာန်ပြင်းပါ့၊ ဓားထက်လှ။

ကျနော်မှတ်မိစ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရောက်တော့ ညဘက်ဓားဆောင်လေ့ရှိသောခေတ်မှာ ကုန်လွန်သွားခဲ့ပြီ။ဓားတရမ်းရမ်းခေတ်ကုန်ခဲ့ပြီဖြစ်သော်လည်း ညဘက်ဆို ကိုယ့်ရွာကိုယ်နေ၊ ကိုယ့်ဘာသာမူးတာ အကောင်းဆုံး။ရွာစိတ်ရွာမာန်က ဓားမထက်တောင်မှ ထိပ်ပေါက်ခေါင်းကွဲလောက်က အသာလေး။ထို့ကြောင့် ထင်သည်။ကျနော်တို့ရပ်ရွာသား ကာလသားကြီးများ ကိုယ့်အိမ်မှာကိုယ်ကျယ်သံကို ညစဉ်နီးပါးကြားရတတ်သည်။

ည ၉ နာရီကျော်တွင် အိမ်တံခါးပိတ်ပြီးနောက် သိပ်မကြာ တစ်ယောက်တစ်ပေါက် အော်ဟစ်သီချင်းဆိုသော ကာလသားကြီးတို့၏အသံကို ကြားရမြဲဖြစ်သည်။ကျနော်တို့ကာလသားကြီးများ မူးပြီး အိမ်ပြန်လာကြပြီ။များသောအားဖြင့် သီချင်းသံသည် ကျနော်တို့အိမ်မရောက်ခင် တိတ်သွားလေ့ရှိပြီး နှစ်အိမ်လောက်ကျော်သွားပြီးမှ သီချင်းသံပြန်ထွက်လာတတ်သည်။

ထိုသို့ဆိုလျှင် ပြဿနာမရှိ။တစ်ခါတစ်ရံ အရှိန်လွန်ပြီး ကျနော်တို့အိမ်ရှေ့ရောက်သည့်တိုင် သီချင်းသံမတိတ်လျှင် ‘ဟေ့ကောင်တွေ၊ မင်းတို့ ဒီအချိန် လူကြီးတွေအိပ်ချိန်ဆိုတာ နားမလည်ဘူးလား။မင်းတို့ဘာကောင်တွေလဲ၊ လူမိုက်လား’ ဟူ၍ ကျနော့်အဘိုးက ဟိန်းဟောက်တော့သည်။

အဘိုးသည် ပိုက်ဆံလည်းအတန်ငယ်ရှိ၊ တစ်ချိန်တုန်းကလည်း မိုက်တိမိုက်ကန်းမို့ မူးလို့ပြန်စော်ကားမိပါသည်ဆိုတာမျိုးမခံရ။ထိုသို့ အဘိုးအော်လိုက်လျှင် ကာလသားကြီးတို့အသံ လုံးဝတိတ်သွားမြဲဖြစ်သည်။ကျနော်တို့ရပ်ရွာတွင် ထိုသို့ပြောသူက အဘိုးတစ်ဦးတည်း။ကာလသားကြီးတို့က အဘိုးကိုင်နေကျ ဌက်ကြီးတောင်ဓားကိုလည်း ကောင်းကောင်းမြင်ဖူးထားသည်ဆိုတော့။

အဘိုးကွယ်လွန်သွားပြီး နည်းနည်းကြာလာတော့ ကာလသားကြီးတို့၏ သီချင်းသံသည် ကျနော်တို့အိမ်ရှေ့ရောက်တော့လည်း မရပ်တော့။ထိုမျှမက သူတို့အရှိန်လွန်လာသော ညတချို့တို့တွင် မြောင်းထဲပြုတ်ကျသံကိုပါ ကြားရတတ်သည်။

ကျနော်တို့လမ်းမှာ ချောင်းဆုံမြို့၊ မြင့်မိုရ်တောင်ခြေတွင်တည်ရှိပြီး မိုးရွာလျှင် တောင်ပေါ်မှလိမ့်ဆင်းလာသော ရေတို့သည် မြောင်းအတိုင်းစီးဆင်းသွားကြကုန်သည်။လမ်းမှာ မျက်နှာချင်းဆိုင် အိမ်နှင့် ခြံတို့ရှိပြီး လမ်းဟိုဘက်၊ ဒီဘက် မြောင်းနှစ်ခုရှိသည်။ကျနော်တို့ အိမ်ဘက်ခြမ်းက မြောင်းမှာ လူကြီးတစ်ယောက် ခေါင်းပေါ်ရုံအထိနက်သဖြင့် မြောင်းကြီး။ဟိုဘက်ခြမ်းမြောင်းကတော့ ခပ်တိမ်တိမ်။ရှေးယခင်ကတည်းကရှိခဲ့သောမြောင်းဟု ကျနော့်အဖေကပြောသည်။

ထို့ကြောင့် မြောင်းသေးထဲပြုတ်ကျပါက ပြဿနာမရှိသော်လည်းမြောင်းကြီးထဲဆိုပါက အခန့်မသင့်လျှင် ကျိုးပဲ့ကွဲပြဲနိုင်သည်။ကျနော်တို့ကာလသားကြီးများက မူးနေသဖြင့် တစ်ယောက်ယောက် မြောင်းထဲကျလျှင် ရယ်ကြမောကြသည်။

မူးလာသော ကာလသားကြီးတို့ထဲတွင် ကျနော့်ဦးကြီးလည်းပါသည်။သူ့အမည်မှာ ညွန့်တင်။သို့ သော်၊ ယခု ဦးကြီးအသက် ၇၆ နှစ်ရှိသည့်တိုင် သူ့ကို ညွန့်တင်ဟုခေါ်သူ တစ်ဦးမျှမရှိ။သူ့အိမ်နာမည် အကောင်ကြီးဟုသာ ခေါ်ကြသည်။တချို့သော တူ၊ တူမတို့က ဦးငယ်ကောင်ကြီး။ကျနော်တို့က ဦးကြီးဟုခေါ်သည်။သူက ကျနော့်အဖေအောက် ၁၅ ရက်သာငယ်သည်။ပြီးတော့ ကျနော့်အဖေကလည်း တစ်ဦးတည်းသောသား။ ဦးကြီး၏ညီကလည်း အသက်ငယ်သဖြင့် ကျနော့်အဖေနှင့် ဦးကြီးတို့မှာ တစ်ဝမ်းကွဲဖြစ်သော်ငြား ညီအစ်ကိုအရင်းများပမာ။

ကျနော့်အဘွားက အမျိုးချစ်သူမို့ သူ့တူ အကောင်ကြီးကိုလည်း ချစ်သည်။ထို့ကြောင့် မြောင်းထဲကျသံကြားလျှင် အဘွားမနေနိုင်။မီးခွက်ထွန်း၊ တံခါးဖွင့်ကာ မီးသွားပြမြဲဖြစ်သည်။မြောင်းထဲသို့ သူ့တူ ဘယ်နှစ်ခါကျခဲ့သလဲတော့မသိ။ထိုအချိန်က ဦးကြီးမှာ ကုန်သွယ်ရေးဂိုဒေါင်တွင် အလုပ်သမားမို့ ငွေရွှင်သည်။ထို့ကြောင့် အပေါင်းအသင်းများနှင့် ညစဉ်မူးသည်။မူးသော်လည်း မရမ်းကား။လူကြီးသူမများကို မစော်ကား။ဂိုဒေါင်ခေတ်ကုန်ပြီးနောက် အသက်ရသည်အထိ လက်သမားလုပ်သည်။ယခုတော့ ဘုန်းကြီးကျောင်းဝေယျာဝစ္စလုပ်လိုက်၊ အိမ်ပြန်လာလိုက်ဖြင့် ပိုက်ဆံမရှိသော အငြိမ်းစား။

ဦးကြီး ဘယ်အရွယ်အထိ အရက်သောက်ခဲ့သလဲမမှတ်မိ။ကျနော်အလယ်တန်းကျောင်းသားဘဝတွင် ဦးကြီးအရက်ဖြတ်လိုက်သည်။ဖြတ်တာမှ တိခနဲ။ယခု ၇၆ နှစ်အရွယ်ထိတိုင် လျှာပေါ်ပြန်မတင်။အရက်ဝိုင်းများတွင် သွားမထိုင်။သို့သော်၊ တော်တော်ကြီးသည့်တိုင် သူမပြတ်နိုင်တာတစ်ခုတော့ရှိသည်။ယင်းမှာ ကြက်တိုက်ခြင်းဖြစ်သည်။

သူက ကျနော်တို့ချောင်းဆုံတွင် နာမည်ရခဲ့သော ကြက်စွဲ။ကြက်စွဲဆိုသည်မှာ မြန်မာလက်ဝှေ့တစ်ချီပြီးလို့ ခေတ္တနားချိန်တွင် မိမိလက်ဝှေ့သမား နာကျင်မှုများပြေပျောက်အောင် ကုသပေးသူလို ကြက်ကိုကုသပေးသူဖြစ်သည်။

ကျနော်တို့ ဘီလူးကျွန်းမှာက သက္ကရာဇ်၂၀၀၀ ဟိုဘက် တော်တော်စွန်းစွန်းထိတိုင် ကြက်ပွဲများ ခေတ်စားခဲ့သည်။တိုက်ကြက်ချင်းခွပ်သည့်ပွဲ၊ လောင်းကြေးမှာ ပွဲကြီးလျှင်ကြီးသလို ၁၀ သိန်း၊ သိန်း ၂၀ နင့်ခနဲ။ကြက်စွဲဆိုတာက ကိုယ်ကိုင်သည့်ကြက်အကြောင်း သေချာလည်းသိ၊ ကိုယ့်ကြက်အခွပ်ခံရသဖြင့် အထိနာခဲ့သောနေရာကိုလည်း ကောင်းကောင်းသိကာ ခဏတဖြုတ် အနာပြေပျောက်အောင် ကုသပေးနိုင်သူမို့ ဆရာတစ်ဆူ။

သူက ကြက်စွဲတင်မက တိုက်ကြက်လည်းမွေးသည်။တိုက်ကြက်မွေးတာက ကိုယ့်မိန်းမထက်ပင် ဂရုစိုက်ရသေးသည်။မနက်ခင်း မျက်လုံးပွင့်တာနဲ့ တိုက်ကြက်ဆီအရင်သွား၊ တိုက်ကြက်ပါထားသော ကြက်ချေးကို သေချာစစ်။ဝမ်းပျော့နေသလား၊ ဝမ်းပုံမှန်ပဲလား။ချေးကိုကြည့်ကာ တိုက်ကြက် နေကောင်း၊ မကောင်း အကဲဖြတ်ရသည်။ပြီးလျှင် ဖီးကြမ်းဌက်ပျောသီးကို ချေပြီးခွံ့ရ၊ ရေတိုက်ရ။အလုပ်မှပြန်လာသည်နှင့် တိုက်ကြက်ဆီ အရင်ပြေးကြည့်ရ။အရိပ်တကြည့်ကြည့်။ကြက်ပွဲနားနီးပြီဆို ပို၍ဆိုး။သူ့တိုက်ကြက်များနိုင်လာပြီဆို တပြုံးပြုံး။သူတစ်ဦးတည်းအနေနှင့် အများကြီးမလောင်းနိုင်သဖြင့် ငွေများများမရသော်လည်း ဘာကြောင့် သူမော်ကြွားရသလဲဆိုသည်ကို ကျနော်နားမလည်။

ကျနော် ၁၉-၂၀ အရွယ်၊ ဆရာသော်တာဆွေရေးသည့် ‘ကြက်ဋီကာ’ ကို ဖတ်မိမှ ဦးကြီး၏ခံစားချက်ကို နားလည်မိတော့သည်။ကျနော်ငယ်ငယ်က ကြက်ပွဲများနှင့်လည်း မစိမ်းသဖြင့် ‘ကြက်ဋီကာ’ ကို ကောင်းကောင်းအရသာခံတတ်သည်။ဆရာသော်တာဆွေ၏ အရေးအသား ကြက်သမားများသည် ကျနော့်ဦးကြီးနှင့် တစ်နေရာမဟုတ် တစ်နေရာ တူနေသဖြင့် ရန်ကုန်က ကြက်သမားနှင့် ဘီလူးကျွန်းကကြက်သမား တူတူပါလားဟု နားလည်မိသည်။

ကျနော်ငယ်ငယ်က ကျနော်တို့အိမ်နှင့် မျက်နှာချင်းဆိုင် ခြံထဲတွင် ကြက်ပွဲလုပ်လေ့ရှိသည်။သိပ်ကြေးများတာလည်းမဟုတ်၊ အပျော်တမ်းအဆင့်လည်းမဟုတ်သော ပွဲမျိုး။လူကြီးတွေက ကျနော်တို့ကလေးများ ကြက်ဝိုင်းလာတာကို မကြိုက်။ကြက်ဝိုင်းသည် ကလေးနှင့်မဆိုင်ဟု ယူဆတာကြောင့်လည်းပါသည်။ပြီးတော့ အချိန်မရွေး ရဲဝင်ဖမ်းနိုင်တာကြောင့်လည်းဖြစ်သည်။သို့သော်၊ ကျနော်ကတော့ မောင်းထုတ်လည်း နောက်တစ်ခါ မသိမသာ ပေကပ်ကပ်နှင့် ရောက်လာမြဲ။

ကြေးကြီးသော ကြက်ဝိုင်းများကျတော့ မြင့်မိုရ်တောင်အနောက်ဘက် ရော်ဘာခြံထဲလိုနေရာမျိုးနှင့် မြို့ပေါ်နှင့်လှမ်းသောရွာများတွင် ပြုလုပ်လေ့ရှိသည်။အပျော်တမ်းခွပ်ကြတာကလွဲ မည်သည့်ကြက်ဝိုင်းမဆိုသည် အာဏာပိုင်တို့နှင့် နားလည်မှုယူထားမြဲဖြစ်သည်။ကြေးကြီးလျှင်ကြီးသလို နားလည်မှုကိုလည်း ခပ်ကြီးကြီးယူရသည်။နားလည်မှုယူထားသော အာဏာပိုင်တို့၏တာဝန်မှာ ကြက်ဝိုင်းကျင်းပနေစဉ် အဖမ်းအဆီးမရှိအောင်ဖြစ်သည်။ကြက်ဝိုင်းပြီးလို့ အိမ်အပြန်လမ်းတွင် အလုခံရခြင်းသည် သူတို့နှင့်မဆိုင်။

သို့သော်၊ ကြက်သမားမှန်လျှင် ဘယ်လောက်ရှုံးရှုံး ဘယ်တော့မှမလု။ကြက်သမားချင်း သစ္စာရှိကြသည်။ကြက်သမားချင်း စာနာတတ်ကြသည်။ကျနော့်ဦးကြီးတစ်သက် ကြက်စွဲအလီလီလုပ်ခဲ့ပြီး ဝင်ဖမ်းတာမျိုးနှင့်လည်း ကြုံခဲ့ဖူးသည်။ဘယ်တော့မှ သူ့တိုက်ကြက်ကိုထားခဲ့ပြီးမပြေး။ကြက်ရောလူပါ တစ်ခါမှအဖမ်းမခံခဲ့ရ။

ကျနော်တို့ လူ့အဖွဲ့အစည်းတွင် အရက်သမား၊ ကြက်သမားကို နှာခေါင်းရှုံ့ကြသော်လည်း ရိုးဂုဏ်အပြည့်နှင့် ဦးကြီးမှာမူ အသက် ၆၀ ၀န်းကျင်အထိ ကြက်တိုက်ခဲ့ပြီး လူဝင်ဆံ့ခဲ့သည်။

ငြိမ်းဆက်
စက်တင်ဘာ - ၁၈