【 ဆောင်းပါး 】 ကြောက်ကြောက်နဲ့ ရေးမိတဲ့စာ

【 ဆောင်းပါး 】 ကြောက်ကြောက်နဲ့ ရေးမိတဲ့စာ

လူတစ်ကိုယ် အကြောက်တစ်မျိုးတော့ ရှိကြမယ်ထင်တယ်။ကျနော်နဲ့ ခင်ခဲ့ဖူးတဲ့ လူမိုက်ကြီးတစ်ဦးဆိုရင် ကြွက်ကို ကြောက်တတ်တယ်။အဲဒီလူမိုက်ကြီးမှာ တကယ့်ကို လက်ရဲဇက်ရဲ ခုတ်ရဲထစ်ရဲ။လူတစ်ယောက်အသက်ကို ပုရွတ်ဆိတ်တစ်ကောင်သတ်သလို ယဉ်ပါးလွန်းတဲ့သူ။ဒါပေမဲ့ ကြွက်ကိုကျတော့ ဘာ့ကြောင့်မှန်းမသိ အင်မတန်ကြောက်တတ်။သူက ပါးစပ်ပြော ကြောက်တာမဟုတ်။တစ်ခါက သူနဲ့ ကျနော် စိုက်ခင်းတစ်ခုဘေးထိုင်နေခိုက် ကြွက်တစ်ကောင် ကျနော်တို့ရှေ့ ဖြတ်အပြေး လူမိုက်ကြီးခမျာ အော်ဟစ်ထခုန်လိုက်တာမှ ကျနော့်မှာ အားမနာတမ်းရယ်မိတဲ့အထိ တကယ့်ကို။မထင်ထားတဲ့ဖြစ်ရပ်နဲ့ ဘယ်လိုမှလျှိုထားလို့မရတော့တဲ့ လျှို့ဝှက်ချက်။အဲဒါနဲ့ လူမိုက်ကြီးက ရယ်ကျဲကျဲနဲ့ သူ့ကြွက်ကြောက်ဗေဒကို ဖွင့်ဆိုပြခဲ့တယ်။

ကျနော့်အဖေဆိုရင်လည်း လူကောင်ကြီးက အရပ်ရှည်ရှည် မိုက်တိမိုက်ကန်းစတိုင်နဲ့။သူကြောက်တာကျတော့ ကြောင်နဲ့ ခွေးပေါက်စလေးတွေကို။အဲဒီပေါက်စလေးများကို မြင်ရင်ပဲ သူ့မှာအလိုလိုအသည်းတယားယား၊ သူ့ရှေ့ကိုပစ်ချလိုက်ရင် ငယ်သံပါအောင် အော်ဟစ်ပြေးပြီပဲ။သူလူပျိုပေါက်တုန်း သူ့အကြောင်းသိတဲ့သူတွေက ကြောင်ပေါက်လေးနဲ့စလို့ ထိုးပွဲတောင်ဖြစ်ခဲ့သေးတယ်တဲ့။အဖေ့ရဲ့ ကြီးတော်ဆိုရင်လည်း အဖေ့အတိုင်းပဲ။ဒါပေမဲ့ သူကျတော့ ကြောင်ပေါက်စလေးတွေသာ ကြောက်တာ၊ ခွေးပေါက်စလေးတွေကိုကျ မကြောက်။ကြောင်သားပေါက်ကျတဲ့ အိမ်ဆို သိထားရင် လုံးဝမသွားတဲ့အထိ ကြောက်မှကြောက်။

ကျနော်ကျတော့ ဖားပြုတ်ကို သိပ်ကြောက်တယ်။ ၂ နှစ်၊ ၃ နှစ်သားလောက်အရွယ်တုန်းက ဖားလေးတွေမြင်ရင် ခြေထောက်နဲ့နင်းသတ် တုတ်နဲ့ရိုက်သတ်ရာကနေ ဖားပြတ်ကြီးကို တုတ်နဲ့သွားရိုက်တော့ ခုံးထလာလိုက်တာ။ အဲဒီကစလို့ ကျနော်ဖားပြုတ်ကိုကြောက်တော့တာ အခုထိ။ကျနော် ၆ လသားကနေ ၈ တန်းနှစ်အထိ တောမှာ အဘွားနဲ့နေတော့ ညဘက်အိပ်ခါနီးဆို ခြေထောက်ဆေးရတယ်။ည ၉ နာရီကျော် ခြေထောက်ဆေးပြီးဆို ရေကပြင်နား ဖားပြုတ်ကရှိနေတတ်တာမို့ တော်တော့်ကို သတိကြီးကြီးထား သွားရ။အဲဒါထက်ပိုဆိုးတာက အိမ်သာထဲမှာ ဖားပြတ်ရှိနေတတ်တာပဲ။ကျနော်တို့အိမ်သာက အုတ်အိမ်သာမို့ ဖားပြုတ်က အေးတဲ့နေရာကြိုက်လို့လားမသိ။အိမ်သာထောင့်မှာ ရှိနေလေ့ရှိတယ်။ညဘက် ဗိုက်နာတဲ့အချိန်ဆို ဒုက္ခကိုရောက်ရော။ဖားပြုတ်ကို ကိုယ်တိုင်လည်း မမောင်းရဲပြန်တော့ တစ်ယောက်ယောက်ခေါ်ပြီး မောင်းခိုင်းရ။
အခု လူလတ်ပိုင်းအရွယ်ရောက်နေပေမယ့် ဖားပြုတ်ကိုကြောက်တုန်း။ဘယ်လောက်ထိကြောက်သလဲဆို တစ်ခါက လူမနေတာ ၃-၄ လ ကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို မိတ်ဆွေတစ်ယောက်က သွားရှင်းတော့ ချထားတဲ့ ခြင်ထောင်ကို ဆွဲအဖွင့် ခုံးထနေတဲ့ ဖားပြုတ်အကောင်ကြီးကြီးတစ်ကောင် ခုန်ထွက်လာတယ်တဲ့။ကျနော့်မှာ အကြားနဲ့တင်ကို ကြက်သီးတွေဘာတွေ ဖြန်းခနဲ။

ကျနော့်ရဲ့ နောက်ပြဿနာတစ်ခုက ရေလမ်းခရီးပြဿနာ။ကျနော်က ရေမကြောက်ပေမယ့် ရေလယ်ခေါင်တွေ ဘာတွေ ရောက်တဲ့အချိန်တိုင်း ဒီအချိန် ရေထဲကျသွားရင် ဘယ်လိုလုပ်မလဲလို့ တွေးမိပြီး ကြောက်တာ။စိတ်ချရတဲ့ သင်္ဘောတွေ၊ဇက်သင်းဘောတွေနဲ့သွားရင် အဲဒီလိုအတွေးမဝင်ပေမယ့် စက်လှေသေးသေးစီးမိတဲ့အခါတိုင်း ကြောက်မှန်းသိလျက်နဲ့ စက်လှေမှောက်ရင် ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။မှောက်များမှောက်ခဲ့ရင် ဟိုဘက်ကမ်းကိုပဲကူးမလား။ဒီဘက်ကမ်းကူးမလားဆိုပြီးတောင် လျှောက်ကြည့်လိုက်မိသေး။မှတ်မှတ်ရရ၊ နာဂစ်ဖြစ်ပြီးနောက် ဧရာဝတီတိုင်းထဲ သွားလမ်းလာလမ်း အတန်ငယ်သာတဲ့အချိန် ဘိုကလေးမြို့နယ်ထဲက ဆရာမကြီး ဂျာနယ်ကျော်မမလေး မွေးခဲ့တဲ့ ကမကလူရွာကို သွားရောက်လှူဒါန်းရင်း အနုပညာဖျော်ဖြေပွဲလုပ်ခဲ့စဉ်က ကြောက်မက်ဖွယ် အထိတ်တလန့်ဖြစ်စဉ်။ကမကလူဆိုတာက ဘိုကလေးမြို့ ဆိပ်ကမ်းကနေ နာရီဝက်ကျော် မြစ်ပြင်ကျယ်အတိုင်းသွား။ပြီးတော့မှ ချောင်းကြိုချောင်းကြားအတိုင်း နာရီဝက်ကျော်ဆက်သွားမှ ရောက်တဲ့နေရာ။ချောင်းဟာ တချို့နေရာမှာ နည်းနည်းကျယ်ပေမယ့် တချို့နေရာကျတော့ စက်လှေငယ် ၂ စီး လွတ်တယ်ဆိုရုံ ကျဉ်းမြောင်းလှ။ပြီးတော့ အဲဒီချောင်းတွေက ရေတက်တဲ့အချိန်ကျမှသာ စက်လှေသွားလို့ရတာမို့ သူ့အချိန်နဲ့သူသာ သွားလို့ရတာမျိုး။အသွားတုန်းကတော့ နေ့ခင်းဆိုတော့ အေးဆေးပေါ့။ကမကလူကို ညနေရောက်တယ်။တစ်ရွာလုံးကတော့ နာဂစ်ဒဏ်ချက်တွေနဲ့ မြင်မကောင်း။ဒါပေမဲ့ မေတ္တာနဲ့ အခမဲ့ လာဖျော်ဖြေပေးတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေပါလာတော့ သူတို့ဒုက္ခတွေ ခဏတော့မေ့သွားဟန်၊ ပျော်လို့။

ညဘက်မှာ တေးဂီတဖျော်ဖြေပွဲလုပ်။ ၁ နာရီကျော်လောက်ပြီးတဲ့အချိန် သရုပ်ဆောင်တချို့က မနက်ရှုတင်ရှိတယ်၊ ညတွင်းချင်းပြန်မယ် ပွက်နေလို့ ကုန်ကျစရိတ်အစအဆုံး တာဝန်ယူသူ မင်းသားကလည်း ပြန်ကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။

စက်လှေတွေရဲ့ ဦးပိုင်းကနေ ဓာတ်မီးတွေနဲ့ထိုးလို့ ချီတက်ကြတယ်။စက်လှေက မရှိဘူးဆို အစီး ၂၀ ကျော်။ချောင်းကြိုချောင်းကြား ဖြတ်သန်းစဉ်က ကမ်းစပ်ကို လှမ်းမြင်နေရတာမို့ ဘာမှမကြောက်မိပေမယ့် ချောင်းအလွန် မြစ်ထဲဝင်တော့ မြစ်ပြင်ကြီးက သိပ်ကိုကျယ်။ရှေ့ကိုထိုးနေတဲ့မီးကလည်း ရှေ့အနည်းငယ်ကိုသာ မြင်ရတာမို့ ဘာမှမမြင်ရတာနဲ့မခြား။ဒီကြားထဲ ကိုယ့်စက်လှေအပါအဝင် ၃ စီးလောက်က မြစ်ကိုကန့်လန့်မောင်းမိနေပြီး ကမ်းစပ်ကို ဝင်ဆောင့်လိုက်တဲ့အချိန် ဝိဉာဉ်ကိုပါ ဆွဲနှုတ်လိုက်သလိုမျိုး။ကံကောင်းတာက ကမ်းစပ်မြေသားကို ဗေဒါလို ပျော့ပြောင်းတဲ့အပင်တွေက လွှမ်းနေတာကြောင့် စက်လှေဝမ်းမကွဲသွားတာဖြစ်တယ်။စက်လှေကို ဦးပြန်တည့်ကာ ဖြည်းဖြည်းချင်းမောင်းနေပေမယ့် သွေးခုန်နှုန်းတွေက မြန်နေကြတယ်။ဒီကြားထဲ လှေမှောက်သွားရင် … ဆိုတဲ့ အတွေးကဝင်လာလိုက်၊မောင်းထုတ်လိုက် ရုန်းရင်းဆန်ခတ်။အေးစက်ပြီး တုန်နေတဲ့ လက်တစ်ဖက် ကျနော့်လက်ကိုလာဆုပ်လို့ ကြည့်လိုက်တော့ အရှက်ကြီးလှတဲ့ ရုံးအုပ်အပျိုကြီးရဲ့လက်။သူ့ခမျာကြောက်လွန်းလို့ မရှက်နိုင်၊ ခဏလေးကိုင်ထားပါရစေတဲ့။သူလာကိုင်တဲ့ ကိုယ့်လက်ကလည်း ရေခဲတမျှ အေးအေးစက်စက်။ဘိုကလေးမြစ်ကူးတံတားကို မြင်လိုက်တော့မှ နေရထိုင်ရ နည်းနည်းအဆင်ပြေလာသလို ခံစားရတယ်။နောက်ထပ်နာရီဝက်လောက် ထပ်သွားတဲ့အခါမှ ဘိုးကလေးဆိပ်ကမ်းကို မြင်လိုက်ရ။ကိုယ့်အသက်ကိုယ် ပြန်ရလိုက်တယ်လို့ ခံစားရ၊။နံဘေးက အပျိုကြီးဆို ပျော်လွန်းလို့ မျက်ရည်တွေဘာတွေကျလို့။ဖျစ်ညှစ်ထားတဲ့ သူ့လက်မှာ နွေးထွေးတဲ့အရသာတွေ ပြန်လည်စီးဝင်လို့။ဘဝမှာ အဲဒီလောက်တစ်ခါမှ မကြောက်ခဲ့ဖူးသလို အဲဒီလောက်လည်း တစ်ခါမှမပျော်ခဲ့ဖူး။အပြောရဲတဲ့ မင်းသမီးတစ်ယောက်က ကြောက်လွန်းလို့ သေးတောင် နည်းနည်းထွက်သွားတယ်တဲ့ စပ်ဖြဲဖြဲနဲ့။

အခုဆိုရင် နာဂစ်ဖြစ်ပြီးတာ ၁၄ နှစ်ကြာခဲ့တာတောင် ကမကလူအပြန် ကြောက်ရတာရဲ့ တစ်ဝက်လောက် နောက်တစ်ကြိမ် မကြောက်ခဲ့ဖူးသေးဘူး။နောက်ထပ်တစ်ကြိမ်လည်း အဲဒီလိုထပ်မကြောက်ချင်တော့ဘူး။

ငြိမ်းဆက်