【 ဆောင်းပါး 】 ချစ်တော့ ချစ်တယ်၊ အလိုမလိုက်

【 ဆောင်းပါး 】 ချစ်တော့ ချစ်တယ်၊ အလိုမလိုက်

ကျနော်ငယ်ငယ်တုန်းက ရန်ကုန်မှာ အိမ်အကူတို့ ကလေးထိန်းတို့ဆိုတာမျိုးက တော်တော့်ကိုရှားတယ်။မိဘ ၂ ပါးက ရုံးဝန်ထမ်းမို့ ကလေးထိန်းမယ့်သူမရှိ။မွေးခါစမှာ တောက အဒေါ်အပျိုကြီးက လာနေပေးပေမယ့် ရန်ကုန်မှာ အမြဲတမ်းမနေနိုင်သူမို့ အဆင်မပြေ။ဒါနဲ့ အဘိုးအဘွားက ကျနော် ၆ လသားအရွယ်မှာ တောကို ပျော်ပျော်ကြီး ခေါ်ချလာတော့တယ်။

မြေးကလည်း မြေးဦးမို့ သည်းသည်းကိုလှုပ်လို့။ကျနော့်ဘကြီးကလည်း အိမ်ထောင်သည် ကလေးမရှိသူမို့ ကျနော်မှ ကျနော်။အဘိုးအဘွားတွေက ပိုက်ဆံရှိ၊ ဘကြီးကလည်း ငထောမို့ တစ်မျိုးလုံးက အဲဒီမျက်နှာတွေနဲ့ ကျနော့်ကိုချစ်ကြ။

ဒါပေမဲ့ အဘိုးအဘွားနဲ့ ဘကြီးက တောသားတွေပီပီ ချစ်တော့ချစ်တယ်၊စည်းနဲ့ကမ်းနဲ့ချစ်တယ်ဆိုတာမျိုးမို့ အလိုက်ကန်းဆိုးမသိ လူတကာအမြင်ကတ်တဲ့ ကလေးမျိုးတော့ ဖြစ်မလာခဲ့ဘူး။ဥပမာ - အိမ်ကို ဧည့်သည်လာရင် ကလေးတွေက အနားလာချင်ကြတယ်။ဘာကြောင့်လဲဆိုတော့ ဧည့်သည်ကို ဧည့်ခံတဲ့ မုန့်ပဲသရေစာကို ကလေးတွေက စားချင်ကြတာကိုး။ဒါ့ကြောင့် ဆိုဆုံးမမှု သိပ်မရှိတဲ့ ကလေးတွေက ဧည့်သည်ဝိုင်းထဲ မလာရင်တောင် အနားမှာ ရစ်သီရစ်သီနဲ့ တမျှော်မျှော်။ဧည့်သည်ခမျာ စားရတာတောင် မြိုမကျတဲ့ အဖြစ်မျိုး။

ကျနော့်အဘွားက ဒါမျိုးလက်မခံ။ဧည့်သည်လာတဲ့အချိန်၊ ခေါ်မှလာ၊ မခေါ်ဘဲ မမျှော်နဲ့။ဧည့်သည်ပြန်သွားတဲ့အခါ ဧည့်သည်မစားလို့ ပိုတာတွေ ကျွေးမယ်၊ မပိုရင်လည်း ဝယ်ကျွေးမယ်လို့ အပြတ်မှာပြီးသားဆိုတော့၊ အချိန်တန်ရင် စားရမယ်မှန်းသိနေတဲ့ ကျနော့်အတွက် မျှော်စရာမလို။

ကျနော်တို့တောမှာက ဧည့်ကောင်းစောင်ကောင်းတွေလာရင် ဆိုင်က လက်ဖက်ရည်ဝယ်တိုက်လေ့ရှိတယ်။အဲဒီတုန်းက ပလတ်စတစ်ယဉ်ကျေးမှုတွေဘာတွေ မရှိသေးတော့ လက်ဖက်ရည်ပါဆယ်ဆိုရင် ကိုယ့်ချိုင့်ကလေး ကိုယ့်ဘာသာဆွဲပြီး သွားဝယ်။ကျနော်တို့ ကလေးတွေက လက်ဖက်ရည်ကို အင်မတန်သောက်ရခဲတာမို့ သိပ်သောက်ချင်ကြတယ်။ဒါ့ကြောင့် ကလေးတိုင်းက လက်ဖက်ရည်ကို ဧည့်သည်အကုန်သောက်သွားမှာ သိပ်စိုးရိမ်ကြတယ်။တစ်ငုံစာဖြစ်ဖြစ် ကျန်လည်း ကလေးတွေအတွက် ကမ္ဘာကြီးပဲဆိုတော့ တထိတ်ထိတ်နဲ့ မျှော်ကြည့်မိကြတာမျိုး။တချို့အလိုက်ကမ်းဆိုးမသိတဲ့ ဧည့်သည်တွေက ခွက်ထဲ တစ်စက်မှမကျန်အောင် သောက်သွားလေတော့ ကလေးတွေခမျာ အဲလိုဧည့်ဆို ဘယ်ကြည်ကြတော့မလဲ။

ဒါကိုသိတဲ့ အဘွားက ဧည့်လာလို့ လက်ဖက်ရည်တိုက်ပြီဆို ကျနော့်အတွက် အပိုတစ်ခွက်ဝယ်ပေးလေ့ရှိတယ်။ဧည့်သည်ပြန်တဲ့အခါ အပိုဝယ်ထားတဲ့ လက်ဖက်ရည်ကို တိုက်မယ်။အနားလာပြီးမျှော်ရင် မတိုက်ဘူးလို့ မှာထားတာကြောင့် ကျနော်ဘယ်လာမျှော်တော့မလဲ။အချိန်တန်ရင် လက်ဖက်ရည်သောက်ရမယ်မှန်း သိနေတော့ လက်ဖက်ရည်ကို ဧည့်သည်အကုန်သောက်သွားမလား တွေးပူနေစရာမလို။စိတ်ချလက်ချသာဆော့။တစ်ခုပဲ။ဧည့်သည်က မပြန်သေးဘဲ ကြာနေရင်တော့ အဲဧည့်ကို ဘယ်ကြည်တော့မလဲ။

တချို့ဧည့်သည်ကျတော့ အိမ်နဲ့ခင်မင်နေတာရော၊ ကလေးတွေရဲ့ အလိုက်ကို သိတာရောကြောင့် လက်ဖက်ရည်ဆို ကုန်အောင်မသောက်ဘဲ ချန်ထားတတ်တယ်။ကျနော့်ဘကြီးရဲ့ သူငယ်ချင်းဆို ကျနော့်ကိုလည်းချစ်၊ ကလေးတွေအလိုက်လည်း သိသူမို့ ဘကြီးဆီလာပြီဆို ကျနော့်အတွက် မုန့်တစ်ခုခုပါမြဲ။ပါလာတဲ့ မုန့်ကို အခုချက်ချင်းဖောက်ပြီး နည်းနည်းဖြစ် ကျနော့်ကိုကျွေးမြဲမို့ ဘကြီးသူငယ်ချင်းလာမှာကို ကျနော်သိပ်မျှော်လေ့ရှိတယ်။

ဘကြီးသူငယ်ချင်းက သူပါလာတဲ့မုန့်ကို ကျွေးရုံတင်မက အိမ်ကဧည့်ခံတဲ့ လက်ဖက်ရည်ဆိုလည်း ကျနော့်အတွက် ပန်းကန်ထဲ တစ်ဝက်ခွဲထည့်ပြီး တိုက်လေ့ရှိတယ်။ကျနော်က အိမ်ကကျွေးတာကို ခေါ်ကျွေးရင်တော့ ဘယ်တော့မှစားလေ့မရှိဘူး။ ‘ဘကြီးနဲ့ မေမေကြီး (အဘွား) က မှာထားတယ်။‘ဧည့်သည်ကိုကျွေးတာ မစားရဘူး’ လို့ ဆိုကာ ကျနော်က လုံးဝမစားဘဲ ပြတ်ပြတ်ငြင်းလေတော့ ဘကြီးက သိပ်သဘောကျတယ်။ဘကြီးသူငယ်ချင်းကလည်း ‘ဒီကလေး စည်းကမ်းကောင်းတယ်။ခင်ဗျားတို့သေချာသင်ထားတယ်’ လို့ မှတ်ချက်ပြုတော့ ဘကြီးက ပိုလို့တောင်သဘောကျပေါ့။စည်းကမ်းကောင်းတယ်ဆိုတာ တစ်ခုတော့ရှိတာပေါ့။ကိုယ့်အဘိုးအဘွားက ကျွေးနိုင်မွေးနိုင်တော့ အချိန်တန်ရင် စားရမယ်မှန်းသိလို့ မငတ်တာလည်းပါမှာပေါ့။

ကျနော်တို့တောမှာက ဧပြီဆို တစ်လလုံး ဘုရားပွဲဆိုတာရှိတယ်။သင်္ကြန်မတိုင်ခင် ၂ ရက်လောက်က စလိုက်တဲ့ ဘုရားပွဲက သင်္ကြန်တွင်းတင်မက ဧပြီတစ်လလုံး တစ်ရွာပြီး တစ်ရွာ။ကျနော်တို့ ဘုရားပွဲတိုင်းက ကိုယ့်အိမ်လာတဲ့ ဧည့်သည်တိုင်းကို ရွှေကြည်တို့လို၊ ကောက်ညှင်းမုန့်တို့လို၊ ကျောက်ကျောတို့လို မုန့်တွေ၊ အအေးတွေ၊ ဆွမ်းကျွေးသလို ကောင်းပေ့ ထမင်းဟင်းတွေနဲ့ ဧည့်ခံသလို ရင်းနှီးသူယောကျာ်းချင်းတွေက အရက်၊ ဘီယာနဲ့ပါ ဧည့်ခံလေ့ရှိတယ်။

တတ်နိုင်တဲ့အိမ်တွေဆို မုန့်ဆိုလည်း သုံး၊ လေးမျိုး။ဟင်းဆိုလည်း အသားဟင်းချည်းကို ကြက်၊ ဝက်၊ ဆိတ် စသဖြင့်။ဘုရားပွဲလုပ်တဲ့အိမ်နဲ့ လာတဲ့ဧည့်သည်ထဲက တစ်ယောက်လောက်နဲ့သိရင် အိုကေ။ကျန်တဲ့သူတွေက မသိလည်း ပြဿနာမရှိ။အိမ်ရှင်က ကြည်ကြည်ဖြူဖြူ ကျွေးရုံတင်မက အိမ်ပေါ်တက်လာတဲ့ ဧည့်သည် နည်းနည်းဖြစ် ထမင်းစားမှ ကျေနပ်ကြတဲ့ ဘုရားပွဲမျိုးဆိုတော့ ကလေးတွေ သိပ်ကြိုက်။

တချို့ကလေးတွေဆို ဘုရားပွဲလာရင်း စားတာများလို့ အန်တာမျိုး၊ လမ်းမလျှောက်နိုင်တော့တာမျိုး ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်တတ်တယ်။ကလေးဆိုတော့လည်း သူကြိုက်တာမြင် စားချင်ပြီဆို ဘယ်ဟန်ဆောင်နိုင်ကြမလဲ။အိမ်ပေါ်ရောက်တာနဲ့ လူကြီးတောင် မစားရသေးဘူး။ဇိုးဇိုးဇပ်ဇပ် အရင်နှိုက်စားလိုက်တာမျိုးရှိတယ်။

ကျနော့်အဘွားက အဲဒါမျိုး လူအမြင်ကတ်မယ့် အပြုအမူမျိုးကို မကြိုက်။ဒါ့ကြောင့် ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်ခေါ်လို့ ဘုရားပွဲသွားတော့မယ်ဆို လူကြီးမစားခင် မစားဖို့၊ လူကြီးမကျွေးဘဲ မစားဖို့။ပြီးတော့ ဘုရားပွဲရွာရောက်တဲ့အခါ ကိုယ်နဲ့သိတဲ့ ၃-၄ အိမ်လောက် သွားတက်စားလေ့ရှိကြတာမို့ တစ်အိမ်ကို နည်းနည်းစားဖို့ အဘွားက သေချာမှာတတ်တယ်။

ကျနော်ကလည်း နောက်တစ်ခါ ကိုယ့်ကို ဘုရားပွဲမခေါ်တော့တာမျိုး မဖြစ်အောင် တာဝန်ယူခေါ်သွားတဲ့ လူကြီးစိတ်ကြိုက် သူစားဆိုမှ စားလေ့ရှိတယ်။ဘကြီးနဲ့ ဘုရားပွဲသွားတယ်ဆိုလည်း ဘကြီးစားဆိုမှစားတာမို့ ငါ့တူကြီးက မငတ်ဘူးလို့ ဘကြီးက ချီးမွမ်းတတ်တယ်။

ဘကြီးက သူကိုယ်တိုင်လည်း စည်းနဲ့ကမ်းနဲ့ကြီးလာသူမို့ ကျနော့်ကိုလည်း စည်းနဲ့ကမ်းနဲ့။ဘကြီးက ရွာမှာရှိတဲ့အချိန် တစ်နေ့ ၂ ခါလောက် လက်ဖက်ရည်ဆိုင်ထိုင်တတ်ပေမယ့် ကျနော့်ကို ဘယ်တော့မှ လက်ဖက်ရည်ဆိုင်ခေါ်လေ့မရှိဘူး။လက်ဖက်ရည်ဆိုင်ဆိုတာ ကလေးနဲ့ ဘာမှမဆိုင်ဘူးလို့ ခံယူထားသူမို့ လုံးဝမခေါ်။ဘကြီး လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့အချိန် ဆိုင်ရှေ့ကဖြတ်သွားလို့လည်း လှမ်းမခေါ်၊ မုန့်တွေဘာတွေ ခေါ်မပေး။ဘာလို့လဲဆိုတော့ စားရမှန်းသိရင် လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လာနေမှာစိုးလို့တဲ့။

အဲဒါကြောင့် ကျနော်ငယ်ငယ်တုန်းကဆို လက်ဖက်ရည်ဆိုင် သိပ်ထိုင်ချင်မိတယ်။ဘကြီးကလည်းပြောတယ်။ငါတူကြီး ကြီးလာမှ လက်ဖက်ရည်ဆိုင် တူတူထိုင်ကြမယ်တဲ့။ကျနော် ၁၀ တန်းဖြေပြီးတော့ တောမှာ အချိန်လာဖြုန်းနေတဲ့ကာလ တောကသူငယ်ချင်းတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်တတ်နေပြီဆိုပေမယ့် ဘကြီးက လက်ဖက်ရည်ဆိုင်မခေါ်။ကျနော့်ကို လူရာမသွင်းသေးတဲ့သဘောမို့ ဘကြီးမထိုင်တဲ့ လက်ဖက်ရည်ဆိုင်မျိုးသာ ရွေးထိုင်ကာ ဘကြီးနဲ့ မတွေ့အောင် ရှောင်ရတယ်။

ကျနော် ၁၀ တန်းအောင်ပြီး ဂျီတီအိုင်ကျောင်းတက်။တောကိုအလည်ပြန်တဲ့အခါကျမှ ဘကြီးက လက်ဖက်ရည်ဆိုင် အတူထိုင်ဖို့ ခေါ်တော့တယ်။ဘကြီးက ကျနော့်ကို လူရာသွင်းပြီဆိုတဲ့ သဘော။အဲဒီအခါကျတော့ လက်ဖက်ရည်ဆိုင်တင်မက တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါသောက်လေ့ရှိတဲ့ ဘကြီးရဲ့ အရက်ဝိုင်းကိုပါ ကျနော့်ကိုခေါ်ကာ တူဝရီးနှစ်ယောက် ချီးယားလုပ်တော့တယ်။

ငါတူကြီးနဲ့ လက်ဖက်ရည်ဆိုင်အတူထိုင်၊ အရက်အတူသောက်ဖို့ ဘကြီးမှာ နှစ်တွေအကြာကြီး စောင့်လိုက်ရတာတဲ့။

ငြိမ်းဆက်