【 ဆောင်းပါး 】 ချစ်လှပါသည် သို့သော် (၁)

【 ဆောင်းပါး 】 ချစ်လှပါသည် သို့သော် (၁)

“မင်းတို့တွဲလာတဲ့ အချိန်က နည်းလားကွာ”

“ခုနစ်နှစ်ကျော်ပြီလေ”

“နေပါဦး သူနဲ့ယူမယ့်သူက ဘယ်လိုလူမျိုးလဲ မင်းသိလား”

“သူ့ထက် ဆယ်နှစ်လောက်တော့ကြီးမယ် ထင်တယ်။တစ်ခုလတ်လို့ ပြောသံကြားတယ်။သမီးတစ်ယောက် ပါတယ်တဲ့”

“ဧကန္တ သူကအစိုးရအရာရှိတစ်ယောက် မဟုတ်လား”

“မဟုတ်ဘူး။ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက သူဌေး”

“ဒီလောက်ဆိုရင် မင်းလဲ သိပ်တန်ဖိုးမကျဘူးပေါ့”

“ဘာလဲ ငါကဝမ်းသာပေးရဦးမှာလား”

“သစ္စာမရှိတဲ့သူနဲ့ စောစောစီးစီးလမ်းခွဲဖြစ်တယ်လို့ တွေးပြီး ဝမ်းသာလိုက်ပေါ့ကွာ မင်းကလဲ”

“ဒါပေမဲ့ တစ်ဖက်သတ်ကြီး ဆုံးဖြတ်သွားတာတော့ အခံရခက်တယ်ကွာ”

“သူ့ဘဝနဲ့ သူ့ဂုဏ်သိက္ခာကို သူ့ဘာသာသူ ဆုံးဖြတ်သွားတာ သဘာဝကျတယ်လေကွာ။မင်းလဲ မင်းဘဝနဲ့ မင်းဂုဏ်သိက္ခာအတွက် ဆုံးဖြတ်ပြီး ရှေ့ဆက်ပေါ့။မင်းအခု ကြုံရတာက မင်းဘဝတစ်ခုလုံးမှမဟုတ်တာ။ဘဝအစိတ်အပိုင်းတစ်ခုပဲဟာကို”

တပည့်ကျူရှင်ဆရာတစ်ယောက်နှင့် လက်ဘက်ရည်ဆိုင်မှာထိုင်နေတုန်း သူ့သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ဝင်ထိုင်သည်။သည်တော့လည်း သူတို့ပြောစကားများကို နားထောင်ဖြစ်ခဲ့သည်ပေါ့။

သူတို့ သူငယ်ချင်းနှစ်ယောက် ပြန်သွားတော့ အိမ်မပြန်သေးဘဲ သူတို့ပေးခဲ့သည့်အတွေးကိုပဲ စိတ်ပါလက်ပါ ဆက်တွေးနေမိခဲ့သည်။တစ်ယောက်နှင့် တစ်ယောက် အချစ်ကြီးချစ်ခဲ့ပြီးမှ လမ်းခွဲခဲ့ကြသည့် ခေတ်အဆက်ဆက် မရိုးနိုင်သော အချစ်ဇာတ်လမ်းမျိုးပင်ဖြစ်သည်။မည်သို့ပင် ချစ်လှပါသည်ဆိုသော်လည်း အခြေအနေအရ လက်ရှိအချစ်နှင့် ဆက်သွားသည်ထက် ပို၍အဆင်ပြေသောနည်းလမ်းကို ပြောင်းကြရပါသည်။

တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ယောက်ထက်ပိုသော သံယောဇဉ်များကို ဖြတ်တောက်ကာ ချစ်ကမ္ဘာအသစ်သို့ ပြောင်းတတ်ကြသည်မှာ သဘာဝမဟုတ်ပါလား။

တစ်ဖက်က တွေးလျှင်တော့ သစ္စာဖောက်သူပေါ့။ဒါပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်ကိုလည်း နားလည်ပေးသင့်ကြပါသည်။တစ်ယောက်နှင့် တစ်ယောက် သေမလောက်ချစ်ကြပါသော်လည်း တစ်ခါတစ်ခါ လောကဓံမုန်တိုင်းကြောင့် ခွဲခွာရသည်လည်းရှိပြန်သည်။ချစ်ရသူနှင့် တစ်စက္ကန့်လေးတောင် မခွဲခွာချင်သော်လည်း အခြေအနေအရ မိဘသဘောတူသူနှင့် ယူလိုက်ရတာမျိုးရှိပါသည်။စီးပွားရေးအရ ဘဝအတွက် တကယ်လိုအပ်သည့်သူမျိုးကို လက်ထပ်လိုက်ရတာမျိုးလည်း ရှိတတ်ပါသည်။တချို့ကတော့ ကိုယ်လိုချင်သည့် ဂုဏ်ပကာသနရှိသူမျိုးကို ရွေးချယ်လက်တွဲကာ အချစ်ဆုံးဆိုသူကို စွန့်လွှတ်တတ်ပြန်သည်။အဓိကကတော့ ရှေ့ဆက်ရမည့်ခရီးအတွက် ကိုယ့်ဘဝကို အကောင်းဆုံးရွေးချယ်မှုပြုလုပ်ကြရခြင်းမို့ တစ်ဖက်သတ် အပြစ်တင်၍တော့ မဖြစ်ပါ။တစ်ယောက်နှင့် တစ်ယောက် မည်သို့ပင်ဆိုစေ မည်မျှပင်ချစ်ပါစေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရှင်ကွဲ (သို့မဟုတ်) သေကွဲ တစ်ကွဲကွဲနှင့်တော့ ခွဲကိုခွဲကြရပေမည်။

ချစ်သူများကို စွန့်လွှတ်ခွဲခွာသူများအထဲတွင် ပါရမီရှင်သူရဲကောင်းများကတော့ တကယ်လေးစား ဂုဏ်ယူစရာဖြစ်ခဲ့ပါသည်။

သူတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်ရာသွားဖို့အတွက် ချစ်လှပါသည်ဆိုသောသူများကို စွန့်လွှတ် လမ်းခွဲတတ်ကြသည်။

ဂေါတမဘုရားရှင် ပွင့်တော်မူစဉ်ကဖြစ်သည်။

ဥဂ္ဂသေနသည် ရာဇဂြိုဟ်မြို့မှာနေသော သူဌေးသားတစ်ယောက်ဖြစ်သည်။ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္မိသာရမင်းကို ကချေသည်ငါးရာတို့ လာရောက်ဖျော်ဖြေကြသည်။သူတို့အထဲတွင် အတုလကာရီမည်သော ကချေသည်လေးသည် ရုပ်ရည်အချောဆုံးဖြစ်ပြီး တင်ဆက်ကပြရာတွင်လည်း အကျွမ်းကျင်ဆုံးဖြစ်သည်။သူဌေးသား ဥဂ္ဂသေနသည် ထိုကပွဲကို သွားကြည့်ပြီးနောက် ကချေသည်လေး အတုလကာရီကို အစွဲကြီး စွဲသွားလေတော့သည်။အတုလကာရီအကြောင်းပဲ တွေးကာ မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တတွေတွေနှင့် အရူးတစ်ပိုင်းဖြစ်နေလေသည်။မိဘများက သူ့ကိုချော့တစ်မျိုး ခြောက်တစ်မျိုးနှင့် အမျိုးမျိုးပြောဆို ဆုံးမသော်လည်း မရပေ။အတုလကာရီကို မရလျှင် သူသေရပါတော့မည်ဟုပြောကာ အိပ်ရာထဲမှာသာ ခွေနေလေတော့သည်။နောက်ဆုံးတွင် မိဘများက ဥဂ္ဂသေန၏ သူငယ်ချင်းများမှတစ်ဆင့် အတုလကာရီမိဘများထံ လက်ထပ်ခွင့်တောင်းရလေတော့သည်။

အတုလကာရီ၏ ဘခင်က သူ့သမီးကိုတော့ မထည့်နိုင်ပါ သို့သော်လည်း ဥဂ္ဂသေနသည် သူ့သမီး ဇာတ်ကရာသို့ လိုက်နိုင်လျှင်တော့ ပေးစားမည်ဖြစ်ကြောင်း ပြောသည်။သို့နှင့် ဥဂ္ဂသေနလည်း အတုလကာရီနှင့် လက်ထပ်ပြီး အတုလကာရီ ဇာတ်ကရာသို့ လိုက်ပါသွားတော့သည်။အနုပညာအလုပ်ဆို၍ ဘာတစ်ခုမှမလုပ်တတ်သူမို့ ဇာတ်ထဲတွင် အောက်ခြေသိမ်း အလုပ်များကို အစုံလုပ်ရရှာသည်။ထိုသို့ ကျင်လည်နေရင်း သားလေးတစ်ယောက် ရလာလေသည်။သူ့မိန်းမသည် ကလေးသိပ်တာကိုပင် “အထုပ်ထမ်းလို့ ထင်းခွဲရေခပ် ပညာမတတ်သူရဲ့သား အိပ်ပါတော့လား” ဟု ပျက်ရယ်ပြုကာ သီချင်းဆိုတတ်သည်။

ထိုကဲ့သို့ မကြာခဏဖြစ်လာသောအခါ သူစဉ်းစားလာရပြီ။သူ့မိန်းမ အတုလကာရီကအစ သူ့ကိုအထင်သေးလာသည့်အတွက် ရှက်လည်းရှက် မခံချင်စိတ်လည်းဖြစ်မိသည်။ရင်ထဲတွင် ငုတ်နေသော ယောင်္ကျားမာနကလည်း ခေါင်းထောင်ထလာသည်မို့ ဇာတ်ဆရာ ယောက္ခမကြီးထံမှာ တောင်းတောင်းပန်ပန်နှင့် ဇာတ်ပညာများကို ကြိုးစားပန်းစား သင်ယူလေတော့သည်။ထို့ကြောင့် မကြာမီမှာပင် ဥဂ္ဂသေနသည် အကပညာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့သည်။

သူတို့ဇာတ်အဖွဲ့ကြီး လှည့်လည်ကပြရာမှ ရာဇဂြိုဟ်ပြည်သို့ ပြန်အရောက်တွင် ဥဂ္ဂသေနက အထူးဖျော်ဖြေကပြမည်ဟု ကြေငြာလိုက်လေသည်။ထို့ကြောင့် သူ့ဆွေမျိုးမိတ်ဆွေများအပါအဝင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုကြလေသည်။ဖျော်ဖြေရန်အချိန်ရောက်လာသောအခါ ဥဂ္ဂသေနက အတောင်ခြောက်ဆယ်မြင့်သော ဝါးလုံးတိုင်ထိပ်သို့တက်ကာ အမျိုးမျိုးအဆန်းဆန်း ကကွက်များဖြင့် ကပြအသုံးတော်ခံလျက်ရှိသည်။ပရိသတ်များကလည်း သူ့ကကွက်ဆန်းများကိုကြည့်ကာ တဟာဟာ တဟင်ဟင်နှင့် အံ့သြဘနန်းဖြစ်နေသည်။ထိုအချိန်မှာပင် မြတ်စွာဘုရားရှင်နှင့် ရဟန်းတော်များသည် မြို့တွင်းသို့ ဆွမ်းခံကြွလာလေ၏။ထိုအခါ ပွဲကြည့်ပရိသတ်များသည် ဥဂ္ဂသေနကို ဂရုမစိုက်တော့ဘဲ ဘုရားရှင်ကို အလုအယက်ဖူးမြော်ကြသဖြင့် ဥဂ္ဂသေနလည်း ကပြနေရင်းမှ အတော်လေးစိတ်ဓာတ်ကျသွားရသည်။ထိုသည်ကိုသိသော ဘုရားရှင်က ရှင်မဟာမောဂ္ဂလန်ကို စေလွှတ်ပြီး ဥဂ္ဂသေနကို ဆက်လက်ကပြစေသည်။ဥဂ္ဂသေနလည်း ဘုရားရှင်ကိုယ်တိုင်က သူ့ကိုအားပေးသည်ဆိုကာ စိတ်ဓာတ်တက်ကြွပြီး ဆက်လက်ကပြပြန်သည်။

ဥဂ္ဂသေနတစ်ယောက် တက်တက်ကြွကြွနှင့် ကပြဖျော်ဖြေနေစဉ်မှာပင် ဘုရားရှင်သည် အောက်ဖော်ပြပါ အဓိပ္ပါယ်ရသော ဒေသနာတရားကို ဟောကြားလိုက်လေသည်။

“အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်၌ ဖြစ်ပေါ်သည့် ခန္ဓာ၌ တဏှာကိုစွန့်လော့။ဘဝသုံးပါး၏ ကမ်းတစ်ဖက်ကိုရောက်သည်ဖြစ်၍ ခန္ဓာ၌ တဏှာတည်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်သူသည် နောက်တစ်ဖန် ပဋိသန္ဓေနေရခြင်း အိုရခြင်းသို့မရောက်တော့” ဒေသနာကို ကြားနာပြီးသည့်နောက် ဥဂ္ဂသေနသည် ကချေသည်အဝတ်အစားဝတ်လျက်နှင့်ပင် ရဟန္တာဖြစ်သွားလေ၏။

ထို့နောက် ဘုရားရှင်က ဧဟုဘိက္ခုခေါ်သဖြင့် ရဟန်းအသွင်သို့ ရောက်ရှိသည်။ဥဂ္ဂသေနသည် လောကသဘာဝချစ်တတ်စဉ်ကာလမှာ အတုလကာရီကချေသည်ကို စွဲစွဲလမ်းလမ်း ချစ်ခဲ့သည်။သူ့အချစ်ကို အလုပ်အကိုင်အခွင့်အလမ်းမျိုးနှင့် တန်ဖိုးဖြတ်တိုင်းတာခံရသောအခါတွင်လည်း မာနထားကာ ကြိုးကြိုးစားစားနှင့် ချစ်သက်သေပြခဲ့သည်။မြတ်စွာဘုရားရှင်နှင့်တွေ့၍ တရားနာပြီးသောအခါတွင်တော့ သူအချစ်ကြီးချစ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရသော ဇနီးမယားရော သားကိုပါ စွန့်ထားဖြစ်ခဲ့သည်။ကချေသည်အတတ်အပါအဝင် သံယောဇဉ်အနှောင်အဖွဲ့အားလုံးကိုလည်း ဖြတ်တောက်ထားနိုင်ခဲ့သည်။အမှန်တကယ် ငြိမ်းချမ်းသော ကမ္ဘာသစ်ဆီသို့ အောင်အောင်မြင်မြင် သွားနိုင်ခဲ့ပြီ။ချစ်ခဲ့ဖူးပါသည်။မှန်းခဲ့ဖူးပါသည်။လွမ်းလည်းလွမ်းခဲ့ဖူးပါသည်။သို့သော်လည်း .......။

ရိုက်မောင်း