【 ဆောင်းပါး 】 ချစ်လှပါသည် သို့သော် (၃)

【 ဆောင်းပါး 】 ချစ်လှပါသည် သို့သော် (၃)

တချို့သူများသည် တစ်ဖက်သတ်အချစ်ဖြင့် အချစ်ရူး ရူးကြသည်။အချစ်အတွက် လူကြီးမိဘနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို ဆန့်ကျင်ကာ အချစ်ကို ဦးစားပေး ရွေးချယ်သည်။မြင်မြင်ချင်းချစ်မိသည်သာမက ထိုအချစ်ကိုပိုင်ဆိုင်ရန် အသေခံကြိုးစားသည်။ချစ်သူက မည်မျှအပြစ်ရှိသူဖြစ်ပါစေ အချစ်အတွက် အရာရာအကောင်းအတိုင်းဖြစ်စေမည်ဟု နှလုံးသားမှ တဆာဆာ ဟစ်ကြွေးကာ တစ်လောကလုံးကို စိန်ခေါ်ရဲသည်။

အချစ်ဆုံး၏ သစ္စာမဲ့မှုကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါတွင် မယုံနိုင်လောက်အောင် အံ့သြမိပြန်သည်။ရင်နှင့်မမျှအောင် နာကျင်ကြေကွဲရပြန်သည်။မည်သို့ပင်ဆိုစေ တစ်ယောက်ယောက်ကို မည်မျှပင်ချစ်ပါစေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ရှင်ကွဲ (သို့မဟုတ်) သေကွဲ တစ်ကွဲကွဲနှင့် ခွဲကိုခွဲကြရပေမည်။

ချစ်သူများကို စွန့်လွှတ်ခွဲခွာသူများအထဲတွင် ပါရမီရှင်သူရဲကောင်းများကတော့ တကယ်လေးစား ဂုဏ်ယူစရာဖြစ်ခဲ့ပါသည်။သူတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်ရာသွားဖို့အတွက် ချစ်ဖူးသူများအပါအဝင် ကျွမ်းကျင်သော အတတ်ပညာနှင့် အဖွဲ့အစည်းများကိုပင် စွန့်လွှတ်လမ်းခွဲတတ်ကြသည်။  

ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် အချိန်ကဖြစ်သည်။

ကုဏ္ဋလကေသီထေရီလောင်းသည် ရာဇဂြိုဟ်မြို့မှ သူဌေးသမီးတစ်ယောက်ဖြစ်သည်။ရုပ်ရည်အလွန်လှပချောမောပြီး သွက်လက်ထက်မြက်သူလေးဖြစ်သည်။သူမ၏မိဘများသည် တစ်ဦးတည်းသော သမီးလေးကို လွန်စွာတန်ဖိုးထား မြတ်နိုးကြသည်။သမီးလေးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ထက်မှာ စံမြန်းနေစေသည်။တစ်နေ့ သူဌေးသမီးလေးသည် ပြာသာဒ်ထက်မှာ စံမြန်းနေရင်း လေသာပြတင်းမှ ပတ်ဝန်းကျင်ရှိ သဘာဝလောကမြင်ကွင်းကို ကြည့်ရှုနေသည်။ထိုစဉ် ဘုရင့်တပ်မှ အာဏာသားများက ရာဇဝတ်သားတစ်ယောက်ကို ကြိုးဖြင့်တုပ်နှောင်ကာ လူသတ်ကုန်းသို့ ခေါ်သွားသည်ကို တွေ့လိုက်ရသည်။

သူဌေးသမီးလေးသည် ထိုရာဇဝတ်သားကို မြင်တွေ့လိုက်ရသည့်အချိန်မှစကာ စွဲလမ်းသွားပြီး မအိပ်နိုင် မစားနိုင် ဖြစ်မိလေသည်။မိဘများက မဖြစ်နိုင်ကြောင်း ဘယ်လိုပင်ရှင်းပြသော်လည်း သူမကတော့ လုံးဝအလျှော့မပေးဘဲ အိပ်လည်းမအိပ် အစာလည်း လုံးဝမစားခဲ့ပေ။သူ့ကိုရလျှင်ရ မရလျှင် အသက်သာ အသေခံတော့မည်ဟုသာ တွင်တွင်ပြောနေလေသည်။နောက်ဆုံးတွင် သမီးအသက်ထက် ဘာမှအရေးမကြီးဟု သဘောပိုက်ကာ ထိုသူကိုရဖို့ရန် ကြံစည်ရတော့သည်။အာဏာသားများကို အသပြာတစ်ထောင် လာဘ်ထိုးကာ ထိုရာဇဝတ်သား အသက်ကို ကယ်ရတော့သည်။ထို့နောက် သမီးနှင့် ပေးစားလိုက်ရသည်။

သူဌေးသမီးလေးသည် မြင်မြင်ချင်း မြတ်မြတ်နိုးနိုးချစ်ရသောသူကို ပိုင်ဆိုင်ခွင့်ရပြီမို့ စိတ်တွေရွှင်လန်းကာ အပျော်ကြီးပျော်နေရှာသည်။လင်ယောင်္ကျားဖြစ်သူကိုလည်း လိုလေသေးမရှိအောင် ပြုစုယုယကာ တစ်နေ့ တစ်နေ့ သူမ၏အချစ်ကမ္ဘာလေးကို သာယာစွာဖန်တီးရင်း သူမဘဝကိုလည်း အကျေနပ်ကြီး ကျေနပ်မိသည်။သူမက ထိုမျှအချစ်ကိုကိုးကွယ်ကာ ချစ်တတ်သူဖြစ်နေသော်လည်း တကယ်တော့ သူမ၏ချစ်ကံသည် မကောင်းခဲ့ပါ။သူမချစ်ရလွန်းသူသည် အပြစ်ကြီးသော ခိုးမှုကို ကျူးလွန်ထားသော သူခိုးပီပီ သူ၏ဇာတိကိုပြဖို့သာ ကြံစည်အားထုတ်နေသူဖြစ်သည်။ဘယ်လောက်ပင် စည်းစိမ်ချမ်းသာနှင့် ကောင်းစွာ စံစားနေရသော်လည်း သူခိုးဇာတိကိုတော့ မဖျောက်နိုင်ခဲ့ပေ။သူသည် သူမကိုတကယ်မချစ်ဘဲ သူမ၏ပိုင်ဆိုင်မှုကိုသာ လိုချင်သူဖြစ်သည်။တစ်နေ့တွင် သူသတ်ကုန်းရှိ တောင်စောင့်နတ်ကို ပူဇော်ပသရန် အကြောင်းပြကာ လက်ဝတ်ရတနာအပြည့်အစုံ ဝတ်စားဆင်ယင်စေပြီး ထွက်လာခဲ့ကြသည်။တောင်ခြေသို့ရောက်သောအခါ အတူလိုက်ပါလာသော ဆွေမျိုးနှင့် အခိုင်းအစေများကို ပြန်လွှတ်လိုက်ပြီး သူတို့လင်မယားနှစ်ယောက်တည်း တောင်ပေါ်သို့ တက်လာခဲ့သည်။တောင်ပေါ်သို့ရောက်သောအခါ သူမကိုသတ်ပြီး လက်ဝတ်ရတနာများကို ယူတော့မည့်အကြောင်း ပြောတော့မှ သူမလည်း အတော်ထိတ်လန့်သွားသည်။

သူမက တန်ဖိုးထား မြတ်နိုးရသောသူသည် သူမကို တကယ်သတ်တော့မည်ဆိုသဖြင့် ဝမ်းနည်းမိလေသည်။ချက်ချင်းပင် သူမ၏ အသက်အတွက် အရေးကြီးနေသည်ကို သတိထားမိသည်။ထို့ကြောင့် အသက်မသေရန် ပရိယာယ်ဆင်ရတော့သည်။တစ်ဘဝမှာ တစ်ခဏသာချစ်ခွင့်ရသော လင်ယောင်္ကျားကို မသေခင် ကန်တော့ပါရစေဟု ခွင့်တောင်းရင်း ဖက်လှဲတကင်းလုပ်ကာ အလစ်တွင် တောင်ပေါ်မှ တွန်းချလိုက်လေတော့သည်။

သူဌေးသမီးသည် ချစ်ရလွန်းသူ၏ သစ္စာဖောက်ကာ သူမ၏အချစ်ကို အစော်ကားခံရသည့်အပြင် အသက်ကိုပါ ရန်ရှာခံရသည့်အတွက် စိတ်အတော်ညစ်သွားသည်။ထင်သလိုဖြစ်မလာသော သူမ၏ အချစ်ဇာတ်လမ်းကို စိတ်နာကာ အိမ်မပြန်တော့ဘဲ ခြေဦးတည့်ရာ ထွက်လာခဲ့သည်။သို့နှင့် တိတ္ထိပရိဗိုဇ်မတို့၏ ကျောင်းတစ်ကျောင်းသို့ ရောက်သောအခါ ထိုတိတ္ထိကျောင်းမှာပင် ပရိဗိုဇ်ရဟန်း ဝတ်လိုက်လေ၏။အတတ်ပညာစုံကိုလည်း သင်ယူလေသည်။တိတ္ထိတို့၏ ဝါဒတစ်ထောင်ကို တတ်ကျွမ်းသောအခါမှစ၍ တွေ့သမျှ လူတွေကို စိန်ခေါ်ယှဉ်ပြိုင်ရန် ဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်လေသည်။ထိုနေ့မှစ၍ သူမသည် ဇမ္ဗုပရိဗ္ဗာဇိက (ဇမ္ဗူဒီပတစ်ကျွန်းလုံး ကျော်ကြားသူ) ဟူ၍ နာမည်ကြီးသွားလေသည်။

ပရိဗိုဇ်မသည် နယ်တကာ နယ်လှည့်လည်သွားပြီး ရောက်သည့်နေရာတွင် သဲပုံသည်။ထိုသဲပုံထိပ်၌ သပြေခက် စိုက်ထောင်ကာ သူမနှင့် ဝါဒချင်းယှဉ်ပြိုင်လိုသူရှိပါက ထိုသပြေခက်ကို နင်းခြေဖျက်ဆီးပစ်လိုက်ရန်မှာပြီး စိန်ခေါ်လေသည်။မကြာသောအချိန်မှာပင် သူမရောက်သည့်နေရာတွင် သူမနှင့် ယှဉ်ပြိုင်ဝံ့သူမရှိလောက်အောင် နာမည်ကြီးလာသည်။

တစ်ခါသော် သူမသည် သာဝတ္ထိပြည်သို့ရောက်လာသည်။ရောက်သည်နှင့် ထုံးစံအတိုင်း မြို့တံခါးအဝင်တွင် သဲပုံပုံကာ သပြေခက်စိုက်ပြီး စိန်ခေါ်လိုက်သည်။ရှင်သာရိပုတ္တရာသည် ဆွမ်းခံကြွလာရင်း ထိုနေရာသို့ရောက်လာသည်။ရှင်သာရိပုတ္တရာလည်းအနီးရှိ ကလေးများကိုခိုင်းကာ ထိုသပြေခက်ကို ဖျက်ဆီးစေလိုက်သည်။

ထိုအခါ ပရိဗိုဇ်မသည် သူမ၏နောက်လိုက် အခြံအရံအပါအဝင် ပရိသတ်နှင့်အတူ ဝင့်ကြွားစွာ ရောက်ရှိလာသည်။သူမကျွမ်းကျင်စွာတတ်ထားသော ဝါဒတစ်ထောင်တို့ဖြင့် ရှင်သာရိပုတ္တရာကို မေးခွန်းများ တရစပ်ထုတ်သည်။ရှင်သာရိပုတ္တရာက သူမစိတ်ကျေနပ်သည်အထိ ဖြေပေးနိုင်ခဲ့သည်။ရှင်သာရိပုတ္တရာအလှည့်တွင် “ဧကံ နာမ ကိံ” ဟု ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ သိရမည့် တရားတစ်မျိုးဟူသည် အဘယ်နည်းဟု မေးသည်ကို မဖြေနိုင်ဘဲ အရှုံးပေးလိုက်ရသည်။ထို့နောက် အရှင်မြတ်ကို ဖြေပေးပါရန် တောင်းပန်သည်။အရှင်မြတ်၏ တရားအဖြေကို ကြားရပြီးနောက်တွင် ပရိဗိုဇ်မလည်း ဘိက္ခုနီထေရီ ဝတ်လိုက်လေသည်။

ပရိဗိုဇ်တို့ထံ ရဟန်းပြုစဉ်က ထန်းစေ့မှုတ်ဖြင့်ညှပ်၍ ဆံပင်နုတ်ခြင်းခံခဲ့ရသဖြင့် ပြန်ပေါက်သောအခါ ဆံပင်များသည် အခွေလိုက်ပြန်ပေါက်သည်။ထို့ကြောင့် သူမကို ကုဏ္ဋလကေသီထေရီဟု ခေါ်ကြသည်။

ကုဏ္ဋလကေသီထေရီသည် ရဟန်းပြုပြီး မကြာမီမှာပင် အာသဝေါကုန်ခမ်းသော ရဟန္တာဖြစ်ခဲ့လေသည်။

ရဟန်းတို့သည် တရားသဘင်၌ ကုဏ္ဋလကေသီသည် လင်ဖြစ်သူ လူဆိုးကိုလည်း အောင်နိုင်ခဲ့သည်။တရားကို များစွာနာကြားခြင်း အားထုတ်ခြင်းမပြုဘဲ ရဟန္တာဖြစ်ရခြင်းနှင့်ပတ်သက်၍ ပြောဆိုကြသည်။

ထိုအခါ ဘုရားရှင်သည် ရဟန်းပရိသတ်များအား အောက်ပါအဓိပ္ပါယ်ရသော ဒေသနာတရားကို ဟောကြားလေသည်။

          “အကျိုးမရှိသော စကားလုံးများဖြင့် ဖွဲ့သီထားသည့် ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ လုံးဝမမြတ်ချေ။ကြားနာရ၍ ရာဂစသော ကိလေသာကို ငြိမ်းစေသည့် တရားတစ်ပုဒ်ကို ရွတ်ဆိုပါစေ ထိုသို့ရွတ်ဆိုခြင်းသည် မြင့်မြတ်လှပါပေ၏”

          “အကြင်သူသည် စစ်မြေပြင်၌ ရန်သူပေါင်းတစ်သောင်းကို အောင်နိုင်ရာ၏။အကြင်သူရဲကောင်းတစ်ယောက်သည်ကား မိမိကိုယ်တွင်းရှိ ကိလေသာတို့ကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်၏။ထိုသူနှစ်ဦးတွင် မိမိကိုယ်တွင်းရှိ ကိလေသာတို့ကို အောင်နိုင်သူသည်သာ ပို၍မြတ်လေ၏”

ကုဏ္ဋလကေသီထေရီသည် တစ်ချိန်ကစွဲလမ်းခဲ့သော အချစ်အပါအဝင် သံယောဇဉ်အားလုံးကို ဆင်းရဲခြင်းဟုမြင်ကာ ထိုဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ပါပြီ။

ချစ်ခဲ့ဖူးသည်။လွမ်းခဲ့ဖူးသည်။တသသ စွဲလမ်းခဲ့ဖူးသည်။အချစ်ဆုံးကို ရွှေအိမ်ဘုံမြင့် ခုနစ်ဆင့်မှာ စံမြန်းစေသည်အထိ မြတ်နိုးခဲ့ဖူးသည်။အချစ်ကိုပဲ အသည်းဆတ်ဆတ်နာခဲ့ဖူးသည်။သို့သော်လည်း အချစ်သစ်မရှာဘဲ အတတ်ပညာတစ်ခုကို အစားထိုးကာ စူးစူးစိုက်စိုက် လေ့လာခဲ့ဖူးသည်။ပညာမာနနှင့် တစ်လောကလုံးကိုလည်း စိန်ခေါ်ခဲ့ဖူးသည်။

          တစ်ချိန်က အချစ်ကြောင့် ခံစားခဲ့ရဖူးသည်။တစ်ချိန်က တကယ်ချစ်လှပါသည် သို့သော် ...

ရိုက်မောင်း