【 ဆောင်းပါး 】 ချောင်းဆုံက ဘုန်းကြီးကျောင်းသားလေးတွေ

【 ဆောင်းပါး 】 ချောင်းဆုံက ဘုန်းကြီးကျောင်းသားလေးတွေ

 

ရေပတ်လည်ဝိုင်းလျက်ရှိသော ကျနော့်ဇာတိမြေ မွန်ပြည်နယ်၊ ဘီလူးကျွန်းတွင် ဘုန်းတော်ကြီးကျောင်းများစွာ ကြပ်ကြပ်ခဲခဲရှိသည်။ဘယ်လောက်ထိအောင်ရှိသလဲဆို ရွာကြီးလျှင်ကြီးသလို တစ်ရွာကို ၃-၄ ကျောင်းမက။
 
ကျနော်တို့အိမ်မှ အပေါ်ဘက်သို့ ၅ မိနစ်ကျော် ၁၀ မိနစ်ခန့် ဆန်တက်သွားလျှင်ပင် ဘုန်းကြီးကျောင်း ၅ ကျောင်းရှိသည်။ ၅ ကျောင်းစလုံးမှာလည်း ထုနဲ့ထည်နဲ့ဆိုတာချည်း။ဘုန်းကြီးကျောင်းများကိုကြည့်လျှင်ပင် မွန်လူမျိုးတို့၏ သဒ္ဓါတရားထက်သန်မှုကို မြင်တွေ့ရမည်ဖြစ်သည်။သူ့ကျောင်းနှင့် သူ့ဒကာ ဆွမ်းကွမ်းပါးရှားတယ်ရယ်လို့မရှိ။ကျောင်းချင်း ပဋိပက္ခဖြစ်တာမျိုး၊ ဒကာချင်း ပဋိပက္ခဖြစ်တာမျိုး လုံးဝမရှိ။
 
ကျနော်တို့ ဘိုးဘွားအစဉ်အဆက် ကိုးကွယ်သည့်ကျောင်းမှာ မြင့်မိုရ်တောင်ဘေးတွင်တည်ရှိသော မြင့်မိုရ်တောင်ကျောင်းဖြစ်သည်။
 
ကျနော်တို့ဇာတိမြေမှ ဘုန်းတော်ကြီးများမှာ ကျေးလက်စတိုင်အတိုင်း ရပ်ရွာအပေါ် သြဇာကြီးကြသည်။ရပ်ရွာအတွင်း ဒကာချင်းဖြစ်သော ပဋိပက္ခတွင် တရားသူကြီးမှာ ဘုန်းကြီးများဖြစ်ကြပြီး ဘုန်းကြီး၏ဆုံးဖြတ်ချက်ကိုများသောအားဖြင့် လိုက်နာကြစမြဲဖြစ်သည်။ထို့အပြင် ဘုန်းကြီးကြွလာတာမြင်လျှင် မတ်တပ်ရပ် လက်အုပ်ချီလျက်ပုံစံမျိုး၊ ဘုန်းကြီးအရိပ် မနင်းမိအောင် ခပ်ခွာခွာနေတာမျိုး။မွန်ရွာအချို့မှာဆို ဘုန်းတော်ကြီးများကို အရိုအ သေပေးမှုက ဖျားလောက်ဖွယ်အဆင့်ထိအောင်။ကျောင်းထိုင်ဆရာတော်များ ရွာထဲသို့ကြွပြီဆို ဆရာတော်နှင့်တွေ့သော မည်သည့်ကျား၊ မ မဆို ဆောက်ဆောက်ထိုင်ချ၊ မျက်နှာအောက်ချ၊ဆရာတော်ကျော်လွန်သွားပြီးမှ ပြန် ထ။ထိုသို့သော ယဉ်ကျေးမှုကြီးက ယနေ့တိုင် သရဖူဆောင်းထားဆဲဖြစ်သည်။
 
ကျနော်ငယ်ငယ် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တုန်းကဆိုလျှင် ဘုန်းကြီးကျောင်းများ၌ ဘုန်းကြီးများလည်း မနည်းလှသလို ဘုန်းကြီးကျောင်းသားများလည်း ခပ်များများဖြစ်သည်။ကျနော်တို့ကလေးများက ဘုန်းကြီးကို ကြောက်ရသော်လည်း ဘုန်းကြီးကျောင်းသို့သွားရန်မူ ပျော်လေ့ရှိသည်။ထို့ကြောင့် ကျောင်းလည်းပိတ်သည့် ဥပုသ်ရက်တွင် အဘွားနှင့်အတူဘုန်းကြီးကျောင်းသို့ စိတ်ပါလက်ပါလိုက်မြဲဖြစ်သည်။ဘာကြောင့် ဘုန်းကြီးကျောင်းမှာ ပျော်ရသလဲဆိုတော့ နေ့ခင်းထမင်းစားချိန်တွင် ဟင်းခွက်အများကြီးဖြင့် ထမင်းစားရခြင်း၊ မုန့်စားရခြင်းနှင့် ကစားရခြင်းကြောင့်ဖြစ်သည်။
 
ဘုန်းကြီးကျောင်းသို့လာသည့် ဥပုသ်သည်တိုင်းမှာ သံဃာများကို ဆွမ်းကပ်ရန်အတွက်သာမက မိမိတို့စားဖို့ပါ မညံ့သောဟင်းများကို အဆင်ပြေလျှင်ပြေသလို ခပ်များများထည့်ခဲ့လေ့ရှိသည်။ဘုန်းကြီးဆွမ်းစားပြီးသည့်အခါ ဥပုသ်သည်များအားလုံးက ကိုယ့်ဟင်း သူ့ဟင်း ဘုံတည်ခင်း စားသောက်ကြခြင်းကြောင့် ဥပုသ်သည်များလျှင် များသလို ဟင်းခွက်များက လေး၊ ငါးဆယ်မက။ကျနော်တို့ကလေးများကို ဟိုလူဒီလူထည့်ပေးကြတော့ ဟင်းမျိုးစုံလင်အပြည့်အမောက် ဗိုက်ကားထွက်သည့်တိုင်စားရသည်။
 
ထမင်းစားပြီးပြီဆိုလျှင် ရေနွေးကြမ်း (သို့မဟုတ်) လက်ဖက်ရည်နှင့် မုန့်မျိုးစုံ ထပ်စား။မုန့်စားပြီးလျှင် ကျနော်တို့ကလေးများ ဆော့ကစား။တရေးတမောအိပ်ပြီးလျှင်လည်း ဆက်ဆော့ကစား။ဘုန်းကြီးကျောင်းကကျယ်ကျယ်၊ ဆော့ရမည့်နေရာကပေါပေါ။ဥပုသ်သည်အဘွား မပြန်မချင်း ပျော်လိုက်သည့်ဖြစ်ခြင်း။
 
ဘုန်းကြီးကျောင်းတွင် ကျနော်တို့နှင့်ရွယ်တူ ဘုန်းကြီးကျောင်းသားလေးများလည်းရှိသည်။တချို့ဘုန်းကြီးကျောင်းသားလေးများမှာ ကျနော်တို့ထက်ပင်ငယ်သော ၅ နှစ်အရွယ်သူငယ်တန်းဖြစ်သည်။သူတို့ကတော့ ကျနော်တို့လို စားလိုက်ဆော့လိုက် အချိန်ပြည့်မလုပ်နိုင်။သူတို့ခမျာ ဘုန်းကြီးဝေယျာဝစ္စ၊ ဦးဇင်းများဝေယျာဝစ္စတင်မက မျက်နှာကြီးဒကာများ ခိုင်းသမျှကိုလည်း လုပ်ရသေးသည်ဆိုတော့။ပြီးတော့ အခန့်မသင့်လျှင် အဆူအငေါက်ခံရ၊ ကံဆိုးသောနေ့များတွင် ဘုန်းကြီးကြိမ်လုံး ခပ်ထွားထွားကြီးက ဘယ်ကျောင်းသားမဆို၏ တင်ပါးပေါ် ကျရောက်တတ်တာမို့ သူတို့အတွက် ဘုန်းကြီးကျောင်းဆိုသည်မှာ သိပ်ပျော်စရာမကောင်းဟု ပြောလေ့ရှိသည်။
 
သို့သော်၊ ဘုန်းကြီးက သူတို့ကိုကျောင်းထားပေးသည်။ဘုန်းကြီးအကျ ကောင်းကောင်းစားရသည်။ကံကောင်းလျှင် ရာသက်ပန်ဘုန်းကြီးဘဝကို ရရှိသွားနိုင်သလို ကျောင်းစာ ၁၀ တန်းတွေ ဘာတွေအောင်ပြီး ဘွဲ့ရပညာတတ်ကြီးလည်း ဖြစ်သွားနိုင်သည်မို့ ကံကောင်းခြင်းများကို မျှော်လင့်ခွင့်ရှိသော ဘုန်းကြီးကျောင်းသားဟုဆိုလျှင် မမှားပေ။
 
ရာသက်ပန် ဘုန်းကြီးဘဝနှင့် တက္ကသိုလ်ဘွဲ့ရခြင်းမှာ ကံကောင်းတာလားဟုမေးပါက ဘယ်နေ့ကျည်ထိမလဲ၊ ဘယ်နေ့ပေါ်တာမိမလဲ၊ ဘယ်နေ့သူပုန်ဖြစ်မလဲဆိုသည့်ဒေသတွင် နေထိုင်ရသူများမို့ သေနတ်သံမကြားရတာကိုပဲ ကံ ကောင်းခြင်းတစ်မျိုးဟု ပြန်ဖြေရပေလိမ့်မည်။
 
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဘီလူးကျွန်း ဘုန်းကြီးကျောင်းများရှိ ဘုန်းကြီးကျောင်းသားအများစုမှာ တနယ်တကျေးမှရောက်လာကြသော စစ်ပြေးဒုက္ခသည်များဖြစ်နေခြင်းကြောင့်ပင်။ဘယ်အချိန်ကတည်းက သူတို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာသလဲဆိုတော့ ပြည်တွင်းစစ်ကြီးဖြစ်ပွားပြီး ၁၀ နှစ်ဝန်း ကျင်အကြာကတည်းကဟု ရှေ့မှီနောက်မှီတို့က ပြောကြသည်။
 
သူတို့ ဘယ်ကလာတာလဲဆိုတော့ ကရင်ပြည်နယ်အတွင်းရှိ ၁၂ လရာသီ ကျည်သင့်နေသော အမဲရောင်နယ်မြေများမှဖြစ်သည်။တခြားရွာ ဘုန်းကြီးကျောင်းများမှ ဘုန်းကြီးကျောင်သားများမှာ ကရင်ပြည်နယ် ဘယ်မြို့နယ်ကလဲတော့ မမှတ်မိ။ကျနော်တို့နား ဘုန်းကြီးကျောင်းများမှ ကျောင်းသားများမှာ ကော့ကရိတ်မြို့နယ် ကျေးလက်နေ ကရင်လူမျိုးများဖြစ်သည်။
 
“သူတို့ ကော့ကရိတ်မှာဆို စာသင်စရာ ကျောင်းမရှိဘူး။အချိန်မရွေးမိုင်းနင်းမိလို့ ခြေပြတ်နိုင်တယ်။ဘယ်သေနတ်ကိုင်ကိုမဆို ကြောက်ရတယ်။အဲဒါကြောင့် မိဘတွေက စာလည်းသင်နိုင်အောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခမရောက်အောင်။အနည်းဆုံးတော့ကွာ၊ ဒီမှာလာနေရင် ငယ်ငယ်နဲ့ မသေနိုင်ဘူး” ဟု ဘီလူးကျွန်းမြေမှ ဦးလေးဖြစ်သူက ရှင်းပြသည်။
 
ယင်းသို့သော အခြေအနေကြောင့်ပင် တချို့ကလေးများမှာ ၅ နှစ်ဆိုတာနဲ့ မိခင်များက သူတို့အဆက်ရှိသော ဘီလူးကျွန်းရှိဘုန်းကြီးကျောင်းများသို့ရောက်ရှိလာကာ လာအပ်နှံကြသည်။ယောကျာ်းသား ဖခင်များမှာမူ ကော့ကရိတ်မှ ဘီလူးကျွန်းသို့လာသော ခရီးတွင် အနည်းဆုံးအဆင့် ပေါ်တာအဆွဲခံရနိုင်သဖြင့် တစ်ခါမျှ လာပို့ကြသည်ကို မတွေ့ရ။
 
ကျနော်တွေ့ဖူးသမျှ ဘုန်းကြီးကျောင်းသားမိဘတို့မှာ ဒူးရင်း၊ မင်းကွပ်၊ ကြက်မောက် စိုက်ပျိုးသည့် ခြံများ ပိုင်ဆိုင်ကြသည်ချည်းဆိုတော့ စားနိုင်သောက်နိုင်ထဲကချည်းဖြစ်သည်။ထို့ကြောင့် မကျွေးနိုင်လို့ ဘုန်းကြီး ကျောင်းသားအဖြစ် လာထားခြင်းမဟုတ်သည့်အတွက် သူတို့တတ်နိုင်သလောက် လှူဒါန်းကြသည်။တစ်နှစ် (သို့မဟုတ်) ၂ နှစ် တစ်ခါလောက် သူတို့သားများဆီ လာသည့်အခါတိုင်းလည်း ဘုန်းကြီးကျောင်းအတွက်လှူရန် သယ်လာသည့် သီးနှံတို့သည်မနည်း။
 
ဘုန်းကြီးကျောင်းများကမူ ဘယ်၍ဘယ်မျှလှူရမည်မရှိ။မတတ်နိုင်လို့ မလှူလည်း ဘာမှမဖြစ်။လှူလှူ၊ မလှူလှူ ဘုန်းကြီးကျောင်းသားတိုင်းမှာ ကျောင်းပညာသင်ရသည်ချည်း။ဂုဏ်ယူဖွယ်ရာ ကျနော်တို့ ဘုန်းကြီးကျောင်းများ၏ ကုသိုလ်ပြုမှုဖြစ်သည်။
 
“တချို့လည်း ကြီးလာတော့ ဘုန်းကြီးဝတ်သွားတာရှိတယ်။တချို့လည်း ၁၀ တန်းအောင်၊ စာပေးစာယူတက်ရင်း ဘုန်းကြီးအဆက်နဲ့ မော်လမြိုင်တို့ ဘာတို့မှာ အလုပ်လုပ်ရင်း အိမ်ထောင်ကျသွားတာရှိတယ်။တချို့ကတော့ ၁၀ တန်းလည်းမအောင်၊ ဘုန်းကြီးလည်းမဝတ်၊ ၁၈ နှစ်လောက်ရောက်တော့ ရွာပြန်၊တချို့လည်း သူပုန်ဖြစ်၊ တချို့လည်းဒုက္ခရောက်။ဘာပဲဖြစ်ဖြစ် ဒီမှာနေတဲ့သက်တမ်းမှာတော့ မိဘနဲ့အတူမနေရတာနဲ့ နည်းနည်းအနှိမ်ခံရတာကလွဲ အေးချမ်းတာပေါ့ကွာ” ဟု ဦးလေးက ဆက်ပြောပြသည်။
 
ထိုသို့ တစ်သုတ်ပြီးတစ်သုတ် စစ်ရှောင်ကလေးများရောက်ရှိလာမှုမှာ ဘယ်အချိန်ကျမှ ရပ်သွားသလဲဆိုတော့ ၂၀၀၀ ပြည့်နှစ် ဒီဘက်ရောက်မှသာ တဖြည်းဖြည်းပါးရာမှ ပြီးသွားခြင်းဖြစ်သည်။ဆိုတော့ ကော့ကရိတ် ကျေးလက်များမှ ကလေးငယ်တို့၏ စစ်ဘေးရှောင်ရမှုမှာ ခန့်မှန်းအားဖြင့် နှစ်ပေါင်း ၄၀ ကျော်ကြာ။အမေနှင့် သားတို့၏ ရေခြားမြေခြားဘဝများ။ကျွေးနိုင်မွေးနိုင်လျက် ကိုယ့်သား ၅ နှစ်ကလေးကို မျက်ကွယ်တွင်ထားခဲ့ရသည့် မိခင်တို့၏နှလုံးသားမှာ မည်မျှနာကျင်လိုက်လေမည်နည်း။အမိရင်ခွင်တွင် တွတ်ထိုးပူဆာနေရမည့် ၅ နှစ်အရွယ် ကလေးများကရော အမိရှိလျက် အမိမဲ့ဘဝတွင် ဘယ်လောက်နာကျင်လိုက်လေမည်နည်း။
 
ဝမ်းနည်းဖွယ်ရာ စစ်၏သားကောင်များဖြစ်သည်။
 
ငြိမ်းဆက်
နိုဝင်ဘာ - ၆