【 ဆောင်းပါး 】 ခြားနားသောအတွေးများ

【 ဆောင်းပါး 】 ခြားနားသောအတွေးများ

လူတစ်ယောက်၏ဘဝတွင် အရေးအကြီးဆုံးတစ်ခုပဲပြောပါဆိုလျှင် သူ့အတွေး သူ့စိတ်ကူးတွေ မှန်ကန်နေရန်လိုသည်ဟု ဖြေရပေမည်။သူ့အတွေးတွေမှန်မှ သူ့အပြောတွေ သူ့လုပ်ရပ်တွေ မှန်မှာဖြစ်သည်။သူ့အတွေးမှန်မှ သူ့ဘဝလမ်းကြောင်းမှန်မှာဖြစ်သည်။သူ့ဘဝလမ်း ကြောင်းမှန်မှ သူ့မိသားစု သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းလည်း အပြစ်ကင်းကင်းနှင့် သာယာနိုင်မည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ သူ့အတွေးသာမှားလိုက်ပါက သူ့အပြောတွေ သူ့လုပ်ရပ်တွေ အကုန်မှားပြီး သူ့ဘဝလမ်းကြောင်း မှားရုံသာမက သူ့မိသားစု သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း အမှားတွေ အပြစ်တွေနှင့် အန္တရာယ်ရှိလာနိုင် လေသည်။
 
အထူးသဖြင့် သူသည် မိသားစုတစ်ခု၏ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လျှင် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်သာဖြစ်မည်ဆိုလျှင် သူ့အတွေး သူ့စိတ်ကူးတွေ မှန်ကန်နေရန် ပို၍ပင်အရေးကြီးလာပြီဖြစ်သည်။
သူ့ဆုံးဖြတ်ချက်တစ်ခုသည် သူ့မိသားစု သူ့အုပ်စု၏ အလှတွေ ဘဝတွေအတွက် စည်းစိမ်ဥစ္စာတွေ အသက်တွေအတွက် အကောင်းနှင့် အဆိုးကို လောင်းကြေးထပ်ထားသလိုဖြစ်နေသည်အထိ အရေးကြီးလှသည်။
 
ခေါင်းဆောင်တစ်ယောက်၏ အတွေးစိတ်ကူးသည် သူ့ကိုမှီခိုနေရသော သူ့အုပ်စုတစ်ခုလုံးအတွက် မည်မျှအရေးပါသည်ကို ငါးရာ့ငါးဆယ်လာ အပဏ္ဏကဇာတ်မှ လှည်းကုန်သည်ခေါင်းဆောင်နှစ်ဦးနှင့် သူတို့အုပ်စု များ၏ ကံကြမ္မာအပြောင်းအလဲတစ်ခုကို ပြောပြပါရစေ။
 
          ဘဝတစ်ခုတွင် ဘုရားလောင်းသည် လှည်းကုန်သည်တစ်ယောက်ဖြစ်သည်။သူသည် အစစ အရာရာတွင် သွေးအေးပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည်။သူ့တွင် အတွေ့အကြုံဗဟုသုတလည်းရှိကာ ထိုအတွေ့အကြုံတွေကို လက်တွေ့ဘဝမှာလည်း မှန်မှန်ကန်ကန်အသုံးချနိုင်လေသည်။သူသည် လှည်းငါးရာကိုအုပ်ချုပ်ရသော ကုန်သည်အကြီးအမှူးဖြစ်သည်။သူ၏ လှည်းကုန်သည်အုပ်စုသည် အနယ်နယ်အရပ်ရပ်သို့သွားကာ ကုန်ရောင်းကုန်ဝယ်လုပ်သည်။
ယခုလည်း သူတို့အုပ်စု ကုန်သွယ်ခရီးတစ်ခုထွက်ရန် ပြင်ဆင်နေကြလေပြီ။ထိုအချိန်မှာပင် သူတို့လို ကုန်သည်ငါးရာအုပ်စုတစ်ခုလည်း သူတို့လမ်းကြောင်းအတိုင်း ကုန်သွယ်ခရီးထွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
တစ်ချိန်တည်း ခရီးတစ်ခုတည်းကို လူတစ်ထောင် နွားနှစ်ထောင် အတူသွားပါက ထင်းမီးကအစ စခန်းချရေးအထိ အခက်အခဲများစွာရှိနိုင်သည်။ထို့ကြောင့် ထိုကုန်သည်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရတော့သည်။အုပ်စုတစ်စုက အရင်သွားပြီး တစ်ပတ်နှစ်ပတ်ခြားပြီးမှ နောက်တစ်အုပ်စုက သွားရန်ဖြစ်သည်။နောက်ဆုံးတွင် ထိုကုန်သည်ငါးရာအုပ်စုက ပထမသွားပြီး သူတို့အုပ်စုက နောက်တစ်ပတ် နှစ်ပတ်ကြာမှ လိုက်ရန် ဆုံးဖြတ်ကြ သည်။
 
ဒုတိယအုပ်စုမှခေါင်းဆောင်သည် ဒေဝဒတ်လောင်းဖြစ်သည်။သူသည် အတ္တကြီး လောဘကြီးပြီး ရှေ့နောက် ဆင်ခြင်တိုင်းထွာမှုမရှိသူတစ်ယောက်ဖြစ်သည်။ထို့ကြောင့်လည်း ကုန်သွယ်ခရီးကို အရင်ဦးစွာသွားသည့်သူသည် ဈေးကောင်းရနိုင်၍ နောက်မှလိုက်သူသည် ဈေးကောင်းမရနိုင်ကြောင်း တွက်ချက်ကာ ခရီးကိုစောစီးစွာထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
ဒေဝဒတ်လောင်းအုပ်စုသည် ခရီးထွက်သွားရင်း မကြာမီမှာပင် ကန္တာရခရီးကိုဖြတ်သန်းရလေသည်။ထိုကန္တရခရီးသည် ဘီလူးများသောင်းကျန်းသော လမ်းဖြစ်သည်။ဘီလူးများက လူယောင်ဖန်ဆင်းကာ ကုန်သည်အဖွဲ့ပုံစံမျိုးလုပ်လာကြသည်။ခေါင်းဆောင်လုပ်သူက နွားဖြူတစ်ယှဉ်း တပ်ဆင်ထားသော လှည်းယဉ်ကိုမောင်းကာ ကျန်ဘီလူးများက နောက်လိုက်များအဖြစ် ခြေလျင်လျှောက်လာကြသည်။
ဘီလူးတစ်ဖွဲ့လုံးက သူတို့၏ခန္ဓာကိုယ်နှင့်အဝတ်အစား အသုံးအဆောင်များတွင် ရွှံ့နွံများပေကျံကာ ရေစက်ရေပေါက်များရွှဲရွှဲစိုနေအောင် ဖန်တီးထားသည်။ဒေဝဒတ်ကုန်သည်အဖွဲ့နှင့် တွေ့ဆုံ၍ ကုန်သည်များက လမ်းခရီးအခြေအနေကို စုံစမ်းမေးမြန်းသောအခါ ဘီလူးအဖွဲ့က ရှေ့တွင်မိုးများသည်းထန်စွာရွာသွန်းနေကြောင်း ခရီးတစ်‌လျှောက်တွင် အင်းအိုင်ချိုင့်ဝှမ်းဖြစ်ကာ ရေများပြည့်လျှံနေပြီး ကြာပန်းစုံတို့ ဖူးပွင့်နေကြောင်း ပြောပြသည်။
 
ထိုသတင်းကိုကြားရသောအခါ ဒေဝဒတ်လောင်းသည် သူ့လူများအား ဝန်ပေါ့ပြီး ခရီးတွင်စေရန် ပါလာသည့် ရေများကို သွန်ခဲ့ခိုင်းသည်။သူ့လူများကလည်း သယ်ရပိုးရသက်သာမည်ဖြစ်သဖြင့် ပါလာသော ရေများကို သွန်ပစ်ခဲ့ကြသည်။
ညနေချိန်နေဝင်၍ စခန်းချရပ်နားသောအခါ သောက်စရာရေမရှိ ချက်ပြုတ်စရာရေမရှိဘဲ များစွာဒုက္ခ ရောက်ကြလေတော့သည်။နွားများလည်းရေငတ် လူများလည်းအဟာရပြတ်နှင့် အားအင်ကုန်ခမ်းကာ စိတ်ဓာတ် ကျကုန်တော့သည်။ခေါင်းဆောင် ဒေဝဒတ်လောင်းကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အိပ်ရာထဲ ဝင်ကာ အကြံတုံးဉာဏ်တုံး ခွေနေလေသည်။
 
ညသန်းခေါင်ချိန်ရောက်သောအခါ အကြံသမား ဘီလူးများက ခေါင်းဆောင် ဒေဝဒတ်လောင်းကုန်သည်အပါအဝင် လူငါးရာနွားတစ်ထောင်တို့ကို ဝိုင်းထားပြီး ဖမ်းယူသတ်ဖြတ် စားသောက်ပစ်ကြလေတော့သည်။
ဒေဝဒတ်လောင်းကုန်သည်အုပ်စုထွက်သွားပြီး လဝက်ခန့်အကြာတွင် ဘုရားလောင်းကုန်သည်တို့အဖွဲ့ ခရီးထွက်ခဲ့ကြသည်။ကန္တာရခရီးအဝင်သို့ရောက်သောအခါဘုရားလောင်းက ရေကိုလုံလုံလောက်လောက်ဖြစ်အောင်ထပ်ဖြည့်စေသည်။သူ၏ခွင့်ပြုချက်မရဘဲ ရေလက်တစ်ခုပ်စာမျှ မဖြုန်းတီးရန် အဆိပ်သီးအဆိပ်ရွက်များဖြစ်နေမည်စိုးသောကြောင့် မည်သည့်သစ်သီးသစ်ရွက်တွေ့တွေ့ ခူးဆွတ်မစားရန် တင်းတင်းကျပ်ကျပ်မှာ ထားလေသည်။
ကန္တာရထဲသို့ဝင်မိပြီး အတန်ငယ်သွားမိလျှင် အခြားကုန်သည်အဖွဲ့ယောင်ဆောင်ထားသော ဘီလူးများနှင့်တွေ့သည်။ဘီလူးများက ကုန်သည်အဖွဲ့၏ ရေများသွန်ပစ်ရန် ထုံးစံအတိုင်း ပရိယာယ်ဆင်ကာ လှည့်စားကြ ပြန်သည်။ဘုရားလောင်းကရေများကို လုံးဝမသွန်ပစ်ခဲ့ပေ။ဘီလူးများက ကန္တာရထဲတွင် မိုးရွာသည်ဟုပြောသော် လည်း မိုးရိပ်လေရိပ်ပင် မတွေ့မြင်ရသဖြင့် လုံးဝမယုံကြည်ပေ။
ထို့အပြင် ထိုသူတို့၏ မျက်လုံးများနီရဲနေခြင်း သူတို့ထံမှအရိပ်မထွက်ခြင်း ရဲတင်းသောအမူအရာများ ရှိနေခြင်းကြောင့် ထိုသူတို့သည် လူများမဖြစ်နိုင်ဘဲ ဘီလူးများသာဖြစ်ရမည်ဟု ဆင်ခြင်တွက်ဆမိသည်။ထို့ ကြောင့် ပို၍သတိထားနေသည်။သူ့လူများကိုလည်း သတိမလစ်စေရန် မှာထားသည်။
 
နေဝင်စပြုချိန်တွင် စခန်းချနားနေရန် ပြင်ဆင်သောအခါ ပထမအုပ်စုမှ လူအရိုးစုများ လှည်းများကို တွေ့ရသဖြင့် လမ်းမှာတွေ့ခဲ့သူများသည်ညဘီလူးများဖြစ်မှန်း ပို၍သေချာသွားသည်။ထို့ကြောင့်အစား အစာများချက် ပြုတ်စားသောက်ပြီးနောက် သူကိုယ်တိုင်က လုံးဝမအိပ်ဘဲ သံလျက်ကိုင်ကာစောင့်ပြီး ကျန်သည့်လူများကိုလည်း အလှည့်ကျစောင့်စေသည်။
မနက်မိုးလင်းသောအခါ သူတို့တစ်ဖွဲ့လုံး ဘာပြဿနာမှမရှိဘဲ အေးအေးချမ်းချမ်းခရီးဆက်နိုင်ပြီး သူတို့ ရည်မှန်းထားသည့်အတိုင်း အမြတ်ငွေများရကာ သူတို့၏ကုန်သွယ်မှုခရီးကို အောင်အောင်မြင် မြင်လုပ်ဆောင်နိုင်ခဲ့လေသည်။
 
ကုန်သည်လှည်းအုပ်စုနှစ်ခုတို့၏ အကျိုးရလဒ်သည်ဘမိုးနှင့်မြေပမာ ကွာခြားခဲ့သည်ကို တွေ့နိုင်၏။အုပ်စုတစ်ခု သည် ဥစ္စာလည်းဆုံး ဘဝလည်းဆုံး အသက်လည်းဆုံးခဲ့ပြီး ကျန်အုပ်စုတစ်ခုသည် သူတို့အသက်လည်းရှင်သန်ပြီး သူတို့၏ဘဝခရီးကိုလည်း စည်းစိမ်ဥစ္စာပြည့်စုံစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ခဲ့သည်။
 
သူတို့နှစ်အုပ်စု၏ အကျိုးရလဒ်များ ထိုမျှလောက်ကွာခြားသွားရခြင်းမှာ တူညီသောပုစ္ဆာတစ်ပုဒ်ကို လက် တွေ့တွက်ချက်ခဲ့ကြသော ခေါင်းဆောင်နှစ်ယောက်၏ ခြားနားသော အတွေးများကြောင့်သာ မဟုတ်ပါလား။
 
ရိုက်မောင်း