【 ဆောင်းပါး 】 ဂရပ်ထဲမှာပုံဆွဲကြည့်ခြင်း (အိန္ဒိယ - ၁)

【 ဆောင်းပါး 】 ဂရပ်ထဲမှာပုံဆွဲကြည့်ခြင်း (အိန္ဒိယ - ၁)

“အိန္ဒိယနဲ့ တရုတ်ဟာ အနာဂတ်မှာ ပိုပြီး အတူတူသြဇာညောင်းကြလိမ့်မယ်လို့ ကျနော်ထင်တယ်”

၁၉၃၈ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ်လောင်း ပဏ္ဍိတ်ဂျဝါဟလာနေရူး တရုတ်ပြည်သို့ရောက်ရှိစဉ် တရုတ်သမ္မတ ချန်ကေရှိတ်ကို ပြောခဲ့သော စကားဖြစ်သည်။ယခုသော် တရုတ်သည် အိန္ဒိယထက် အရင် ရှေ့ကိုရောက်သွားပြီ။

သို့သော် အိန္ဒိယသည် မလှမ်းမကမ်းကတော့ လိုက်လာနေသည်။

တရုတ်ကွန်မြူနစ်ခေတ်အစမှာပင် ချစ်ကြည်ခြင်းက ခိုင်မြဲနေသည်။အိန္ဒိယသည် အမေရိကန်နှင့် ဆိုဗီယက်တို့၏ စစ်ရေးမဟာမိတ်များနှင့်တော့ ကင်းကင်းရှင်းရှင်းနေသည်။သို့သော် ဘက်မလိုက်လှုပ်ရှားမှုကိုတော့ အာရုံထားသည်။နောက်ပြီး အမေရိကန်ကမ်းလှမ်းသော ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် ငြင်းဆန်ခဲ့သေးသည်။ငြင်းဆန်သည်မှာ တရုတ်ကွန်မြူနှစ်အစိုးရကို ဤနေရာပေးရန် ဝါရှင်တန်က ငြင်းပယ်ခဲ့သည်ကို ကန့်ကွက်သောသဘောနှင့်ဖြစ်သည်။

နောက်ပိုင်းမှာတော့ တရုတ်နှင့် အိန္ဒိယသည် နယ်နိမိတ်ပြဿနာတွေဖြစ်လာသည်။နှစ်နိုင်ငံ နယ်နိမိတ်သည် မိုင် ၁၂၄၀ မျှရှိသည်။တိုင်းတာရန် ခက်ခဲသော ဟိမဝန္တာတောင် အသိပ်သည်းဆုံးနေရာတွေမှာ အယှက်အတင်တွေဖြစ်လာ၏။အင်္ဂလိပ်အုပ်စိုးစဉ်ကပင် ရေရာသော မြေမျက်နှာပြင်ကို မသတ်မှတ်နိုင်ခြင်းလည်းပါသည်။တိဘက် ဒလိုင်းလာမာ ဘုန်းတော်ကြီးကို အိန္ဒိယက လက်ခံမှုသည်လည်း ပါဝင်ခဲ့သည်။အဓိကမှာ နယ်စပ်ထိစပ်သောမျက်နှာပြင် ရှည်လွန်းခြင်းဖြစ်၍ သံသယတွေ တိုက်စားစေခဲ့သည်။

၁၈၂၅ တွင် မြန်မာပိုင် အာသံနယ်ကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက ပိုင်ဆိုင်သွားသောအခါ တရုတ် မန်ချူးအင်ပိုင်ယာနှင့် ထိစပ်မှုရှိလာသည်။ ၁၉၆၂ ခုနှစ်တွင် တရုတ်-အိန္ဒိယ စစ်ဖြစ်ကြသည်။အင်္ဂလိပ်မူဝါဒရေးဆွဲသူတို့ အာသံကို ဘယ်လိုသဘောထားရမှန်းမသိ ဖြစ်ပုံရသည်/အာသံကိုရခြင်းက အကျိုးအမြတ်မရ စရိတ်ကုန်ခြင်းသာဖြစ်သည်ဟု ထင်မှတ်ကြသည်။အာသံနှင့် တရုတ်တိဘက်တို့၏ သဘာဝနယ်ခြားမှာ ဟိမဝန္တာတောင်ဖြစ်သည်။ဟိမဝန္တာ အမြင့်ဆုံးတောင်တန်းကို တိဘက်နှင့် အိန္ဒိယဟု စည်းခြားထားသည်။လွတ်လပ်သောအိန္ဒိယနှင့် ကွန်မြူနစ်တရုတ်ပြည်တို့သည် စကတည်းကပင် ကိုလိုနီတို့ ထားရစ်ခဲ့သော နယ်စပ်အမွေကို ရရှိခဲ့ကြသည်။နောက်ပိုင်းတွင် တရုတ်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးပြဿနာ အိန္ဒိယကလည်း ပါကစ္စတန်ပြဿနာများဖြင့် ရှုပ်ထွေးနေကြသည်။ ၁၉၈၀ တွင် နေရူး၏မြေး ရာဂျစ်ဂန္ဒီ တရုတ်ကိုအလည်လာသည်တွင် တရုတ်ခေါင်းဆောင် “တိန့်ရှောင်ဖိန်” က “နောင်လာမယ့်ရာစုဟာ အာရှခေတ်သာဖြစ်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်ဟာ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေဖြစ်မှာပဲ” ဟု ပြောခဲ့ဖူးသည်။

တိန့်ရှောင်ဖိန်၏စကား မှန်နေလေပြီ။တရုတ်က ဒုတိယစီးပွားရေးအင်အားကြီးဖြစ်လာပြီး အိန္ဒိယသည် မလှမ်းမကမ်းမှလိုက်နေ၏။သို့သော် အိန္ဒိယသည် များပြားလှသော လူဦးရေကြီးအတွက် သယ်ယူပို့ဆောင်ရေးအတွက်သော်မှ မဖြေရှင်းနိုင် ဖြစ်နေသေးသည်။လူပဒေသာဖြစ်နေသော ရထားသည် မကြာခဏလမ်းချော်ခြင်း ခေါင်းခြင်းဆိုင်တိုက်နေခြင်းတွေ မမြင်ချင်မှအဆုံး။ ၂၀၀၅ တွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် နယူးဒေလီသို့ ရောက်သည့်အခါ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟာဆင်းက ---

“အိန္ဒိယနဲ့ တရုတ်ဟာ အတူတူ ကမ္ဘာကြီးကို ပုံစံပြောင်းပေးနိုင်တယ်” ဟု ပြောခဲ့သည်။

သို့သော် နောက်ထပ် နှစ် (၃၀) မျှအကြာတွင် အိန္ဒိယသည် တရုတ်ကိုကျော်ကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မည်။ဒါကိုတော့ ထိန်းချုပ်ရဦးမည်။စီးပွားရေးက တရုတ်၊ အမေရိကပြီးလျှင် အိန္ဒိယ။အိန္ဒိယစီးပွားရေးသည် လာမည့်ဆယ်စုနှစ်များအတွင်း ယခုထက် အဆ (၄၀) တိုးတက်မည်ဟု အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် ဂိုးလ်ဒင်းဆက်ရှ်က တွက်ပြထားသည်။

အိန္ဒိယတစ်နိုင်ငံလုံးကား မတိုးတက်သေး။လမ်းအစ ဆိပ်ကမ်းအလယ် သောက်သုံးရေအဆုံး မပြည့်စုံသေး။သန်း ၄၀၀ ကျော်က လျှပ်စစ်မီး မသုံးနိုင်သေး။လေဆိပ်များသည် အရှေ့အာရှထက် ဆိုးသေးသည်။မြန်မာထက်ဆိုးသေး၏။လာဘ်လာဘ်ယူ၊ ကြိုးနီ၊ ဗျူရိုကရက် ရှိဆဲ။ဆင်းရဲချမ်းသာကွာခြားမှု၌ ၁၄% နှင့် ၄% အထိ ကွာခြားနေဆဲ။အိန္ဒိယအရှေ့မြောက် မြန်မာနှင့်ထိစပ်နေသော အာသံ၊ မဏိပူရအပိုင်းမှာ လူဦးရေ သန်း ၄၀ နီးပါးရှိကာ ခေါင်းကိုက်နေရသော နေရာဖြစ်သည်။တိုင်းရင်းသားသူပုန် နာဂသူပုန် ခွဲထွက်ရေးသမား အန္တရာယ်ကလည်း မသေးလှ။တရုတ်တွင် ဆင်းရဲသောပြည်နယ်မှာ အနောက်နှင့် အနောက်တောင်။အိန္ဒိယ၏ ဆင်းရဲသောပြည်နယ်မှာ အရှေ့နှင့် အရှေ့မြောက်။

အိန္ဒိယအတွက်ရော တရုတ်အတွက်ပါ စွမ်းအားမြင့်သော လမ်းဆုံလမ်းခွမှာ မြန်မာကရှိနေသည်။အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ တည်ဆောက်ရေး အုတ်မြစ်မှာ ဤနေရာတွင်ရှိနေသည်။အိန္ဒိယက သူ့နိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များ တိုးတက်အောင် လုပ်မည်၊ တရုတ်ကလည်း သူ့နိုင်ငံ၏ အနောက်တောင်ပြည်နယ်များ တိုးတက်အောင် လုပ်မည်။ထိုနေရာတွင် မြန်မာသည် အလယ်မှာရှိနေသည်ဟု ဆိုလို၏။ဆုံမှတ်မှာ မြန်မာဖြစ်နေသည်ဟု တရုတ်နှင့် အိန္ဒိယ ဆုံမှတ်ကို ရေးသားသူ ဒေါက်တာသန့်မြင့်ဦးက ထောက်ပြထားသည်။

၁၉၉၀ ဝန်းကျင်တွင် အိန္ဒိယအစိုးရက “အရှေ့မျှော်ပေါ်လစီ” ကို ချမှတ်သည်။အရှေ့အာရှ စီးပွားရေးမိတ်ဆွေသစ်များ လိုချင်သည်။တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်္ကာပူ ရှေ့တန်းမှာ။ထိုင်းနှင့် မလေးရှားပင် သိပ်နောက်မကျ။ချမ်းသာသည့် ခေတ်သစ်ကို သွားနေကြသည်။ ၁၉၉၇ တွင် အာဆီယံအဖွဲ့ချုပ်လည်း ပေါ်ထွန်းသည်။အရှေ့တောင်အာရှ လူလတ်တန်းစား သန်းဆယ်ဂဏန်း၏ ဈေးကွက်ကြီးကလည်း မက်စရာဖြစ်၏။လျင်မြန်စွာဖြစ်ထွန်းလာသော နိုင်ငံအတွက် အရှေ့တခါးကိုဖွင့်ရမည်။အရှေ့မျှော်ပေါ်လစီ၊ အိန္ဒိယမှာ တရုတ်ပစ္စည်းတွေ ရောင်းနေသော်လည်း တရုတ်ဈေးကွက်မှာ အိန္ဒိယက မထိုးဖောက်နိုင်သေး နည်းနေသေးသည်။

အိန္ဒိယ-တရုတ် ဆက်ဆံရေးမှာ အကောင်းမြင်သူက “နှစ်ဘက်လုံးကို မီဒီယာတွေက ချဲ့ပြောနေတာပါ၊ ၆၂ လို အဖြစ်မျိုး ပြန်မဖြစ်တော့ပါဘူး” ဟု ပြောသည်။ ၂၁ ရာစုပါဝါအတွက် အိန္ဒိယမှာပေါ်ထွန်းလာသော ဇာတ်လမ်းတွင် မြန်မာအတွက် စစ်မှန်သောနေရာမရှိ။ဒေလီတွင် မြန်မာပြည်ရောက်ဖူးသူမရှိ။အပြောင်းအလဲတွေကို ဂရုစိုက်သူလည်း သိပ်မရှိ။

၁၆ ရာစုတုန်းက တရုတ်-အိန္ဒိယ နှစ်နိုင်ငံပေါင်းသည် ကမ္ဘာ့စီးပွားရေးတစ်ဝက်ကို ပိုင်ဆိုင်သည်။ယခုထပ်ပေါ်လာဦးမည်လော။

နိုင်ငံကြီးနှစ်ခုကြားက မြန်မာနိုင်ငံလေးသည် သူတို့ထက်ပို၍မလုပ်နိုင်။ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနှင့် တရုတ်သည် စတီးဝဲလ်လမ်းဟောင်းကို ပြန်လည်တည်ဆောက်ရန် သဘောတူထားသည်။ရွှေလီမှ အိန္ဒိယအရှေ့မြောက်အထိရောက်သော လမ်းမကြီးဖြစ်လာမည်။ယခု တရုတ် အိန္ဒိယသည် ရေလမ်းမှ ဆက်သွယ်နေရခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်ကုန်သွယ်ရေးမှာ မြန်မာကို ဖြတ်သန်းသွားနိုင်ကြလျှင် အတိုဆုံးခရီးဖြစ်သည်။

ငြိမ်းချမ်းရေးကို အမြန်လိုအပ်နေသည်မှာ မြန်မာဖြစ်မနေပေဘူးလား။

ရည်ညွှန်း - တရုတ်နှင့် အိန္ဒိယဆုံမှတ် - ဒေါက်တာသန့်မြင့်ဦး

လင်းထင်