【 ဆောင်းပါး 】 ငယ်ငယ်က တောင်ဥက္ကလာ ပျော်စရာ

【 ဆောင်းပါး 】 ငယ်ငယ်က တောင်ဥက္ကလာ ပျော်စရာ

ကျနော် ရန်ကုန်ကို စရောက်တော့ မဆလအစိုးရ နေဝင်ချိန် ၁၉၈၆ ခုနှစ်။

ရန်ကုန်ဆိုတာ မြို့တွင်းနေရာတွေလောက်သာ မြေမရှိ လေပေါ်တက်ရတဲ့ တိုက်ခန်းယဉ်ကျေးမှု နည်းနည်းပါးပါး။တစ်ခါတရံ ရန်ကုန် မြို့တွင်း၊ယောက်လမ်းပေါ်က ဆွေမျိုးတွေနေတဲ့ တိုက်ခန်းပေါ် ခဏတဖြုတ်ရောက်သွားတာတောင် မွန်းမွန်းကျပ်ကျပ်နဲ့ အသက်ရှူမဝ။သူတို့ ဒီတိုက်ခန်းကျဉ်းကျဉ်းထဲ ဘယ်လိုများနေကြပါလိမ့်လို့ စိတ်ထဲ တိတ်တိတ် မေးခွန်းထုတ်ခဲ့ဖူးတယ်။

ပြီးတော့ တိုက်ခန်းယဉ်ကျေးမှု အခိုင်အမာနဲ့ ရန်ကင်း။ဒီတိုက်ခန်းကျဉ်းကျဉ်းထဲ ဘယ်လိုများနေကြသလဲလို့ ဆွေမျိုးနီးစပ် အစ်ကိုတစ်ယောက်ကို မေးကြည့်မိ။ဒီလိုပဲ မနေလို့လည်းမရတော့ ရအောင်နေရင်း နေတတ်သွားတာပဲလို့ ဆိုတယ်။

“အစ်ကို ဒီတိုက်ခန်းပေါ် ရောက်စတုန်းက စိတ်ဆင်းရဲလို့ ငိုတောင်ငိုသေးတယ်။ဒါပေမဲ့ တခြားနေစရာ အိမ်လည်းမရှိတော့ ကြိတ်မှိတ်နေရင်း ဖြစ်သွားတာပဲ” လို့ သူကပြောပြတယ်။

အခုတော့ သူ့မှာ ရန်ကင်းမှာ ပျော်လွန်းလို့ ဘယ်မှမပြောင်းချင်။ရန်ကင်းဆိုတာ မြို့ထဲနဲ့ဆိုလည်း အရမ်းမဝေး။တက္ကသိုလ်တွေ ဘာတွေ သွားရတာလည်း အဆင်ပြေ။ဖုံမထူ၊ ဗွက်မထ။သွားလာစရာ လိုင်းကားတွေ တဝီဝီ။အကောင်းဆုံး နောက်တစ်ခုက လူလတ်တန်းစား အစိုးရဝန်ထမ်းအရာရှိတွေချည်း အများဆုံးနေတာမို့ အားလုံးသည် သွေးတူသားတူ စရိုက်သိပ်မခြား။

“မင်းတို့ တောင်ဥက္ကလာလို တောမှာ မနေနိုင်ဘူး” လို့ အစ်ကိုကဆိုတော့ ကျနော်ရယ်မိသေးတယ်။

သူပြောသလို တောင်ဥက္ကလာဆိုတာ တကယ်လည်း ရန်ကုန်မြို့ပေါ်က တောသားတွေ နေထိုင်ရာ နေရာ။တောင်ဥက္ကလာပြီးရင် ငမိုးရိပ်ချောင်း။ငမိုးရိပ်ချောင်းရဲ့ ဟိုဘက်ကမ်းဆိုတာက လယ်ကွင်းတွေ တမျှော်တခေါ်။ထားဝယ်ချောင်တို့ တိုးကြောင်ကလေးတို့၊ တိုးကြောင်ကြီးတို့ ကျနော့်အတွက် ကြားဖူးနားဝ။မော်လမြိုင်အပြန် ရထားစီးလို့ ငမိုးရိပ်တံတားကျော်လိုက်ရင် လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေတဲ့ စပါးခင်းတွေချည်း။ငမိုးရိပ်ချောင်း ဟိုဘက်ကို ရထားပေါ်ကနေ လှမ်းငေးဖူးပေမယ့် တစ်ခါမှ ခြေမချဖူး။ထားဝယ်ချောင်ဆိုရင် မြောက်ဥက္ကလာရဲ့ဟိုဘက်ကမ်း။ပြစ်မှုကျူးလွန်သူတွေ သွားခိုအောင်းလေ့ရှိတဲ့ ရွာလို့တောင် ကြားခဲ့ဖူး။

အဲဒီလိုဆိုတော့ ရန်ကုန်မှာ တောဆိုတာ တောင်ဥက္ကလာတင် ဘယ်ကမလဲ။မြောက်ဥက္ကလာရော သာကေတပါ ရန်ကုန်က တောသားတို့ ဌာနေ။တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ သာကေတမှာ နေတယ်ဆိုရင် သိပ်အဆင်မပြေတဲ့ ရန်ကုန်သားတို့ နေထိုင်ရာအရပ်လို့ ခပ်နှိမ်နှိမ်။

အဲဒီတုန်းက တောင်ဥက္ကလာဆိုတာ နွေရာသီဆို ဖုန်ထူထူ။မိုးရာသီဆို လေကြမ်း ရေကြမ်းနဲ့ ဗွက်ပေါက်နေတဲ့ လမ်းတွေလည်း မနည်း။ဆောင်းတွင်းရောက်ပြန်တော့ လယ်ကွင်းတွေကနေ ဖြတ်စီးလာတဲ့ အအေးဓာတ်တွေက ကြမ်းကြမ်းရှရှ။ပြီးတော့ ကျနော်တို့လမ်းထိပ်က လမ်းမကြီးဆိုရင် ကတ္တရာလမ်းက ကြောက်မက်ဖွယ် ပေါက်ပြဲနေတာမို့ ကားတွေက ကားလမ်းနံဘေး ညီညာတဲ့ မြေနီလမ်းထဲ ဘီးတစ်ဘီးချ မောင်းရ။ဆိုင်ကယ်၊ စက်ဘီးနဲ့ ဆိုက်ကားကတော့ ကတ္တရာလမ်းပေါ် တက်မောင်းတယ်ဆို ဖြည်းဖြည်းချင်းသာ မောင်းရတဲ့အဖြစ်။

“နင်တို့အိမ်လာရတာ ကားစီးလည်း ဇိမ်မရှိ၊ ဆိုက်ကားစီးလည်း ဇိမ်မရှိနဲ့ အိမ်ပြန်ရောက်ရင် ခါးနာလို့ ဆေးလိမ်းရတာချည်းပဲ” လို့ ကြီးတော်တစ်ယောက်က ဆိုခဲ့။ကျနော်တို့ အောင့်သက်သက်။

ပြီးတော့ ကျနော်တို့လမ်းသွယ်ဆိုရင်လည်း ကျောက်ခဲနိုင်နိုင်ထည့်ထားတဲ့ မြေနီလမ်းမို့ တချို့နေရာတွေမှာသာ ဗွက်အိုင်ခွက်လေးတွေရှိပေမယ့် ကျောက်ခဲအချွန်၊ အစွန်းတွေရဲ့ပေါ် စက်ဘီးစီးလည်း သတိထားရ၊ ဆိုက်ကားစီးတယ်ဆိုရင်တော့ တကယ့်ကို ခါးနာမယ့် လမ်းမျိုး။

အဆိုးရွားဆုံးတစ်ခုကတော့ ငမိုးရိပ်ချောင်း ရေလျှံတယ်ဆို ကျနော်တို့လမ်း မြုပ်ရုံတင်မက အိမ်တွေထဲထိပါ ရေဝင်တာပါပဲ။အဲဒီလို အိမ်ထဲထိ ရေဝင်တာက တစ်နှစ်မှာ တစ်ခါ၊ ၂ ခါလောက်သာ နေ့တစ်ဝက်မကြာ ဖြစ်လေ့ရှိပေမယ့် ဖြစ်ပြီဟေ့ဆို တော်တော့်ကို မစားသာ။ရေဝင်တဲ့အချိန် အားကြိုးမာန်တက် ရေတွေ အိမ်အပြင် သွားပက်မနေနဲ့။ငမိုးရိပ်ချောင်းရေတွေက ဒီတက်တဲ့အချိန် လျှံတက်လာတာမို့ ဒီမကျမချင်း ရေတွေက အိမ်ပေါ်ကနေ မဆင်း။ရေပြန်ကျချိန်ကျမှ အိမ်ထဲကရေတွေလည်း သူ့ဘာသာပြန်ဆင်းသွားလေ့ရှိ။အဲဒီအခါကျမှ တစ်အိမ်လုံးကို ရေတွေနဲ့ ဆေးကြောပွတ်တိုက် ဖတ်ဖတ်ကိုမောရော။

ပြီးတော့ ချောင်းဘေး တာရိုးပေါက်တဲ့ပြဿနာက ရေတွေကြီးတဲ့အချိန် သတိကြီးကြီးထားရ။ကိုယ်တွေနေတဲ့ လမ်းဘက်ခြမ်းမှာ တာပေါက်တာမျိုးမရှိခဲ့ပေမယ့် ကိုယ်တွေလမ်းနဲ့ ၃ လမ်းမြောက်မှာ တာပေါက်တာမျိုးဖြစ်လေ့ရှိတာမို့ ဖြစ်ပြီဆို အသည်းအသန်၊ ဝိုင်းကြဝန်းကြ။ညဘက် ရေကင်းစောင့်သူ စောင့်ကြ။

အဲဒီလိုတောင်ဥက္ကလာကို တောကနေ ကျနော်ရောက်စက ဘယ်ပျော်ပါ့မလဲ။မွေးကတည်းက နေလာတဲ့ တောမှာ အိမ်ကျယ်ကျယ် ခြံဝန်းကျယ်ကျယ်။ခြံစည်းရိုးမရှိ၊ အိမ်တံခါးဖွင့်အိပ်လည်း သူခိုးဆိုတာမျိုး မရှိ။

ရန်ကုန်ကိုရောက်တော့ ကလေးတွေ သတိထား တို့ဆေးနဲ့မိသွားမယ်ဆိုတော့ ကြောက်ရ။သူစိမ်းခေါ်ရင် မလိုက်နဲ့ ရောင်းစားခံရမယ်ဆိုတော့ ခြေဖျားလက်ဖျားအေးရ။နေ့ခင်းဘက်တောင် လူကြီးတွေမရှိရင် ခြံတံခါးသော့ခတ်ထားရ။ကိုယ်မသိတဲ့လူ ခြံတံခါးဖွင့်ခိုင်းရင် မဖွင့်နဲ့ဆိုတော့ မျက်နှာငယ်လေးနဲ့ ဟုတ်ကဲ့ရ။

ကျနော့်အတွက် စိန်ခေါ်မှုအကြီးဆုံးကတော့ အိမ်ကျဉ်းကျဉ်း အိမ်သာနီးနီးနဲ့ နေထိုင်ရခြင်းပါပဲ။ကျနော်တို့ အိမ်တွေက ၂ ခန်းတွဲ တိုက်ခန်းပုလေးတွေ ပုံစံတူ။ကိုယ်စီ သိပ်မကျယ်တဲ့ ခြံဝန်းတွေရှိကြတာမို့ ခြံမရှိတဲ့ ဒုံးတိ တိုက်ခန်းတွေလိုမျိုး အသက်ရှူမကျပ်ပေမယ့် အိမ်ကတော့ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုခန်းသေးသေးရှေ့ အိမ်သာကျဉ်းကျဉ်း။ထမင်းစားနေတဲ့အချိန် အိမ်သာမတက်နဲ့။အိမ်သာတက်ရင် အသံတွေမထွက်အောင် အောင့်အီးတက်။

ဘာပဲဖြစ်ဖြစ် မြို့ထဲနဲ့ ရန်ကင်းတိုက်ခန်းတွေထက် ခြံနဲ့ဝန်းနဲ့ အဆင်ပြေတာမို့ ရွာကိုလွမ်းတာကလွဲ နည်းနည်းကြာလာတော့ ကျနော်ပျော်သွားတယ်။နွေညတွေမှာ လေတဝှီးဝှီးနဲ့မို့ ယပ်တောင်မလို စိတ်ချမ်းသာရ။ကိုယ့်လမ်းဘေးမှာတင် မိုးရာသီ စပါးစိုက်။စပါးရိတ်ပြီးရင် ကျနော်တို့ ကစားကွင်း ကျယ်ကျယ်ဝန်းဝန်းမို့ ပျော်ခဲ့ရ။

တောင်ဥက္ကလာဆိုတာ လေကောင်းလေသန့်၊ လယ်ကွင်းတွေနဲ့ အိမ်ခြေမကျပ် ကျယ်ကျယ်ဝန်းဝန်းမို့ တောသားလေး ကျနော် အကြိုက်။

ပြီးတော့ တောင်ဥက္ကလာမှာ ဘော်ဒါတွေလည်း သိပ်များသမို့ လောကဓံတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဘယ်သူဆိုဆို ကျနော်သိပ်ပျော်ခဲ့ရ။

တောင်ဥက္ကလာဆိုတာ ကျနော့်အတွက် မေ့မရနိုင်တဲ့ အပျော်တွေ သိပ်များလွန်းလှ။

ငြိမ်းဆက်