【 ဆောင်းပါး 】 စာပေပြတင်းပေါက်က လှစ်ဟပြတဲ့ အိမ်နီးချင်းတို့ဘဝ

【 ဆောင်းပါး 】 စာပေပြတင်းပေါက်က လှစ်ဟပြတဲ့ အိမ်နီးချင်းတို့ဘဝ

ထိုင်းဝတ္ထုတိုများကို အင်္ဂလိပ်ဘာသာပြန်ထားသည့် ဝတ္ထုများမှတစ်ဆင့် လူထုဒေါ်အမာက မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။

ဘာသာပြန်ရာတွင် သုတစာပေကို ဘာသာပြန်ခြင်းနှင့် ရသစာပေကို ဘာသာပြန်ခြင်းဟူ၍ နှစ်မျိုးရှိပါသည်။သုတစာပေများကို ဘာသာစကားတစ်မျိုးမှ တခြားတစ်မျိုးသို့ ပြန်ဆိုရာ၌ မူလစာ၏ ရေးသီဟန် လက်ရာပြောင်မြောက်မှုနှင့် စိတ်ခံစားမှုကိုဖြစ်စေသည့် စာ၏ ရသမပျက်စေရန် စသည့် အချက်များကို အလေးမူရန်မလိုပေ။သိစေလိုသော အကြောင်းအရာ (သို့မဟုတ်) ပညာရပ်ကို ပြန်လည်လက်ဆင့်ကမ်းရခြင်းဖြစ်သည်။ရသစာပေကား မူလစာ၏အလှ တစ်နည်းအားဖြင့် မူရင်းစာရေးဆရာ၏ အဖွဲ့အနွဲ့နှင့် စိတ်ခံစားချက်များ၊ ပြောလိုသည့် အာဘော်များ၊ မပျက်မယွင်းစေရန် ဘာသာပြန်သူ၏ တာဝန်ဖြစ်လာသည်။

စာရေးဆရာတစ်ယောက် ရေးဖွဲ့ထားသော စာ၏ မူရင်းရသ၊ ရေးဖွဲ့ဟန်ပြောင်မြောက်မှုနှင့် အာဘော်သည် ဘာသာစကားတစ်မျိုးမှ တခြားဘာသာစကားတစ်မျိုးသို့ ဘာသာပြန်ဆိုတိုင်း အနှစ်သာရတချို့ ဆုံးရှုံးစမြဲဖြစ်ပါသည်။ယခု ထိုင်းဘာသာပြန်ဝတ္ထုများသည် အင်္ဂလိပ်ဘာသာမှတစ်ဆင့် မြန်မာဘာသာသို့ ပြန်ဆိုထားစေကာမူ မူရင်းစာရေးဆရာ၏ စာပေအနှစ်သာရနှင့် အာဘော်များ မပျောက်ပျက်ရုံသာမက ရသပိုင်းတွင်လည်း လျော့ပါးသွားမှမရှိပေ။

လူထုဒေါ်အမာ ဘာသာပြန်သော ထိုင်းဝတ္တု (၂၂) ပုဒ်ကို ထိုင်းစာရေးဆရာ (၁၆) ယောက်က ရေးသားထားပါသည်။ပင်သရိကျန်သီရိရေးသော ဝတ္တု (၃) ပုဒ်၊ ခမ်ဆင်စရီနော့ရေးသော ဝတ္တု (၃) ပုဒ်ပါဝင်ပြီး ကျန်စာရေးဆရာ (၁၆) ယောက်ရေးသည့် ဝတ္တုတစ်ပုဒ်စီ ပါဝင်ပါသည်။ “ဒီမြေဒီရေ” ဝတ္တုရေးသူ အမည်ကို ဖော်ပြမထားပေ။

ခြွင်းချက်အားဖြင့် ထိုင်းဝတ္ထု (၂၂) ပုဒ်အနက် (၁) ပုဒ်သာ စာရေးဆရာကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခြင်း ပါဝင်သည်။ ထိုဝတ္ထုမှာ “အဖေမပေါ်တဲ့ ကလေး” ဖြစ်ပြီး ထိုင်းစာရေးဆရာမ ဂျနီဖါ ဒရပ်စ်ကောက ရေးသားခဲ့သည်။ဂျနီဖာသည် ဘန်ကောက်ပို့စ်၏ အမျိုးသမီးကဏ္ဍ အယ်ဒီတာဖြစ်ပြီး ထိုင်းနာမည်ကြီး သတင်းစာဆရာမလည်းဖြစ်သည်။ထို့ပြင် ထိုင်းဘုရင့်သားတော်၊ သမီးတော်များကို အင်္ဂလိပ်စာ သင်ကြားပေးရသူလည်းဖြစ်ပါသည်။

ဝတ္ထု (၂၂) ပုဒ်ကို အုပ်စုဖွဲ့ကြည့်လိုက်လျှင် မေတ္တာတရားနှင့် လူ့သဘာဝသရုပ်ဖော်၊ ထိုင်း တောနေလူတန်းစားများ၏ ဘဝသရုပ်ဖော်၊ ထိုင်း မြို့နေလူတန်းစား လက်လုပ်လက်စားများ၏ဘဝ၊ ထိုင်းတို့၏ စီးပွားရေးကို တရုတ်တို့ ချုပ်ကိုင်ထားပုံကို သရုပ်ဖော်သောဝတ္ထု၊ ထိုင်းတို့၏ အယူသီးမှုကို လှောင်ပြောင်သရော်သော ဝတ္ထုနဲ့ အမေရိကန်ဆန့်ကျင်ရေးဝတ္ထုများ ဖြစ်ကြပါသည်။ထိုအထဲတွင် ရှားရှားပါးပါးအဖြစ် ထိုင်းတော်ဝင်တွေ၏ ဘဝကို ဖော်ပြသော ဝတ္ထုတစ်ပုဒ်ပါဝင်ပြီး ရေးသားသူကိုယ်တိုင်က တော်ဝင်မိသားစုထဲကဖြစ်ပါသည်။

ထို့အပြင် လူတို့၏ ကုသိုက်ကံ၊ အကျင့်ပျက်ခြစားမှုနှင့် လူမှုရေးသရုပ်ဖော်ဝတ္ထုလေးများလည်း တစ်ပုဒ်စီ ပါဝင်ပါသည်။လူထုဒေါ်အမာက အမှာစာတွင် စာပေမှတစ်ဆင့် နိုင်ငံအချင်းချင်း ချစ်ကြည်နားလည်မှုကိုရစေကြောင်း ရေးသားဖော်ပြထားပါသည်။မြန်မာနိုင်ငံကို အလည်လာကြသော ထိုင်းစာရေးဆရာများက ထိုင်း-မြန်မာ ချစ်ကြည်နားလည်ရေးအတွက် ထိုင်းဝတ္ထုများကို ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ကြောင်း ခွင့်ပြုသဖြင့် မြန်မာဘာသာသို့ ပြန်ဆိုသည်ဟု ရေးသားထားပါသည်။သို့သော် မည်သည့်စာအုပ်များမှ ဘာသာပြန်ဆိုကြောင်း၊ ဝတ္ထုအားလုံးအတွက် ဖော်ပြမထားပါ။တချို့ ဝတ္ထုများကိုသာ မူရင်း မည်သည့်စာအုပ်မှရကြောင်း ဖော်ပြထားပါသည်။ဝတ္ထုတစ်ပုဒ်ဆုံးတိုင်း မူရင်းစာရေးဆရာအကြောင်း အကျဉ်းချုပ်၊ ဘာသာပြန်သူ အမည်၊ မူရင်းစာအုပ်တို့ကို တချို့ဝတ္ထုအတွက် ပြည့်စုံစွာ ဖော်ပြပေးသော်လည်း တချို့ဝတ္ထုများအဆုံးတွင် ရေးသားသူအမည်မျှသာ ဖော်ပြခြင်းလည်း ရှိပါသည်။ထို့ပြင် ယင်းဝတ္ထုများကို ဖော်ပြခဲ့သည့် မဂ္ဂဇင်း ဂျာနယ် စသော အထောက်အထားများကို ပြည့်ပြည့်စုံစုံ ဖော်ပြမထားသောကြောင့် အချို့ဝတ္ထုများကို ရေးသားသည့် ခုနှစ်၊ စာရေးဆရာ၏ မွေးသက္ကရာဇ်၊ ရေးဖွဲ့ထားသည့် နောက်ခံအခင်းအကျင်းများကို ထောက်ရှု၍ ၁၉၅ဝ ပြည့်နှစ်ဝန်းကျင်မှ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်အတွင်း ရေးသားခဲ့သော စာများဟု မှတ်ယူရပါသည်။

မြန်မာဘာသာပြန် ထိုင်းဝတ္ထုများကို စံပယ်ဖြူ၊ ရင်ခုန်ပွင့်၊ လုံမလေး၊ သာရ စသော မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သည်ဟု ဆိုသော်လည်း မည်သည့်မဂ္ဂဇင်းတွင် မည်သည့်ဝတ္ထုပါဝင်ခဲ့ကြောင်း မဖော်ပြသည့်အပြင် ခုနှစ်၊ လတို့ကိုလည်း ဖော်ပြမထားပါ။

တိုင်းဝတ္ထုများသည် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူများ၏ ဘာသာကား ကျွမ်းကျင်နိုင်နင်းမှုကြောင့် မူရင်းရသ မပျောက်ပျက်သွားဘဲ ဖတ်ရှုသူ၏စိတ်ကို ကောင်းစွာသိမ်းပိုက်နိုင်သည့် ဝတ္ထုများဖြစ်ကြပါသည်။ထို့ပြင် လူထုဒေါ်အမာ၏ မြန်မာဘာသာစကား ရွေးချယ်သုံးနှုန်းမှ မှန်ကန်ခြင်း ရေးဖွဲ့ပုံ ပြေပြစ်ထိမိခြင်းတို့ကြောင့် ဖတ်ရသော ဝတ္ထုအားလုံး လက်ရာမြောက်လှပါသည်။ထူးခြားချက်ကား လူထုဒေါ်အမာ ရွေးချယ်ဘာသာပြန်သော ထိုင်းဝတ္ထု (၂၂) ပုဒ်ထဲတွင် အချစ်၀တ္တုတစ်ပုဒ်မျှ မပါဝင်ဘဲ အများစုက အခြေခံလူတန်းစားတို့၏ ဘဝသရုပ်ဖော်များ ဖြစ်ကြပါသည်။

ထိုင်းနှင့် မြန်မာတို့ ရေမြေထိစပ်နေသော အိမ်နီးနားချင်းဖြစ်သည့်အားလျော်စွာ နီးစပ်ဆင်တူသော ဘ၀များ၊အဖြစ်များကို တွေ့မြင်နိုင်ပါသည်။

“ဒီမြေဒီရေ” ဝတ္ထုထဲမှ ချော်လေးလူမျိုးတို့သည် မြန်မာ တနင်္သာရီကျွန်းစုများရှိ ဆလုံလူမျိုးများနှင့် ဆင်တူသည်ဟု ဘာသာပြန်ဆိုသူက မှတ်ချက်ချထားပါသည်။အမှန်တကယ်ပင် ဝတ္ထုထဲတွင် သရုပ်ဖော်ရေးသားထားမှုများက မြန်မာနိုင်ငံသို့ရောက်ရှိ အခြေချနေထိုင်သည့် ဆလုံလူမျိုးတို့နှင့် မျိုးနွယ်စုအတူတူဖြစ်နိုင်သည့် အချက်အလက်များစွာကို တွေ့ရှိရပါသည်။

ထိုင်းသည် မြန်မာကဲ့သို့ ကိုလိုနီလက်အောက်ခံ နိုင်ငံတစ်နိုင်ငံ မဖြစ်ခဲ့စေကာမူ တိုင်းပြည်စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးတို့တွင် အမေရိကန်ကို မှီခိုအားထားခဲ့ပါသည်။သို့ဖြင့် အမေရိကန်ကို အတုယူအားကျ အထင်ကြီးခြင်း၊ အမေရိကန်ကို မှီခိုအားထားခြင်းတို့အပေါ် မကြိုက်သော ထိုင်းများ၊ ဆန့်ကျင်သော ထိုင်းများရှိကြောင်း ဖော်ပြသည့် စာများကို ဤဘာသာပြန်ဝတ္ထုများထဲ၌ တွေ့ရှိရပါသည်။

အမေရိကန်ဆန့်ကျင်ရေး ဦးတည်ချက်ဖြင့် ရေးသားထားသည့် ဝတ္ထုတို (၃) ပုဒ်အနက် “အဖေမပေါ်သော ကလေး” သည် ထိုင်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းများရှိခြင်းကို အထိရောက်ဆုံး သရော်ထားသည့် ဝတ္ထုဖြစ်ပါသည်။

“မျိုး” ဝတ္ထုတိုလေးကလည်း ထိုင်းတို့၏ သမားရိုးကျစိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးသို့ ပြောင်းလဲခြင်းအား မလိုလားကြောင်း၊ အကောင်းမမြင်ကြောင်းနှင့် မြို့ပြအရာရှိများက တောသူတောင်သားများအပေါ် ပါးပါးလှီးကြပုံကို သရော်ထားသည့် ဝတ္ထုဖြစ်ပါသည်။

“မီချီဂန်စာမေးပွဲတဲ့ဗျား” ကမူ ထိုင်းနိုင်ငံပေါက် တရုတ်များအနက် ထိုင်းနိုင်ငံရေး စီးပွားရေး မတည်မငြိမ်ဖြစ်ချိန်တွင် လွယ်လင့်တကူ ထိုင်းကို စွန့်ခွာသွားသည့် တရုတ်များရှိသည့်နည်းတူ တရုတ်လူမျိုးဖြစ်စေကာမူ ထိုင်းနိုင်ငံသားစိတ်ဓာတ်ရှိသူလည်းရှိကြောင်း ပြသထားပါသည်။ထို့ပြင် ယင်းကာလက အမေရိကန်ဗီဇာ ရရှိရေးသည် ယနေ့မြန်မာနိုင်ငံတွင် လုပ်ကိုင်ရသကဲ့သို့ အဆင့်များပြီး ခက်ခဲပုံခြင်းက တူညီနေပါသည်။

မြန်မာတို့ထက် ထိုင်းတို့က နတ်နှင့်ပတ်သက်သည့် အယူအစွဲပိုများကြောင်းကို “ရေနတ်သမီးပွဲ၊ ထောင်ကဲကြီးနှင့် ခွေးတစ်ကောင်” ဝတ္ထုတွင် မြင်တွေ့နိုင်ပါသည်။သီတင်းကျွတ်ကာလ မြန်မာတို့၏ ဆီမီးပူဇော်ပွဲသည် တာဝတိံသာမှ လူ့ပြည်သို့ ပြန်ကြွလာသော  ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်ခြင်းဖြစ်သော်လည်း ထိုင်းတို့ကမူ ဘုရားမီးပူဇော်ပွဲအပြင် မီးဖောင်မျှောပွဲကိုပါ ကျင်းပကြ၏။မီးဖောင်မျှောပွဲသည် ရေနတ်သမီးကို ပူဇော်တောင်းပန် ကန်တော့ခြင်းဖြစ်သည်။

“ဒီမြေဒီရေ” တွင်လည်း ချော်လေးတို့သည် ပင်လယ်နတ်ကို အထူးယုံကြည်ကြောင်း တွေ့ မြင်နိုင်ပါသည်။

မိန်းမများ မျက်နှာမြင်ရာတွင် တောရောမြို့ပါ အယူသီးမှုပြင်းထန်ကြောင်း “ပဉ္စင်းလောင်းလက်ထဲက ကြာပန်း” နှင့် “ရွာတော်ရှင်” ဝတ္ထုနှစ်ပုဒ်တွင် တွေ့နိုင်ပါသည်။ဤသို့ အယူသီးမှုမျိုး မြန်မာတွင်လည်းရှိစေကာမူ၊ မြန်မာမြို့နေလူတန်းစားတို့က ထိုင်းမြို့နေလူတန်းစားများလောက် အယူသီးမှုမရှိကြောင်း တွေ့နိုင်ပါသည်။ကျေးလက်တောရွာများတွင်မူ ထိုင်းတို့နည်းတူ နတ်ကိုင်သည်ဟု အယူသီးသော ဒေသတချို့ရှိကြပါသည်။

မြန်မာတွင်လည်း မြစ်ဝကျွန်းပေါ်ဒေသ၊ ပင်လယ်ကမ်းခြေနှင့် နီးသောရွာများတွင် ပင်လယ်နတ်အစား ရေငံပိုင်ဦးရှင်ကြီးကို ယုံကြည်ကိုးကွယ်ကြပါသည်။တချို့ရွာများတွင် ရွာအဝင် ရွာဦးထိပ်၌ ရွာတော်ရှင် နတ်နန်းများရှိကြောင်း ဒလ-ကွမ်းခြံကုန်းတစ်လျှောက်ရှိ ရွာများတွင်လည်းကောင်း၊ တချို့အညာဒေသများတွင်လည်းကောင်း တွေ့မြင်နိုင်ပါသည်။သို့သော် ထိုင်းတွင်မူ တောရောမြို့ပါ နတ်ကွန်းများရှိသဖြင့် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်ခြင်း တူစေကာမူ နတ်ကိုးကွယ်မှု ရောထွေးနေခြင်းတွင် ထိုင်းက ပိုမိုပြင်းထန်ကြောင်း တွေ့ရှိနိုင်ပါသည်။

ထိုင်းတို့သည် ဂီတ အက အသောက်အစားတို့တွင် မွေ့လျော်ကြသည်၊ ပျော်ပျော်နေတတ်ကြသည်ဟု ပြောစမှတ်တွင်သည့် လူမျိုးဖြစ်ပါသည်။ထိုဓလေ့စရိုက် ကို “တောကျောင်းဆရာရဲ့ သုခ” ဝတ္ထုတွင် တွေ့နိုင်ပါသည်။

စာမေးပွဲတွင် အမှတ်အများဆုံးရသော်လည်း အမည်လှသည့်ရွာကို စိတ်ကူးယဉ်ရွေးမိသဖြင့် ဘန်ကောက်နှင့် ဝေးကွာလှသော အိမ်ခြေ (၆၅) လုံးသာရှိသည့် ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသော ရွာသို့ တာဝန်ကျလာသည့် ကျောင်းဆရာသည် ရွာတွင် အနေကြာလာသည်နှင့်အမျှ သောက်ဟယ်စားဟယ် ပျော်ပျော်နေကြသည့် ရွာသားများနှင့် တစ်သားတည်းဖြစ်သွားပုံကို ခပ်ရွှင်ရွှင် သရုပ်ဖော်ထားပါသည်။

ထိုင်းတို့၏ စီးပွားရေးလောက၌ တောရောမြို့ပါ တရုတ်တို့ တွင်ကျယ်ချုပ်ကိုင် လွှမ်းမိုးပုံက မြန်မာနှင့် အလွန်ဆင်တူပါသည်။သို့သော် ထိုင်းစီးပွားရေးထဲ တရုတ်လွှမ်းမိုးနေခြင်းက မြန်မာတို့စီးပွားရေးကို တရုတ်လွှမ်းမိုးချိန်ထက် စောကြောင်း တွေ့ရှိရပေသည်။ ၁၉၅ဝ ဝန်းကျင်၌ပင် ဆလုံဒေသနှင့် အလားတူသော ကျွန်းဒေသများတွင် တစ်ရွာလုံး၏ မြေနှင့်တကွ စီးပွားရေးက တရုတ်လက်ထဲရောက်နေကြောင်း တွေ့ရှိနိုင်သည်။သို့သော် ထိုဝတ္ထုများသည် ၁၉၅ဝ ဝန်းကျင် ထိုင်းတို့၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပုံရိပ်များဖြစ်ရာ လက်ရှိမြန်မာတို့၏ တောတောင်ရေမြေနှင့် သယံဇာတအများစုကို တရုတ်လက်ဝါးကြီးအုပ်ထားပုံက ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ပုံထက် ပိုသာလွန်ကောင်း သာလွန်နေမည်ဖြစ်ပါသည်။

ဤဘာသာပြန်ဝတ္ထုများမှတစ်ဆင့် ၁၉၅၀-၁၉၈၀ ဝန်းကျင်တွင် တွေ့ရသော ထိုင်းတို့၏ လူနေမှုအဆင့်အတန်းသည် ယနေ့လက်ရှိ မြန်မာတို့၏ လူနေမှုအဆင့်အတန်းနှင့် တူညီမှုများစွာရှိကြောင်း တွေ့နိုင်ပါသည်။

ယနေ့ထိုင်းသည် အာရှကျားတစ်ကောင်ဖြစ်နေပေပြီ။လွန်ခဲ့သော (၃၅) နှစ်က ထိုင်းတို့၏ လူနေမှုအဆင့်သည် ယနေ့မြန်မာတို့၏ လူနေမှုအဆင့်နှင့် မရိုးရင်းစွဲဖြစ်နေခြင်းကြောင့် ထိုင်းဘာသာပြန်ဝတ္တုများ ဖတ်ရသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု နှေးကွေးလှသည့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို သတိထားမိစေမည်ဖြစ်ပါသည်။

“ခွဲစိတ်ကုသမှု” ဝတ္ထုတွင် တွေ့ရသည့် လမ်ပန် (ထိုင်းမြောက်ပိုင်း) မှ ဘန်ကောက်သို့ ပြေးဆွဲသော မီးရထားခရီးသည် တစ်ရက်ခွဲအချိန်ယူသည့် ခရီးဖြစ်သည်။ ယခု ကျည်ဆန်ရထားများ အစားထိုးပြေးဆွဲနေပြီဖြစ်၍ ၈ နာရီခန့်သာ အချိန်ပေးရသည့် ခရီးဖြစ်နေလေပြီ။မြန်မာတွင် မြစ်ကြီးနားမှ ရန်ကုန်သို့လာမည်ဆိုပါက လွန်ခဲ့သော နှစ် (၃၀) ကအတိုင်းပင် တစ်ရက်ခွဲကျော် အချိန်ပေးရဆဲဖြစ်ပြီး အခန့်မသင့်ပါက ရထားက လမ်းတွင် ညအိပ်ရခြင်းနှင့်ယှဉ်ပါက အဆိုပါ ထိုင်းဝတ္ထုများသည် လက်ရှိမြန်မာတို့ခရီးစဉ်များအတွက် အချိန်ကုန်ရခြင်းနှင့် ကိုက်ညီနေသေးသည့် ဝတ္ထုဖြစ်ပါသည်။

ထိုင်းစာရေးဆရာများသည် စာပေရေးသားမှု အတတ်ပညာ ကျွမ်းကျင်မြင့်မားကြကြောင်း သူတို့ရေးသားသည့် စာပေလက်ရာများမှတစ်ဆင့် သိရှိခံစားနိုင်ကြပါသည်။မည်သည့်အကြောင်းအရာဖြစ်စေ ရသမြောက်အောင် ရေးဖွဲ့နိုင်ကြပါသည်။အချစ်အကြောင်းမပါဘဲ နေ့စဉ် လူအများကြားတွင် တွေ့ရသည့် လူသာမန်များ၊ လက်လုပ်လက်စားများ၏ဘဝကို မြင်တတ်၊ ခံစားနားလည်နိုင်ကြပြီး စာရေးဖွဲ့နိုင်စွမ်းရှိကြပါသည်။ထိုနည်းတူ လူလတ်တန်းစားတို့၏ ရုပ်ပုံကိုလည်း ခြယ်မှုန်းနိုင်ကြပါသည်။

“စာချုပ်” ဝတ္ထုမှ ဇာတ်ဆောင်သည် ရိုးသားသည့် အရာရှိတစ်ဦးဖြစ်သည်။သူက အိန္ဒိယတွင် အငှားမယားစနစ်ရှိကြောင်း သိသော်လည်း မိမိနိုင်ငံတွင်လည်း ထိုစနစ်ရှိသည်ကိုမသိဘဲ အငှားမယားပွဲစားကိုပင် ထိုင်းလူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ပါဝင်လုပ်ဆောင်ပေးသူဟု ယူဆနေသူဖြစ်သည်။နောက်ဆုံး သူငှားထားသည့် အိမ်ဖော်က အငှားမယားအလုပ်ဖြင့် ငွေရှာသူဖြစ်နေသည်။ပညာတတ်အရာရှိများ သူတစ်ပါးတိုင်းပြည်အကြောင်း သိစေကာမူ မိမိနိုင်ငံ မိမိလူမျိုးအကြောင်း အပေါ်ယံသိသိကြပုံကို သရော်ထားခြင်းဖြစ်သည်။

ထိုင်းစာရေးဆရာများ၏ စာပေလက်ရာများ ပြောင်မြောက်ခြင်းသည် စာပေလွတ်လပ်ခွင့်ရှိခြင်းက အကြောင်းတစ်ကြောင်းဖြစ်ပေမည်။မြန်မာစာပေလောကတွင် စာပေစိစစ်ရေးရှိစဉ်ကာလက “ကားတိုက်မှု” ၊ “အဖေမပေါ်တဲ့ ကလေး” ၊ “တောကျောင်းဆရာရဲ့ သုခ” စသော ဝတ္တုများကဲ့သို့ ဖြစ်ရပ်များ၊ မြန်မာတွင်လည်း ရှိစေငြား၊ မြန်မာစာရေးဆရာများ ရေးသားခွင့်မရှိပေ။

ထို့ပြင် ထိုင်းဝတ္ထုများသည် စောစီးစွာကပင် နိုင်ငံတကာစာပေနယ်ပယ်ထဲ တိုးဝင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ သည် ဘာသာပြန် ထိုင်းဝတ္ထုများမှတစ်ဆင့် သိနိုင်ပါသည်။အလွှာအသီးသီးမှ ထိုင်းတို့၏ဘဝ၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ၊ လူ့သဘော လူ့သဘာဝနှင့် ၁၉၅၀-၁၉၈၀ ဝန်းကျင်ရှိ ထိုင်းလူမျိုးများ ဖြတ်သန်းရသော ခေတ်စနစ်၏ ပုံရိပ်များကို ဤထိုင်းဝတ္ထုတိုလေးများက ပြသနေကြပါသည်။

ခင်နှင်းဦး