【 ဆောင်းပါး 】 စိတ်ကူးထဲက အမေ့ ‘အိမ်’

【 ဆောင်းပါး 】 စိတ်ကူးထဲက အမေ့ ‘အိမ်’

ဧကရာဇ်ဘုရင်ကြီးပဲဖြစ်စေ၊ သူဖုန်းစားပဲဖြစ်စေ၊ လမ်းဘေးက အခြေအနေမဲ့ပဲဖြစ်စေ၊ ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်ကြီးပဲဖြစ်စေ ငယ်စဉ်က အမေ့အိမ်မှာနေခဲ့ရသည်ချည်းပဲဖြစ်သည်။အိမ်ဆိုသည်နှင့် အားလုံးတွေးမိ စဉ်းစားမိသည်က ငယ်စဉ်ဘဝကနေခဲ့ရသည့် အမေ့အိမ်လေးကိုသာ အရင်ဆုံးတွေးမိကြသည်။နောက်တော့မှသာ ကိုယ်ကိုယ်တိုင်ကြိုးစားတည်ဆောက်ခဲ့သည့် ကိုယ်ပိုင်အိမ်ကို သတိရကြသည်။

အိမ်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။ပညာရေးဝန်ကြီးဌာန မြန်မာစာဦးစီးဌာနက ၁၉၉၉ ခုနှစ်တွင် ထုတ်ဝေသည့် ခရီးဆောင်မြန်မာစာအဘိဓာန်တွင် အိမ်ဆိုသည့်အဓိပ္ပါယ်ကိုဖွင့်ဆိုရာ၌

“၁။ နေရန်ဆောက်လုပ်ထားသော အဆောက်အအုံ။
၂။တစ်စုံတစ်ခု တည်နေစရာ” ဟူ၍ ရှင်းလင်းထားသည်။

သို့သော် ကျွန်တော်တို့အားလုံး တညီတညွတ်တည်းလက်ခံထားသော အိမ်၏အဓိပ္ပါယ်က “မိသားစုအသိုက်အမြုံ” ဆိုသော ဖွင့်ဆိုချက်ပင်။

ငယ်စဉ်က ဘယ်ကိုပဲ ညအိပ်ညနေခရီးသွားသွား  ညဘက်ရောက်လျှင် မိဘအိမ်က ကျွန်တော်အိပ်သည့်နေရာလေးကိုပဲ စိတ်ထဲကတောင့်တမိသည်။အမှန်တကယ်ပြောကြကြေးဆိုလျှင် ကျွန်တော်ခရီးသွားရသည့်နေရာတွေမှာ ညအိပ်ရသည့်နေရာတွေက ကျွန်တော့်မိဘအိမ်မှာ အိပ်ရသောနေရာတွေထက် အများကြီးသာသည်။သို့သော် ကျွန်တော့်စိတ်ထဲမှာက ကိုယ့်အိမ်ကအိပ်ယာလောက် စိတ်ထဲမှာစွဲညှိမှုမရှိ။ပြီးတော့ ကိုယ်တည်းနေသည့်နေရာမှ အိပ်ယာက ဘယ်လောက်ပဲကောင်းကောင်း စိတ်ထဲသက်သောင့်သက်သာရှိသည်ဟုလည်း မခံစားရ။ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် ကိစ္စတစ်ခုနှင့် အဖေနှင့်စကားများကာ ကြီးတော်အိမ်သို့ ဆင်းခဲ့ဖူးသည်။ကြီးတော်အိမ်မှာ တစ်နေ့လုံးနေရတာ နေ့ဘက်တွင် ပြဿနာမရှိသော်လည်း ညဘက်ရောက်တော့ မိဘအိမ်ကို ပြန်သတိရသည်။ဒါတောင် ကျွန်တော့်အရွယ်က ၁၆-၁၇၊ ကြီးတော်အိမ်ဆိုတာက မိဘအိမ်နှင့် တစ်မြို့တည်း၊ မြို့နယ်လေးသာခြားတာ။

ဘယ်သူမဆို မိဘရင်ခွင်မှာ အပူအပင်ကင်းကင်းနေခဲ့ရသော ကလေးဘဝကို တမ်းတမ်းတတရှိတတ်ကြသည်။ဒီတမ်းတခြင်းက သမ္မတဆီမှာလည်းရှိသည်။အရိယာမဖြစ်သေးသည့် ရဟန်းသံယာတွေဆီမှာလည်းရှိသည်။ကလေးငယ်တွေဆီမှာလည်းရှိသည်။လူသတ်ရမ်းကား ခိုးဆိုးမိုက်မဲနေသည့် လူဆိုးသူခိုးတွေဆီမှာလည်း ဒီခံစားချက်တွေရှိသည်။
ဒါကြောင့်လည်း အားလုံးက ငယ်စဉ်ကလေးဘဝကို ပြန်သာရမည်ဆိုလျှင် လက်ရှိပိုင်ဆိုင်ထားသမျှကိုစွန့်လွှတ်ရန် ဝန်မလေးကြခြင်းဖြစ်သည်။ကလေးဘဝကို ဘာကြောင့်လိုချင်နေကြသနည်း။ငယ်ရွယ်နုပျိုမှုတစ်ခုတည်းလား။မဟုတ်ပါ။တခြားသော လူမှုရေးရာ မျှော်လင့်ချက်များစွာလည်းရှိပါသည်။

အမေ့အိမ်က ကျွန်တော်ထွက်ခွာလာတော့ ကျွန်တော့်မှာ မျှော်လင့်ချက်များစွာရှိသည်။ဒီမျှော်လင့်ချက်တွေနှင့် အမေ့အိမ်ကို ကျောခိုင်းလာခဲ့ခြင်းဖြစ်သည်။ရန်ကုန်မှာ ကျွန်တော်အခြေချနေတာ နှစ်နှစ်ဆယ်ရှိပြီ။သို့သော် အခုထိ အမေ့အိမ်ကို တစ်ရက်မှ ကျွန်တော်မေ့လို့မရသေး။ကျွန်တော်မျှော်လင့်ချက်တွေလည်း အခုထိတစ်ခုမှမပြည့်သေး။            

ရန်ကုန်ကိုလာ၍ ဘဝတိုးတက်လမ်းကို ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ရှာချင်ကြသူများအတွက်တော့ ရန်ကုန်သည် စိတ်ကူးထဲက နိဗ္ဗာန်ဘုံဖြစ်နေပေလိမ့်မည်။သို့သော် တစ်ကယ့်အဖြစ်ကမူ ရန်ကုန်သည် ဘဝတစ်ခုတွင်တွေ့ရနိုင်သည့် ရန်ဟူသမျှ အကုန်တွေ့နိုင်သည့် အရပ်ဖြစ်နေသည်။ဇာတ်လမ်းထဲကလို အောင်မြင်မည်ဆိုတာက မသေချာသော်လည်း သေချာသည်ကတော့ ထိုသူရှာသမျှအကုန်လုံးကို ခေါင်းစဉ်အမျိုးမျိုး စရိတ်အမျိုးမျိုးနှင့် စုပ်ယူဝါးမျိုရန်ကတော့ အသေအချာပင်။အန္တရာယ်တွေကလည်း  လက်တစ်ကမ်းမှာ။ရှာသမျှလည်း ဘယ်တော့မှမလောက်။ရန်ကုန်မှာရှိသော လူတွေမှန်သမျှ အာဏာပိုင်တွေ လုပ်ဆောင်ထားသည့် ရန်ကုန်၏ ဝန်၊ ထိုသူတွေ၏ သုံးဖြုန်းစရိတ်ကို သွယ်ဝိုက်ထမ်းဆောင်နေရသလို။ရန်ကုန်ကား သူ့ဆီလာသမျှကို တစ်ရပ်သားနှင့် ဇာတိသားတို့၏ ဘဝနှင့် နုပျိုမှုကို ကြိတ်ဝါးကာ နေရပ်သို့မပြန်နိုင်ရန် ဝဲလှည့်သလို လှည့်စားနေသော ဒေသဖြစ်လာလေပြီ။

လူတစ်ယောက်အဖို့ ရန်ကုန်မှာအခြေချနေထိုင်မည်ဆိုလျှင် ပထမဦးဆုံးတွေးထား စဉ်းစားထားရမည့်ကိစ္စ သည် နေထိုင်ရေးပင်ဖြစ်သည်။ပြီးမှ စားရေးပင်ဖြစ်သည်။ရန်ကုန်ရောက် ကျွန်တော်တို့အဖို့ လက်သုံးစကားတစ်ခွန်းရှိသည်။စားတာက ဖြစ်သလိုစားလို့ရသည်။နေတာက ဖြစ်သလိုနေလို့မရဘူးဆိုသော စကားပင်။ဒီလိုဆို ဘယ်လိုနေမလဲ။ရန်ကုန် ဒေါင်းတောင်းလို့ခေါ်သော မြို့တွင်းခြောက်မြို့နယ်မှာနေမလား။ဒါဆိုလျှင် တစ်ယောက်တည်းအိပ်ရုံသက်သက် တစ်လ လေးငါးသောင်းတော့ ပေးရမည်။လေးငါးသောင်းဆိုလို့ မဆိုးပါလားဟု မထင်သွားနှင့်။အိပ်ရသည့်ပုံက အလှူမှာ ဖျာတစ်ချပ်ခင်းပြီး အားလုံးစုအိပ်ရသလိုမျိုးနေရတာ အိပ်ရတာဖြစ်သည်။ဒီလိုမနေနိုင်လို့ မြို့သစ်တွေမှာနေမည်လား။မြို့ထဲရောက်ဖို့ မနက် ၄ နာရီလောက်ထ၊ ညဆိုလည်း ၈ နာရီ ၁၀ နာရီမှ အိမ်ပြန်ရောက်မည့်လမ်းပေါ်မှာပဲ အချိန်ကုန်နေရသည်နေရာမျိုးမှာတောင် သုံးလေးသောင်းတော့ပေးရမည်။မိသားစုနှင့်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ဝင်ငွေမရှိသောလတွေများဆိုလျှင် ဘတ်စ်ကားမှတ်တိုင်တွေ၊ မီးရထားဘူတာရုံတွေမှာသာ သွားအိပ်နိုင်ဖို့ စိတ်ကိုပြင်ဆင်ထားကြပေရော့။ဒီအခြေအနေမျိုးကြုံလာတိုင်း အမေ့အိမ်လေးကို  တောင့်တောင့်တတ တမ်းတမိတာ ကျွန်တော်တို့လွန်သည်မထင်။

ရန်ကုန်ကား တဖြေးဖြေးနေဖို့တောင်မလွယ်သော အရပ်ဖြစ်လာပြီ။ရန်ကုန်မြို့၏ မြေတစ်စတုရန်းပေဈေးက အမေရိကန်ပြည်ထောင်စု  နယူးယောက်မြို့ဈေးနီးပါးရှိလာချိန်မှာ ရန်ကုန်မြို့နေ လူတစ်ယောက်ဝင်ငွေက ကမ္ဘာ့အနည်းပါးဆုံးဝင်ငွေဆိုတော့  ကျွန်တော်တို့နေအိမ်အပိုင်မရှိတာ ရှက်ရမည့်အခြေအနေမရှိတော့။ကျွန်တော်တို့ ရိုးရိုးသားသား သမာအာဇီဝနှင့် ဘယ်လိုပဲခြိုးခြံချွေတာပြီးရှာရှာ ဒီတစ်သက် အိမ်ပိုင်နှင့်နေနိုင်ဖို့ဆိုတာ အိမ်မက်တစ်ခု စိတ်ကူးတစ်ခုထက်မပို။ဒီအခြေအနေက ပြည်သူ့အကျိုးစီးပွားကြည့်နေပါသည်ဟု အသံကောင်းတွင်တွင်ဟစ်နေသည့် အစိုးရအတွက် ရှက်တတ်မည်ဆိုလျှင် လဲသေလို့ရသော အကြောင်းခြင်းရာပင်။တစ်လ အိမ်ငှားခ တစ်သိန်းပြည့်အောင် ကုန်းရုန်းရှာနေရသော ကျွန်တော်တို့ ပြည်သူတွေအဖြစ်ကား ၁၈ ရာစုက အမေရိကတိုက်က ငွေဝယ်ကျွန်တွေနှင့် ဘာများကွာခြားပါလိမ့်မည်နည်း။    

၁၉၈၅ ခုနှစ်က ရန်ကုန်မှာ အိမ်တစ်လုံးလျှင် ငွေငါးထောင်ကျပ်လောက်နှင့် သွပ်မိုးပျည်ကာ သုံးပင်အိမ်ကောင်းကောင်းတစ်လုံး ဝယ်လို့ရသည်။ထိုအချိန်က ပညာတတ် လူငယ်လူရွယ်အတော်များများမှာ အစိုးရဝန်ထမ်းလုပ်ကြတာများသည်။ဆိုရှယ်လစ်ခေတ်လည်းဖြစ်သဖြင့် အစိုးရအလုပ်မှမလုပ်လျှင် ဘာမှလုပ်စရာမရှိ သောခေတ်ဖြစ်သည်။
စားရေးသောက်ရေးဆိုတာက အစိုးရကဖွင့်ထားသော သ/မဆိုင်တွေမှာ ကိုယ်တာစနစ်နှင့် ယနေ့ခေတ် တိရိစ္ဆာန်စာလို့ခေါ်လျှင်ရသော ဆန်အမျိုးစားများကို အားလုံးစားရသည်။နေရေးစားရေးက ခက်ခဲသော်လည်း သူ့ခေတ်သူ့အခါအရ နေလို့ရသေးသည်ဟု ဆိုနိုင်သေးသည်။အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်အလုပ်လုပ်လျှင် မိသားစုအားလုံးထိုင်စားနိုင်သောခေတ်မှာ ယနေ့မိသားစုများကို ဦးစီးဦးဆောင်ပြုနေသောသူတွေရဲ့ ငယ်ဘဝဖြစ်နေလေတော့ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝကို ပြန်တမ်းတကြတာ လွန်သည်ဟုတော့မဆိုသာ။

ကျွန်တော်တို့ ဒီဘက်ခေတ်မှာက အပူအပင်ကင်းသောနေ့ရက်ဆိုတာက တော်တော်ရှားသည်။နေ့ဆိုလည်း နေ့အလျှောက် ညဆိုလည်း ညအလျှောက် တွေးတောစရာတွေ ပူပန်စရာတွေက အားလုံးကိုယ်စီမှာ ဒုနဲ့ဒေး။ဒီအပူတွေကနေ ခေတ္တခဏထွက်ပြေးလွတ်မြောက်ရာနေရာသည် စိတ်ကူးထဲက အမေ့အိမ်ပင်ဖြစ်သည်။မိဘအိမ်ဆိုတာကလည်း ဒီဘက်ခေတ်မှာ မရှိတော့တာကများသည်။အများစုက ထုခွဲရောင်းချကာ သားသမီးတွေကို အမွေပေးကြတာနှင့်၊ တချို့ကြတော့လည်း မိဘကိုယ်တိုင် သားသမီးအိမ်မှာ ကပ်နေရတာတွေက ရှိနေလေတော့ ကိုယ်စိတ်လိုအပ်နေသော ငြိမ်းအေးမှုကိုပေးနိုင်သော မိဘအိမ်ဆိုတာက ကိုယ့်စိတ်ထဲမှာသာ ရှိနိုင်တော့သည်။ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်းမသိတော့ မိဘတွေခိုနားရာနေအိမ်တွေက အခုတော့ တခြားသောလူမျိုးခြားတွေစီ။

မိဘ၏အရိပ်အာဝါသမှာရှိတုန်းက မသိခဲ့သော အရိပ်၏တန်ဖိုးကို ဒီအချိန်မှာ အားလုံးသိနေရပြီဖြစ်သည်။အနည်းဆုံးမသိရင်တောင် နေစရာတန်ဖိုးကိုတော့ သိနေပြီ။ငွေရှင်ကြေးရှင် အာဏာရှင်တွေ၏ နည်းအမျိုးမျိုးဖြင့် သွယ်ဝိုက်ဂုပ်သွေးစုပ်ခံနေရသော ဒီလိုခေတ်မျိုးမှာနေနေရသော ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့တောင် လွတ်လပ်ရေးရပြီးပြီလား မရသေးဘူးလားဆိုတာ သိပ်ပြီးတော့မကွဲပြား။ဒီတော့ အားလုံးကနေလွတ်မြောက်သောနေရာသည် မိဘ၏အရိပ်ဆီသို့သာ။

ကျွန်တော်တို့ ဘာများတတ်နိုင်ပါသနည်း။နေစရာခက် စားစရာခက် သေရင်တောင်ခက်နေသည့် ခေတ်ကျပ်ကြီးထဲ စိတ်ကူးတောင်ခက်နေသည်ဆိုတာကတော့ တော်တော့်ကိုလွန်လှသည်။ခေတ်ကိုထုဆစ်ခဲ့သည့်သူတွေကိုပဲ ချီးမွမ်းရမည်လား။ကိုယ်ကိုယ်ကိုယ်ပဲ အသုံးမကျဘူးလားဟု အပြစ်တင်ရမည်လား။သေချာသည်ကတော့ သားသမီးတွေ၏ခိုနားရာ မိဘအိမ်ကတော့ သားသမီးတွေတာဝန်မကျေလျှင် ပျောက်ကွယ်တော့လေမည်။အခုတော့ ကျွန်တော်တို့စိတ်ကူးထဲ ခဏခဏအလည်ရောက်ရောက်နေသည့် မိဘအိမ်တွေဆိုတာလည်း ဘယ်ရှာရမည်မှန်းမသိတော့။ဘာကြောင့်များ နေအိမ်ဈေးတွေ ကျွန်တော်တို့လက်လှမ်းမီသော အနေအထားမှာ ရှိနေရပါသနည်း။

သားသမီးများ ထာဝစဉ်ခိုလှုံအားကိုးရာ အမေ့အိမ်လေး ထာဝစဉ်တည်မြဲဖို့ ကျွန်တော်တို့ ဘာများလုပ်နိုင်ပါမည်နည်း။

မောင်ဦးလွင်
သြဂုတ် - ၂၄