【 ဆောင်းပါး 】 စိတ်ပျက်စရာ နေ့ရက်များ

【 ဆောင်းပါး 】 စိတ်ပျက်စရာ နေ့ရက်များ

နေ့များကို ဘယ်သူဖန်တီးခဲ့သနည်း။အလင်းနှင့် အမှောင်ဟု ရိုးရှင်းစွာရှိနေသည်ကို အထွန့်တက်ကာ နေ့ညဟု အမည်နာမတပ်ခဲ့မှုကြောင့် အသက်ကြီးခြင်း၊ အသက်ငယ်ခြင်း၊ နေ့စွဲများကို အမှီပြုကာလုပ်ရသည့် အလုပ်များဖြစ်လာခဲ့လေသည်။သေချာသည်ကတော့  အလင်းနှင့် အမှောင်အချိန်ကာလက ကျနော့်အတွက် စိတ်ပျက်စရာများပင်။ထို့အတွက် ကျနော့်တွင် ခိုင်လုံသည့် အကြောင်းပြချက်ပေးစရာမရှိပေ။

သွားသည်၊ လာသည်။နေသည် ထိုင်သည်၊ စားသည်၊ သောက်သည်၊ ငတ်သည်၊ ဝလင်သည်။ထိုသည်များမှာ ကိုယ်ကြိုက်နှစ်သက်သည့် နေရာတွင် ရပ်ထားလို့ရသည်မဟုတ်။လည်နေသည့် စက်ဝိုင်းတွေလို ဖမ်းဆုပ်လိုက်ရုံနှင့် ရပ်တန့်လို့ရသည့်အမျိုးမဟုတ်။ဖမ်းဆုပ်ထားလို့လည်းမရ။သူအလှည့်နှင့်သူ။ဒါကို ကျနော်တို့က ရပ်တန့်ရန် ကြိုးစားဖို့ နေ့တွေကို သတ်မှတ်နေကြခြင်းဖြစ်သည်။

ကျနော်တို့ စိတ်အခံမျိုးစုံဖြင့် နေ့ရက်များကို ဖြတ်သန်းခဲ့ဖူးသည်။တစ်ခါတရံ အကောင်းဆုံးသောစိတ်၊ တစ်ခါတရံ အဆင်မပြေသောစိတ်၊ တစ်ခါတရံ ဝမ်းနည်းကြေကွဲသောစိတ်ဖြင့်။တကယ်စဉ်းစားကြည့်ပါက ကျနော်တို့ နေ့စဉ်ဖြတ်လျှောက်နေသည့် မြေကမ္ဘာသည် ပြောင်းလဲမှုမရှိသလို အရာရာတိုင်းသော အများစုသည်လည်း ရှိနေဆဲ၊ ရှိနေစမြဲ။သို့သော် ကျနော်တို့စိတ်က မလာသေးသည့် မနက်ဖြန်ကို မဝေရသေးသည့် ဖဲချပ်ပမာ ကိုယ်လိုချင်နေသည့်အရာတွေ ပါလာမည်ဟု စိတ်ကထင်ထားလေသည်။ထိုသည်က လူဘ၀၏ ကြီးမားသည့် လွဲမှားမှုပင်ဖြစ်သည်။

          (၁)

အိုရှိုးက “လူသားမှာ လုံး၀ပျောက်ကွယ်သွားတဲ့ အရာဆိုတာ မရှိသလို လုံး၀လမ်းကြောင်းပျောက်သွားတာတယ်ဆိုတာလည်း မရှိဘူး။ဒါပေမဲ့ သူရဲ့မျက်လုံးတွေကို ပိတ်လိုက်တဲ့အခါမှာ နေရာအနှံ့မှာ အမှောင်ထုကြီးစိုးသွားပြီး လမ်းကြောင်းတွေ ပျောက်ကွယ်သွားတယ်၊ မျက်လုံးတွေကို ပိတ်လိုက်ခြင်းအားဖြင့် လူသားဟာ အရာရာကိုဆုံးရှုံးသွားတယ်။မျက်လုံးတွေကို ဖွင့်လိုက်ရုံနဲ့ သူဟာ ဘုရင်တစ်ပါးဖြစ်လာတယ်” လို့ ဆိုသည်။

အိုရှိုး ဘာကိုဆိုလိုသနည်းဆိုသည်ကို ကျနော်ဉာဏ်နှင့်မမီပါ။သို့သော် အချိန်များစွာ ထိုအကြောင်းအရာက ခေါင်းထဲဝင်နေခဲ့သည်။ကျနော်တို့ မျက်စိမှိတ်လိုက်သည်နှင့် အရာရာကို အဆက်ပြတ်သွားသည့်အချိန် ကျနော့်အတွေးထဲ အရာများစွာ ကျန်နေသေးသည်။ထိုအရာတွေက မကျေနပ်ခြင်းတွေ၊ ခံပြင်းခြင်းတွေ။ထို့နောက် တစ်စုံတစ်ဦးပေါ် ချစ်ခင်ခြင်းတွေ။ ဒါတွေခွာချပြီး အသစ်ဖြစ်ဖို့ရာ ကျနော့်အတွက် မလွယ်။

ကျနော်တို့ သိမှတ်ထားမှုတွေကို ခွာချလိုက်ရုံနှင့် အရာရာတွင် ကျနော်တို့အသစ်ဖြစ်မည်ဆိုသည့် စိတ်ထင်မှတ်မှုက ယနေ့လို စိတ်ပျက်လက်ပျက် နေ့ရက်များတွင် ဖြစ်တည်ဖို့မလွယ်။လမ်းများ၊လူများ၊ အလွဲများ၊ ပျက်စီးမှုများ၊ အတုလုပ်ထားသော ဖော်ရွေမှုများ၊ ခံပြင်းမှုများဖြင့် ဖွဲ့စည်းထားသော အကြောက်တရားများအောက်တွင် အရာရာကို စိတ်ချလက်ချ ဖြတ်သန်းဖို့ဆိုသည်မှာ လက်ရှိပကတိအရှိတရားမှ လွတ်မြောက်နေမှသာ ဖြစ်ပေလိမ့်မည်။

          (၂)

မနက်အိပ်ယာထသည်နှင့် စတွေးမိသည့်က ပကတိအရှိတရားများပင်ဖြစ်သည်။ယနေ့ ငါသည် မနေ့က ငါဖြစ်နေဆဲဆိုသည့် အသိတရားက ကျနော်ဦးခေါင်းကို တဆစ်ဆစ်ကိုက်ခဲသည်။ကျနော်၏ သိမှတ်မှုက အမြဲတမ်းလိုလို နှလုံးသားကို ဒုက္ခပေးလေ့ရှိသည်။အသံများ၊ မျက်နှာများ၊ ဖုန်းစကရင်များတွင် တွေ့နေရသည့် ဆဲဆိုမှုများ၊ မျက်စိမှိတ်ကာ လိမ်ညာရေးသားထားသည့် ဝါကျဖွဲ့စည်းမှုများ။ဒါတွေမြင်ရသည်နှင့် ချုပ်နှောင်ထားမှုကနေ ငါတို့မလွတ်သေးပါလားဆိုသည့် စိတ်ခံစားချက်က စိတ်ကိုဆတ်ခနဲတွန့်စေသည်။

လဘက်ရည်ဆိုင်တွင် လူတွေမရှိ၊ ပလက်ဖောင်းမှာ ခြေပစ်လက်ပစ်ထိုင်နေသူတွေမရှိ။ပြတင်းပေါက်များက အဖွင့်နှင့် အပိတ်က တစ်သားတည်းဖြစ်ကာ ကြောက်ရွံ့မှုက အပြင်ဘက်လျှံကျနေသည့် ညမျိုးတွင် ထိုနေ့မှာ စိတ်ပျက်လက်ပျက်ဆိုသည့် ခေါင်းစဉ်ထက် ပို၍စိတ်ပျက်ဖွယ်ဖြစ်နေလေသည်။ထိုအချိန်မျိုးတွင်ပင် လေသည် တုပ်တုပ်မှ မလှုပ်ဝံ့အောင် ကြောက်ရွံ့နေသည်လား၊ သွေးညှီနံ့လွှမ်းနေသည့် သားရဲများကို မတို့မထိလိုသည်လား။ဆိတ်ငြိမ်စွာ ဆွံ့အနေလျက်။ထိုအခါမျိုးတွင် အိပ်ယာပေါ် ဇောချွေးများဖြင့် လက်ချိုးရေနေရသည့် ကိုယ်နေ့ရက်တွေကို စက်ဆုပ်သလို ခံစားရသည်။

ခွေးသံများ၊ ကြောင်မိတ်လိုက်သံများ၊ အိပ်ဇောသံဖြင့် ဖိုမသံပေးမှုများကို သတိပြုမိသည့်အခါ ဒီလိုရက်ပေါင်း ဘယ်နှစ်ရက် ငါဖြတ်ကျော်ခဲ့ရပြီးပြီဆိုသည့် စိတ်ခံစားချက်များက ကိုယ့်ကိုယ်ကိုမယုံနိုင်။တကယ်တော့ တစ်ရက်ခြင်းသည် ဘဒ္ဒကမ္ဘာတစ်ခု၏ သက်တမ်းလို ပျက်ခဲနိုင်လွန်းလှသည်။

          (၃)

မနက်ဖြန်သည် လျင်မြန်စွာရောက်ရှိလာသည်။ယနေ့သည့် ဆွေးမြေ့စွာ ပုပ်ရိသွားသည်။ထိုအစပ်ကာလအကြား မကျေနပ်မှုနှင့် ခံပြင်းမှုကို ထမ်းပိုးကာ ကျနော်တို့နေ့တွေကို ကူးခဲ့ရသည်။နှစ် ၂၀၊ နှစ် ၃၀၊ နှစ် ၄၀၊ နှစ် ၅၀။ယခုထိတိုင် အစောပိုင်းနှစ်များက အနာတွေမကျက်သေး။အနာဟောင်းပေါ် အနာသစ်တွေ ဆင့်ကာဆင့်ကာ ထပ်ရှိခဲ့လေပြီ။ နီစွေးသော မြေလမ်းပေါ် ကျနော်တို့ထပ်လျှောက်ဖို့ တစ်ခေါက်ပြန်ရောက်ခဲ့ရပြန်ပြီ။ထိုနေ့သည့် ယနေ့လား၊ မနက်ဖြန်လား၊ ပြီးခဲ့သည့်နေ့တစ်ခုလား။သေချာသည်ကတော့ လမ်းတစ်လျှောက် စိတ်ပျက်ခြင်း မိုင်တိုင်တွေများစွာ။ဒါတွေကို နုတ်ပယ်ဖို့ ကျနော်တို့ ကြိုးစားခဲ့သည်ချည်းပဲဖြစ်သည်။အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက ကျနော်တို့နှင့် သတိမပြုမိ။သို့သော် နုတ်ပယ်မိနေဖို့သာ အာရုံထားသည်။တစ်ရက်သောအခါ လူတစ်ဦးက မိုင်တိုင်တစ်ခုကို နုတ်ယူနိုင်လိမ့်မည်။ထိုသူမှာ ကျနော်လည်းဖြစ်နိုင်သည်။ခင်ဗျားလည်းဖြစ်နိုင်သည်။တခြားတစ်ယောက်လည်းဖြစ်နိုင်သည်။အားလုံးလည်းဖြစ်နိုင်သည်။အနာဂတ်မှ လူတစ်ယောက်လည်းဖြစ်နိုင်သည်။ထိုအခါ ဒိုမီနိုသက်ရောက်မှု (The Domino Effect) ကြောင့် စိတ်ပျက်ခြင်းများအားလုံး လဲပြိုလေမည်ဖြစ်သည်။  

ထိုအခါ အိုရှိုးက “မျက်လုံးတွေကို ပိတ်လိုက်ခြင်းအားဖြင့် လူသားဟာ အရာရာကိုဆုံးရှုံးသွားတယ်။မျက်လုံးတွေကို ဖွင့်လိုက်ရုံနဲ့ သူဟာ ဘုရင်တစ်ပါးဖြစ်လာတယ်” ဟု ပြောလေသည်။

လင်းနိုင်ကျော်စိုး