【 ဆောင်းပါး 】 စိတ်မလျှော့ပါနဲ့

【 ဆောင်းပါး 】 စိတ်မလျှော့ပါနဲ့

မနက်ဆို လဘက်ရည်ဆိုင် ထွက်လေ့ရှိသည်မှာ ကျနော်၏ အကျင့်တစ်ခုဖြစ်သည်။သည်လို အကျင့်ဖြစ်တာ မကြာသေး။ကိုဗစ်ကပ်ရောဂါ စသည့် ၂၀၂၀ ခုနှစ်အစ ကျူရှင်များ နားလိုက်ရကတည်းကဖြစ်သည်။

အရင်ကတော့ မနက်ဘက် လဘက်ရည်ဆိုင်ထိုင်ခြင်းမှာ ခရီးသွားဟန်လွှဲသာသာဖြစ်သည်။အလုပ်ကများသဖြင့် လဘက်ရည်ဆိုင်ထိုင်တာကို အချိန်သက်သက်မပေးခဲ့သလို အချိန်ပေးပြီး လဘက်ရည်ဆိုင်ထိုင်သည့် လူတွေကိုလည်း နားမလည်ခဲ့။နောက်တစ်ခုက တော်ရုံတန်ရုံ ဆရာတွေ မသွားချင်ကြသည့် ရန်ကုန်အစွန်အဖျား မြို့သစ်တွေမှာသာ ကိုယ်က သင်ရသည်မို့ မနက်စောစောထွက်ရတာလည်းပါသည်။ထိုသို့ စောစောထွက်သည့်အခါ စောစောနိုးပြီး ဘုရားထရှိခိုးသည့် အမေအတွက် လုပ်ပေးသင့်တာ လုပ်ပေး၊ မနက်စာအတွက် ပြင်ပေးနှင့် အိမ်သူအတွက် လိုအပ်တာတွေ ဝယ်ပေးထားခဲ့နှင့် မနက်စာကို စာသင်မည့်နေရာသို့ရောက်မှ စားရသည်ကများသည်။ဒီတော့ လဘက်ရည်ဆိုင်ထိုင်ခြင်းအရသာမှာ ကျနော့်အတွက် နီးလျက်နှင့် ဝေးနေသလိုပင်။

လဘက်ရည်ဆိုင် တစ်ရက်ကို လေးငါးခါထိုင်ရသည့် ကျူရှင်ဆရာအဖို့ လဘက်ရည်ဆိုင်ထိုင်ရသည့်အရသာကို မသိသလိုဖြစ်နေသည်မှာ ဆန်းတော့ ဆန်းနေသလိုပင်။

စာသင်သည့်နေရာသို့ရောက်လျှင် အနီးရှိ လဘက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ကာ မနက်စာတစ်ခုခုစားပြီးမှ စာသင်မည့်အိမ်သို့ ဝင်သည်။ထို့ကြောင့် လဘက်ရည်ဆိုင်ထိုင်ခြင်းကို အလုပ်တစ်ခု၊ အကျင့်တစ်ခုလို ဖြစ်နေခြင်းမှာ ကျနော့်ဘဝတွင် ပထမဆုံးလို့ ပြောရမည်ဖြစ်သည်။

လဘက်ရည်ဆိုင်ထိုင်ခြင်း အကျင့်စွဲနေပြီဟု ပြောသည့်အခါ လူတွေက ဘာကိုစွဲသနည်းဟုမေးလျှင် ဖြေရတော့ ခက်သည်။ထို့အတွက် တစ်ခုခုကို အမည်တပ်ပြောရန်ဆို ပိုခက်လှသည်။လဘက်ရည်အဖျော်အရသာ၊ နှပ်သည့် လဖက်အချိုခြောက်အရသာ၊ ရေအပြောင်းအလဲစသဖြင့် ပြောလို့ရတာတွေရှိနိုင်သော်လည်း တူညီနိုင်သည့် တစ်ခုတည်းသော အကြောင်းအရာက စကားပြောဖော်ရှိခြင်းဖြစ်သည်။

လဘက်ရည်ဆိုင်ဖွင့်သည်ဆိုခြင်းမျိုးက လမ်းဆုံလမ်းခွ၊လူစည်ကားသည့်နေရာများတွင်သာ ဖွင့်လေ့ရှိရာ လဘက်ရည်ဆိုင်ထိုင်လိုက်သည်နှင့် ဆည်ပေါက်ဝက ဗျိုင်းလို လမ်းထဲမှာ ဖြစ်ပျက်သမျှအားလုံးကို တစ်ထိုင်တည်း သိရှိနိုင်သည်။ဒီတော့ လဘက်ရည်ဆိုင်ထိုင်ရသည်မှာ ကိုယ်ကြိုက်သည့် လဘက်ရည်ကို အရသာခံရင်း ရပ်ထဲရွာထဲ သက်ရှိသတင်းစာကို ဖတ်ခြင်းဖြစ်သလို ကိုယ့်စိတ်ထဲက အာသီသများ၊ မကျေနပ်ခြင်းများကို ဖောက်ခွဲလို့ရသည့် နေရာလည်းဖြစ်သည်။

ထိုသို့သော အကြောင်းအရာများကြောင့် လဘက်ရည်ဆိုင် လူစုံသည့် မနက်ပိုင်းရောက်လျှင် လူက မသွားရမနေနိုင် အလိုလို ဖင်တကြွကြွဖြစ်နေသလို အကြောင်းတစ်စုံတရာကြောင့် မသွားဖြစ်ပါကလည်း  စိတ်ထဲ တစ်ခုခုလိုနေသလို တစ်နေ့လုံးဖြစ်နေတတ်သည်။   

လဘက်ရည်ဆိုင်ထိုင်သည့်အကြောင်းတော့ ကာကွယ်ပြောပြီးပြီ။နောက်ထပ်ပြောဖို့ရှိသည်က လဘက်ရည်ဆိုင်မှာ ထိုင်နေသူများ၏ ဘဝအစုံစုံနှင့် လဘက်ရည်ဆိုင်ကနေ မြင်ရသည့် ရပ်ကွက်ထဲမှ လူများ၏ နိမ့်ချည်မြင့်ချည် ဘဝအစုံစုံကိုပင်ဖြစ်သည်။လဘက်ရည်ဆိုင်ကနေကြည့်လျှင် ဘဝများကို ကိုယ်လိုသည့်နေရာ ကျော်ဖတ်လို့မရသည့် ဝတ္တုစာအုပ်များသဖွယ် မြင်နေရခြင်းဖြစ်သည်။

ရက်များသညိ တစ်ရွက်ချင်းလှန်နေသည့် စာမျက်နှာများသဖွယ်ဖြစ်နေသဖြင့် ဒီနေ့ လဘက်ရည်ဆိုင်မလာပါက နောက်တစ်နေ့ ခေတ်တစ်ခေတ် နောက်ကျသွားသလို အကြောင်းမသိ ဖြစ်ကုန်ခြင်း ဖြစ်တတ်သည်။ထို့အတွက် မနေ့က ဘာတွေဖြစ်သလဲမေးဖို့ ကြိုးစားရသလို မသိသေးသူကို မနေ့ကဖြစ်တာတွေ ပြန်ပြောရတာလည်း လဘက်ရည်ဆိုင်မှာ ထိုင်သူအချင်းချင်း ယနေ့ဆွေးနွေးပြန်ပြောရသည့် ခေါင်းစဉ်တစ်ခု ဖြစ်တတ်လေသည်။

ထိုမြင်ရသည့် ဘဝတွေတွင် ကိုယ်အားကျရသည့် ဘဝတွေရှိသလို အားမလိုအားမရဖြစ်ရသည့် ဘဝတွေလည်းရှိသည်။တစ်ခါတလေ ဒီလိုဘဝတွေလည်း ရှိသေးပါလားဟု လူဖြစ်ချင်စိတ် ကုန်သွားနိုင်လောက်သည့် ဘဝတွေလည်း ရှိတတ်သည်။

တစ်ခါတရံတော့ လူကျင့်ဝတ်အရ လူလို့တောင် မခေါ်သင့်သည့် လုပ်ရပ်တွေ လုပ်နေကြသည့် လူအချို့၏ စက်ဆုပ်ဖွယ်ရာ အကျင့်တွေ လုပ်ရပ်တွေကိုလည်း တွေ့ရသည်။

မနက်ဘက်ဆို ကျနော်နှင့် အမြဲထိုင်လေ့ရှိသည်မှာ ရပ်ကွက်ထဲမှ ပင်စင်စားတစ်ယောက်၊ ကုမ္ပဏီတစ်ခုတွင် ကားကြီးကြပ်လုပ်နေသူတစ်ယောက်၊ နောက် ကိုယ်ပိုင်တက္ကစီမောင်းသူတစ်ယောက်တို့နှင့် အမြဲထိုင်ဖြစ်သည်။ကျနော်တို့လေးယောက်တွင် တက္ကစီမောင်းသူက အမြဲတမ်း သူ့ဆီကနေ ရန်ကုန်မြို့ထဲ သူသွားလာသည့် နေရာစုံမှ သတင်းများကြားရပြီး ပင်စင်စားဆီမှ ရပ်ကွက်သတင်းများ ကြားရသဖြင့် ရပ်ကွက်ထဲရော၊ ပြင်ပမှာပါ ဘာတွေဖြစ်နေသည်ကို မနက် လဘက်ရည်ဆိုင်ထိုင်တာနှင့် သိရသည်။ထို့ပြင် ကျနော်တို့ ဝိုင်းကို တစ်ခါတလေ ဗေဒင်ဆရာ၊ တစ်ခါတလေ ယခင်က လမ်းလူကြီးလုပ်ခဲ့သူလည်း လာထိုင်တတ်သဖြင့် မနက်ဆို ဝိုင်းကစည်သလို အကြောင်းအရာကလည်း စုံသည်။

လူတွေက အသက်ကြီးလာသည့်အခါ အထီးကျန်ခြင်းနှင့် မိသားစုနှင့် လုပ်ငန်းခွင် ဆွေမျိုးအဝန်းဝိုင်းမှ ဖယ်ထုတ်ခံရသလိုဖြစ်ပြီး စကားပြောဖော်ရှိမှ စိတ်ကျခြင်းကို ကုစားနိုင်မည်ဖြစ်သည်။စိတ်ကျခြင်းဆိုသည်မှာ အပေါင်းအဖော်မရှိခြင်းနှင့်လည်း သက်ဆိုင်သည်။အစိုးရဌာနများတွင် တာဝန်ကြီးကြီးယူခဲ့ပြီး မောက်မာအာဏာပြခဲ့သူအများစု ပင်စင်ယူပြီး မကြာခင်ဆုံးပါးကြခြင်းမှာ ထိုသို့စိတ်ကျခြင်းနှင့် အများကြီးသက်ဆိုင်ပေသည်။

မောက်မာခြင်းနှင့် လူများနှင့် မဆက်ဆံခဲ့ခြင်းကြောင့် ပင်စင်ယူသည့်အခါ တစ်ယောက်တည်း လူ့လောကဝန်းကျင်၏ ဘေးသို့ ထုတ်ခံရသလိုဖြစ်ပြီး တစ်ဦးတည်းနေဖန်များက မနေတတ် မစားတတ် မထိုင်တတ်နှင့် ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိဖြစ်ကာ နောက်ဆုံးတွင် စိတ်ဓာတ်ကျကာ ရောဂါများဝင်ပြီး ဆုံးပါးသွားကြသည်က များသည်။  

ထို့ကြောင့် အသက်ကြီးလာသည့်အခါ အပေါင်းအဖော်နှင့် နေတတ်ဖို့ နေနိုင်ဖို့ လိုပေသည်။လူ့လောကတွင် နေလိုစိတ်နှင့် အသုံးဝင်သည့်စိတ်ရှိဖို့မှာ ကာယကံရှင်ကိုယ်တိုင် ရှင်သန်လိုသည့်စိတ် မလျော့ဖို့လိုသလို လူမှုလောကထဲ ဆက်၍ စီးမျောနိုင်ဖို့ ပတ်ဝန်းကျင်ကောင်းရှိဖို့ လိုပေသည်။

ထို့အတွက် လဘက်ရည်ဆိုင်မှာ အောက်ခြေလူတန်းစားများနှင့် လူလတ်တန်းစားများအတွက် ဘုရားပေးသည့် သဘာဝလက်ဆောင်လို့ ခေါ်ရမည်ဖြစ်သည်။

မောင်ဦးလွင်