【 ဆောင်းပါး 】 ဆင်ဖြူဗိုက်ဖောက် အရူးလေးတစ်ယောက်

【 ဆောင်းပါး 】 ဆင်ဖြူဗိုက်ဖောက် အရူးလေးတစ်ယောက်

ကျနော်ငယ်ငယ်တုန်းက ခပ်ဝေးဝေးရွာသို့ အလည်အပတ်ရောက်ဖို့ဆိုသည်မှာ တော်တော့်ကိုမလွယ်သောကိစ္စဖြစ်သည်။တစ်ရွာလုံးပေါင်းမှ စက်ဘီးတစ်စီး၊ နှစ်စီးသာ ရှိသည့်ခေတ်။တအိအိရွေ့နေသော နွားလှည်းသည်သာ ကျွန်ုပ်တို့၏ကမ္ဘာမို့ အပျင်းပြေအလည်အပတ်ခရီးဆိုသည်မှာ ဦးနှောက်ချောင်နေသောလူများပင် မစဉ်းစားမိကြ။

မှတ်မှတ်ရရ ၁၉၉၃ ကျော်ကာလ၊ ဘီလူးကျွန်းသို့ ခေတ္တပြန်လာခိုက် ဆွေမျိုးတစ်ဦး၏ ဆွမ်းကျွေးဖိတ်ကြားချက်အရ ပင်လယ်နားသို့ တစ်ခေါက်ရောက်ဖူးသည်။ဟိုး…ဇီးကုန်းဆိုသည့်ရွာ။သူတို့လင်မယားက ထိုရွာအနီးတွင် လယ်လုပ်ကြခြင်းဖြစ်ပြီး သူတို့လယ်တဲအိမ်၌ ဆွမ်းကျွေးခြင်းဖြစ်သည်။သူတို့လယ်သို့ရောက်ရန် နွေတွင်ပေါ်သော လယ်ကွင်းဖြတ်လှည်းလမ်းကြောင်းအတိုင်း ၃ နာရီခန့်သွားရသည်။သူတို့လယ်မှ ဇီးကုန်းရွာသို့ရောက်ရန် နောက်ထပ်နာရီဝက်မက လှည်းထပ်မောင်းရသေးသည်။ဇီးကုန်းသည် ပင်လယ်ကမ်းနံဘေးက တံငါရွာ။ထိုရွာမှ လှည်းလမ်းကြောင်းအတိုင်း စက်ဘီးဖြင့် ချောင်းဆုံမြို့ပေါ်သို့ လာလျှင်ပင် ၂ နာရီကျော်တော့ကြာမည်။ဒါတောင် နွေရာသီလမ်းပေါက်သည့်အချိန် ကိုယ့်ဆီမှာစက်ဘီးလည်းရှိဦးမှ။မိုးရာသီဆို ချောင်းများအတိုင်း လှေဖြင့် တစ်ကွေ့တစ်ပတ်ကြီးသွားပြီးမှ မြို့ပေါ်ရောက်သည်။ထို့ကြောင့် ချောင်းဆုံမြို့ပေါ်မရောက်ဖူးသူ ဇီးကုန်းရွာသားများစွာရှိသည်တဲ့။ဆိုတော့ မော်လမြိုင်ရောက်ဖူးဖို့ဆိုသည်မှာ ဟိုး…အဝေးကြီး။

ထိုသို့သော အကြောင်းများကြောင့် အသွားအလာနည်းသဖြင့် ရွာချင်းဆက်လမ်းများမှာ လူပြတ်သည်။လမ်းကလည်းကြမ်းလှသမို့ စက်ဘီးရှိသူများပင်လျှင် မလှမ်းမကမ်းရွာများကလွဲ သိပ်ခြေမရှည်ရဲကြ။လိုင်းကားစောင့်စီးပြီး ခပ်ဝေးဝေးရွာများသို့ ခပ်မြန်မြန်ရောက်အောင်သွားနိုင်သော်လည်း လိုင်းကားသည် မော်လမြိုင်သွားသည့် သင်္ဘောအချိန်အတိုင်းသာရှိသည်။
ပြီးတော့ ရွာသားများ၏ဓလေ့မှာ မလိုအပ်ဘဲ ခြေမရှည်။ကိုယ့်ရွာမှာသာကိုယ် စုံကန်ရပ်နေရခြင်းအပေါ် စိတ်ကျေနပ်ကြသည့်ပုံ။

ယင်းသို့သောအခြေအနေများအရ ကျနော်တို့ဘီလူးကျွန်း၏ တစ်ရွာနှင့်တစ်ရွာကြား ထိတွေ့ဆက်ဆံမှုမှာ ကိစ္စရှိမှသာ။ကိစ္စဆိုသည်မှာ စီးပွားရေးကိစ္စမဟုတ်။တစ်ရွာနှင့်တစ်ရွာကြား အရောင်းအဝယ်စီးပွားရေးဟူ၍ သိပ်မရှိ။ထို့ကြောင့် သာရေးနာရေးနှင့် ရွာဘုရားပွဲကျင်းပသည့်အခါမှသာ သွားကြလာကြသည်။ဒါတောင် ဝေးပြီး ကားလမ်းမပေါက်သော ချောင်ကျကျရွာများ၏ ဘုရားပွဲဆိုလျှင် မရောက်ကြ။

ဘီလူးကျွန်းမြောက်ပိုင်း ကတ္တရာလမ်းဆုံးရာ ကလွီရွာဆိုလျှင် ကျနော်ငယ်ငယ်က တစ်ခေါက်သာရောက်ခဲ့ဖူးသည်။ကလွီသည် မော်လမြိုင်သို့သွားနိုင်သည့် သင်္ဘောဆိပ်ရှိရာရွာမို့ ဘီလူးကျွန်းမြောက်ပိုင်းသားတို့ နေ့စဉ်ဝင်ထွက်နေသောရွာလည်းဖြစ်သည်။ဘီလူးကျွန်းတောင်ပိုင်းသားများအတွက်မူ ကလွီသည် ဟိုး…အဝေးကြီး။ကလွီမရောက်ဖူးဘဲ သေသွားသည့်သူ နည်းမည်မထင်။ဥပမာ - ကျနော့်အဘွားဆို ကလွီသို့ တစ်ခေါက်မျှမရောက်ဖူး။မြို့ပေါ်မှသည် ကလွီသို့ တိုက်ရိုက်ယာဉ်လိုင်းလည်းမရှိ။ရွာလွတ်ရောက်လျှင် ကလွီသို့သွားသည့် ကားပြောင်းစီး။ကလွီဘုရားပွဲနေ့တွင်တော့ ချောင်းဆုံ-ကလွီ တိုက်ရိုက်လိုင်းကားပြေးဆွဲပေးသည်။

ကျနော် အလယ်တန်းကျောင်းသားဘဝတွင် ကလွီရွာဘုရားပွဲသို့ တစ်ခေါက်ရောက်ဖူးခြင်းဖြစ်သည်။သို့သော် မကြာခဏဆိုသလို ကလွီသို့ စိတ်ဖြင့်ရောက်ရှိနေသည်မှာ အိပ်ရာဝင်ပုံပြင်ကြိုက်သော ကလေးဘဝကတည်းကဖြစ်သည်။ကျနော့်အဘွားသည် အတန်းပညာမရှိသော တောသူမကြီးမို့ ယုန်နဲ့လိပ်ပုံပြင်ကိုပင် ဌာန်ကရုဏ်းကျကျမပြောနိုင်။ထို့ကြောင့် သူကြားခဲ့ဖူးသော ဘီလူးကျွန်းမြေပေါ်က ဇာတ်လမ်းများကိုသာ ပြောပြလေ့ရှိသည်။သို့သော် အဘွားပြောနိုင်သည့်ဇာတ်လမ်းကလည်း သုံး၊ လေးခုထက်မပိုသဖြင့် ဒါပြီးဒါပြန် အပ်ကြောင်းထပ်နေလေ့ရှိသည်။ပြဿနာမရှိ၊ ကျနော့်အတွက်ရိုးမသွား။တငွေ့ငွေ့လောင်နေသည့်မီးပမာ။

အဘွားပြောပြသော ဇာတ်လမ်းပမာကို ကားလိပ်စဖွင့်လိုက်တော့ ကလွီရွာအဝင်ထိပ်၌ ဆင်ဖြူကျောင်းဆိုသည့် ဘုန်းကြီးကျောင်းတစ်ကျောင်း။ဘာ့ကြောင့် ဆင်ဖြူကျောင်းဟုခေါ်ရသလဲဆိုတော့ ထိုကျောင်းတွင် အုတ်ဖြင့်ထုလုပ်ထားသော ဆင်ဖြူရုပ်များရှိသောကြောင့်ဖြစ်သည်။ထိုဆင်ဖြူရုပ်များသည် ဘုန်းကြီးကျောင်းဘုရားဝင်းအတွင်းတည်ရှိပြီး ရွာလမ်းမနှင့်ကပ်လျက်ဟု ဆိုသည်။

ဆင်ဖြူဘယ်နှစ်ရုပ်ရှိသလဲဟု ကျနော်မေးကြည့်တော့ အဘွားက ၅ ရုပ်ဟု ပြောလို့ပြော၊ ၇ ရုပ်ဟု ပြောလို့ပြော၊ တစ်ခါတစ်ရံ မမှတ်မိတော့ဘူးဟုလည်း ဆိုတတ်သည်။ထိုဆင်ဖြူရုပ်များ၏ ဟိုဘက်လမ်းဘေးတွင် အုံ့ဆိုင်းနေသည့် သစ်ပင်ကြီးများရှိပြီး အပျိုအရွယ်သမီးငယ်နှင့် မုဆိုးမအမေအိုတို့ရောင်းသည့် အကြော်တဲရှိသည်။

‘နေရာထိုင်ခင်းကလည်း အုံ့ဆိုင်းနေတော့ အနီးအနားရွာကလာရင် ဒီမှာလှည်းဖြုတ်နားပြီး အကြော်စားကြ။အကြော်သည်ရဲ့ သမီးအပျိုကလည်းချောပြီး ယဉ်ကျေးပျူဌာတော့ ရွာထဲကကာလသားတွေလည်းလာကြနဲ့ စည်ကားတဲ့နေရာပေါ့။’ ဟု အဘွားကပြောပြသည်။

တစ်ရက်သားမှာတော့ အသားဖြူဖြူ ရုပ်ရည်သနားကမားနှင့် လူပျိုအရွယ်အရူးတစ်ယောက် ခုန်ကာပေါက်ကာဖြင့် ကလွီရွာသို့ရောက်လာသည်။ပထမ ဘယ်ကရောက်လာမှန်းမသိသော အရူးမို့ တစ်ရွာလုံးက အာရုံစိုက်ကြသော်လည်း တစ်လခန့်အကြာတွင် ဒုက္ခမပေးသောအရူးမို့ အာရုံမစိုက်ကြတော့။

‘အဲဒီအရူးလေးက ဆင်ဖြူရုပ်တွေနားမှာပဲနေတယ်။အကြော်သည်အမေကြီးကို ကူလုပ်ပေးတဲ့အတွက် အမေကြီးရော သူ့သမီးကရော သူ့ကိုသနားပြီး ကျွေးမွေးထားတယ်။သူက အားနေရင် ဆင်ဖြူတွေရဲ့ ဗိုက်တွေကို လိုက်ပွတ်နေလေ့ရှိတယ်။လူတွေက သူ့ကို ရူးလို့လိုက်ပွတ်နေတယ်လို့ ထင်ကြတာ။’

ကိုလူပျိုအရူးလေးမှာ ကလေးတွေစတော့လည်းပြုံးပြုံး။လူကြီးတွေခိုင်းတော့လည်း မညီးမညူ။မည်သူ့ကိုမှလည်း ဒုက္ခပေးသူမဟုတ်လေတော့ သုံး၊ လေးလအကြာတွင် သူသည်လည်း ကလွီရွာသားတစ်ဦးပမာ မြန်မြန်ဆန်ဆန် အသားကျလို့။အရူးလေးရောက်ရှိလာခြင်းကို အကြောင်းရှိရမည်ဟု သံသယရှိသူအချို့ပင် ကံတရား၏တွန်းပို့မှုအရ သွေးရိုးသားရိုးရောက်ရှိလာသည်ဟုပင် ပြောလာကြသည်။

‘တစ်ရက်မှာတော့ မနက်စောစော ၄ နာရီ အကြော်သည်အမေကြီး အကြော်ကြော်ဖို့ မီးမွှေးနေတုန်း အရူးလေးရောက်လာတယ်။ပြီးတော့ သူဟာအရူးမဟုတ်တဲ့အကြောင်း ထိုင်းလူမျိုးဖြစ်တဲ့အကြောင်း သူတို့ဘိုးဘွားတွေစစ်ရှုံးလို့ ဒီကနေထွက်ပြေးတော့ ဒီမှာရှိတဲ့ဆင်ရုပ်တစ်ရုပ်ရဲ့ ဗိုက်ထဲ သူတို့ပိုင်တဲ့ လက်ဝတ်ရတနာတွေထည့်ထားခဲ့လို့ အရူးယောင်ဆောင်ပြီး သူလာယူတဲ့အကြောင်း ဆင်ဗိုက်တွေကို သူပွတ်နေတာက ဘယ်ဆင်ရုပ်မှာ ရတနာတွေထည့်ထားသလဲလို့ ရှာနေတာဖြစ်ကြောင်းပြောပြပြီး စေတနာနဲ့ သူ့ကိုကျွေးမွေးထားတဲ့ အမေကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ တန်ဖိုးကြီးရတနာတချို့ပေးပြီး ကန်တော့တယ်။ပြီးတော့ သူအန္တရာယ်မဖြစ်အောင် သူ့အကြောင်းကို နောက်၂ ရက်လောက်ကြာမှ ရွာသားတွေကိုပြောပြဖို့မှာပြီး ထိုင်းကိုပြန်ပြီလို့ ပြောသွားတယ်။သူသွားခါနီးမှာ အမေကြီး သမီးရော သူရော မျက်ရည်ကျကြတယ်။’ ဟု အဘွားကဆိုလေတိုင်း ကျနော်လှိုက်ခနဲဖြစ်ခဲ့ရသည်။

ရွာသားများမှာ အရူးလေးပျောက်သွားသည်ကို အရေးတယူသတိမထားမိ။ ၂ ရက်အကြာ အကြော်သည်ကြီးက ပြောပြသည့်အခါမှ ရွာလုံးကျွတ် ဝရုန်းသုန်းကား။အကြော်သည်ပြသည့် လက်ဝတ်ရတနာများကို ငေးလိုက်၊ ဗိုက်ပေါက်နေသော ဆင်ရုပ်ကြီးကိုကြည့်လိုက်ဖြင့်။တချို့က တစ်သက်လုံးရွာမှာနေပြီး ဆင်ရုပ်ထဲ လက်ဝတ်ရတနာများစွာရှိသည်ကို မသိခဲ့လေခြင်းအပေါ် ကြိတ်မနိုင်ခဲမရ။

‘စိတ်ကောင်းရှိတဲ့ အကြော်သည်သားအမိလည်း အရူးလေးပေးတဲ့ ရတနာတွေနဲ့ ချမ်းသာသွားရော။’ ဟု ဆိုကာ အဘွားက ကလွီမြေကဇာတ်လမ်းတစ်ပုဒ်ကို ပိတ်လေ့ရှိသည်။

အမေ၏ အဖေ ကျနော့်အဘိုးကမူ လေရှည်ရှည်သမားမို့လားမသိ။ကလွီဇာတ်လမ်းသည် ထိုမျှနှင့်မပြီး။အကြော်သည်သားအမိသည် အရူးလေးကောင်းမှုကြောင့် အကြော်သည်ဘဝမှကျွတ်ကာ ခပ်ထည်ထည်အိမ်တစ်အိမ်လည်း ဝယ်နိုင်သွားသလို ကလွီတွင် အကြီးဆုံးသောကုန်စုံဆိုင်လည်း တည်နိုင်သွားခဲ့သည်ဟု ဆို၏။

‘သမီးပျိုလေးကတော့ ကြိုက်တဲ့သူပေါပေမဲ့ အိမ်ထောင်မပြုဘူး။နောက်လေး၊ ငါးနှစ်ကြာတော့ ကလွီကို အရူးလေးပြန်ရောက်လာတယ်။ဒီတစ်ခါကတော့ အရူးဟန်ဆောင်ပြီးလာတာမဟုတ်ဘူး။သူဌေးလေးအနေနဲ့ပေါ့။သူက အကြော်သည်သမီး ယောကျာ်းမရသေးရင် ယူမလို့လာတာ။ဒီကလည်းအပျိုကြီး၊ သူ့ကိုလည်းကြိုက်နေတော့ ယူလိုက်ကြတယ်။သူတို့လင်မယား အဘွားကြီးသေမှပဲ ယိုးဒယားပြောင်းသွားကြတယ်။’ ဟု အဘိုးက ဆက်လေ့ရှိသည်။

ကလွီနှင့် အရူးလေးဇာတ်လမ်းသည် ဘယ်ခေတ်အခါက အဖြစ်အပျက်လဲမသိ။ယနေ့ထိတိုင် ထိုင်းလူမျိုးလက်ကျန်များ တစ်စုတည်းနေထိုင်သည့် ရှမ်းစုဆိုသောရွာရှိနေခြင်းအရ တစ်ချိန်က ဘီလူးကျွန်း၌ ထိုင်းတို့နေထိုင်သွားခဲ့ဖူးကြောင်း ခိုင်မာသည်။ထို့ပြင် ယနေ့ထိတိုင် ကလွီရွာထိပ်တွင် ဆင်ဖြူကျောင်းရှိနေခြင်းကလည်း နောက်ထပ်အထောက်အထားကောင်းတစ်ခုဟု ဆိုနိုင်သည်။

သို့သော်၊ ပေထက်အက္ခရာမရှိ၊ အစဉ်အလာ လက်ဆင့်ကမ်းဇာတ်လမ်းမို့ တကယ့်အဖြစ်မှန်မဟုတ်သော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် (သို့မဟုတ်) အဖြစ်မှန်ဇာတ်လမ်းဟုတ်ခဲ့သည့်တိုင် ကျနော့်အဘိုးအဘွားပြောပြသည့်အတိုင်း ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မည်။

မည်သို့ပင်ဆိုစေ၊ ကျနော့်အတွက်တော့ ငယ်ငယ်ကတည်းက စွဲလန်းခဲ့ရသည့်ဇာတ်လမ်းမို့ ယနေ့ထိတိုင် မျက်စိစုံမှိတ် အမှန်ထင်နေသောဇာတ်လမ်းဖြစ်သည်။ထို့ကြောင့် ဟိုး..ငယ်ငယ် အလယ်တန်းကျောင်းသားဘ၀ ကလွီကိုရောက်တော့ ဆင်ဖြူကျောင်းနှင့် ရွာအဝင်ထိပ် အုံ့ဆိုင်းနေသောအကြော်တဲနေရာကို ငေးကြည့်ချင်စိတ် ပြင်းပြခဲ့သည်။သို့သော်၊ အရေးတယူလိုက်ပို့မည့်သူမရှိသဖြင့် မရောက်။

ကလွီသို့ရောက်ပြီးနောက် တစ်နှစ်ဝန်းကျင်အကြာ ချောင်းဆုံမြို့ပေါ်နှင့်ကပ်လျက် ခရိုက်သစ်ကျေးရွာရှိ ဆင်ဖြူကျောင်းမှ ဆင်ရုပ်ဗိုက်အဖောက်ခံရသည့်သတင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ရာ ကျနော့်အတွက် အတွေးပွားစရာဖြစ်ခဲ့သည်။ဆင်ရုပ်ဗိုက်ဖောက်သူမှာ ထိုင်းလူမျိုးများလား။ရတနာပစ္စည်း မည်မျှရရှိသွားသနည်း။ကလွီဇာတ်လမ်းကို အကြောင်းပြုကာ ဆင်တူရိုးမားအတွေးများဖြင့် လွင့်မျောခဲ့ရ။ခရိုက်သစ် ဆင်ဖြူကျောင်းကိုရော ကလွီဆင်ဖြူကျောင်းကိုပါ ရောက်ချင်ပေါက်ချင်စိတ် ပြင်းပြခဲ့သည်။သို့သော်၊ မည်သည့်ဆင်ဖြူကျောင်းကိုမှ မရောက်ခဲ့ရ။

အသက် ၄၀ကျော်အရွယ်တွင် ရှေးဟောင်းမြို့တော် ဒရယ်ရွာသို့အသွား ကလွီကို နှစ်ခေါက်ဖြတ်ခဲ့သော်လည်း မအားမလပ်အခြေအနေအရ ဖြတ်ခနဲသတိရမိရုံမျှ။

ကလွီရွာ ဆင်ဖြူကျောင်းသို့ ရောက်အောင်သွားမည်။ရွာထိပ်က အုံ့ဆိုင်းနေသောသစ်ပင်ကြီးများအောက်တွင် ခြေပစ်လက်ပစ်ထိုင်ချကာ တစ်ချိန်က အကြော်ဆိုင်နှင့် အရူးလေးအကြောင်း စိတ်ရှိလက်ရှိထိုင်တွေးလိုက်ဦးမည်ဆိုသည့်စိတ်မှာ ယနေ့တိုင်လတ်ဆတ်နေဆဲဖြစ်သည်။

ငြိမ်းဆက်
ဇူလိုင် - ၁၀