【 ဆောင်းပါး 】 ညီညွတ်မှုနှင့်စေတနာ

【 ဆောင်းပါး 】 ညီညွတ်မှုနှင့်စေတနာ

တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့က ကျွန်တော်တို့လမ်းမှာ ညနေဘက်စတုဒီသာ ကျွေးမွေး ဧည့်ခံသည်။ လာသမျှဧည့်သည်များကို ထမင်းကျွေးသည်။ သီးစုံပဲကုလားဟင်း ငါးခြောက် ထောင်းကြော်နှင့် ပဲတီချဉ်တို့စရာဖြစ်သည်။ အလှူရှင်ကတော့လမ်းသူလမ်းသားအားလုံးဖြစ်သည်။

ကျွန်တော်တို့အိမ်ရှေ့က အလှကုန်လက်လီလက်ကားရောင်းသောအိမ်က အလှူငွေတစ်သိန်း ထည့်ဝင်ခဲ့ သည်။ ကျန်သောအိမ်များမှလည်း တတ်နိုင်သလောက်ထည့်ဝင်ကြသည်။တစ်လမ်းလုံးတွင် မလှူသောအိမ် မရှိခဲ့ ပါ။ အိမ်တိုင်းအိမ်တိုင်း ကိုယ်တတ်နိုင်သမျှ ပါဝင်လှူဒါန်းခဲ့ကြသည်။ ကျွန်တော့် အိမ်ဆိုအလှူငွေငါးထောင်ထည့်ခဲ့ သည်။ ကျွန်တော့်အောက်ထပ်အခန်းက တစ်သောင်း ထည့်သည်။ သည်လိုနှင့်ပဲ အလှူကြီးတစ်ခုဖြစ်မြောက်ခဲ့ သည်။

ညနေသုံးနာရီခန့်တွင် လမ်း၏ဘေးနှစ်ဖက်မှာ စားပွဲ ကုလားထိုင်တွေတန်းစီခင်းပြီး အလယ်မှာ လူသွား လမ်းထားသည်။ ကလေးလူကြီးစည်စည်ကားကား ပျော်ပျော်ရွှင်ရွှင် အားရပါးရနှင့် ရယ်ရယ် မောမောစားကြ သောက်ကြတာမြင်ရတော့ အရမ်းကို ဝမ်းသာပီတိဖြစ်မိသည်။ ဒါကိုယ့်အလှူပါလား ဆိုသောအသိက များစွာအား ရကျေနပ်စေသည်။ ပိုက်ဆံငါးထောင်နှင့် ယခုကဲ့သို့အလှူကြီးတစ်ခု ပြု လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

ကျွန်တော်တို့လမ်းကဲ့သို့ပင် အခြားလမ်းတွေလည်း စတုဒီသာအလှူလုပ်ကြလေသည်။ တချို့ ကအဖိတ် နေ့ တချို့က လပြည့်နေ့ တချို့ကလပြည့်ကျော်တစ်ရင်နေ့မှာလုပ်ကြသည်။ တချို့ကထမင်း တချို့ကမုန့်ဟင်းခါး စသည်ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

သည်လိုအချိန်မျိုးမှာ တစ်ချိန်က ကျွန်တော်တို့မဟာစိတ္တလမ်းသူလမ်းသားတွေ ရွာမဘုန်းကြီး ကျောင်း မှာ စုပေါင်းကထိန်ခင်းခဲ့တာ၊ဘုရားပွဲမှာစတုဒီသာကျွေးခဲ့တာ၊လမ်းထဲမှာအပါတ်စဉ် မဟာဒုက် အလှူလုပ်ခဲ့တာ တွေကိုပြန်သတိရမိသည်။ နည်းနည်းတတ်နိုင်သူကနည်းနည်း၊ မနည်းမများတတ်နိုင် သူကမနည်းမများ၊ များများ တတ်နိုင်သူကများများ ပါဝင်ထည့်လှူခြင်းဖြင့် ကြီးကျယ်ခမ်းနားသော အလှူတွေအောင်အောင်မြင်မြင် လုပ်နိုင် ခဲ့ကြပြီ။

ဘုရားရှင်ကလည်း အလှူဒါနအစရှိသော ကုသိုလ်ကောင်းမှုကို နည်းသည်လို့သဘောထားပြီး သိမ်ငယ်မ နေ ဘဲ တတ်နိုင်သလောက်လေးကိုပဲ စေတနာရှေ့ထား၍ ပြုလုပ်ရန်မှာထားခဲ့ပါသည်။ဘုရားရှင်ဟောကြားသော ဓမ္မပဒလာ ဗိဠာလပဒက သူဌေးဝတ္ထုတွင် ကောင်းမှုပြုရာ၌ နည်းသည်လို့သဘောမထားသင့်ကြောင်း ဟောပြောခဲ့ သည်။

တစ်ခါတွင် သာဝတ္ထိမြို့သူမြို့သားများ၏စုပေါင်းအလှူတစ်ခုတွင် ဘုရားရှင်က “ဤသာသနာ၌ မိမိသာ အလှူဒါနပြု၍ အခြားသူများကိုလှူရန်မတိုက်တွန်းသူသည် စီးပွားဥစ္စာရသော်လည်း အခြွေအရံ မရ။ အခြားသူ များကိုလှူရန်တိုက်တွန်းသော်လည်း ကိုယ်တိုင်မလှူသူသည် အခြွေအရံရသော်လည်း စီးပွားဥစ္စာမရပေ။ ကိုယ် တိုင်လည်းလှူ အခြားသူများကိုလည်းလှူရန်တိုက်တွန်းသူသည် စီးပွားဥစ္စာ ရောအခြံအရံပါရသည်။ ကိုယ်တိုင် လည်း မလှူ အခြားသူများကိုလည်းလှူရန်မတိုက်တွန်းသူသည် စီးပွားဥစ္စာရော အခြံအရံပါမရရှိပေ။”

ဘုရားရှင်၏တရားကိုနာပြီးနောက် အမျိုးသားတစ်ယောက်သည် နိဗ္ဗာန်ဆော်ပြုလုပ်ကာ ဘုရားရှင်နှင့် သံဃာတော်များကိုလှူရန်အတွက် ဆန် ဆီ ဆားစသောလှူဖွယ်ပစ္စည်းများကိုလိုက်လံ အလှူခံလေသည်။

သူဌေးဗိဠာလပဒကသည် ထိုသို့နိဗ္ဗာန်ဆော်ကလိုက်လံအလှူခံနေသည်ကိုကြည့်ကာ ကိုယ့် ဘာသာကိုယ် တတ်နိုင်သလောက်မလှူဘဲ သူတစ်ပါးထံလိုက်လံအလှူခံနေသည်ဟုအပြစ်တင်ကာ မကျေမနပ်ဖြစ်နေလေ သည်။

ထိုသူဌေးထံသို့နိဗ္ဗာန်ဆော်ရောက်လာပြီးအလှူခံသောအခါ သူဌေးက ဆန်ကိုလက်သုံးချောင်းနှင့် ကလော်၍ ပါသမျှသာလှူသည်။ ပဲနောက် ပဲလွန်းစသည်ကိုလည်း တစ်စေ့ နှစ်စေ့သာလှူသည်။ ထောပတ် တင်လဲစ သည်ကိုလည်း အစက်လေးများချကာလှူသည်။

နိဗ္ဗာန်ဆော်သည် အခြားသူများလှူသည့်ပစ္စည်းများကို တူရာတူရာစုကာ ပေါင်းထားသော် လည်း သူဌေးဗိဠာလပဒကလှူသောပစ္စည်းများကိုသီးခြားထားသည်။ ထိုသည်ကို သူဌေးကသတိပြုမိ လေသည်။ ထို့ကြောင့်သူ့အလုပ်သမားတစ်ယောက်ကိုစေလွှတ်ကာ နိဗ္ဗာန်ဆော်မည်သို့လုပ်ဆောင် သည်ကိုစောင့်ကြည့် စေသည်။

နိဗ္ဗာန်ဆော်သည် ဆွမ်းချက်သောအခါ သူဌေး၏ဆန်စေ့များကိုဆွမ်းချက်သည့်အထဲရောထည့် သည်။ ပဲစသည်ကိုလည်းရောထည့်သည်။ ထောပတ်တင်လဲတို့ကိုလည်း အချိုပွဲများ၌အဆင်ပြေသလို ရောနှောထည့်ကာ ဆွမ်းပွဲ ဟင်းပွဲ အချိုပွဲများပြင်ဆင်လေသည်။

နိဗ္ဗာန်ဆော်ပြုလုပ်သမျှကို အလုပ်သမားက သူဌေးကိုပြန်ပြောပြသည်။ သူဌေးက ဘာမှမပြော သာ သော်လည်း နိဗ္ဗာန်ဆော်သည် သူ့ကိုလူဘုံအလယ်မှာအရှက်ခွဲလိမ့်မည်ဟုထင်နေမိသည်။ ထိုသို့ သာသူ့အရှက် ကိုခွဲပါက နိဗ္ဗာန်ဆော်ကိုအသေသတ်မည်ဟုတွေးကာ ဓားကိုဝှက်ယူ၍ အလှူပွဲရှိရာသို့ လာခဲ့သည်။

နိဗ္ဗာန်ဆော်သည် ဘုရားအမှူးရှိသောသံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပြီးနောက် တပည့် တော်သည် ပြည်သူအများကိုနှိုးဆော်၍ ဤအလှူကိုလှူပါသည်။ ပြည်သူအများကလည်း စေတနာ သဒ္ဓါထက်သန်စွာဖြင့် သူတို့တတ်နိုင်သလောက်အလှူထည့်ဝင်ပါသည်။ နည်းများမဟူ စေတနာဖြူစွာ လှူဒါန်းကြသော အများပြည် သူတို့အား ဤအလှူ၏အကျိုးအမြတ်ကိုရကြပါစေဘုရား ဟုလျှောက်ထား လေသည်။

ထိုအခါသူဌေးသည် နိဗ္ဗာန်ဆော်၏စိတ်စေတနာနှင့်အတူ သူ၏အမှားကိုမြင်ရသောကြောင့် နိဗ္ဗာန်ဆော် အားခွင့်လွှတ်ဖို့ ဝန်ချတောင်းပန်သည်။ ထိုအဖြစ်အပျက်နှင့်စပ်ယှဉ်း၍ ဘုရားရှင်က အောက်ပါဒေသနာကို ဟောကြားရာ သူဌေးဗိဠာလပဒကသည် သောတပန်တည်သွားလေသည်။

“အနည်းငယ်မျှသောကုသိုလ်ကောင်းမှုသည် အကျိုးပေးလိမ့်မည်မဟုတ်ဟု ကုသိုလ်ကောင်းမှု ကိုမထီ မဲ့မြင်မပြုရာ။ တစ်စက်ချင်းကျသောမိုးရေပေါက်သည် ကျဖန်များသော်အိုးထဲ၌ရေပြည့်လာသကဲ့သို့ ပညာရှိ သူ တော်ကောင်းသည် အနည်းငယ်စီဖြစ်သော ကုသိုလ်ကောင်းမှုကိုပြုဖန်များသော် ကောင်းမှုဖြင့်ပြည့်စုံစေ၏”

တစ်ယောက်အားနှင့်ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ဆိုသကဲ့သို့ တစ်ယောက်ထဲ နှင့်အလှူ ကြီးအတန်းကြီးမလှူနိုင်သော်လည်း အများစုပေါင်းလှူသောအခါအောင်မြင်ပါသည်။

ယခုလိုကပ်ရောဂါဘေးများဆိုက်ရောက်ကာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရသော အချိန်များ တွင် လုပ်ရေး ကိုင်ရေး စားရေးသောက်ရေး အတွက်လူများစုမှာ အခက်အခဲတွေရှိနေကြသည်။ သို့သော်လည်း တတ်နိုင်သူနှင့် မတတ်နိုင်သူ ကုသိုလ်ကောင်းမှုလုပ်ချင်သည့် တူညီသောဦးတည်ချက် ဖြင့် စိတ်ဝမ်းမကွဲဘဲ ညီညီညွတ်ညွတ် စုပေါင်းလုပ်ကိုင်ကြလို့သာ အောင်မြင်မှုရခြင်းဖြစ်ပါသည်။

ဆင်းရဲလေလေသံဝေရရဆိုတာလို ဒုက္ခရောက်သည့်အချိန်မှာ ကောင်းမှုကုသိုလ်ကို ပို၍လုပ် ကြရမည် ဖြစ်သည်။ ဘယ်သူ့ကြောင့်ဒုက္ခရောက်ရောက် ကိုယ့် အကုသိုလ်ကြောင့်ဖြစ်သည်ကို သတိ ပြုရမည်ဖြစ်သည်။ ထိုဒုက္ခတွေကိုအနိုင်တိုက်နိုင်သည်ကလည်း ကုသိုလ်ကောင်းမှုတစ်ခုပဲရှိတာကို လည်းယုံကြည်ရမည်ဖြစ်သည်။ ထို့ကြောင့်ကိုယ်တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြရ ပေမည်။

အလှူဒါနဆိုရင်လည်း တတ်နိုင်သလောက်လှူရမည်ဖြစ်သည်။ တစ်ယောက်တည်း မတတ် နိုင်ပါက စုပေါင်းလှူရမည်ဖြစ်သည်။ သူများတကာစုပေါင်းအလှူမျိုးတွေ့ရင်လည်း ကိုယ်တတ်နိုင် သလောက် ပါဝင် လှူဒါန်းရမည်ဖြစ်သည်။

အရေးအကြီးဆုံးကတော့ ကိုယ်တိုင်လည်း ကုသိုလ်လုပ်ချင်စိတ်ရှိဖို့လိုပါသည်။ ကိုယ့်ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများကိုလည်း ကုသိုလ်လုပ်ချင်စိတ်ရှိစေရန်သတိပေးတိုက်တွန်းဖို့လိုပါ သည်။

                   

                                                                 ရိုက်မောင်း