【 ဆောင်းပါး 】 တစ်ခါက ဆေးလိပ်

【 ဆောင်းပါး 】 တစ်ခါက ဆေးလိပ်

အသက် ၄၀ ကျော်အရွယ်ရောက်လာတော့ အဖြူအစိမ်းဝတ် အခြေခံပညာကျောင်းသားတချို့ လက်ထဲ ဆေးလိပ်ကိုင်ထားတာမြင်ရင် တော်တော်ကြည့်မရဖြစ်မိတယ်။လူကမဖြစ်သေးဘူး၊ ဆေးလိပ်က လက်ကြားထဲရောက်နေပြီလို့ မကျေမချမ်း။သူတို့ကိုယ်သူတို့ကတော့ ဟန်ကြီးပန်ကြီး၊ တော်တော်ဟုတ်လှပြီထင်နေတဲ့ စတိုင်မျိုးနဲ့။ကိုယ့်အမြင်မှာတော့ လုံချည်ဝတ်ထားတဲ့ ကလေးတစ်ယောက်လို့သာ ထင်နေလေတော့ ဘယ်လိုမှအဆင်မပြေ။

ဒါနဲ့ ကျနော်ငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိတယ်။ဘာလို့လဲဆိုတော့ ဒီကောင်က ၅ တန်း၊၆ တန်းလောက်ကတည်းကို ဆေးလိပ်သောက်တတ်နေတာကြောင့်ပါပဲ။

ကျနော်တို့တောမှာ အဲဒီကာလ ဈေးပေါပေါနဲ့သောက်နိုင်တဲ့ ဆေးလိပ်က ပြောင်းဖူးဖက်ဆေးလိပ်။ပြောင်းဖူးဖက်ရဲ့ ပြင်းချက်က တစ်ဖွာရှိုက်ရင်ကို တစ်ဖွာ သိသိသာသာ။ဆေးလိပ်ကကြီးကြီး လူကသေးသေးနဲ့ ကျနော့်ဘော်ဒါ ဆေးလိပ်သောက်နေတဲ့ပုံက လူကြီးတွေမပြောနဲ့ ကျနော်တို့ကလေးချင်းတောင် ကြည့်ရ အဆင်မပြေ။သူ့ပုံစံက အသားဖြူဖြူ၊ ပိန်ပန်သေးသေးနဲ့ ရှူနာရှိုက်ကုန်း။အရွယ်မတိုင်ခင် ဆေးလိပ်သောက်လို့ ရှူနာရှိုက်ကုန်းလေး ဖြစ်နေတာလို့ လူကြီးတွေက ပြောကြတယ်။

သူက အိမ်မှာ အငယ်ဆုံးသား။သူ့အဘွားရော သူ့အဖေ၊ အမေရော သူ့ကြီးတော်ကြီးပါ ဆေးလိပ်သောက်ကြတော့ မွေးကတည်းက ဆေးလိပ်နဲ့ ယဉ်ပါးနေတဲ့ကောင်။အဘွားက မီးညှိခိုင်းလိုက်၊ ကြီးတော် က မီးညှိခိုင်းလိုက်နဲ့ တစ်ဖွာလောက် ကောက်ဖွာလိုက်။လူကြီးတွေ ဆေးလိပ်သောက်တဲ့ပုံစံအတိုင်း ဆေးလိပ်သောက်ပြတာကို အိမ်ကလူတွေက တဝါးဝါးနဲ့ ပွဲကျလိုက်နဲ့ နောက်တော့ ၅ တန်းလောက်မှ ဆေးလိပ်စသောက်၊ ၆ တန်းရောက်တော့ ဆေးလိပ်စွဲနေတဲ့အဆင့်။

ကျနော့်ဘကြီးဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်လို့ဆိုပြီး သူ့ကို သိပ်အမြင်ကတ်တယ်။ဆင်းရဲ၊ ချမ်းသာမရွေး သူငယ်ချင်းတွေကို ခင်ခင်မင်မင်ပေါင်းရမယ်လို့ သွန်သင်လေ့ရှိတဲ့ ဘကြီးက သူ့နဲ့တော့ အပေါင်းအသင်းမလုပ်နဲ့လို့ တားမြစ်လေ့ရှိတယ်။ဘာလို့လဲဆိုတော့ ကျနော်လည်း ဆေးလိပ်လိုက်သောက်မိမှာစိုးလို့တဲ့။

အဲဒါနဲ့ သူ့ကို သိပ်အပေါင်းကြီး မပေါင်းမိပေမယ့် ဘောလုံးအတူကန်ဘက်မို့ လုံးဝကြီးမပေါင်းလို့လည်း မဖြစ်ပြန်။သူက ဘောလုံးအကန်ကောင်းပေမယ့် ဆေးလိပ်သောက်တော့ အမောမခံနိုင်။ဘောလုံးကန်နေရင်းနဲ့ မောလို့ဆိုပြီး ဆေးလိပ်ပြေးရှူရတာ အမော။

၉ တန်းနှစ်မှာ သူ စာမေးပွဲ ၂ နှစ်ကျပြီးတော့ ကျောင်းထွက်လိုက်တယ်။ငယ်ငယ်လေးကတည်းက ဆေးလိပ်သောက်လို့လားမသိ။ကျန်းမာရေးက သိပ်မကောင်းတော့ အလုပ်ကြမ်းမလုပ်နိုင်။အိမ်မှာထိုင်စားလိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ဆေးလိပ်ကတော့ ဘယ်တော့မဆို လက်ကြားကမချ။

အသက်အစိတ်လောက်မှာ ထင်တယ်။ချောင်းတဟွတ်ဟွတ်ဆိုး၊ တရှောင်ရှောင်နဲ့ ဆေးရုံပေါ်ရောက်တော့ တီဘီက တော်တော်ဖြစ်နေပြီ။သေမယ့်တူတူ မထူးဘူးဆိုပြီး ဆေးလိပ်ဆက်သောက်တယ်။သေခါနီးအချိန်ထိကို ဆေးလိပ်သောက်သွားတယ်။သူသေတော့ သူ့မိဘတွေက သူ့သားသိပ်ကြိုက်တဲ့ ဆေးလိပ်ကို အခေါင်းထဲ ထည့်ပေးလိုက်သေးတယ်။တမလွန်ခရီးမှာ သောက်လို့ရရင် သောက်ဖို့ဆိုလား။

သူသေတော့ ဘကြီးက ကျနော့်ဆီ တကူးတက ဖုန်းဆက်ပြီး ပြောပြတယ်။အဲဒီအချိန်တုန်းက ကျနော်တို့တောမှာ အော်တိုဖုန်းတောင် မပေါ်သေးဘူး ထင်တယ်။အိမ်က ဖုန်းက မြို့နယ်ဆက်သွယ်ရေးရုံးထံ ဖုန်းနံပါတ်……ကို ဆက်ပေးပါလို့ လှမ်းပြော၊ ဖုန်းရုံးက ဆက်ပေးပြီး ဖုန်းဝင်ပြီဆိုမှ လှမ်းချိတ်ဆက်ပေး။ဖုန်းလက်ခံပြောမယ့် ကျနော့်အိမ်မှာကလည်း ဖုန်းမရှိလေတော့ ဖုန်းရှိတဲ့အိမ်မှာ သွားပြောရ။အဲဒီလို ကြားခံ ၂ ဆင့်ခြားပြီးမှ ပြောခွင့်ရတဲ့ဖုန်းမို့ ဘကြီးက တော်ရုံအရေးမကြီးဘဲ ဖုန်းခေါ်လေ့ရှိတာမဟုတ်ဘူး။

ကျနော့်သူငယ်ချင်းသေတာ ဘာ့ကြောင့် အရေးတကြီးဖုန်းခေါ်ရတာလဲဆိုတော့ ဆေးလိပ်သမား စောစောစီးစီးသေတတ်ကြောင်း ဘကြီးက ပြောပြချင်တာမို့ပါ။ဘကြီးက ဆေးလိပ်ဆန့်ကျင်ရေးသမား၊ ကျန်းမာရေးလိုက်စားသူ။အရက်သောက်တတ်တယ်ဆိုပေမယ့် အရက်ကို စနစ်နဲ့ တစ်ပတ်တစ်ကြိမ်၊ အလွန်ဆုံး ၂ ကြိမ်သာ ရေချိန်ကိုက်တာထက် မလွန်အောင် သောက်သုံးသူ။

သူ့ရဲ့တူဖြစ်သူ ကျနော်က အဲဒီအချိန်မှာ ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်နေပြီမို့ အရေးတကြီး လှမ်းပြောပြခြင်းဖြစ်တယ်။ဘကြီးရဲ့ထုံးစံအတိုင်း သူ့သဘောထားကို ပြင်းပြင်းထန်ထန် ပြောလေ့မရှိ။ဒါမလုပ်နဲ့လို့ အမိန့်ပေးတာမျိုး သိပ်မလုပ်တတ်တာမို့ ဘကြီးက ကျနော်ဆေးလိပ်ဖြတ်ဖို့ရာ ဘယ်တုန်းကမှ ဇွတ်အတင်းပြောလေ့မရှိ။ဒါပေမဲ့ ကျနော့်ကို ဆေးလိပ်မသောက်စေချင်စိတ် အပြည့်ရှိသူမို့ ဆေးလိပ်သောက်ရင် စောစောစီးစီးသေနိုင်ကြောင်း လှမ်းပြောပြခြင်းလို့ ထင်ရပါတယ်။

‘ငါတူကြီးရယ် ဆေးလိပ်က ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်သေး။အနံ့ကလည်း နံသေး။ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်သေးတာ၊ ဘာလို့သောက်နေရတာတုန်း။ကွမ်းလေး ဘာလေး ပြောင်းစားချင်စားစမ်းပါ’ တဲ့။

ဘကြီးက ဆေးလိပ်ကို ပြတ်ပြတ်ဆန့်ကျင်ပေမယ့် ကွမ်းကိုတော့ ရံဖန်ရံခါ အပျင်းပြေသဘော စားလေ့ရှိသူ။ကျနော်တို့တောမှာက ဧည့်သည်လာရင် ကွမ်းအစ်ထုတ်ပြီး ကွမ်းနဲ့ဧည့်ခံလေ့ရှိသလို တချို့အိမ်များဆို ဧည့်ခံတဲ့ကွမ်းက ကွမ်းယာထဲထည့်စားလို့ရတဲ့ အမွှေးအကြိုင်အစုံအလင်။တချို့ဆို အုန်းသီးကိုခြစ်၊ ယိုထားကာ ကွမ်းယာအချိုတော့ လုပ်စားလိုက်သေး။ဘကြီးက အဲဒီလို အမွှေးအကြိုင်တွေနဲ့ ကွမ်းယာအချိုလိုမျိုးကို ကြိုက်တာမို့ ရံဖန်ရံခါ စားလေ့ရှိတာ။

ကျနော်က လူငယ်လေးမို့ ကွမ်းသွေးတွေရဲနေတဲ့ ပါးစပ်ပေါက်ကြီးက စတိုင်ပဲ့တာကြောင့် ကွမ်းစားရမှာကို မကြိုက်။ဒါပေမဲ့ ဘကြီးက ကြုံရင်ကြုံသလို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းလေ့ရှိသလို ကျနော့်အမေကလည်း ‘နင်က ဆေးလိပ်စွဲနေတဲ့ကောင်၊ ဆေးသမား’ လို့ မနာ နာအောင် ပြောတတ်တာမို့  တစ်ခါက စိတ်ပေါက်ပေါက်နဲ့ ဆေးလိပ် တစ်နှစ်ဖြတ်ပြမယ်ဆိုပြီး ဖြတ်ခဲ့တယ်။

ပြက္ခဒိန်မှာ ဆေးလိပ်ဖြတ်တဲ့နေ့ကို မှင်နီနဲ့ သေသေချာချာဝိုင်းကာ ကျနော်ဟာ ဆေးလိပ်ကို သိပ်စွဲလန်းနေတာမဟုတ်ကြောင်း သက်သေပြတဲ့အနေနဲ့ တစ်နှစ်ဖြတ်ပြမယ်လို့ အမေ့ကို ပြောလိုက်တယ်။ကျနော် ဆေးလိပ်ဖြတ်တဲ့သတင်းကို ဘကြီးကြားတော့ ဝမ်းသာအားရနဲ့ မုန့်ဖိုး ၁ သိန်း လှမ်းပို့ပေးတယ်။အဲဒီခေတ် မုန့်ဖိုး ၁ သိန်းဆိုတာ လူလတ်တန်းစားတွေအတွက် မနည်းလှတဲ့ငွေ။

ဆေးလိပ်ဖြတ်နေတဲ့အချိန်အတွင်း ကွမ်းတွေဘာတွေလည်း မစား။ဒုံးတိကြီးကို ဘာကာဗာမှမယူဘဲ ဆေးလိပ်ဖြတ်ခဲ့တယ်။

တစ်နှစ်ပြည့်တဲ့နေ့ရောက်တော့ မှင်နီနဲ့ ဝိုင်းထားတဲ့ ပြက္ခဒိန်ကိုယူလာကာ အမေ့ကိုပြ။တစ်နှစ်ပြည့်ပြီမို့ ဆေးလိပ်ပြန်သောက်ပြီဖြစ်ကြောင်း ကြေညာလိုက်တော့ အမေရော ဘကြီးရောပါ တဗျစ်တောက်တောက်နဲ့ နှမြောလို့မဆုံး။

‘ဘာလို့ မကောင်းတဲ့ ဆေးလိပ်ကို ပြန်သောက်ရတာလဲ’ တဲ့။ဘကြီးရဲ့မေးခွန်းကို ကျနော်မဖြေဖြစ်။

ငြိမ်းဆက်