【 ဆောင်းပါး 】 တစ်ခါက မရမ်းရွာသားတစ်ယောက်

【 ဆောင်းပါး 】 တစ်ခါက မရမ်းရွာသားတစ်ယောက်

သံလွင်မြစ်ကမ်းဘေးတွင် မွေးဖွားကြီးပြင်းခဲ့သော အဘိုးမှာ အရွယ်ရောက်လာတော့ ပဲ့နင်းကြီးတစ်ဦးဖြစ်လာခဲ့သည်။ကိုယ့်လှေဖြင့်ကိုယ် သံလွင်မြစ်မှသည် ကပ္ပလီပင်လယ်သို့ဆင်းကာ မြိတ် (ဘိတ်) အထိ ကုန်သွယ်ခဲ့သည်ဟု သိရသည်။ဘီလူးကျွန်းကနေ ဆန်တွေတင်၊ မြိတ်တွင် မလေးရှားပို့မည့်ဝယ်လက်က အဆင်သင့်။အပြန်ခရီးတွင် ဘီလူးကျွန်း၌မထွက်သော မြိတ်ထွက်ကုန်များပြန်တင်ဖြင့် ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပုံလည်းရသည်။

အဘိုးပိုင်ဆိုင်သောလှေက ဘယ်၍ဘယ်မျှကြီးသလဲမသိ။ရွက်တိုင်ထူကာ ပင်လယ်ထဲရွက်လွှင့်သွားလာသည့် ကုန်တင်လှေဖြစ်ခြင်းကြောင့် နည်းနည်းတော့ ခပ်ကြီးကြီးဖြစ်မည်ဟု ထင်၏။ပြီးတော့ အဘိုး၏ ရေကြောင်းပညာမှာ ကျွမ်းကျင်အဆင့်ရှိမှာလည်း သေချာသည်။ပင်လယ်ထဲ ရွက်လွှင့်သူတို့၏ ကမ်းမမြင် လမ်းမမြင် ဘဝပေးနှင့် အထိန်းအကွပ်မရှိခြင်းအရ ကျနော့်အဘိုး၏ငယ်ဘ၀မှာ အရက်သောက်စားခြင်းနှင့် ထဲထဲဝင်ဝင်ပတ်သက်ခဲ့သည်ဟု သိရသည်။

ပြီးတော့ မိုးကာလဆို အလုပ်နားသော လှေလုပ်ငန်းသဘာဝအရ မိုးတွင်းဆိုရွာထဲတွင် ၁၀၉/၁၁၀။အလုပ်မရှိ ဝေလေလေအပြင် မောင်နှမ ၁၁ ယောက်ထဲ အငယ်ဆုံးသားလည်းဖြစ်ပြန်၊ အစ်မ ၇ ယောက်စလုံးကလည်း မောင်အငယ်ဆုံးကို သည်းသည်းလှုပ်ပြန်ဆိုတော့ ညစဉ်အသောက်အစားကောင်းမည့်ဟန်။

‘အစ်မတွေအကုန်လုံးက သူတို့မောင်ကိုချစ်လည်းချစ် ကြောက်လည်းကြောက်ရတယ်’ ဟု ကျနော့်အဖေက သူသိသမျှ သူ့အဖေအကြောင်းကို ပြောပြသည်။

ထိုသို့ဖွဲ့စည်းထားသော ကျနော့်အဘိုးမှာ ဘီလူးကျွန်း၊ သံလွင်မြစ်ဘေးရှိ မရမ်းရွာတွင် မွေးဖွားခဲ့သည်။မရမ်းရွာမှာ တစ်ချိန်က သင်္ဘောဆိပ်ရှိသော ရွာကြီးဖြစ်သည်။မော်လမြိုင်မှလာသော ခရီးသည်တင်သင်္ဘောမှာ နာရီဝက်ခန့်အကြာတွင် ဘီလူးကျွန်း သက္ကောဆိပ်သို့ကပ်။သက္ကောဆိပ်မှာ သင်္ဘောဆိုက်ကပ်၍ရရုံ သင်္ဘောဆိပ်ဟုခေါ်ဆိုနိုင်ရုံမျှ။နောက်ထပ် ၁၅ မိနစ်ဝန်းကျင်အကြာတွင် ဘီလူးကျွန်း နတ်မှော်သင်္ဘောဆိပ်။နတ်မှော်သည် သင်္ဘောဆိပ်အကြီး။နတ်မှော်တွင် လူအတင်အချပြုလုပ်ပြီးနောက် နာရီဝက်ခန့်ဆက်ခုတ်လျှင် နတ်မှော်သင်္ဘေဆိပ်နှင့် မတိမ်းမယိမ်းသော မရမ်းသင်္ဘောဆိပ်သို့ရောက်သည်။မရမ်းသည် သင်္ဘော ဂိတ်စ၊ ဂိတ်ဆုံးရွာ။ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အထိ မရမ်းသင်္ဘောဆိပ်ရှိခဲ့သည်။

‘ဦးငယ်တို့ ၁၀ နှစ်သားလောက်အထိ မရမ်းသင်္ဘောဆိပ်ရှိသေးတယ်။နောက်ပိုင်း ကမ်းပြိုတာများလို့ သင်္ဘောဆိပ်လည်းပျက်သွားတာလို့ ထင်တယ်’ ဟု ယခု ၂၀၂၁ ခုနှစ်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဘီလူးကျွန်းသား ဦးလေးကဆိုသည်။

ကမ်းက ဘယ်လောက်ပြိုသလဲဆိုတော့ မရမ်းရွာအနီး သံလွင်မြစ်ပေါ်ရှိ ဟင်္သာကျွန်းဆိုသည့် ကျွန်းကြီးနှင့် မရမ်းရွာမှာ ကျနော့်အဘိုးတို့ လူငယ်ဘဝတုန်းက လေငြိမ်ရေငြိမ်သည့်အချိန်တွင် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း အော်ပြောလျှင် ကြားသည်တဲ့။ကျနော်လူပျိုပေါက်အရွယ် ပြီးခဲ့သည့် နှစ် ၃၀ ၀န်းကျင်ကပင် မရမ်းရွာနှင့် ဟင်္သာကျွန်းကြား ခြားထားသည့် ရေပြင်မှာ တော်တော်ဝေးနေခဲ့ပြီ။

အဘိုး၏ မိဘတို့မှာ လယ်ယာလုပ်ငန်းနှင့် ဆန်စပါးအရောင်းအဝယ်လုပ်သူများမို့ မိသားစုစားအိုးကြီးသော်လည်း မပူပင်ရသည့်အနေအထားရှိသည်။အဘိုးတို့အိမ်မှာ သင်္ဘောဆိပ်နှင့် သိပ်မဝေး။သံဘာဂျာတံခါးတပ်ထားသည့် သစ်သားပျဉ်ထောင်အိမ်ကြီး။ကျနော်လူပျိုဘဝ၊ လွန်ခဲ့သော နှစ် ၂၀ ကျော်အထိ အဘိုး၏အစ်မ နေထိုင်သေးသဖြင့် ဘီလူးကျွန်းပြန်ရောက်တိုင်း ထိုအိမ်သို့ ကျနော်ရောက်ခဲ့သည်။ယခုတော့ မြစ်ကမ်းပြိုသဖြင့် ထိုအိမ်နေရာမရှိတော့သည်မှာ ၁၅ နှစ် ဟိုဘက်ရှိတော့မည်။ထားတော့။

မိသားစုထဲတွင် အငယ်ဆုံးမို့ အလိုလိုက်ခံထားရ၊ လက်ရဲဇက်ရဲကလည်းရှိပြီး ထစ်ခနဲဆို ဓားဆွဲထွက်လာမည့် ညီအစ်ကိုဝမ်းကွဲများစွာလည်းရှိသဖြင့် အဘိုး၏ လူငယ်ဘဝသည် သောက်လိုက်မယ်ဆိုတာချည်းတင်မက ရိုက်လိုက်မယ်ဆိုတာချည်း၊ မိုက်လိုက်မယ်ဆိုတာချည်း။

ထိုသို့သော အဘိုး၏အမည်မှာ ထွန်းလွင်ဖြစ်သည်။အရပ်မြင့်မြင့် တောင့်တောင်ခိုင်ခိုင်၊ မွန်အမျိုးသားတို့၏ ထုံးစံအတိုင်း အသားခပ်မည်းမည်း။အရပ်က ၆ ပေ ဟိုဘက်မို့ သူ့အပေါင်းအသင်းများက လန်ဘားဟုလည်း ခေါ်သည်။

မရမ်းရွာနှင့်ကပ်လျက် ကွမ်သဲရွာသူနှင့် မောင်ထွန်းလွင် ပထမအိမ်ထောင်ကျပြီး အိမ်ထောင်သက် တစ်လ၊ နှစ်လခန့်အကြာတွင် ကွဲသွားသည်။အဘိုးသောက်စားသည့်ဒဏ်ကို မခံနိုင်လို့လား။ယောင်းမများခြင်းဒဏ်ကိုမခံနိုင်လို့လား ဘာလားတော့မသိ။

ပြီးတော့ ဒုတိယအိမ်ထောင်မှာ မရမ်းရွာနှင့် ၃ မိုင်ခန့်ဝေးသော ချောင်းဆုံရွာသူ ကျနော့်အဘွား။အဘိုး ချောင်းဆုံရောက်ခိုက် အဘွားကိုမြင်ပြီးကြိုက်မိကာ နားဖောက်တောင်းရမ်းခဲ့သည်တဲ့။အဘိုးက သောက်သောက်စားစား၊ ရမ်းရမ်းကားကားဖြင့် လက်ကြောတင်းအောင် အလုပ်လုပ်တတ်သူ။အဘွားက အင်မတန်ရိုး၊ အင်မတန်အေး၊ အင်မတန်သည်းခံတတ်ပြီး အင်မတန်လောဘနည်းသူ။

အဘိုး ဘယ်လောက်မူးမူး မယားဝတ္တရားမပျက်သော အဘွား၏ သည်းခံစိတ်နှင့် မေတ္တာတရားက မပြိုင်ပဲ နိုင်ခဲ့လေသလားမသိ။အဘွားနှင့် အိမ်ထောင်ကျပြီးနောက် လှေအလုပ်စွန့်၊ လယ်သမားဘဝခံယူ၊ ညစဉ်သောက်စားခဲ့ရာမှ ၂ နှစ်၊ ၃ နှစ်အကြာ အရက်ကိုစွန့် ကာ ရံဖန်ရံခါ ဓနိရည်သောက်ခြင်းဖြင့် အာသာဖြေ။သူ့သား မူလတန်းအရွယ်ရောက်တော့ အတုမြင်အတတ်သင်မည်စိုး၍ဟုဆိုကာ ဓနိရည်ကိုလည်းဖြတ်။အရက်သေစာသောက်စားခြင်းမှ ရာသက်ပန်ရှောင်ကြဉ်ပါ၏ ဆိုသလိုမျိုး။ဆန့်ကျင်ဘက်တို့၏ ပေါင်းစည်းခြင်းတရားသည် ထိုသို့လှလို့။

ပိုက်ဆံဘယ်လောက်ရှိရှိ အရက်သေစာသောက်စားသူကို လူကြီးလူကောင်းအဖြစ် အသိအမှတ်ပြုရန်ဝန်လေးသော ကျနော်တို့လူ့အဖွဲ့အစည်း၏ ပြတ်ပြတ်သားသား ကျင့်ဝတ်တရားက အဘိုးအရက်ဖြတ်ရန် လှုံ့ဆော်ပေးပုံလည်းရသည်။

ဘာကြောင့်လဲဆိုတော့ အဘိုးသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း တဖြည်းဖြည်းကြွယ်ဝလာခဲ့သောကြောင့်ဖြစ်သည်။တောသူဌေးတို့၏သင်္ကေတ နွားတွေ တစ်ကောင်ပြီး တစ်ကောင် ပိုင်လာသည်။အင်္ဂလန်နိုင်ငံထုတ် စက်ဘီးပိုင်လာသည်။ရေဒီယိုပိုင်လာသည်။လက်ပတ်နာရီပိုင်လာသည် ။(ထိုပစ္စည်းများမှာ ယနေ့ခေတ်အမြင်အရ ဘာမှမထူးဆန်းလှသော်လည်း အဘိုးတို့ခေတ်တွင်မူ တစ်ရွာမှာ တစ်မိသားစုလောက်သာပိုင်ဆိုင်သော ပစ္စည်းများဖြစ်သည်။)

ငွေကြေးကြွယ်ဝလာတော့ လူရာဝင်လာသည်။ပြီးတော့ ထွန်းလွင်ဆိုတာ လူပျိုဘဝတုန်းက မရမ်းရွာတွင် ဘယ်လိုမိုက်ခဲ့တာဟူ၍ နာမည်စာရင်းပေါက်ခဲ့ပြီးသား။မိန်းမရပ်ရွာ ချောင်းဆုံတွင် လာအခြေချသော်လည်း သူမှန်တယ်ထင်လျှင် တစ်ကိုယ်တော် တုတ်ဆွဲ၊ ဓားဆွဲရဲသူမို့ ပိုလူရာဝင်။မိန်းမဘက် အမျိုးအဆွေတို့ အားကိုးအားထားပြုရာအထိ။

‘မင်းတို့အဘိုး ဘယ်လောက်သတ္တိရှိသလဲဆို မင်းတို့အဖေကိုမွေးတော့ သူက ဟင်္သာကျွန်းမှာ။သတင်းကြားတာနဲ့ ညဘက် ၁၀ နာရီလောက်ကြီး ချောင်းဆုံပြန်လာတာ။ဟင်္သာကျွန်းကနေ မရမ်းကို လှေလှော်။မရမ်းရောက်တော့ ချောင်းဆုံကို လမ်းလျှောက်။ခရိုက်သစ်ရွာရောက်တော့ ကားလမ်းအတိုင်းလမ်းလျှောက်ရင် တစ်ကွေ့တစ်ပတ်ကြီးမဟုတ်လား။ဒါနဲ့ ခရိုက်သစ်ကနေ ချောင်းဆုံကို တောလမ်းအတိုင်းဖြတ်ချလာတာ။လက်ထဲမှာ သူကိုင်နေကျ ငှက်ကြီးတောင်ဓားတစ်လက်တော့ပါတာပေါ့။ညသန်းခေါင်လောက်မှာဖြတ်တာ။အဲဒီတောလမ်းက လူပြတ်လွန်းလို့ နေ့ခင်းပိုင်းတောင် တော်ရုံလူတစ်ယောက်တည်းမဖြတ်ရဲတဲ့လမ်း’ ဟု ကျနော့်အဘွား၏မောင်က သူ့ယောက်ဖသတ္တိရှိပုံအကြောင်း ထိုသို့ပြောပြခဲ့ဖူးသည်။

ထိုတောလမ်းမှာ ၂၀၁၀ ဒီဘက်ရောက်မှ ဌာနဆိုင်ရာများရှိလာသဖြင့် အတန်အသင့်စည်ပင်လာသည့်နေရာ။ ၂၀၁၀ ဟိုဘက်တုန်းက နေ့ခင်းပိုင်း ဆိုင်ကယ် (သို့မဟုတ်) စက်ဘီးဖြင့် ဖြတ်သွားလျှင် လူတစ်ယောက်ယောက်တွေ့ ကံကောင်းဆိုသည့် တောလမ်း။သက်တမ်းရင့် အနန်းပင်ကြီးများ အုံ့ဆိုင်းနေသဖြင့် နေ့ခင်းတွင်ပင် ထိတ်ချင်လန့်ချင်စရာ။ကျနော် ဘီလူးကျွန်းရောက်တိုင်း ထိုတောလမ်းကဖြတ်လေ့ရှိပြီး ဖြတ်သည့်အခါတိုင်း ငါ့အဘိုး ဘယ်လိုမကြောက်မရွံ့စိတ်နဲ့ ဒီလမ်းက သန်းခေါင်ယံဖြတ်ခဲ့လေသလဲဟု တွေးမိမြဲဖြစ်သည်။

ပြီးတော့ အဘိုးသည် အောက်သက်ကြေသူလည်းဖြစ်ပြီး အလုပ်မရှိမနေနိုင်သူလည်းဖြစ်ကြောင်း အဘွားက မကြာခဏပြောပြလေ့ရှိသည်။ခိုင်းစရာလူအပြည့်ရှိသော်လည်း တစ်နှစ်စာ ထမင်းဟင်းချက်ရန် ကိုယ့်ဘာသာထင်းခွဲလေ့ရှိသည်။လယ်ယာအလုပ်ပြီးလို့ အိမ်ပြန်နားသည့်အခါ ညနေတိုင်း အိမ်သုံးရန်နှင့် မိန်းမချိုးရန်အတွက် ရေထမ်းသည်။ပြောရလျှင် ယောကျာ်းတို့လုပ်အပ်သော အိမ်ထောင့်တာဝန် လိုလေသေးမရှိ။

မယားဖြစ်သူက အဘိုးဘာလုပ်လုပ် ကန့်ကွက်ခြင်း အလျဉ်းမရှိ။ငြူစူခြင်းမရှိ။မိန်းမတို့သဘာ၀ အလိုမကျသဖြင့် ပွစိပွစိလုပ်ခြင်းမရှိ။သူ့အစ်မများကို ပေးရကောင်းလား၊ ကျွေးရကောင်းလားဆိုတာမျိုးလည်းမရှိ။အင်မတန်အနေအေးပြီး စကားနည်းသူမို့ လင်မယားရန်မဖြစ်ဖူးသဖြင့် ပျင်းတောင်ပျင်းခဲ့လေမလားမသိ။

‘သူ့ရွာကိုတော့ သူတော်တော်ချစ်တယ်။လယ်လုပ်တာက သူတို့ရွာနားမှာပဲ။အလုပ်အားရင် လှေလှော်ပြီး ရွာပြန်တာပဲ။လယ်သိမ်းပြီးလို့ ချောင်းဆုံမှာနေရင်လည်း စက်ဘီးရှိလာတော့ တစ်ပတ်နှစ်ခါ၊ သုံးခါ တကူးတကန့်ကို သူ့ရွာပြန်တာ’ ဟု အဘွားကပြောပြဖူးသည်။

ထိုသို့သော ကျနော့်အဘိုးမှာ အသက် ၄၀ မတိုင်မီကပင် အသောက်အစားကင်းစွာဖြင့် ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းဖြစ်အောင် တည်ဆောက်နေခဲ့ပြီဟု ထင်၏။ကျနော့်မှတ်ဉာဏ်ထဲ ထင်ဟပ်နေသေးသောပုံရိပ်မှာ အဘိုး ဘုန်းကြီးကျောင်းတွင် ဥပုသ်စောင့်ပြီး ပြန်ဆင်းလာသော ညနေခင်း၌ ကျနော်ပြေးကြိုခြင်းဖြစ် သည်။

ကျနော် ၃ နှစ်ပင်မပြည့်သေးသောအရွယ်။အဘိုးက အသက် ၅၀ စွန်းခါစ။ကျနော် ယခုစာရေးနေသည့် ၄၈ နှစ်အရွယ်နှင့် သိပ်မကွာသောအရွယ်တွင် အဘိုးသည် ဘုရားရိပ်တရားရိပ်ပင် ခိုလှုံရကောင်းမှန်းသိနေခဲ့ပြီမို့ ဘုရား၊ တရားနှင့် ဝေးဝေးတွင် အသောက်အစားကလည်းမကင်းသော ကိုယ့်အဖြစ်နှင့်နှိုင်းကာ အံ့သြရသည်။

ကျနော်ကအဘိုးကို ဖေဖေကြီးဟုခေါ်သည်။ဖေဖေကြီး ၅၅ နှစ်အရွယ်။ကျနော် ၃ နှစ်သားတွင် လယ်ကွင်းထဲ ပိုးထိပြီး ကွယ်လွန်သွားခဲ့သည်။ယခုဆို ဖေဖေကြီးကွယ်လွန်ခဲ့သည်မှာ ၄၅ နှစ်ကြာခဲ့ပြီ။ကျနော် ဘီလူးကျွန်းပြန်ရောက်တိုင်း ဖေဖေကြီးဇာတိရွာ မရမ်းသို့သွားလေ့ရှိပြီး မူးရဲမိုက်ရဲသော ထွန်းလွင်၏ ငယ်ဘ၀ကို လိုက်ရှာမိမြဲဖြစ်သည်။

ငြိမ်းဆက်
စက်တင်ဘာ - ၁၁