【 ဆောင်းပါး 】 တစ်ခေတ်တစ်ခါက ကွမ်သဲခြံကြီး

【 ဆောင်းပါး 】 တစ်ခေတ်တစ်ခါက ကွမ်သဲခြံကြီး

ကွမ်သဲရွာ၊ ခြံကြီးဟုဆိုလျှင် ဒီဘက်ခေတ်လူငယ်များကလွဲ အနီးဝန်းကျင်ရွာများပင် သိကြသည်။ဘာကြောင့် ခြံကြီးလို့ခေါ်သလဲဆိုတော့ ခြံက သိပ်ကိုကြီးလွန်းလို့ဖြစ်သည်။ကားလမ်းမဘေး မျက်နှာစာတန်းပင် မရှိဘူးဆို ပေ ၈၀၀ လောက်တော့ ရှိမည်။အနံဆိုလျှင်လည်း ပေ ၅၀၀ မက။မျက်နှာစာတန်းအဆုံးမှာ ကွမ်သဲရွာ အတွင်းထဲဝင်သည့်လမ်းသို့ရောက်ပြီ။အနံ၏အဆုံး ခြံ၏အဆုံးမှာ သံလွင်မြစ်နှင့်ဆက်နေသည့်ချောင်းနှင့် ချောင်း၏အနောက်တွင် လယ်ကွင်း။

ကွမ်သဲသည် အိမ်ခြေများသော ရွာကြီးဖြစ်သည်။တစ်ချိန်တုန်းကတော့ မွန်ရွာ။ကျနော်တို့ငယ်ဘဝရောက်တော့ ဗမာစကားပြောပြီး မွန်ဗမာသွေးနှောများနေသော ရွာဖြစ်ပြီ။ဘီလူးကျွန်း၊ ချောင်းဆုံမြို့ပေါ်နှင့် အလွန်ဆုံးဝေးလှ၊ ၂ မိုင်ကျော်။ချောင်းဆုံမြို့ပေါ်နှင့် ကွမ်သဲရွာကြား ခရိုက်သစ်ဆိုသည့် ရွာတစ်ရွာသာခြားသည်။အဘွားတို့ခြံက ကွမ်သဲရွာအဝင်ထိပ်နား၊ ကတ္တရာလမ်းဘေးတွင်ဖြစ်သည်။

ထိုခြံကြီး၏ပိုင်ရှင်မှာ ကျနော့်အမေ၏ အဘိုးအဘွားဖြစ်သည်။သူတို့တွင် သားသမီး ၁၁ ယောက်ရှိသည့်အနက် ခြံကြီးထဲနေထိုင်သူမှာ ကျနော့်အမေ၏ အမေ မိသားစုသာ။ကျနော်တို့သိတတ်သည့်အချိန်ရောက်တော့ ခြံကြီး၏ မျက်နှာစာသုံးပုံတစ်ပုံကျော်ကို ရောင်းချပြီးခဲ့ပြီ။ဒါတောင် တော်တော်ကြီးနေသေးသဖြင့် ခြံကြီးဆိုသည့်အမည်မှာ အဓွန့်ရှည်နေဆဲဖြစ်သည်။

ကျနော့်အဘွားတို့ မောင်နှမတွေ ဘယ်လိုအမွေခွဲကြသလဲမသိ၊ ကျနော်တို့ငယ်ငယ်ကတည်းကပင် ခြံကြီး၏ပိုင်ရှင်မှာ အဘွားဖြစ်နေခဲ့ပြီ။အဘွား၏ ဘိုးဘွားဘီဘင်တို့မှာ ဟံသာဝတီနန်းတွင်းထဲကဟု ကြားခဲ့ဖူးသည်။နန်းတွင်းထဲ ဘယ်လောက်ထိ အရေးပါသူတွေလဲတော့မသိ။ဟံသာဝတီပျက်တော့ ထွက်ကြပြေးကြရင်း ဘီလူးကျွန်းသို့ရောက်ရှိ၊ ဘီလူးကျွန်းတွင် အရပ်သူအသွင်နေထိုင်ရင်း အရပ်သူလုံးလုံးဖြစ်ခဲ့သည်။နန်းတွင်းသူဘဝမှ အရပ်သူဖြစ်အောင် သူတို့မည်မျှရုန်းကန်ခဲ့ကြသလဲမသိ။

အဘွားတို့အစဉ်အဆက်မှာ ယခင်က ငွေကြေးကြွယ်ဝသူများဟု သိရသည်။သူတို့ခေတ်ဟောင်း ငွေရှိသူတို့၏ထုံးစံအတိုင်း ဓားပြရန်ကိုကြောက်သဖြင့် မြေကြီးထဲမြှုပ်လေ့ရှိသည်။ထို့နောက် မြေလွှာပြတ်ရွေ့ခြင်းကြောင့်ရော ရုတ်တရက်သေသွားခြင်းကြောင့်ပါ ကျန်ရစ်သူများက ဘယ်နေရာသွားရှာရမှန်းမသိသည့် ပြဿနာတက်တော့သည်။ကျနော်တို့ဘိုးဘွားဘီဘင်တို့ ကျေးလက်တွင် မြေလွှာပြတ်ရွေ့မှုအကြောင်းလည်း သိချင်မှသိမည်။ကိုယ့်ပစ္စည်းသွားဖော်သည့်အချိန်ကျမှ ရှာမတွေ့တော့လျှင် တစ်ယောက်ယောက်ခိုးယူသွားပြီဟုပင် ထင်ကြဦးမည်။ထားတော့။

ကျနော့်တို့အဘွားလက်ထက်ရောက်တော့ ကိုယ့်ဘာသာ စားနိုင်သောက်နိုင်အဆင့်ထက် မပိုတော့ပါ။အဘွားမှာ ချောချောလှလှ၊ မွန်အမျိုးသမီးတို့၏ ထုံးစံအတိုင်း အသားလည်းဖြူသည်။သူ့တစ်သက်တာ ခြံထွက်သီးနှံတို့ကိုရောင်းခြင်းဖြင့် မိသားစုဝမ်းရေးကို တတ်နိုင်သလောက် ထောက်ကူပေးခဲ့သည်။ခြံထဲတွင် အုန်းပင်တို့သည်မနည်း။ခြံအလယ်တွင် ချောင်းလက်တက်ငယ်လေးပင်ရှိသေးသည်။အဘွားအားသည့်အခါတိုင်း ခြံရှင်းနေလေ့ရှိသည်။ခြံရှင်းရခြင်းအကြောင်းကတော့ သူ့ဘိုးဘွားများမြှုပ်ထားခဲ့သော လက်ဝတ်ရတနာ သူတို့ခြံထဲတွင် ကျိန်းသေပေါက်ရှိသည်ဟု ယုံကြည်၍ဖြစ်သည်။ထို့ကြောင့် လက်ဝတ်ရတနာတွေ ပြန်တွေ့မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ခြံရှင်းခြင်းဖြစ်သည်။သို့သော်၊ ကျနော်တို့ အဘွားတစ်သက်တာ မည်သည့်လက်ဝတ်ရတနာမှ မတွေ့။

အဘွား၏ယောကျာ်း ကျနော်တို့အဘိုးကမူ ကွမ်လှာရွာဇာတိဖြစ်သည်။ကွမ်လှာဆိုတာက ဘီလူးကျွန်းတောင်ဘက် အစွန်ဆုံးသော ကမာကေးရွာနားနှင့် သိပ်မဝေးတော့။မွန်တွေချည်းနေထိုင်သောရွာ။ကွမ်သဲနှင့် ကွမ်လှာမှာ ဘီလူးကျွန်းတောင်ဘက်ခြမ်း၊ ကတ္တရာလမ်းတစ်ခုတည်းပေါ် တည်ရှိသော်လည်း တော်တော်တော့လှမ်းသည်။ရွာအကွာအဝေးကြောင့်လား ဘာလားတော့မသိ၊ အဘိုး၏ဆွေမျိုးများကို ကျနော်တို့သေချာမသိ။တစ်ခါတစ်ရံ အဘိုးအမျိုးတို့လာလျှင် မွန်လိုသာပြောကြတာကိုတော့ မှတ်မိသည်။

အဘိုးသည် မွန်စစ်စစ်။ပြီးတော့ သူတို့ခေတ် ၇ တန်းအောင်လား၊ ၉ တန်းအောင်လား မသိ၊ မူလတန်းကျောင်းအုပ်။အဘိုး၏မိဘများမှာ  အဘိုးငယ်ငယ်ကတည်းက ဆုံးပါးသွားသဖြင့် အဘိုး၏ဘကြီး ဘုန်းကြီးကျောင်းတွင်နေထိုင်ကာ ပညာသင်ယူစိတ်ပြင်းပြသော လူငယ်တစ်ယောက်အဖြစ် ထင်ရှားခဲ့သည်။အဘိုးတို့ခေတ် ကျေးလက်မှာ မူလတန်းအောင်လျှင် ကံကောင်းဆိုသည့်ခေတ်။

အဘိုးမှာ ပညာတော်ရုံတင်မက အသားဖြူဖြူ အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်။များသောအားဖြင့် မွန်အမျိုးသားတို့မှာ အသားမည်းကြသော်လည်း အဘိုးက ဘယ့်နှယ့်ကြောင့် ဖြူသွားသလဲမသိ။အဘိုးကျောင်းအုပ်လုပ်သည့်ရွာမှာ ဖံဖရွာဖြစ်သည်။ဖံဖရွာတွင် ရာသက်ပန်ကျောင်းအုပ်ကြီး။ကွမ်သဲနှင့် ဖံဖရွာမှာလည်း ကျိုက်ကွဲတောင်၏ ဟိုဘက် ဒီဘက် နည်းနည်းခပ်လှမ်းလှမ်းမို့ အိမ်ထောင်ကျပြီးနောက် သောကြာနေ့ ကျောင်းဆင်းချိန် ကွမ်သဲသို့ပြန်၊ တနင်္လာနေ့ ဖံဖပြန်၊ ဖံဖတွင် တနင်္လာကနေ သောကြာနေ့ထိနေ။အသွားအပြန် စီးတော်ယာဉ်မှာ ခြေထောက်သာဖြစ်သည်။

အဘိုးတို့ခေတ်တွင် ကျောင်းအုပ်မပြောနဲ့၊ ကျောင်းဆရာသည်ပင် လူလေးစားခံရသည်။အဘိုးက ကျောင်းအုပ်တင်မက ဘိသိတ်ဆရာလည်းလုပ်။ဗမာမင်္ဂလာဆောင်ဆို ဗမာလိုဘိသိတ်၊ မွန်မင်္ဂလာဆို မွန်လို ဘိသိတ်သည်တဲ့။သူတို့ခေတ် ဘိသိတ်ဆရာဆိုတာက စာတတ်ပေတတ်ရုံမက ဗဟုသုတလည်းကြွယ်မှ။

အဘိုးက တွေ့သမျှစာအကုန်ဖတ်ပြီး အာဝဇ္ဇန်းကလည်းရွှင်သည်။ပညာတော်သူတိုင်းကို သူတတ်နိုင်သလောက် ပံ့ပိုးလေ့ရှိသည်။ပြီးတော့ ပုဂ္ဂိုလ်ရေးကလည်း အရက်မသောက်၊ ဆေးမသောက်၊ ကွမ်းယာကို နည်းနည်းစားသည်ဆိုရုံ။သူကျောင်းအုပ်လုပ်ခဲ့သော ဖံဖရွာဆို ကျနော်တို့လူပျိုပေါက်အရွယ်ထိ အဘိုးမြေးဟုပြောလိုက်လျှင် ဝမ်းပန်းတသာ ဧည့်ခံလေ့ရှိသည်။

ကျနော်ငယ်ငယ်က ပုံပြင်နားထောင်ချင်သဖြင့် အဘိုးအနားကို သိပ်ကပ်လေ့ရှိသည်။အဘိုးကိုနင်းလျှင်နင်း၊ မနင်းလျှင်နှိပ်ပေး သမိုင်းလား၊ ပုံပြင်လား ကြိုက်တာပြောခိုင်း၊ အဘိုးက မနားတမ်းပြောပြလေ့ရှိသည်။

ဘီလူးကျွန်းသမိုင်းဆို ကျနော်သိပ်ကြိုက်သောပုံပြင်။ဘီလူးကျွန်းဇာတ်လိုက်ကျော် မောင်ဒီ၏သမိုင်းကို ဖွဲ့နွဲ့ပြရုံတင်မက မောင်ဒီဇာတ်လမ်းအပေါ် အခြေခံကာ ရွာနာမည်တွေဖြစ်ပေါ်လာပုံအထိ။ကျနော်က အဘိုးပြောပြသောပုံပြင်ကို သိပ်စွဲလန်းသဖြင့် ကွမ်သဲအိမ်ရောက်တိုင်း အဘိုးကို နှိပ်ပေးလေ့ရှိသည်။

ကျနော်က ၆ လသားကတည်းက အဖေဘက်က အဘိုးအဘွားနှင့် ချောင်းဆုံမြို့ပေါ်မှာ အတူနေသူ။ရန်ကုန်ပြောင်းပြီးလို့ ချောင်းဆုံပြန်တော့လည်း ချောင်းဆုံအဘွားနှင့်သာအတူ။ကွမ်သဲအဘိုးအဘွားအိမ်ကြ ကျနော်က ဧည့်သွားဧည့်လာ။ကွမ်သဲအိမ်မှာတော့ ကျနော့်အစ်မနှင့် အစ်ကိုဝမ်းကွဲတို့ အတူနေကြသည်။ကျနော် ၈ တန်းနှစ်၊ ရန်ကုန်ပြောင်းနေပြီးနောက် ကျောင်းပိတ်ရက်ပြန်သည့်အခါတိုင်း အဘိုးအတွက် သူ့သမီး၊ ကျနော့်အမေ ထည့်ပေးလိုက်သည့် လုပ်သားနေ့စဉ်သတင်းစာနှင့် တံခွန်အားကစားဂျာနယ် ပါမြဲဖြစ်သည်။အဘိုးက ပြီးခဲ့တဲ့ ၆ လလောက်က သတင်းစာလည်း စေ့စေ့စပ်စပ်ဖတ်သည်။တံခွန်ဆို သိပ်ကြိုက်၊ တစ်ခေါက်ပြီးသွားလည်း ဖတ်စရာကုန်သွားလျှင် နောက်တစ်ခေါက်ပြန်ဖတ်လေ့ရှိသည်။

သတင်းစာနှင့် ဂျာနယ် သွားပေးလျှင် ဒီအတိုင်းပေးလို့မရ။

‘သမီးဖြစ်သူ လှလှ က မြေးနှင့် သတင်းစာ ဘယ်နှစောင်၊ တံခွန်ဘယ်နှစောင် ထည့်ပေးလိုက်ပြီး မြေးဖြစ်သူက မြန်မာသက္ကရာဇ်……၊ အင်္ဂလိပ်ခုနှစ်….. ဘယ်နေ့ ဘယ်အချိန်မှာ လာပေးသည်ကို လက်ခံရရှိပါကြောင်းဟူ၍ အဘိုးခေါ်ပေးသမျှ လိုက်ရေးကာ အဘိုးနှင့် ကျနော် လက်မှတ်ရေးထိုးပြီးမှ ကိစ္စပြတ်သည်။

ပြီးတော့ အဘိုးက သူပင်စင်ယူပြီး တော်တော်ကြာအထိ နေ့စဉ်မှတ်တမ်းရေးလေ့ရှိသည်။

အဘိုး နေ့စဉ်မှတ်တမ်းကို လှန်လှောကြည့်တော့ ကျနော်မမွေးခင်က ကုန်ဈေးနှုန်းတွေပါသည်။ကွမ်သဲ-ဖံဖ၊ ကွမ်သဲ-ချောင်းဆုံ အသွား ခြေလှမ်းဘယ်လောက်၊ အပြန် ခြေလှမ်းဘယ်လောက်။ပြီးတော့ အရင့်အရင်နှစ်များက ခြေလှမ်းနှင့်နှိုင်းယှဉ်ကာ ခြေလှမ်း အတက်၊ အကျ။ကျန်းမာရေးအခြေအနေ စသည်ဖြင့်။အဘိုးက ထိုသို့တိကျသည်။

အဘိုး၏ နေ့စဉ်မှတ်တမ်းထဲတွင် တန်ဖိုးရှိသော ကိန်းဂဏန်းများစွာရှိသော်လည်း သိမ်းဆည်းထားရကောင်းမှန်း နောက်ကျမှ ကျနော်သိခဲ့သည်။ကျနော်သိသည့်အချိန်တွင် အဘိုးလည်း သေတာကြာပြီဖြစ်သလို အဘိုးစာအုပ်တွေလည်း ဘယ်ပျောက်သွားသလဲ မသိတော့ပေ။

ထိုသို့သောအဘိုးသည် သူ့သမီး ၄ ယောက်ကို အင်မတန်ရိုက်ခဲသလို ကျနော်တို့မြေးများကိုလည်း မာန်မဲခြင်းပင်မရှိ။သို့သော်၊ သူ့မိန်းမခြံထဲ ရာသက်ပန်လာရောက်နေထိုင်ပြီး သူ့မိန်းမကိုတော့ နိုင်သည်။ရသည့်လစာ အကုန်အပ်သည်။အပိုအသုံးအစွဲမရှိနေသည်။သို့သော်၊ ပိုက်ဆံမလောက်လို့ဆိုပြီး ထပ်တော့မတောင်းနဲ့။ကိုယ့်ဘာသာ လောက်အောင်သုံး၊ မလောက်လည်း မသိဘူးဆိုသည့် အချိုး။လစာကလွဲပြီး မည်သည့်အပိုဝင်ငွေမှ မရှာတတ်၊ ရှာစရာမလိုဘူးလို့လည်း သူ့ကိုယ့်သူသတ်မှတ်ထားသူ။သို့သော်၊ တပည့်တပန်းပေါသဖြင့် အခါကြီးရက်ကြီးဆိုလျှင်တော့ လာကန်တော့သူ ပေါသည်။

ထိုသို့သော အဘိုး၏အမည်မှာ ဦးထွန်းရှိန်ဖြစ်ပြီး အဘွား၏အမည်မှာ ဒေါ်အမာကြီးဖြစ်သည်။အဘိုးအဘွားတင်မက သူတို့မွေးခဲ့သော သမီး ၄ ယောက်တွင် ၃ ယောက်ပင် သေခဲ့ပြီ။တစ်ချိန်က ကွမ်သဲခြံကြီးမှာလည်း သမီးတွေ ပိုင်းလိုက်စိပ်လိုက် ရောင်းချလိုက်ဖြင့် ခြံကြီးနာမည်လည်း လုံးလုံးပျောက်၊ ပရုပ်လုံးပမာ လုံးပါးပါးခဲ့လေပြီ။

ငြိမ်းဆက်
နိုဝင်ဘာ - ၁၃