【 ဆောင်းပါး 】 တစ်ဦးနှင့် တစ်ဦးကူ

【 ဆောင်းပါး 】 တစ်ဦးနှင့် တစ်ဦးကူ

မုန်တိုင်းက နီးလာပြီဟု ဆိုသည်။

ဒီရက်ပိုင်း အပူချိန်က မခံသာဖွယ်။မန္တလေးမှာသာဆိုရင် အပူရှပ်ပြီး ဆုံးပါးဖိတ်စင်တာတွေ၊ ဆေးရုံမှာ အပူကြောင့်ဖြစ်သည့် ရောဂါတွေကြောင့် လူကြီးတွေနှင့် ကလေးငယ်တွေ ဆေးရုံတက်ကုသရတာတွေ ကြားနေရသည်။

အပူဒဏ်ရယ်၊ လျှပ်စစ်ရချိန်နည်းတာရယ်တွေကြောင့် ဟိုတယ်တွေမှာ အလုအယက်တည်းခိုဖို့ ကြိုးစားသူတွေကြောင့် ဟိုတယ်တွေပြည့်နေသည့်သတင်းနှင့် အပူကြောင့် ဖိတ်စင်သည့် သတင်းတွေက ကြားရသမျှက စိတ်ချမ်းသာဖွယ်ရာမရှိ။ရန်ကုန်မှာရော ဘယ်လိုလဲဆို ထိုနည်းလည်းကောင်းဟုသာပြောရမည်။

အဆိုးဆုံးသော သဘာဝဘေးနှင့် လူလုပ်ဘေးများကို ၂၀၂၀ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာနေသူတွေ ခါးစည်းခံရသည်။ကျန်းမာရေးကပ်ဘေးအစ ၂၀၂၀ ခုနှစ်မှာတော့ သက်ဆိုင်သူတွေ ဆော်ဩမှုဖြင့် ကပ်ဘေးကို ဝိုင်းပြီးစောင်မ ခုခံကြသဖြင့် အထိသက်သာခဲ့သည်။မြန်မာ့စိတ်ရင်းဖြစ်သည့် တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီကြသည့် အလေ့အထကောင်းကို ထိုကာလတွင် ထင်ထင်ရှားရှား တွေ့ခဲ့ရသည်။ထိုအချိန် ပြည်သူများညီညွတ်မှုက သမိုင်းတစ်လျှောက် အကောင်းဆုံးသော စုပေါင်းကာကွယ်မှုဟု ဆိုရမလောက်ပင်။ထို့နောက်တွင်တော့ အခြေ အနေများက မထင်မှတ်တာတွေ ဆက်တိုက်ဖြစ်လာသည်။

ထိုကာလတွင် အဆိုးဆုံးသော ကိုဗစ်တတိယလှိုင်းကို ပြည်သူတွေ ကူညီသူမဲ့ကယ်သူမဲ့ ဖြတ်သန်းခဲ့ရသည်။ခင်မင်သိကျွမ်းရသိရသူတွေ၊ သွေးသားရင်းလို ချစ်ခင်ရသူတွေ တဖြုတ်ဖြုတ်။မနက်တွေ့ ညပျောက်၊ နေ့တွေ့ ညနေပျောက်။ညတွေ့ မနက်ပျောက်။ဖျပ်ကနဲပျောက်တာတွေ များလွန်းသဖြင့် ညဘက်အိပ်ရမှာကိုပင် ကြောက်လာသလို ကိုယ့်ဘေးမှာ သေမင်းဆိုသည့် အမှောင်ထုကြီးတစ်ခု ကြီးစိုးနေသလို အားလုံးခံစားနေရသည့် အချိန်ကာလဖြစ်သည်။  

တစ်ဦးနှင့် တစ်ဦး ကူကြသည်ဆိုသည်မှာ မြန်မာလူမျိုးများတွင် အရိုးစွဲနေသည့် အကျင့်ဓလေ့ကောင်းဖြစ်သည်။ထိုဓလေ့ကြောင့် မဟုတ်တာလုပ်ချင်သည့်သူများ၊ အနိုင်ကျင့်လိုသူများ၊ အားနည်းသူကို မတရားအနိုင်ကျင့်ချင်သူများကို လုပ်ခွင့်မရအောင် တားမြစ်ပေးသလို ထိုသို့သော မကောင်းသည့် အကျင့်ရှိသူများကို မြန်မာလူနေမှုစနစ်တွင် နေရာမရအောင် တားဆီးပေးသည်။ထို့ကြောင့် “အရပ်ကောင်းသည်အခါ အလောင်းလှသည်” ဆိုသည့် လူတစ်ယောက်၏ နောက်ဆုံးခရီးတွင် သေသူအတွက် အကောင်းဆုံးလုပ်ပေးနိုင်သည်ကို ရည်ညွှန်းဖော်ပြခဲ့ခြင်းက တစ်ဦးနှင့် တစ်ဦး မသိသော်လည်း ကူတတ်ကြသည့် စိတ်ရင်းကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။

ငယ်စဉ်ကတည်းက ကိုယ်ကျင့်တရားကို သင်ပေး လေ့ကျင့်ပေးသလို တစ်ဦးကို တစ်ဦး ကူညီတတ်သည့် အကျင့်ကောင်းကိုလည်း မိဘတွေက သင်ကြားပေးကြသည်။ထိုသည်မှာ မြန်မာဓလေ့ဖြစ်သလို အစဉ်အဆက် တည်ဆောက်ခဲ့သည့် အလေ့အကျင့်ကောင်းဖြစ်သည်။ကျနော်တို့ ငယ်စဉ်က တောမကျမြို့မကျနေရာတွင် နေထိုင်ခဲ့ရရာ ထိုစဉ်က ဘယ်သူမဆို ကြီးကြီးငယ်ငယ် အမြင်မတော်ပါက ဝင်ကူညီတတ်ကြပြီး ကိုယ်ရှေ့ မတော်မတရားလုပ်ပါက လက်မခံဘဲ ဝင်ပါကာ ဟန့်တားကြသည်။ထိုသို့သော အမူအကျင့်များကို ၁၉၈၀ မတိုင်ခင်ထိ ရန်ကုန်ဆင်ခြေဖုံးနေရာ အတော်များများတွင် တွေ့နေရဆဲဖြစ်သည်။

ထိုစဉ်ကတော့ ထိုသို့သော အလေ့အကျင့်များ၏ ကောင်းကျိုးကိုမသိ။ညဘက် လူတစ်ယောက် ကိုယ့်အရပ်ကို လမ်းမှားရောက်လာပါက သွားလိုသည့် နေရာရောက်အောင် လိုက်ပို့ကြသည်မှာ ထူးဆန်းသောကိစ္စမဟုတ်။ယခုနှစ်ပိုင်း တိုက်ခန်းထဲ တစ်ယောက်တည်းနေပြီး သေဆုံးနေသည်ကို ဘေးခန်းက အပုပ်နံ့ထွက်မှသိသည့် ဖြစ်ရပ်တွေ၊ လမ်းမှာ လုယက်တာကို လူများရှိသော်လည်း မကူညီရဲသည့်ကိစ္စတွေ၊ နာရေးဖြစ်သည့် အိမ်မှာ လူစောင့်မရှိဘဲ ရှင်းလင်းခြောက်သွေ့နေတာတွေ၊ ရပ်ကွက်ထဲ လမ်းထဲ မူးပြီးရမ်းကားနေသူကို တားဆီးမည့်သူမရှိတာ စသည်တွေက အစောပိုင်းမှာဆိုခဲ့သည့် ရပ်ကွက်ကိုစောင့်ရှောက်ခြင်း၊ တစ်ဦးနှင့် တစ်ဦးကူညီခြင်း စသည့်  အစဉ်အလာများ ပျက်ယွင်းလာခြင်းကြောင့်ဖြစ်သည်။

ယနေ့ခေတ်တွင် ကိုယ်နှင့်မဆိုင်လျှင် ဝင်မပါရန်ဆိုသည့် အကြောက်တရားကို ရိုက်ထည့်ထားခြင်းကြောင့် မသေသင့်သည့်သူတွေသေရ မဖြစ်သင့်သည့် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်များ ဖြစ်ရနှင့်။ဒါတွေက တစ်ဦးချင်း တစ်ကိုယ်ကောင်းစိတ်ဖြစ်ထွန်းမှု များလာခြင်းကြောင့် ဖြစ်လာရသည့် ဖြစ်ရပ်တွေဖြစ်သည်။

လွန်ခဲ့သော ၁၅ နှစ်က ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းဘေးတွင်း မုန်တိုင်းတိုက်ခတ်ပြီးနောက် လူတွေအကြား ပထမဆုံးမြင်ရသည်မှာ အချောင်ရလိုစိတ်ဖြင့် မုန်တိုင်းမပြီးခင် လေထဲမိုးထဲ သွပ်ပြားလိုက်ကောက်သူတွေဖြစ်သည်။ထို့နောက် အစစအရာရာ စျေးတွေ ဆွဲတင်ခြင်းဖြစ်သည်။ကမ္ဘာပျက်ခြင်းမဟုတ်။မုန်တိုင်းတိုက်ခြင်းဖြစ်သည်။သို့သော် ထိုမုန်တိုင်းကိုမှီပြီး စီးပွားဖြစ်သွားသူတွေမနည်း။ထိုသူတွေ ယခုအခါ ဘယ်သူက စီးပွားဆက်ဖြစ်နေသလဲဆိုတာကြည့်တော့ ယခင်ကထက်ပင် ပို၍အဆင်မပြေကြသည်ကို တွေ့ရသည်။သူတစ်ပါး အတိဒုက္ခရောက်နေတာကို အမြတ်ထုတ်ပြီး ရယူသည့် အလုပ်က ဘယ်တော့အကျိုးမဖြစ်ထွန်းကြောင်း ငယ်စဉ်ကတည်းက ကျနော်တို့မိဘတွေ သွန်သင်ဆုံးမထားသည်။ အပူစာလို့ခေါ်သည့် သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ စားရသည့် အစာက ဘယ်တော့မှ မဖြောင့်တန်းဆိုသည်ကို ထိုနာဂစ်အပြီး ဆယ်နှစ်အကြာ ဖြစ်လာသည်များကိုကြည့်ပြီး ကျနော်သိလာခဲ့သည်။

ကိုဗစ်ကာလတွင်လည်း နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေ စျေးတင်ရောင်းပြီး စီးပွားအတော်ဖြစ်ခဲ့သည့်သူတွေကိုလည်း တွေ့ရသည်။တချို့ဆို့ မဖြစ်မနေလိုအပ်သည့် ပစ္စည်းတွေကို စျေးမြှင့်ရောင်းကာ ကားတွေဝယ်ကြ၊ ကွန်ဒိုတွေဝယ်ကြနှင့် လူတွေ၏ အကြောက်တရားနှင့် မသိနားမလည်မှုများကို ခုတုံးလုပ်ကာ စီးပွားရှာကြသည်။ထိုသူတွေမှာ ယခု တချို့ ကိုဗစ်တတိယလှိုင်းထဲ ပါသူတွေရှိခဲ့သလို တချို့ကလည်း ထပ်ရမလားဆိုပြီး ထပ်လှောင်ရာမှ အရှုံးကြီးရှုံးကြတာတွေ ကြားရသည်။

ယခုလည်း အပူဒဏ်ကြောင့် လျှပ်စစ်ပစ္စည်းတွေ၊ ဆိုလာတွေ မတန်တဆတွေရောင်း။တချို့က မဖြစ်မနေ မိဘဘိုးဘွားများ ကျန်းမာရေးကြောင့် ဇွတ်တင်းဝယ်ရ။ဝယ်သည့်ပစ္စည်းတွေက တကယ်သုံးတော့ ထင်သလိုမဟုတ်။ငွေကုန်လူပမ်း။

တကယ်တော့ ဘေးဖြစ်လာလျှင် တစ်ယောက်တည်း လွတ်ကင်းသည်ဆိုသည်မှာ တစ်ခဏတာသာဖြစ်သည်။အချိန်ကြာလာလေ ထိခိုက်လာလေဖြစ်သည်။ဘေးကလွတ်ဖို့ သက်သာဖို့ရာ တစ်ဦးနှင့် တစ်ဦး ကူကြကယ်ကြခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိသည်မှာ သေချာသော အမှန်တရားဖြစ်သည်။ထိုသည်ကို အသိတရားရှိသူတွေသာ သိကြလေသည်။

မောင်ဦးလွင်