【 ဆောင်းပါး 】 တိုက်ခိုက်ခြင်းနှင့် စည်းလုံးခြင်း (Fight and Unite)

【 ဆောင်းပါး 】 တိုက်ခိုက်ခြင်းနှင့် စည်းလုံးခြင်း (Fight and Unite)

မော်တန် တီ ဟန်ဆန်ရဲ့ Great At Work စာအုပ်ထဲက လုပ်ငန်းခွင်မှာ ဉာဏ်ပါပါ အလုပ်လုပ်ခြင်းဖြင့် အစွမ်းပြနိုင်စေမယ့် လမ်းညွှန်ချက်တွေကို တင်ပြပေးခဲ့တာ အခုဆို အခန်းခုနစ်ရောက်ရှိလာပါပြီ။ဒီဆောင်းပါးတွေမှာပါဝင်မယ့် အကြောင်းအရာတွေကတော့ သူများနဲ့ အလုပ်တွဲလုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ခေါင်းစဉ်ခွဲလေးတွေဖြစ်ပါတယ်။

“ဆွေးနွေးညှိနှိုင်းရာမှာ မတူကွဲပြားပါ၊ အမိန့်လိုက်နာရာမှာ ညီညွတ်ပါ”

           မြင့်မြတ်သောဘုရင် ဆိုင်ရပ်စ်

ယူလစ်ဆစ်ကာဗိုက သမိုင်းကြောင်းတစ်ခု ဖန်တီးဖို့ စတင်နေပါပြီ။သူနဲ့ နိုင်ငံပြင်ပရောက် အခြားကျူးဘန်း ၁,၄၀၀ တို့ဟာ ကျူးဘားနိုင်ငံကို ဖီဒယ်ကက်စ်ထရိုရဲ့ ကွန်မြူနစ်အစိုးရလက်မှ လွတ်မြောက်အောင် ထိုးဖောက်ဝင်ရောက် ကယ်တင်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်။

လေတပ်၊ ရေတပ်နဲ့ မြေပြင်ခြေလျင်တပ်တွေကို သေချာစွာ လေ့ကျင့်ပေးထားပြီး အချိန်မရွေး ရွေ့လျှားဖို့ အသင့်ရှိနေပါပြီ။သူတို့ရဲ့ မဟာဗျူဟာက ကမ်းခြေကိုတက်ပြီး အဲဒီက ကာကွယ်ရေးတပ်လေးကို တိုက်ထုတ်လိုက်ပြီး နယ်မြေခံ ကျူးဘန်းတွေကို အားကျတက်ကြွလိုက်ပါလာအောင် လှုံ့ဆော်ပြီး ကက်စ်ထရိုရဲ့ စစ်တပ်ရှိရာ ချီတက်ဖို့ပါ။

ကာဗိုက ထောက်ပို့သင်္ဘောပေါ်မှာ လိုက်ပါခဲ့တယ်။ထောက်ပံ့ပို့ဆောင်ရေးအတွက် သင်္ဘောလေးစီးအနက်က တစ်စီးဖြစ်ပြီး လူ၊ လောင်စာဆီနဲ့ ကျည်ဆံတွေ သယ်ဆောင်လာခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့မှာ ဘေးအော့ပ်ပစ်မှာ ကမ်းခြေတက်သင်္ဘောနဲ့ဆုံဖို့ အရင်ဦးဆုံး ထွက်ခွာခဲ့တယ်။ကမ်းခြေတက်သင်္ဘောက ရောက်သင့်တဲ့ အချိန်မီရောက်မလာတဲ့အတွက် တိုက်ပွဲအစီအစဉ်ကစပြီး ဖရိုဖရဲဖြစ်သွားခဲ့တယ်။အဲဒါကြောင့် သင်္ဘောကြီးဘေးက ကပ်လျက် လိုက်ပါပြီး ကင်းစောင့်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ပဲ့ချိတ်မော်တော်လေးတွေကို ဇွတ်အစားထိုး အသုံးချလိုက်ရတယ်။သင်္ဘောဘေးမှာ ချိတ်ထားတဲ့ ပဲ့ချိတ်မော်တော်လေးတွေကို သင်္ဘောပေါ်ကနေ ရေချဖို့သုံးတဲ့ ကရိန်းလို ယန္တရားတွေက မြည်တဲ့အသံတွေက ကျူးဘန်းကာကွယ်ရေးတပ်တွေကို ကျူးကျော်ဝင်ရောက်သူရောက်ရှိနေကြောင်း သတင်းပို့ တပ်လှန့်လိုက်သလို ဖြစ်သွားခဲ့တယ်။  

နောက်ကျနေတဲ့ ကမ်းတက်သင်္ဘောက တပ်သားအားလုံးကို တစ်နာရီခွဲအတွင်း ပို့ခဲ့ရမှာဖြစ်တယ်။အဲဒီလိုဖြစ်ရမယ့်အစား အရုဏ်တက်ချိန်မှာ တပ်သားတစ်ဝက်ကိုပဲ အားသင့်စရာကောင်းစွာနဲ့ ကမ်းပေါ်ပို့နိုင်ခဲ့တယ်။အရုဏ်တက်ချိန်မှာ ဟူစတန်နဲ့ အခြား သင်္ဘောတွေဟာ T-33 တိုက်လေယာဉ်တွေနဲ့ အိုဟောင်းနေပြီဖြစ်တဲ့ ဟောကာဆီးဖျူရီ တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။မနက် ၈ နာရီလောက် ကျ တော့ ကက်စ်ထရိုရဲ့ စစ်တပ်တွေက သင်္ဘောဝမ်းဗိုက်ပေါက်ထွက် စုတ်ပြတ်သွားစေတဲ့ ဒုံးကျည်နှစ်လုံးကို ပစ်လွှတ်ခဲ့ပါတယ်။

ကပ္ပတိန် လူးဝစ္စစ်မော့စ်က ဒီအပျက်အစီးကို ဘယ်လိုမှပြင်လို့မရတော့ဘူးဆိုတာ သိတဲ့အတွက် ဟူစတန်သင်္ဘောကို ကမ်းခြေဆိုက်ရောက်အောင် မောင်းနှင်ခဲ့လိုက်တယ်။သင်္ဘောက ကမ်းခြေနဲ့ မိုင်ဝက်အကွာလောက်မှာ သင်္ဘောအပေါ်ပိုင်း ရေပေါ်ပေါ်နေတဲ့ အနေအထားနဲ့ နစ်သွားခဲ့တယ်။သင်္ဘောဝမ်းဗိုက်အပေါက်က စိမ့်ထွက်လာတဲ့ ဆီတွေကြောင့် သင်္ဘောကနေ ထွက်ပြေးဖို့ ခက်ခဲခဲ့တယ်။ရေမကူးတတ်တဲ့သူတွေကိုတော့ လူသုံးဆယ်ဆန့် အသက်ကယ်လှေနှစ်စီးပေါ်မှာ ကျပ်ကျပ်တည်းတည်း ထိုးသိပ်တင်နေတုန်း ကာဗိုနဲ့ လူအချို့ ကမ်းခြေရောက်အောင် ခက်ခက်ခဲခဲ ရေကူးသွားခဲ့တယ်။ကာဗိုက ရေပေါ်ပေါ်နေနိုင်အောင် သူ့ဘောင်းဘီနဲ့ ဘွတ်ဖိနပ်တွေကို ချွတ်ပစ်ခဲ့ရတယ်။သူကမ်းခြေပေါ်ကို ခြေချမိတဲ့အချိန်မှာ သူ့ကိုယ်ပေါ်မှာ အတွင်းခံအဝတ်အစားပဲရှိတော့တယ်။အဲဒီအချိန်အထိတော့ ကာဗိုနဲ့ သူ့ထိုးဖောက်ဝင်ရောက်ရေးသမားတွေက အင်အားနည်းတဲ့ ကမ်းခြေစောင့်တပ်လေးတွေကို အင်အားသုံး မောင်းထုတ်မယ့် ရည်ရွယ်ချက်က အောင်မြင်နေဆဲပဲဖြစ်တယ်။

ဒါပေမဲ့ နောက်သုံးရက်လည်းနေရော ကက်စ်ထရိုရဲ့ တပ်သား ၂၀,၀၀၀ က ပြန်ထိန်းချုပ်သွားနိုင်ခဲ့တယ်။ထိုးဖောက်ဝင်ရောက်သူတွေမှာ အဖမ်းခံရသူတွေရော၊ သေဆုံးသူတွေရောရှိခဲ့ပါတယ်။လူထုအုံကြွမှုက လုံးဝအကောင်အထည်မပေါ်ခဲ့ပါဘူး။နောက်ကျတော့ မသေပဲ အဖမ်းခံခဲ့ရသူတွေကို အမေရိကန်ဆီက အစားအစာနဲ့ ဆေးဝါးတွေနဲ့ ကက်စ်ထရိုက အလဲအလှယ်လုပ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်က ကာဗိုနဲ့ သူ့လူတွေ မျှော်လင့်ခဲ့သလို သူတို့ သမိုင်းတွင်စေချင်ခဲ့တဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။

ဆိုတော့ အဲဒီအရှက်တကွဲအကျိုးနည်း ကျဆုံးမှုကြီးကို ဘယ်သူက စီစဉ်အကောင်အထည်ဖော်ခဲ့တာလဲ။အဲဒါက ဒုတိယတန်းစားအဖွဲ့ပဲ ဖြစ်ရမယ်လို့ ထင်တယ်မလား။တကယ်တော့ အဲဒါက “အတော်ဆုံးနဲ့ အထက်မြက်ဆုံး” လို့ ဆိုရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ အုပ်ချုပ်မှုအဖွဲ့ထဲက သူမတူအောင် ထူးချွန်ပြီး အရည်အချင်းပြည့်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်။

ကနေဒီရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်ခံထားရတဲ့ ဟာဘတ် သမိုင်းပညာရှင် အာသာစလေစင်ဂါကလည်း ခေါင်းဆောင်တွေရဲ့ လျှို့ဝှက်တပ်ဖွဲ့ကို ဘေးအော့ဖ်ပစ်လို့ လူသိများတဲ့ ဒေသဆီပို့မလား ဆွေးနွေးကြတဲ့ အစည်းအဝေးမှာ ပါဝင်ခဲ့တယ်။

“စားပွဲပတ်ပတ်လည်မှာ ထိုင်နေကြသူတွေကတော့ အပွင့်အခက် တံဆိပ်တွေနဲ့ တန်ဆာဆင်ထားတဲ့ တောက်ပြောင်တဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ အရှိန်သြဇာကြီးမားတဲ့ အုပ်စုကြီးဖြစ်တဲ့ နိုင်ငံတော်အတွင်းရေးမှူး၊ ကာကွယ်ရေးအတွင်းရေးမှူး၊ CIA (ဗဟိုထောက်လှမ်းရေး အေဂျင်စီ) ဒါရိုက်တာတို့ပါဝင်တဲ့ အဖွဲ့ကြီးဖြစ်တယ်” လို့ စလေစင်ဂါက ပြန်ပြောပြခဲ့တယ်။

CIA အကြီးအကဲ အယ်လင်ဒေါလက်စ်နဲ့ လက်ထောက် ရစ်ချတ်အမ် ဘစ်ဆယ်တို့က ဘေးအော့ဖ်ပစ်စ်အစီအစဉ်ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့သူတွေ ဖြစ်တယ်။အိမ်ဖြူတော်မှာ မြေပုံပေါ်ထောက်ပြီး အဖွဲ့တွေကို အသံကျယ်ကျယ်နဲ့ ညွှန်ကြားခဲ့တာကတော့ ဘစ်ဆယ်ပဲဖြစ်ပါတယ်။

စလေစင်ဂါရဲ့ ပြောပြချက်အရ ဘစ်ဆယ်ရဲ့စိတ်ဟာ “မြန်မြန်ထိုးထွင်း သိမြင်နိုင်ပြီး၊ ရှင်းလင်းလွယ်ကူစွာ ပိုင်းခြားဝေဖန်နိုင်ခြင်းနဲ့ သွက်လက်ထိရောက်စွာ ရှင်းလင်းပြောပြနိုင်တဲ့ သူများထက်သာတဲ့ အရည်အချင်းရှိတယ်” အခြားပါရမီရှင်တွေဖြစ်တဲ့ ကာကွယ်ရေးအတွင်းရေးမှူးလည်းဖြစ် ဖို့ဒ်မော်တာရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ရောဘတ်မက်နာမာရ၊ နောက်ပြီး အသက်သုံးဆယ့်လေးနှစ်နဲ့ အသက်အငယ်ဆုံး ဟားဗတ်တက္ကသိုလ်ရဲ့ ဝိဇ္ဇာနဲ့ သိပ္ပံ ဌာနမှူးဖြစ်သူ မက်ဂျော့ချ်ဘန်နီတို့လည်း အပါအဝင်ဖြစ်တယ်။

ဒီအဖွဲ့ရဲ့ အစည်းအဝေးခန်းထဲမှာ လိုနေတာက အသိဉာဏ်ပညာမဟုတ်ဘဲ၊ စဉ်းစားဝေဖန်ပိုင်းခြားမှု၊ စီမံကိန်းနဲ့ စပ်လျဉ်းတဲ့ မျှော်မြင်တွေးဆချက်နဲ့ အားနည်းချက်တွေအပေါ် နှံ့နှံ့စပ်စပ် ဆွေးနွေးငြင်းခုန်မှု လိုနေတာဖြစ်တယ်။

သင်သိတဲ့အတိုင်း ရုံးအစည်းအဝေးတွေမှာ တောင့်တောင့်ကြီးတွေ ထိုင်ကြလို့၊ အားလုံးက လက်ညှိုးထောင် ခေါင်းငြိမ့်ကြပြီး၊ ဘယ်သူကမှ ဘာကြောင့် သဘောမတူပါဘူး၊ ဘာလို့ကန့်ကွက်ပါတယ်လို့ မပြောရဲ ကြဘူး၊ မတင်ပြရဲကြဘူး။ခုလည်း အဲဒီလိုပဲဖြစ်နေတာပါ။ဆုံးဖြတ်ချက် မချခင်မှာ သမ္မတ ကနေဒီက သူ့အကြံဉာဏ်ကို ပုဂ္ဂလိကအမြင်နဲ့ အစောပိုင်းက ကန့်ကွက်ခဲ့တဲ့ နိုင်ငံတော်လက်ထောက်အတွင်းရေးမှူး သောမတ်မန်းအပါအဝင် သူ့အကြံပေးပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်ကို တောင်းခံခဲ့ပါတယ်။

“တက်ရောက်ကြတဲ့သူအားလုံးက ထောက်ခံကြတော့” “ကျွန်တော်လည်း သူများနည်းတူ လုပ်ခဲ့ရပါတယ်” လို့ မန်းက ပြောတယ်။

ကာကွယ်ရေးအတွင်းရေးမှူးက ပြန်ပြောပြတာက “နိုင်ငံတော်အတွင်းရေးမှူး ဒင်းရပ်စ်နဲ့ ကျွန်တော်တို့က စိတ်သိပ်မပါပေမယ့် ကျွန်တော်တို့ No ပါလို့ မပြောခဲ့ဘူး။ဘယ်တော့မှပြောမှာလည်း မဟုတ်ပါဘူး” နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မက်ဂျော့ချ် ဘန်ဒီရဲ့ တာဝန်မကျေခဲ့ပုံက “သမ္မတအပေါ် ပေါ်တင်ကြီး သဘောမတူကြောင်း ပြဖို့က ကိုယ့်အလုပ်မဟုတ်ဘူး။သူက ကူညီစေချင်တဲ့အခါ ကိုယ်ကပံ့ပိုးပေးရမယ်လို့ပဲ နားလည်ထားတယ်” စလေစင်ဂါက အစပိုင်းမှာ အန္တရာယ်များတယ်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း သူ့အမြင်ကို သမ္မတ ကနေဒီဆီ စာအစောင်စောင် ပေးပို့ခဲ့တယ်။ဒါပေမဲ့ ဆုံးဖြတ်ချက်ချဖို့ တကယ့်ကျဉ်းထဲကြပ်ထဲရောက်လာတဲ့အချိန်ကျတော့ သူသဘောမတူကြောင်း မပြောတော့ဘဲ ထားခဲ့လိုက်တယ်၊ သူက ဒါအတွက်လည်း အမြဲတမ်းယူကျုံးမရဖြစ်ခဲ့တယ်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချကာနီး ကက်ဘိနက်အစည်းအဝေးခန်းကျမှ ကျွန်တော်က နှုတ်ပိတ်နေမိတာကို ကိုယ့်ကိုယ်ကိုယ် ခါးခါးသီးသီး ရှုတ်ချနေမိတယ်” တင်ပြလာတဲ့ အစီအစဉ်အပေါ် သူတို့ရဲ့တာဝန်ဖြစ်တဲ့ သဘောမတူကြောင်း၊ မလုပ်သင့်ကြောင်း ချက်ခြင်းတုံ့ပြန် ထုတ်ပြောဖို့ အတော်ဆုံးနဲ့ အထက်မြက်ဆုံးဆိုတဲ့ အဖွဲ့ကြီးက တာဝန်မကျေဖြစ်ခဲ့တယ်။

အစည်းအဝေးအပြီး အစည်းအဝေး၊ နောက်ထပ်အစည်းအဝေး။ဒီအရှက်တကွဲအကျိုးနည်း ကျဆုံးမှုကြီးအပေါ်မှာ ခေါင်းဆောင်တွေနဲ့အတူ ပါဝင်ခဲ့သူတွေက ဘယ်လိုပြုမူခဲ့သလဲဆိုတာက သူတို့တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အကြီးအကျယ်ထိခိုက်မှု ဖြစ်စေပါတယ်။လူတွေအောင်မြင်မှုရဖို့က တစ်ဦးကောင်း တစ်ယောက်ကောင်းလုပ်မှ ရတာမျိုးမဟုတ်ဘဲ၊ အဖွဲ့လိုက် လုပ်ဆောင်ရင်လည်း ရနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ လူ ၅,၀၀၀ နဲ့ လေ့လာမှုမှာပါဝင်တဲ့ လူပေါင်း ၈၀ ရာခိုင်နှုန်းရဲ့ ဖော်ထုတ်ချက်အရ အဖွဲ့ကို ကောင်းစွာဦးဆောင်မှုပေးဖို့က “တကယ့်အရေးပါ” တဲ့ အချက်ဖြစ်ပါတယ်။အသင်းအဖွဲ့အနေနဲ့ လုပ်ဆောင်တယ်ဆိုရာမှာ တစ်ဦးချင်းလုပ်ဆောင်ရမယ့် တာဝန်ကို ခွဲဝေသတ်မှတ်ပေးခြင်း၊ ထိုတာဝန်များကို ဦးစီးဦးဆောင်မှုပေးခြင်း၊ အစည်းအဝေးများလုပ်၍ ဆွေးနွေးတိုင်ပင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ပေးခြင်းနဲ့ ထိုဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါတယ်။

အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ခြင်း အများစုက အဖွဲ့လိုက်အစည်းအဝေးတွေကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ အဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ သင့်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေက အစည်းအဝေးမှာ ပြဿနာအခက်အခဲတွေအပေါ်မှာ ဘယ်လောက်ကောင်းစွာ သုံးသပ်ဆွေးနွေး သလဲ၊ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ တာဝန်ယူမှု ကတိကဝတ်ပြုမှု ဘယ်လောက်ရှိသလဲဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်။

အဖွဲ့လိုက်အစည်းအဝေးတွေက အသင်းအဖွဲ့စိတ်ဓာတ်နဲ့ အလုပ်လုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုပေမယ့် ထိရောက်မှု မရှိတာတွေလည်း အများကြီးရှိပါတယ်။အဲလိုအဖြစ်အပျက်တွေ အများကြီးရှိခဲ့ပါတယ်။

လေ့လာမှုများစွာကို အနှစ်ချုပ် စာရင်းပြုစုထားတဲ့ အရင်းအမြစ်တစ်ခုက အမေရိကမှာ နေ့စဉ် အစည်းအဝေးပေါင်း ၃၆ သန်းကနေ ၅၆ သန်း ပြုလုပ်တယ်လို့ ဖော်ပြထားပါတယ်။နောက်ပြီး မိုက်ကရိုဆော့ဖ်က လူပေါင်း ၃၈,၀၀၀ နဲ့ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ ၆၉ ရာခိုင်နှုန်းက သူတို့လုပ်တဲ့ အစည်းအဝေးတွေက အကျိုးဖြစ်ထွန်းမှု မရှိဘူးလို့ ပြောကြတယ်လို့ ဖော်ပြထားပါတယ်။

ဟဲရစ်ရဲ့ ဝန်ထမ်းပေါင်း ၂,၀၆၆ နဲ့ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ တွေ့ရှိတာက လူတစ်ဝက်လောက်က “လက်ရှိအခြေအနေ တင်ပြတဲ့  အစည်းအဝေးတစ်ခုထဲမှာ ငုတ်တုတ်ထိုင်နေရတာထက်စာရင် အခြားတစ်ခုခုလုပ်နေရတာကမှ ပိုကောင်းသေးတယ်” လို့ ဖြေကြပါတယ်။သူတို့က ဆေးခြောက်အောင် ထိုင်စောင့်နေတာက ပိုကောင်းသေးတယ်လို့ ဆိုလိုတာလား၊ သွားအမြစ်ဖြတ် ကုသသလို လုပ်ချင်တာလား၊ ၁၇ ရာခိုင်နှုန်းက တခဲနက်ဖြေကြတာက “ဟုတ်ပါ့” ဖြစ်ပြီး ၈ ရာခိုင်နှုန်းက ခေါင်းတဆတ်ဆတ် ညိတ်ပြကြတယ်။

တကယ်လို့ သင့်အဖွဲ့တွေက အခက်အခဲပြဿနာအတွက် သင်က ဘာအဖြေမှ ရှာမပေးနိုင်လို့ ကြုံတွေ့ရတဲ့  အရည်အသွေးညံ့တဲ့ အစည်းအဝေးတွေ တက်နေရတယ်လို့ဆိုလာရင် သင်ဘာလုပ်မလဲ၊ နောက်ထပ်အစည်းအဝေးတစ်ခုလုပ်မှာလား။ကျွန်တော်တို့ရဲ့ လူပေါင်း ၅,၀၀၀ စစ်တမ်းမှာတဲ့ အလတ်စားကုန်ထုတ်လုပ်ရေးစက်ရုံရဲ့ ငွေစာရင်းဌာနမှာ အလုပ်လုပ်ရတဲ့သူက သူ့ရဲ့အသက်လေးဆယ့်နှစ်နှစ်အရွယ် မန်နေဂျာ ကာရင်ကို မာန်မဲခဲ့တယ်။

“ကျွန်မရဲ့ လူကြီးက မလိုအပ်ဘဲ မတန်တဆများပြားတဲ့၊ ဘာဆုံးဖြတ်ချက်အဖြေမှမရှိတဲ့ အစည်းအဝေးတွေလုပ်ဖို့ အမြဲအစီအစဉ်ဆွဲတတ်တယ်။ထွက်လာတတ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်က နောက်ထပ်အစည်းအဝေးတစ်ခုလုပ်မယ့် အစီအစဉ်ပဲဖြစ်နေတယ်။အဲဒီမလိုအပ်တဲ့ အဖွဲ့လိုက်အစည်းအဝေးတွေလုပ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက နောက်ထပ်အစည်းအဝေးတွေ ထပ်လုပ်မယ်ဆိုတဲ့ ကောင်းကျိုးအဖြေမထွက်တဲ့ ဆုံးဖြတ်ချက်ပဲ ရတတ်တာပါ။လှုပ်ရှားမှု အရေ အတွက်များတဲ့ “အလုပ်များများပိုလုပ်” ချဉ်းကပ်နည်းနဲ့ အဆုံးသတ်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက တိကျထိရောက်တဲ့ ဆွေးနွေးချက် မရှိခဲ့လို့ပါဘဲ။ကျွန်တော်တို့ရဲ့အဖွဲ့တွေ အလုပ်ပြီးမြောက်အောင်မြင်ဖို့အတွက် များမြောင်တဲ့ အစည်းအဝေးတွေလုပ်ဖို့ မလိုအပ်ပါဘူး။လုပ်ရမှာက ကျွန်တော်တို့က ထက်မြက်ဉာဏ်ရှိတဲ့ အဖွဲ့လိုက်အစည်းအဝေးတွေမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေလုပ်ပြီး၊ ရလာတဲ့ အဖြေတွေကို ဖော်ဆောင်ဖို့ ကတိကဝတ်ပြု တာဝန်ယူရမှာဖြစ်ပါတယ်။ဒါပေမဲ့ အဲဒါကိုပြီးမြောက်အောင် ဘယ်လိုလုပ်ကြရမှာလဲ။

အထက်မှာ တင်ပြခဲ့တာလေးတွေကတော့ တိုက်ခိုက်ခြင်းနဲ့ စည်းလုံးခြင်း ခေါင်းစဉ်အောက်မှာ ဆွေးနွေးမယ့် အကြောင်းအရာအတွက် အစပျိုးထားတဲ့ အစည်းအဝေးနဲ့ပတ်သက်တာတွေဖြစ်ပါတယ်။အလုပ်ထိရောက်အောင်မြင် ပေါက်ရောက်ဖို့အတွက်နဲ့ အဖွဲ့အစည်းအလိုက် အလုပ်လုပ်ရာမှာ အစည်းအဝေးတွေရဲ့ အရေးပါပုံနဲ့ အစည်းအဝေးတွေကို ထိရောက်အောင်မလုပ်နိုင်ရင် တန်ဖိုးမဲ့တဲ့ နောက်ဆက်တွဲတွေပဲရမှာဖြစ်သလို၊ အစည်းအဝေးကနေ ရလဒ်ကောင်းရရှိစေမယ့် ဆွေးနွေးဆုံးဖြတ်မှုတွေရလာဖို့က ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ ရှေ့လာမယ့် ဆောင်းပါးတွေမှာ ဆက်လက်ဖော်ပြမှာဖြစ်ပါတယ်။

ထိရောက်အောင်မြင်တဲ့ လုပ်ရည်ကိုင်ရည်နဲ့ အစွမ်းပြပြီး အလုပ်လုပ်နိုင်သူများ ဖြစ်ကြပါစေ။

           (ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)
Photo Credit - unite2fightpoverty-com