【 ဆောင်းပါး 】 တောင့်ခံခြင်း

【 ဆောင်းပါး 】 တောင့်ခံခြင်း

ငယ်ငယ်က ဘုရားပွဲသွားသည့်အခါ ပွဲခင်းမရောက်ခင် ပွဲစျေးတန်းမှာ စုတ်ထိုးသည့် အသည်တွေကို တွေ့ရမည်ဖြစ်သည်။

ယခုတော့ ထိုအသည်တွေကို တက်တူးဟု ခေါ်လေမလား။

ထိုတုန်းကတော့ ကြေးစုတ်တွေနဲ့ ထိုးရတာဖြစ်ပြီး အများအားဖြင့်  ကိုယ်ထိုးလိုသည့် စာတွေကိုသာ ထိုးကြသည်။တစ်ခါတရံ ပါဋ္ဌိစာတွေ။များသောအားဖြင့် “သတ္တိ” ၊ “အမေ့သား” ၊ နောက် ရည်းစားတွေရဲ့ နာမည်တွေ၊ မွေးသက္ကရာဇ်တွေ။

ထိုသို့ ထိုးသည့်အခါ ဘယ်လောက်နာသလဲတော့ မသိ။ထိုးနေသူ ဘေးနားက အဖော်ပါလာသည့်သူမှာ ‘တောင့်ထား၊ တောင့်ထား၊ ပြီးတော့မယ် ပြီးတော့မယ်’ ဟု အားပေးရသည်ကို မြင်ရလေ့ရှိသည်။

မဖြစ်မနေ ဖြတ်ကျော်ရသည့် အခြေအနေတစ်ခုကို ကျနော်တို့ ကြုံသည့်အခါ ကျနော်တို့မှာ ကိုယ့်ကိုယ်ကို အားပေးကာ အခက်အခဲကို ဖြတ်ကျော်ကြရသည်။ထိုအခက်အခဲဆိုသည်မှာ မျိုးစုံဖြစ်သည်။ရောဂါကနေ ဆင်းရဲဒုက္ခအထိ၊ စိတ်ဆင်းရဲဒုက္ခကနေ ကိုယ်ကာယဒုက္ခအထိဖြစ်သည်။

နာကျင်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သေလုမြောပါးခံစားရခြင်း၊သေချင်လောက်အောင် ဆင်းရဲဒုက္ခခံစားရခြင်း စသည့် လူ့ဘ၀၏ အဆုံးစွန်သော ဒုက္ခများကို ခံစားရသည့်အခါ၊ သေလည်းမသေနိုင်၊ လွတ်အောင်လည်း ရုန်းဖို့ ကာလမရောက်သေးသည့်အခါ၊ သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်၊ အစားထိုးမခံပေးနိုင်သည့်အခါ ခံစားနေရသူကို ထိုသို့တောင့်ခံရခြင်းဟူသည့် အဆုံးစွန်သော စိတ်ဓာတ်မြှင့်တင်ပေးခြင်းဖြင့် ထိုဒုက္ခကို ဖြတ်ကျော်နိုင်အောင် စိတ်ခွန်အားပေးရလေသည်။

မနေ့က ကျနော့်အိမ်သို့ တူမဝမ်းကွဲတစ်ယောက် လာသည်။ထိုတူမဝမ်းကွဲမှာ မလာသည်မှာ နှစ်ကြာချေပြီ။မလာဆို ၃ နှစ်ကျော်ပြီ။အကြောင်းအမျိုးမျိုးကြောင့် အဖွားဖြစ်သည့် ကျနော့်အမေဆီသို့ လူကိုယ်တိုင် မလာနိုင်သော်လည်း အဝေးကနေ ဆေးဝါးကအစ စားစရာသောက်စရာ၊ ရာသီစာပေါ်ဦးပေါ်ဖျား လမ်းကြုံရင်ကြုံသလို ပို့ပေးတတ်သည်။အမေက ထိုမြေးကို အရင်းအခြာမဟုတ်သော်လည်း ချစ်သည်။သူမြေးပို့ပေးသည့် ငါးရံ့ခြောက်ဆို တခုတ်တရစားသည်။

ကိုဗစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်ကတည်းက အိမ်သို့မလာနိုင်တာဆိုတော့ အမေက သူ့မြေးတွေ မြစ်တွေကို လွမ်းသော်လည်း မပြော။နောက် ကိုဗစ်ကြောင့် ဖိတ်စင်တာတွေ ကြားရသည့်အခါ အမေမှာ သူ့မြေးအတွက်၊မြေးကနေ မွေးသည့် မြစ်အတွက် စိတ်ပူပန်ကြီးစွာ။ဒီလိုနှင့် ကိုဗစ်တစ်လျှောက်လုံး။

မနေ့က သူတို့မိသားစုတွေ အိမ်ကို ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသည်။ဒီတော့ အိပ်ယာထဲ အမြဲလှဲနေတတ်သည့် အမေမှာ တစ်နေ့လုံး သူ့မြေးတွေ သူ့မြစ်တွေနှင့် တပြုံးပြုံးတရွှင်ရွှင် ထူထူထောင်ထောင်။

ကိုဗစ်ကာလအတွင်း ထိုတူမဖြစ်သူမှာ သူနှင့် အတူနေ ယောက္ခမနှစ်ယောက်လုံးနှင့် ခဲအိုဖြစ်သူပါ ကိုဗစ်ထဲ ပါသွားသည်။နယ်ဆိုတော့ ရန်ကုန်လိုမဟုတ်ဘဲ ဆေးဝါးမရှိခြင်းနှင့် လုပ်ပေးနိုင်သူ အသိုင်းအဝိုင်းလည်း ထိုအချိန်က သူမကယ်နိုင်၊ ငါမကယ်နိုင် ကူသူကယ်သူဝေးသည့်ကာလမို့ ဘာမှမလုပ်နိုင်။ထိုအကြောင်း ထိုကာလကို အဖွားဖြစ်သူကို ပြန်ပြောသည်။သူတို့ဘယ်လို ‘တောင့်ခံ’ ခဲ့သည်ကို ပြောပြရာမှ ကိုယ်လည်း ထိုကာလမှာ ‘တောင့်ခံ’ ရသည့် အကြောင်းကို ပြန်တွေးမိသည်။

တူမဖြစ်သူမှာ အမေ့ညီမ၏ သမီးက မွေးတာဖြစ်သည်။မွေးချင်းက နှစ်ယောက်။အမေက မြေးမကိုချစ်သဖြင့် ငယ်ကတည်းက အိမ်မှာခေါ်ထားသည်။ယခုနေသည့်နေရာသို့ ကျနော်တို့မပြောင်းခင်အထိ အိမ်ချင်းကနီးသဖြင့် ဟိုဘက်အိမ် ဒီဘက်အိမ် ကူးနေခဲ့သူဖြစ်သည်။အိမ်ထောင်ကျသည့်အခါ ယောင်္ကျားဘက်မှာ လိုက်နေသည်။နယ်ဇာတိဖြစ်သည့် တူမယောင်္ကျားက သင်္ဘောသားဖြစ်ပြီး ကိုဗစ်ကာလမှာ ကမ်းကပ်လို့မရ၊ သင်္ဘောပေါ်က ဆင်းလို့မရသဖြင့်  သင်္ဘောပေါ် ၁၈ လ လောက် ကြာသွားသည်။သည်တော့ ကိုဗစ်တတိယလှိုင်းဟုခေါ်သည့် လူတွေ သောက်သောက်လဲသေကြသည့် အချိန်ကာလတွင် ဒီမှာမရှိ။ဒီတော့ တူမဖြစ်သူမှာ ယောက္ခမနှစ်ယောက်၊ ခဲအိုမိသားစုနှင့်အတူ  ကူးစက်မှုအပြင်းထန်ဆုံးအချိန်ကို ဖြတ်ကျော်ရသည်။ဒီလိုအချိန် သူ့ယောက္ခမနှစ်ဦးစလုံး ကိုဗစ်ဖြစ်သည်။ခဲအိုက သူမိဘတွေဖြစ်သဖြင့် ဆေးတွေရှာ အောက်ဆီဂျင်ရှာနှင့် သူပါ ကိုဗစ်ကူးသည်။နယ်ဘက်က အိမ်တွေဆိုတော့ တစ်အိမ်ထဲ အခန်းဖွဲ့ကာစုနေကြတော့ တစ်ယောက်ဖြစ်သည်နှင့် တစ်အိမ်လုံးကူး။ကိုဗစ်က ကူးစက်မြန်တာကြောင့်လည်း တစ်အိမ်လုံး ကိုဗစ်ကူးတော့သည်။

တူမမှာ ကလေးတွေက တစ်ယောက်က နှစ်နှစ်၊ နောက်တစ်ယောက်က ၆ နှစ်။တူမခဲအိုမှာလည်း ကလေးက ၁၀ နှစ်ရှိပြီဆိုတော့ ကလေးတွေကို လူကြီးတွေက ပိုစိုးရိမ်သည်။ကလေးတွေက ဘာမှမဖြစ်ဘဲ လူကြီးတွေက တဖြုတ်ဖြုတ်ကြွေတော့သည်။

ပထမရက်မှာ ထိုခဲအိုက ညဘက် ဆုံးသည်။နောက်နေ့မနက်တွင် ယောက္ခမအဖိုးကြီး ဆုံးသည်။နောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ယောက္ခမအဖွားကြီးပါ ဆုံးသည်။တစ်အိမ်ထဲ သုံးယောက်ဆုံးပြီးနောက် လူမမာများနှင့် ထိုအိမ်မှာ နာရေးကို အကျဉ်းရုံးရသည်။အိပ်မက်မက်သလို ရုတ်ချည်းလူတွေ လျော့ပါးသွား၊ ခွဲခွာသွားသဖြင့် ဘာမှမလုပ်နိုင်အောင် မိသားစုဝင်တွေ ခံစားရသဖြင့် ဘေးပတ်ဝန်းကျင်က မြေကျဖို့ ဝိုင်းကူရသည်အထိ မလုပ်နိုင်မကိုင်နိုင်။

ဒီလိုကာလတွေမှာ ဘယ်လိုဖြတ်သန်းခဲ့ရသည်ကို တူမက သူ့ဖွားအေကို ပြောပြသည်။သူ့ယောင်္ကျားမှာလည်း နိုင်ငံခြားသင်္ဘောပေါ်ကနေ သူ့အဖေ၊အမေနှင့် အစ်ကို ဆုံးတာမို့ စိတ်ဓာတ်တွေကျ။လာလဲမလာနိုင်၊ သူ့ကလေးတွေနဲ့ တူဖြစ်သူ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တာကိုလည်း ပူ။သို့သော် ဒီလိုအချိန်မှာ တစ်ယောက်တည်းသော အရွယ်ကောင်း သူ့မိန်းမဖြစ်သည့် တူမကို သင်္ဘောပေါ်ကနေ ‘မင်းစိတ်တောင့်ခံထားမှဖြစ်မှာ။မင်းသေလို့မဖြစ်ဘူး၊ ကလေးတွေနဲ့’ ဆိုသည်ဖြင့် အဝေးကနေ အားတင်းခိုင်းသည်။ထိုစဉ်က အင်တာနက်တွေ ကောင်းနေသဖြင့် တော်သေးသည်။ယခုလိုသာဆို ခက်ဖွယ်။  

ဒါကို တူမဖြစ်သူက ပြန်ပြောပြခြင်းဖြစ်သည်။

ထိုအခါ ကျနော်တို့မှာ တူမဒုက္ခဆိုးကို စုတ်တသပ်သပ်ဖြင့်။ စိတ်ကဆောင်လို့ မသေတာဟု တူမက ပြောသည်။ရောဂါပြင်းချိန် အသက်ရှုလို့ မရတာတောင် သူသေလို့ မဖြစ်သဖြင့် ရင်ဘတ်ကိုထုပြီး ရအောင် အသက်ရှူရပုံ။ကလေးတွေ စိုးရိမ်မှာစိုးသဖြင့် မအိပ်ဘဲ ခေါင်းအုံးကိုဖက်ကာ ငုတ်တုပ်အိပ်ရပုံ။အိပ်နေရင်း ပြန်မနိုးလာမှာ စိုးသဖြင့် ကလေးတွေက ခဏခဏနှိုးပုံ။ကူးစက်တာ ခုနှစ်ရက်ဆို စိတ်ချရပြီဆိုသဖြင့် တစ်ရက်ပြီး တစ်ရက်ကျော်အောင် စိတ်ကို တောင့်ခံရပုံ။

ဒီလိုနှင့် သူ့မိဘတွေ လိုက်လာချိန်မှာ တူမလည်း ရောဂါသက်သာလာစပြုပြီ။သို့သော် သူသာ ကလေးတွေနှင့် ရန်ကုန်လိုက်ပါက သေဆုံးသွားသည့် ခဲအို၏ မိန်းမမှာ သူ့ကလေးတစ်ယောက်နှင့် ဒီအိမ်ကြီးထဲ နှစ်ယောက်တည်းကျန်လျှင် ဘယ်လိုမှမဖြစ်သဖြင့် မိဘနှင့် ပြန်မလိုက်ဘဲ နယ်မှာသာ ဆက်နေခဲ့သည်။ထိုအချိန် ရန်ကုန်သာ ပြန်လိုက်ခဲ့လျှင် ထိုလင်ညီအစ်မဖြစ်သူမှာ တစ်ယောက်တည်း စိတ်ဓာတ်ကျပြီး တစ်ခုခုဖြစ်သွားနိုင်သည်ကတော့ ယခုတွေးကြည့်တော့ အမှန်။တူမဖြစ်သူဆုံးဖြတ်မှု မှန်သဖြင့် ဘာမှမဖြစ်ဘဲ ထိုကာလကို တစ်ဦးကို တစ်ဦးအားပေးပြီး တူမယောင်္ကျားဖြစ်သူ ပြန်အလာကို စောင့်နေနိုင်ခဲ့သည်။

ပြန်တွေးကြည့်တော့ ထိုအချိန် ရန်ကုန်မှာလည်း သေသူက များလိုက်တာဖြစ်ခြင်း။ရပ်ကွက်ထဲ လမ်းထဲမှာ နာရေးမစဲ။နာရေးတောင် ဘုန်းကြီးတွေ အွန်လိုင်းကနေ သပိတ်သွပ်လုပ်ပေးနိုင်သည့် အခြေအနေ။နာရေးရက်လည်တောင် စတိသဘောသာ လုပ်နိုင်သည့်အချိန်။ကျနော်က ရန်ကုန်တစ်ခုသာ ကွက်ဖြစ်နေသလားလို့ ထင်နေတာ တူမဖြစ်သူ ယခုပြောတော့မှ နယ်တွေမှာလည်း ရန်ကုန်လိုပါလား၊ ရန်ကုန်က ဆေးဝါးရှာလို့ ရနိုင်သေး။နယ်မှာ အားလုံးနတ္တိ။ဒယ်လ်တာဟုခေါ်သည့် ကိုဗစ်မျိုးကွဲကြောင့် သေကြေမှုက မျိုးကွဲစဖြစ်ရာ အိန္ဒိယမှာ သိန်းနဲ့ချီပြီး သေတာ။အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံမှာကော ….။

ဒီကာလတွေမှာ ကျနော်တို့ ဘယ်လိုစိတ်နှင့် ဖြတ်ကျော်ခဲ့ရသလဲဆိုသည်ကို ကျနော်တို့သာ သိကြသည်။ဒီတစ်ည .. ဒီတစ်ည .. ဆိုသည်က ကျနော်တို့ ရန်ကုန်မှာ ကိုဗစ်ကူးသည့် အိမ်တိုင်း ပြောဖြစ်သည့် လက်သုံးစကားဖြစ်သည်။ဒီတစ်ညတော့ တောင့်ခံထားဆိုသည်က အောက်ဆီဂျင်မရသည့်အခါ ဆေးရှာမရသည့်အခါ လူမမာကို အားပေးရသည့် စကားတွေဖြစ်သည်။ထိုတစ်ညကိုပင် မတောင့်ခံနိုင်သဖြင့် သေရသည့်သူတွေဆိုသည်မှာ မနည်းမနော။တောင့်ခံပါဆိုပေမယ့် ဘယ်လောက်ထိ တောင့်ခံထားပြီးပြီလဲဆိုသည်ကို မသိသည့်အခါ ဒါလေးတောင် တောင့်မခံနိုင်ဘူးလားဆိုသည့် စိတ်ကလည်း ဖြစ်မိတာရှိသည်။

ယခု ကိုဗစ်ပြီးပြီဟု ပြောလို့ရသည့် အခြေအနေ။သို့သော် ကျနော်တို့ ဆက်တောင့်ခံနေရသေးသည်။ဒါ့ကိုလည်း မကြာခင်ပြီးမည်ဆိုသည့်စိတ်နှင့် ကျော်ဖြတ်နေရသည်။

သို့သော် ပျော်မှုရွှင်မှုနှင့် ဖြစ်နေပျက်နေသည်ကို မဆိုင်သလိုနေမှုများ၊ ဘယ်သူသေသေ ငတေမာဆိုသည့် စိတ်ဖြင့်နေသူများ။ဒီလိုလူတွေကို မြင်ရသည့်အခါ တောင့်ခံမှုမှာ အားလျော့လာသည်။ဒီလူတွေနှင့် ဝေးရာမှာ သွားနေချင်မိသည်။

ဘ၀က ခဏလေးဖြစ်သည်။ကိုဗစ်ကာလတွင်  သေလို့မဖြစ်ဆိုသောစိတ်ဖြင့် အဆိုးဆုံးအချိန်ကို တောင့်ခံကာ ကျနော်တို့ ချစ်ခင်ရသူတွေနှင့် ပြန်ဆုံဖို့ ကျော်ဖြတ်နိုင်ခဲ့သေးလျှင် …… အဆိုးဆုံး ယခုအချိန်ကို ကျနော်တို့ ထပ်ကျော်ဖြတ်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီလိုခက်ခဲသော အချိန်ကာလကို ကျနော်တို့ချစ်သော ကလေးတွေအနာဂတ်အတွက် ဆက်တောင့်ခံပေးရဦးမည်ဖြစ်လေသည်။

မောင်ဦးလွင်